ခင်ဗျား စစ်တုရင် ကစားတတ်လား
Vol. 008 Ch. 739
သူတို့ ကိုးယောက်လုံးက စစ်တုရင်ခုံပေါ်ကို တက်လာကြသည်။ မရေမတွက်နိုင်သော လူများက သူတို့အား ကြည့်နေကြသည်။
လျူကျောင်းက သူတို့အား အတူတူကစားရန် ဖိတ်ခေါ်ခဲ့သည်။ သူတစ်ယောက်တည်း ကစားသည်ထက် ထိရောက်မည်လား အားလုံးက သိလိုကြသည်။
“ခင်ဗျားတို့အားလုံးက ကိုယ့်ပြိုင်ဘက်ကို အာရုံစိုက်တဲ့အချိန်မှာ ကျုပ်က ပွဲရဲ့ယေဘုယျ အခြေအနေကို ထိန်းချုပ်မယ်…” လျူကျောင်းက ပြောသည်။ အားလုံးက ခေါင်းညိတ်ကာ မိမိတို့၏ ပြိုင်ဘက်ကိုယ်စီကို ရွေးချယ်လိုက်ကြသည်။
“စရအောင်…” လျူကျောင်းက ပြောသည်။ ယန်ရှောင်က ခေါင်းညိတ်ကာ လက်ဝှေ့ယမ်းသည်တွင် စစ်တုရင် နယ်ရုပ်တစ်ခု ကျဆင်းလာသည်။
လျူကျောင်းက တန်ပြန် တိုက်စစ်ဆင်ကာ သူ၏ ပထမနယ်ရုပ်ကို ချသည်။ မိုကျွမ်ကား လျူကျောင်း၏ ဘေးတွင်ဖြစ်ကာ နောက်တစ်လှည့်တွင် သူက ဒုတိယနယ်ရုပ်ကို ချသည်။
လူဆယ့်ရှစ်ယောက်က တစ်ပြိုင်နက်တည်း ကစားပွဲတစ်ခုကို ကစားနေကြသည်။ အားကောင်းသော လောကဓာတ် ၁၈ခုအား စစ်တုရင်ခုံပေါ်တွင် တွေ့နိုင်ပေသည်။
ရီဖူရှင်းက ကျင့်ကုန်းစီအား သူ့ပြိုင်ဘက်အဖြစ် ရွေးချယ်ခဲ့သည်။ ကျင့်ကုန်းစီက အနည်းငယ် ရယ်ရွှင်ဖွယ်အမူအရာ ဖြစ်နေသော်လည်း အလျှော့ပေးခြင်း မရှိဘဲ ဂရုတစိုက် ယှဉ်ပြိုင်သည်။
“ကွဲကွဲပြားပြား ကြည့်ရင် အားလုံးက ကိုယ်စီ ကစားပွဲတစ်ခုကို ကစားနေကြသလိုပဲ… ဒါပေမဲ့ ရန်ရှောင်ဘက်က ကစားကွက်က တစ်ခုတည်းပဲ… လျူကျောင်းဘက်ကတော့ ကွဲပြားတဲ့ကစားဟန် ကိုးခုပဲရှိတယ်… ဒါပေမဲ့ လျူကျောင်းက သူတစ်ယောက်တည်း ကစားတဲ့ဟန်ထက် လူကိုးယောက်ကို ထည့်ပြီး ကစားတာက ရလဒ်တစ်ခုခုရဖို့ မျှော်လင့်ထားပုံရတယ်… ဒါက စိတ်ဝင်စားစရာပဲ…” တစ်ယောက်က ပြောသည်။
ကစားပွဲက မြန်ဆန်စွာပင် ရှေ့ဆက်သွားသည်။ လျူကျောင်းတို့ဘက်မှ ကိုးယောက်လုံးက ကိုယ်စီကစားဟန်ဖြင့် တစ်ဖက် ကစားသမားများအား တန်ပြန် တိုက်စစ်ဆင်သော အချိန်တွင် လျူကျောင်းက ယေဘုယျ အခြေအနေကို လိုက်ညှိသည်။ လျူကျောင်းက တစ်ခါတစ်ရံ မည်သည့်နေရာကို ရွှေ့ရန် တိုက်ရိုက် ညွှန်ကြားသည်ပင် ရှိသည်။
