အရာအားလုံးကို ပြောင်းလဲနိုင်တဲ့အရာ
Vol. 114 Ch. 1187
ဧကရာဇ်ချန်နီ ကြောက်ရွံ့ ထိတ်လန့်နေတုန်းမှာပဲ သူ့ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ပျက်စီးသွားပါတယ်။ ဧကရာဇ်ချန်နီရဲ့ စိတ်ဆန္ဒ တစ်စွန်းတစ်စသာ ကျန်နေခဲ့ပြီး အန္တိမမူလကမ္ဘာထဲက ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲကို ကျဆင်းသွားပါတယ်။
ဒီအဖြစ်အပျက်ကို ဘယ်သူမှ အာရုံမခံမိကြပါဘူး။ ဟန်ကျွယ် တစ်ယောက်တည်းပဲ သိပါတယ်။
နှစ်တွေကြာမှပဲ တစ်ခုခု မှားနေပြီဆိုတာကို စွမ်းအားကြီးပုဂ္ဂိုလ်တွေ သဘောပေါက်သွားကြပါတယ်။ မောက်မာလွန်းတဲ့ ဧကရာဇ်ချန်နီက ဟန်ဟွမ်ကို ရှုံးနိမ့်ပြီးကတည်းက တစ်ခါမှ ပြန်ပေါ်မလာတော့ဘူး မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ချက်ချင်း တံခါးပိတ် မကျင့်ကြံသေးဘဲ သူ့တာအိုလက်တွဲဖော်တွေဆီ သွားလည်ကာ တာအိုစက်ကွင်းအနှံ့ လျှောက်ကြည့်ပါတယ်။
တာအိုစက်ကွင်းသုံးခုက အတွင်းပိုင်းချင်း ဆက်သွယ်နေတာကြောင့် ကျယ်ပြောလှတဲ့ကမ္ဘာတစ်ခု ဖြစ်နေပါပြီ။ နှစ်ပေါင်း ဘီလီယံ ၂၀ ကျော် စုဆောင်းမိလာတဲ့အတွက် တာအိုစက်ကွင်းထဲမှာ ခြိုးခြံကျင့်ကြံတဲ့ တပည့်တွေ အများကြီး ရှိနေပါပြီ။ သူတို့တွေဟာ နေရာတိုင်းမှာ တိတ်တဆိတ် ကျင့်ကြံ အားထုတ်နေကြပါတယ်။
ဟန်ကျွယ်ဟာ ရှုခင်းတွေ ပတ်ကြည့်တယ်လို့ပဲ သဘောထားပါတယ်။ ရောင်ဝါကိုလည်း သိမ်းဆည်းထားပါတယ်။
တပည့်တချို့ဆိုရင် ဟန်ကျွယ်နဲ့ မျက်နှာချင်းဆိုင် ဖြတ်သွားတာတောင် ဟန်ကျွယ်ကို မသိကြပါဘူး။ တိတ်ဆိတ်ဂိုဏ်းမှာနေတဲ့ တပည့်အများစုက စွမ်းအားကြီးပုဂ္ဂိုလ်တွေဆိုပေမဲ့ သူတို့တွေက ဟန်ကျွယ်ရဲ့ မူလအသွင်ကို မြင်ဖူးကြတာ မဟုတ်ပါဘူး။ နောက်ပြီး သူတို့မှာ ဟန်ကျွယ်ကို ထိုးဖောက်မြင်နိုင်တဲ့ အစွမ်းအစလည်း မရှိပါဘူး။
တာအိုစက်ကွင်းရဲ့ အရှင်သခင်ဟာ သာမန်အသွင်နဲ့ တာအိုစက်ကွင်းထဲမှာ လျှောက်သွားလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။
ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်နေတဲ့အတွက် လျှောက်သွားရင်း တပည့်တွေရဲ့ ကျင့်ကြံမှုကို စစ်ဆေးပါတယ်။
တာအိုစက်ကွင်းထဲမှာရှိတဲ့ တပည့်အများစုက လောကဦးပဋိပက္ခ တာအိုပညာရှိတွေပါ။ တာအိုပညာရှိအောက်က ကျင့်ကြံသူဆိုတာ လက်ချိုးရေလို့ ရပါတယ်။ ဒါပေမဲ့ မဟာတာအိုပညာရှိ အရေအတွက်ကလည်း နည်းပါတယ်။ သက်ရှိအများစုအတွက် မဟာတာအိုပညာရှိ အဆင့်ဆိုတာက သူတို့ရောက်နိုင်တဲ့ ထိပ်ဆုံးနေရာပါ။
ဟန်ကျွယ်ဟာ တစ်ခဏ လျှောက်ကြည့်ပြီးနောက် တာအိုဘုံကျောင်းဆီ ပြန်ပါတယ်။
ဟန်ကျွယ် နိုးလာတာကို လူတချို့ပဲ သိပါတယ်။ အဆုံးမဲ့ခေတ်အတွက်တော့ ဖန်တီးရှင်က ပုံရိပ်ယောင်လို ဝေဝါးလှပါတယ်။
ဟန်ကျွယ် မျက်လုံးမှိတ်လိုက်တဲ့အခါ အချိန်မြစ်ရဲ့ စီးဆင်းမှုက ပိုပိုမြန်လာပါတယ်။ အချိန်မြစ်ဟာ နောက်ကို လှည့်မကြည့်ဘဲ ရှေ့ကိုပဲ အရှိန်အဟုန်ပြင်းစွာ စီးဆင်းပါတယ်။
ဗလာနယ်မြေ။
ဖျော့တော့တဲ့ အာကာသမှာ ခရမ်းရောင်နဲ့ ကြက်သွေးရောင် လျှပ်စီးတွေ ပေါ်လာပါတယ်။ ဒီလျှပ်စီးတွေဟာ ဟင်းလင်းပြင်ထဲမှာ ရောယှက်ပြီး အရွယ်အစား ကြီးမားလာကာ လျှပ်စီးထောင် ဖြစ်တည်လာပါတယ်။
လျှပ်စီးတွေ အထူထပ်ဆုံး အသိပ်သည်းဆုံး နေရာမှာ လျှပ်စီး အမြောက်အမြားဟာ ဧရာမ မိုးကြိုးဥကြီးအဖြစ် ခဲသွားပါတယ်။ အရပ်မျက်နှာကနေ အလင်းရောင်တွေ ဖြာထွက်လာတဲ့အတွက် မိုးကြိုးဥကို တလက်လက် တောက်ပလာစေပါတယ်။
အချိန်တစ်ခု ကြာသွားတဲ့အခါမှာတော့ မိုးကြိုးဥဟာ မဟာတာအိုကမ္ဘာ တော်တော်များများထက် ကြီးမားလာပါတယ်။
ရုတ်တရက်ဆိုသလို လူတစ်ယောက် ပေါ်လာပါတယ်။ နဝမပဋိပက္ခပါ။
လျှပ်စီးတွေဟာ နဝမပဋိပက္ခကို ထိခါနီးမှာ အလိုလို ဘေးရောက်သွားတာကြောင့် နဝမပဋိပက္ခကို လုံးဝ မထိနိုင်ပါဘူး။
“ဒီရောင်ဝါ...” နဝမပဋိပက္ခရဲ့ အသံဟာ မဆိုစလောက် တုန်ယင်သွားပါတယ်။