စစ်တုရင်ခုံပေါ်တွင် ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ရောင်ကိုယ်ဝါတစ်ခု စတင်ဖြစ်ပေါ်လာသည်။ ရီဖူရှင်းမူကား အားကောင်းသော ဓားဝင်္ကပါတစ်ခုထဲတွင် ပိတ်ဆို့ထားခြင်း ခံရသည်။ သို့သော်လည်း သူ တည်ဆောက်ထားသော နယ်ရုပ်က အားကောင်းသော ကြယ်တာရာ လောကဓာတ်ကို ပိုင်ဆိုင်ကာ တစ်ဖက်ဝင်္ကပါမှ ဓားချက်များအား ကာကွယ်နိုင်သည်။
နတ်နဂါး စစ်တုရင်ခုံပေါ်တွင် ကြမ်းတမ်းသော တိုက်ပွဲများ ဖြစ်ပျက်နေသည်ဟု ထင်မှတ်ရသည်။ သို့သော်လည်း လျူကျောင်တို့အဖွဲ့က အပြန်အလှန် ရင်ဆိုင်နေနိုင်ဆဲ ဖြစ်သည်။
“ဒါက တကယ် အလုပ်ဖြစ်တယ်…” ပရိသတ်များ၏ မျက်လုံးများက ထက်ရှသွားသည်။ ကစားပွဲကို ကစားနေကြသော လူကိုးယောက်သည်ပင် အလွန်အမင်း လေးနက်သော ဟန်ပင်များ ဖြစ်နေသည်ကို မြင်ရ၏။
စစ်တုရင်ပွဲက ပိုမို၍ ပြင်းထန်လာသည်။ ထိုအခိုက်တွင် ရန်ရှောင်က စစ်တုရင်နယ်ရုပ် တစ်ခုအား ချလိုက်သည်တွင် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါတစ်ခုက ပိတ်ဆို့ခြင်းများကို ဖြတ်ကျော်လျက် ပြန့်ကျဲနေသော ကစားကွက်အား စုစည်းစေရာ ထိုအရာက ရစ်ခွေနေသော နတ်နဂါး တစ်ကောင်နှင့် တူနေသည်။
လျူကျောင်း၏ အမူအရာက အလွန်အမင်း လေးနက်လာသည်။ သူက နောက်ထပ် နယ်ရုပ်တစ်ခုအား ချလိုက်သည်တွက် ဝင်္ကပါက ပြန်လည်၍ ကိုးခုအသွင်သို့ ကွဲထွက်သွားသည်။ လူအများအပြားက အံ့အားသင့်သွားကာ လျူချန်းအား ချီးကျူးသည့် အကြည့်များဖြင့် ကြည့်ကြသည်။
သို့သော်လည်း လီခိုင်ရှင်းကြောင့်ပင် လမ်းကြောင်းတစ်ခု ဖြစ်လာသည်။ များစွာသော အနက်ရောင် နယ်ရုပ်များက ဝါးမျိုခံရသည်တွင် မိုကျွမ်၏ အမူအရာက အနည်းငယ် ပျက်ယွင်းသွားသည်။ သူက တစ်နေရာကို ကြည့်ကာ နယ်ရုပ်အား ချရန် ဟန်ပြင်သည်။
“အဲဒီကို မဟုတ်ဘူး… ငါးရဲ့ နံပါတ်၈…” လျူကျောင်းက မြန်ဆန်စွာပင် ညွှန်ကြားသည်။ မိုကျွမ်က သေသေချာချာ ကြည့်လျှင် လျူကျောင်းပြောသော နေရာက အမှန်ပင် သင့်တော်ကြောင်း သိလိုက်ရသည်။
“မိုက်တယ်ဟေ့…” ပရိသတ်များကလည်း အားပေးကြသည်။ စစ်တုရင်ကျေးရွာမှ အကြီးအကဲများပင် စစ်တုရင်ပွဲကို သေသေချာချာ ကြည့်နေကြသည်။ ပွဲကား ကောင်းလာချေပြီ။
ရန်ရှောင်၏ဇနီးက နောက်တစ်ကွက်ကို ရွှေ့သည်။ စစ်တုရင်ခုံပေါ်တွင် အနက်ရောင်တိမ်များ ဖြစ်ပေါ်လာကာ အန္တရာယ်ရှိသော အခြေအနေအား အားလုံးက မြင်ကြရသည်။ သည်တစ်ခေါက် အကွက်က ဆုံးဖြတ်ချက် ပြတ်သားသော သတ်ဖြတ် အကွက်လည်း ဖြစ်သည်။