ဒီအချိန်မှာ တခြားလူတွေလည်း နဝမပဋိပက္ခဘေးမှာ ပေါ်လာပါတယ်။ သူတို့တွေက သဏ္ဍာန်မဲ့နတ်မင်း၊ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်၊ ယင်ယန်ချွမ်တုနတ်မင်း၊ ပဋိပက္ခသိစိတ်၊ ဟန်ဟွမ်၊ ဟွမ်ဇွမ်တျန်၊ မူလလောကဦး၊ တာအိုဘိုးဘေး၊ လီယောင်၊ ဟန်လင်၊ ပန်ကူး၊ လောကဦး ဘိုးဘေးနတ်ဘုရား၊ မင်လင်းမယ်တော်၊ တုကူးဝူနဲ့ အသက်ဓာတ်နတ်ဘီလူးတို့ပါ။
သူတို့အကုန်လုံးက တာအိုဖန်တီးရှင်တွေပါ။
“ဒါ ဘာလဲ” မင်လင်းမယ်တော်က မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ်။
ပဋိပက္ခသိစိတ်ဟာ သက်ပြင်းချလိုက်ပါတယ် “ဒီဟာကိုကြည့်ပြီး ငါ ပန်ကူး မွေးဖွားလာတာကို သတိပြန်ရမိတယ်”
တာအိုဖန်တီးရှင်တွေရဲ့ အကြည့်ဟာ ပန်ကူးဆီ ရောက်သွားပါတယ်။ ပန်ကူးရဲ့ ခန္ဓာကိုယ်က ထွားကြိုင်းပြီး ပြီးပြည့်စုံတဲ့ သူ့ခန္ဓာကိုယ်က ခွန်အားကို ကိုယ်စားပြုကြောင်း ပြောနေပါတယ်။ ဆံပင်တွေ ဖွာလန်ကြဲနေပေမဲ့ ပန်ကူးက အရင်ထက် ပိုပြီးတော့ အခြေခိုင်ပါတယ်။
ပန်ကူးဟာ ဘာမှ ပြန်မပြောပါဘူး။
နဝမပဋိပက္ခ “ဟုတ်တယ်၊ ငါနဲ့ ပန်ကူးလိုပဲ၊ ဒါက တကယ့်ခေတ် ရောက်လာတော့မဲ့ နိမိတ်ပဲ၊ ဖွဲ့စည်းပုံ အကုန်လုံး ပြောင်းလဲပြီး ဗလာနယ်မြေရဲ့ အနှစ်သာရတောင် ပြောင်းလဲသွားနိုင်တယ်၊ အဆုံးမဲ့ခေတ်က တည်ရှိမှုအားလုံးအတွက် ဒါက ကပ်ဘေးပဲ၊ ဒီထဲမှာ ငါတို့လည်း ပါတယ်”
“ဗလာနယ်မြေမှာ အသေ သတ်မှတ်ထားတဲ့ အရာတစ်ခု ရှိတယ်၊ အဲဒါက တစ်နေ့ကျရင် အကုန်လုံး သမိုင်းဖြစ်သွားတာပဲ”
နဝမပဋိပက္ခရဲ့ စကားက တာအိုဖန်တီးရှင်တွေကို စိတ်လေးသွားစေပါတယ်။
ယင်ယန်ချွမ်တုနတ်မင်းက ခပ်တိုးတိုး ပြောလိုက်ပါတယ် “အဲဒါဆိုရင် ငါတို့တွေ သေမှာကို ထိုင်စောင့်နေလို့ မဖြစ်ဘူး၊ ဒီကောင်ကို သတ်ကြရအောင်”
တာအိုဖန်တီးရှင် တချို့က သဘောတူကြပေမဲ့ တချို့ကတော့ စောင့်ကြည့်ချင်ပါတယ်။
အသက်ဓာတ်နတ်ဘီလူး “ဒီကောင်ကို ဖျက်ဆီးပစ်ဖို့က မလွယ်ဘူး၊ ငါ့ သိစိတ်က သူ့ကို သုံးသပ်နားမလည်နိုင်ဘူး၊ တန်ပြန်တောင် ထိတယ်”
မူလလောကဦးဟာ သူ့လက်ဝါးကို ရုတ်တရက် ဝှေ့ယမ်းလိုက်တဲ့အခါ လျှပ်စီးအမြောက်အမြား လွင့်ပါး ပျောက်ကွယ်သွားပါတယ်။ အဲဒီနောက် လောကဦးခရမ်းရောင်ချီဟာ ကြောက်မက်ဖွယ် အလင်းတိုင်ကြီးအဖြစ် အသွင်ပြောင်းလဲပြီး လျှို့ဝှက်ဆန်းကြယ် မိုးကြိုးဥနဲ့ ဝင်တိုက်ပါတယ်။
ဒါပေမဲ့ တာအိုဖန်တီးရှင်တွေကို နှလုံးလှုပ်စေမဲ့ ကိစ္စတစ်ခု ဖြစ်ပျက်သွားပါတယ်။ အဲဒါကတော့ မိုးကြိုးဥဟာ မူလလောကဦးရဲ့ ဓမ္မစွမ်းအားကို စုပ်ယူလိုက်တာပါ။
တခြား တာအိုဖန်တီးရှင်တွေလည်း တစ်ပါးပြီးတစ်ပါး တိုက်ခိုက်ပါတယ်။ ဒါပေမဲ့ သူတို့တွေ ဘယ်လောက်ပဲ တိုက်ခိုက် တိုက်ခိုက် မိုးကြိုးဥကို အရာထင်အောင် မလုပ်နိုင်ဘူးဆိုတာ သူတို့တွေ ရှာတွေ့သွားပါတယ်။ သူတို့ဓမ္မစွမ်းအားတွေကိုလည်း မိုးကြိုးဥက စုပ်ယူသွားပါတယ်။
မိုးကြိုးဥရဲ့ရောင်ဝါက ပိုပြီးတော့ အားကောင်းလာပါသေးတယ်။
တာအိုဖန်တီးရှင်တွေ တိတ်ဆိတ်သွားပြီး ရင်တထိတ်ထိတ် ခုန်သွားကြပါတယ်။
‘ငါတို့တွေ ဘယ်လိုလုပ်ကြမလဲ’
“ငါတို့တွေ ဖန်တီးရှင်ကိုပဲ အကူအညီ တောင်းရလိမ့်မယ်” တာအိုဘိုးဘေးက ပြောလိုက်ပါတယ်။
တာအိုဖန်တီးရှင်တွေဟာ လီယောင်ကို ကြည့်လိုက်ပါတယ်။ သူတို့ထဲမှာ လီယောင်က ဖန်တီးရှင်နဲ့ အရင်းနှီးဆုံး မဟုတ်ပါလား။
လီယောင် “ဖန်တီးရှင် တံခါးပိတ်ကျင့်ကြံတာက ဆယ်ဘီလီယံလောက် ကြာတယ်၊ သူ တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာဖို့ဆိုရင် ငါတို့တွေ နှစ်သန်းရာချီ စောင့်ရလိမ့်မယ်၊ ဒီမိုးကြိုးဥက သူ့ကို တကယ် ခြိမ်းခြောက်နိုင်မယ်ဆိုရင် သူ ဒါကို အာရုံမခံမိဘူးဆိုတာ မဖြစ်နိုင်ဘူး၊ ငါတို့တောင် ရှာတွေ့နိုင်သေးတာပဲ၊ ဖန်တီးရှင်က ဘယ်လိုလုပ်ပြီး မတွေ့ဘဲ နေမှာလဲ”
တာအိုဘိုးဘေးဟာ လီယောင်ရဲ့ စကားက အဓိပ္ပာယ်ရှိတာကြောင့် ခေါင်းအသာ ညိတ်လိုက်ပါတယ်။
သဏ္ဍာန်မဲ့နတ်မင်း “ငါ ဒီနေရာကို ချိပ်ပိတ်လိုက်မယ်၊ ငါတို့တွေ ဖန်တီးရှင် တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာတာကို စောင့်ကြတာပေါ့”