ကျောက်စီရီက ခေါင်းမော့ကာ အနည်းငယ် တွန့်ဆုတ်နေသည်။
“ခြောက်ရဲ့နံပါတ်၃ကိုသွား…” လျူကျောင်းက ပြောသည်။ ကျောက်စီရီက ခေါင်းညိတ်ကာ သူပြောသလို လုပ်လိုက်သည်။ ထို့နောက်တွင် ဖိအားက သိသိသာသာ လျော့ပါးသွားသည်။
စစ်တုရင်ရှန့်ထို၏ နံပါတ်၄၊ နံပါတ်၅ နှင့် နံပါတ်၆ တပည့်များက အသီးသီး နယ်ရုပ်မျာကို ချကြသည်။ သူတို့၏အကွက်များက ပိုစိပ်လာကာ စစ်တုရင်ခုံပေါ်မှ ဖိအားကလည်း ကြီးမား ပြင်းထန်လာသည်။
လျူကျောင်းက နယ်ရုပ်အချို့အား စတေးခဲ့သည်။ သူတို့က ကစားပွဲတွင် ဆက်လက် ရှင်သန်ရန် လက်တစ်ဖက်ကို ဖြတ်တောက် လိုက်သည်နှင့်တူ၏။ သူတို့ဘက်တွင်လည်း အင်အားများ တဖြည်းဖြည်း စုစည်းလာနေသည်။ ကစားပွဲ၏ သဘောတရားအရ သူ့ဘက်တွင်လည်း အခွင့်အရေး ရှိပေသည်။ သူတို့ လိုအပ်သည်ကား အခွင့်အရေးတစ်ခု သို့မဟုတ် တစ်ဖက်လူ၏ အမှားအယွင်း တစ်ခုလည်းဖြစ်သည်။ အမှားတစ်ချက်ကပင် ကစားပွဲအား အပြောင်းအလဲ ဖြစ်သွားစေပေမည်။
လျူကျောင်းအပြင် လျူကျောင်း၏ဘက်မှ ကစားသူများ အားလုံးကလည်း အလွန်အမင်း သတိမူ၍ ကစားနေကြသည်။ သူတို့က နတ်နဂါးစစ်တုရင် ကစားကွက်ကို အောင်မြင်နိုင်ပါ့မလား။
ကျင့်ကုန်းစီက သူ၏နယ်ရုပ်ကို ချလိုက်သည်တွင် ကစားပွဲတစ်ခုလုးက အသက်ဝင်လာဟန်ရကာ ဓားအရောင်အဝါက နဂါးတစ်ကောင်အလား စတင် လှည့်ပတ်လာကြသည်။ အရာအားလုံးကပင် ထိုအခိုက်အတန့်အတွက် စီမံထားဟန်ရသည်ဟု ခံစားကြရသည်။ ကြောက်မက်ဖွယ် ကောင်းသော ဖိအားက လျူကျောင်းဘက်ကို ဆင်းသက်လာသည်။ အားလုံးက အလွန်အမင်း ကြီးမားသော အန္တရာယ်အား ခံစားကြရသည်။ သူတို့ကား အချိန်မရွေး ရန်သူ၏ ဝါးမျိုခြင်းကို ခံရနိုင်၏။
နောက်တစ်ကွက်ကား အလွန်အမင်း အရေးပါလာသည်။
မရေမတွက်နိုင်သော မျက်လုံးများက ရီဖူရှင်းထံကို ရောက်လာသည်။ သူက လွတ်လပ်ခြင်း ကျင့်စဉ်ကို အသက်သွင်း လိုက်သည်တွင် မိမိကိုယ်ကို ကြောက်မက်ဖွယ် ကောင်းသော တိုက်ပွဲမြေ၌ ပိတ်ဆို့ထားခံရသူကဲ့သို့ ခံစားလိုက်ရသည်။ သူ့ရှေ့မှ နဂါးကြီးတစ်ကောင်က အချိန်မရွေး နိုးထလာကာ သူ့အား ဝါးမျိုတော့မည့် ခံစားချက်ကို သူရသည်။
မျက်လုံးများ အားလုံးက ရီဖူရှင်းထံကို ရောက်လာသည်။ စစ်တုရင်ခုံပေါ်မှ ဖိအားများကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ရီဖူရှင်းက လက်ကို မြှောက်ကာ သက်ပြင်းတစ်ချက် ချသည်။ နယ်ရုပ်တစ်ခု ဖြစ်လာကာ အကွက်ရွှေ့ရန် ဟန်ပြင်သည်။
“ခုနစ်ရဲ့ နံပါတ်ကိုး…” လျူကျောင်းက ရီဖူရှင်း ချထားမည့်နေရာကို လမ်းညွှန်သည်။
ရီဖူရှင်း၏မျက်လုံးက အရောင်လက်သွားကာ ထိုနေရာကို ကြည့်သည်။ သူ၏ခေါင်းထဲတွင် စစ်တုရင်ခုံ တစ်ခုဖြစ်ပေါ်လာကာ ကစားကွက်များ အားလုံးက သူ့ခေါင်းထဲတွင် ပီပီပြင်ပြင် ပေါ်လာသည်။ အကယ်၍ လျူကျောင်း ပြောသကဲ့သို့သာ သူက ထိုနေရာ၌ နယ်ရုပ်ကို ချလိုက်ပါက သူတို့ဘက်မှ ကြီးမားသော အင်အားကို စုဆောင်းမိပေမည်။
“အရမ်းတော်တာပဲ…” ကျောက်စီရှောင်နှင့် တခြားလူများက ချီးကျူးကြသည်။ လျူကျောင်း အကြံပေးသော နေရာက အကောင်းဆုံးနှင့် အသင့်တော်ဆုံး နေရာလည်း ဖြစ်သည်။ သို့သော် ရီဖူရှင်း၏စိတ်ထဲ သံသယဝင်နေသည်။ သူထူးဆန်းသော ခံစားချက်တစ်ခုကို ရနေကာ အကယ်၍ သူကသာ ထိုနေရာ၌ ချလိုက်ပါက သူတို့အားလုံး ကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်ကာ ချောက်နက်ကြီးသို့ ကျဆင်းစေနိုင်သော ထောင်ချောက် တစ်ခုဟု ခံစားနေရသည်။
“ရှင် ဘာကို တွန့်ဆုတ်နေတာလဲ…” ကျောက်စီရီက ရီဖူရှင်းကို မေးသည်။ လျူကျောင်း ပြောသောနေရာက အမှန်ပင် အကောင်းဆုံးနေရာ ဖြစ်သည်။ သို့သော် ရီဖူရှင်းက သံသယဝင်နေသည်။ တခြားလူများကလည်း ရီဖူရှင်းကိုကြည့်ကာ အဘယ်ကြောင့် တွန့်ဆုတ်နေခြင်းအား နားမလည်ကြပေ။
“မဟုတ်ဘူး… အဲဒီနေရာမှာ ချလို့မရဘူး…”
သူက ထိုသို့ ပြောလိုက်သည်နှင့် စစ်တုရင်တောင်ထပ်မှ လူအများအပြားက သူ့အား ကြည့်ကြသည်။ ရီဖူရှင်းက လျူကျောင်း ညွှန်ကြားသော နေရာက အမှန်ပင် ကောင်းမွန်ခြင်း မရှိဟု ပြောခဲ့သည်။ သို့သော် သူတို့ အားလုံး၏အမြင်တွင် ထိုနေရာကသာ အကောင်းဆုံးဖြစ်သည်။
သို့သော်လည်း ရီဖူရှင်းက တွန့်ဆုတ်နေဆဲ ဖြစ်သည်။
လူအများအပြားက မျက်မှောင်ကြုတ် လိုက်ကြသည်။ သူက မိမိကိုယ်ကို တခြားလူများနှင့် ကွဲပြားသည်ဟူသော အချက်ကို ဖော်ထုတ်ပြသရန် ကြိုးစားနေသည်လား။
ဝမ်ရှင်းက ကစားပွဲကို ကြည့်ကာ စိတ်ထဲ၌ တွက်ချက်နေသည်။ ရီဖူရှင်းအား နယ်ရုပ်ချရန် ညွှန်ကြားသော နေရာက ထောင်ချောက် ဖြစ်သည်ကို သူလည်း မြင်သည်။
ရီဖူရှင်း မှန်ပေသည်။ ထိုအကွက်က သာမန်အမြင်တွင် အလွန် အသာစီးရသွားနိုင်သော အကွက်ဖြစ်သော်လည်း ထောင်ချောက်တို့၏သဘာဝအတိုင်း ပေးဆပ်ရမည်ကား ကြီးမားပေသည်။
နတ်နဂါးစစ်တုရင် ကစားကွက်ကား အမှန်ပင် ထူးခြား နက်နဲပေသည်။
“အဲဒီနေရာထက် ပိုပြီးသင့်တော်တာ ရှိသေးလို့လား…” ဟန်ကျင့်က ပြောသည်… “ချလိုက်တော့…”
ရီဖူရှင်းက ခေါင်းကို အသာယမ်းသည်။
“ရှင်က ဘာကိုဆိုလိုတာလဲ…” ကျောက်စီရီက ရီဖူရှင်းကို သံသယဝင်စွာ ကြည့်သည်။
ရီဖူရှင်းက လက်ဝှေ့ယမ်းကာ သူ၏နယ်ရုပ်အား တစ်နေရာ၌ ချလိုက်သည်။ လူအများအပြားက ရီဖူရှင်းအား ဒေါသတကြီး ကြည့်ကြသည်။
ထိုနေရာကား လျူကျောင်းပြောသော နေရာမဟုတ်ပေ။ ပိုဆိုးသည်ကား သူချလိုက်သော နေရာက အသုံးမဝင်သော နေရာ ဖြစ်နေခြင်းပင်။
လျူကျောင်းက ရီဖူရှင်းကို ကြည့်သည်။ စစ်တုရင်ခုံပေါ်မှ လူများ အားလုံးကလည်း ရီဖူရှင်းကို ကြည့်ကြသည်။ ရန်ရှောင်၏ မျက်လုံးများကလည်း ရီဖူရှင်းကို လေးလေးနက်နက် ကြည့်ကာ နောက်တစ်ကွက်ကို ရွှေ့လိုက်သည်။ ထိုနယ်ရုပ်က စစ်တုရင်ခုံ၏ သေးငယ်သော နေရာတစ်ခုအား ဝါးမျိုသွားခဲ့သည်။ ကစားကွက်က လျူကျောင်းတို့ဘက်တွင် မရှိတော့ပေ။
လူအများအပြားက ရီဖူရှင်းချလိုက်သော အကွက်အား စဉ်းစားခြင်း မရှိတော့ပဲ ကစားပွဲကို ဆက်လက် ကစားကြသည်။
သို့သော်လည်း အရှုံးက ရှောင်ဖယ်၍ မရတော့ပေ။ နောက်သုံးလေးကျော့တွင် လျူကျောင်းဘက်မှ နယ်ရုပ်များ အများအပြား ဝါးမျိုခံရသည်။ ရန်ရှောင်တို့ဘက်မှ စစ်တုရင်ခုံကို အားကောင်းစွာ လွှမ်းမိုးလာပြီး နောက်ဆုံးတွင် အနိုင်ရခဲ့သည်။ လျူကျောင်းနှင့် နောက်ရှစ်ယောက်တို့က ရှုံးနိမ့်ခဲ့ကြသည်။
မရေမတွက်နိုင်သော မျက်လုံးများက ကစားပွဲထံကို ရောက်လာသည်။ တိုက်ပွဲကား အမှန်ပင် ပြင်းထန်ခဲ့ကာ နှစ်ဖက်လုံးက အပြင်းအထန် အားထုတ်ခဲ့ကြသည်မှာ သေချာသည်။ သို့သော်လည်း နတ်နဂါးကစားကွက်က ယခုထိ မကျိုးပျက် သေးသည်မှာ စိတ်မကောင်းစရာပင်။
လူအများအပြားက လျူကျောင်း၏ညွှန်ကြားမှုကို ငြင်းပယ်ခဲ့သော ရီဖူရှင်း၏ဆုံးဖြတ်ချက်အား သတိရမိကြသည်။ အကယ်၍ လျူကျောင်း ပြောသလိုသာ ချလိုက်ပါက မည်သို့ဖြစ်မည်နည်း။ နတ်နဂါးစစ်တုရင် ကစားကွက်ကို အနိုင်ရ သွားနိုင်မည်လား။
မည်သူမှ အတိအကျ မပြောနိုင်ပေ။
လျူကျောင်းက ကစားကွက်ကို ကြည့်ပြီးနောက် ဘာမှ မပြောဘဲ နောက်လှည့်ကာ ထွက်သွားသည်။ တခြားလူများက စစ်တုရင်ခုံပေါ်တွင် စိတ်ပျက်စွာဖြင့် ရပ်နေကြသည်။
အေးစက်သော မျက်လုံးများက ရီဖူရှင်းထံကို ရောက်လာသည်။ ထိုမျက်လုံးများက လျူကျောင်း၏ ဂျူနီယာ မိုကျွမ်နှင့် ကျောက်မဟာ ပြည်ထောင်မှ ကျောက်စီရီတို့ထံမှ ရောက်လာခြင်း ဖြစ်သည်။ လီမူ၊ဟန်ကျင့်နှင့် နတ်မိမယ်ချိန်နီတို့ အကြည့်မူကား ပိုမို၍ အေးချမ်း ပေသေးသည်။
“ရှင်က လျူကျောင်းရဲ့ ဆုံးဖြတ်ချက်ကို ငြင်းပယ်တာက ဟန်လုပ်ချင်လို့မလား..” ကျောက်စီရီက အေးစက်စွာ ပြောသည်။ သူမတို့က ကစားကွက်အား အနိုင်ရတော့မည်ဟု ခံစားနေခဲ့ကာ အရာအားလုံးက ထိုတစ်ကွက်ကြောင့် ပျက်စီးသွားခဲ့ရသည်။ သူမကား အလွန်အမင်း စိတ်ပျက်နေသည်။
ရီဖူရှင်းက ကျောက်စီရီကို အေးစက်သော မျက်လုံးများဖြင့် တည်ငြိမ်စွာ ကြည့်သည်… “တကယ်လို့ သူပြောသလိုသာ နေရာချလိုက်ရင် ကျုပ်တို့ အရှက်တကွဲ ရှုံးလိမ့်မယ်…”
ကျောက်စီရီ၏ မျက်နှာတွင် မဲ့ပြုံးတစ်ခု ပေါ်လာသည်… “ရှင်က လျူကျောင်းထက် စစ်တုရင်ပညာမှာ ထူးချွန်တယ်လို့ ပြောတာလား…”
ရီဖူရှင်းက ဘာမှ ပြန်မပြောပေ။ ကစားပွဲကား ပြီးသွားပြီဖြစ်ကာ လျူကျောင်း ပြောသလိုသာ ထိုနေရာတွင် ချလိုက်ပါက ကစားပွဲက မည်သို့ ဖြစ်သွားမည်ကို ဘယ်သူမှ မသိနိုင်တော့ပေ။
“ရှင့်ရဲ့ စစ်တုရင်ပညာက ဘယ်အတန်းအစားမှာလဲ မသိဘူးလား…” ကျောက်စီရီက ငေါ့တော့တော့ ပြောကာ ထွက်သွားသည်။ ကျောက်စီရှောင်ကလည်း ရီဖူရှင်းအား အတိုင်းသား ကြည့်သည်။
“နန်းတော်သခင်ရီ…” မိုကျွမ်၏ မျက်လုံးများကလည်း ရီဖူရှင်းထံကို ရောက်လာသည်။ ရီဖူရှင်းက သူ့စီနီယာအား အမှန်တကယ် သံသယဝင်သည်။
“ခင်ဗျားက စစ်တုရင်ရော ကစားတတ်လား…” မိုကျွမ်၏အသံက အေးချမ်းဟန် ရသော်လည်း စကားလုံးများက အလွန်အမင်း လှောင်ပြောင် သရော်ဟန်ရနေသည်။
ရီဖူရှင်းက မိုကျွမ်ကို ကြည့်သည်တွင် သူက ပြောသည်… “နန်းတော်သခင်ရီက ဒီအထိ ရောက်လာပြီးတော့ ပျော်စရာရှာနေတာပဲ… ကျုပ်တို့ ရှီဟွာတောင်ကလည်း မကြာခင် ပြည်နယ်ကိုးခု ညီလာခံကို ကျင်းပတော့မယ်… တကယ်လို့ နန်းတော်သခင်ရီက ပျော်စရာနေရာတွေကို အရမ်း သဘောကျမှတော့ ခင်ဗျားနဲ့ခင်ဗျားလူတွေကို အထူးဧည့်သည်တွေရဲ့ ပွဲကြည့်စင်ပေါ်မှာ နေရာချထားပေးဖို့ ဆရာကို ပြောပေးပါ့မယ်…”
***