တာအိုဖန်တီးရှင်တွေဟာ ခေါင်းညိတ်ပြီး လူစုခွဲလိုက်ကြပါတယ်။
နဝမပဋိပက္ခဟာ သစ်ပင်အောက်ပြန်ပြီး ကျားခုံရှေ့ထိုင်ကာ အတွေးနက်သွားပါတယ်။ ကောင်းကင်ပေါ်ကနေ လူတစ်ယောက် ဆင်းသက်လာပြီး နဝမပဋိပက္ခဘေးမှာ ရပ်လိုက်ပါတယ်။ ဒီလူက ပထမပဋိပက္ခပါ။
“ဘာဖြစ်လို့လဲ”
နဝမပဋိပက္ခ “အမျိုးအမည်မသိရတဲ့ အင်အားတစ်မျိုး ပေါ်လာတယ်၊ အရင်တုန်းက အဆုံးမဲ့ခေတ်ကို ဧကရာဇ်ချန်နီက မွှေနှောက်ခဲ့တယ်၊ အခု သူ ပျောက်သွားတော့ ပိုကြောက်စရာကောင်းတဲ့ အန္တရာယ်တစ်ခု ပေါ်လာပြန်ပြီ၊ ဒီဥက ငါ အိပ်မက်မက်တဲ့ ဆံဖြူအမျိုးသားနဲ့ ပတ်သက်နေရမယ်”
ပထမပဋိပက္ခ “ဒီကိစ္စကို ဖန်တီးရှင် စုံစမ်းပါစေ”
“ငါ ဖန်တီးရှင်ရဲ့ တာအိုစက်ကွင်းဆီ အသံလွှင့် ပြောပြီးပြီ၊ ဒါပေမဲ့ ဖန်တီးရှင်က ဘာမှ အကြောင်းမပြန်ဘူး၊ ကြည့်ရတာ တစ်ခုခုကို သုံးသပ်နားလည်နေပုံပဲ”
“ကျွတ်..ကျွတ်... သူက ဒီလောက် စွမ်းအားကြီးနေပြီကို... စွဲစွဲမြဲမြဲ ကျင့်ကြံနေသေးတယ်”
“သူ ဒီလို ကျင့်ကြံမှုထဲ စိတ်နှစ်နိုင်တာက သူ့အရည်အချင်း ထက်မြက်လို့ပဲ ဖြစ်မယ်၊ သူ့အရည်အချင်းက ငါတို့ စိတ်ကူးနိုင်တာထက် အများကြီး ပိုလိမ့်မယ်၊ ဆက်တိုက် တိုးတက်မှုကို ခံစားနိုင်မှ သူ ဒီလိုမျိုး ကျင့်ကြံမှုထဲ စိတ်နှစ်နိုင်မှာ” နဝမပဋိပက္ခက တည်တည်ငြိမ်ငြိမ် ပြောလိုက်ပါတယ်။
ပထမပဋိပက္ခလည်း ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် တိတ်ဆိတ်မှု ပြန်ကြီးစိုးသွားပါတယ်။ ပထမပဋိပက္ခဟာ နဝမပဋိပက္ခကို မနှောင့်ယှက်ပါဘူး။ တစ်ဖက်လှည့်ပြီး သစ်ရွက်တစ်ရွက်ထဲက ကမ္ဘာတစ်ခုထဲ ဝင်ရောက် ပျောက်ကွယ်သွားပါတယ်။
.....
တတိယ တာအိုစက်ကွင်း။
တရားထိုင်နေတဲ့ ဟန်ကျွယ်ဟာ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်ပါတယ်။ မသိမသာနဲ့ ဟန်ကျွယ်ဟာ အသက် ၃၀ ဘီလီယံ ရှိသွားပါပြီ။ သူ တံခါးပိတ်ကျင့်ကြံတာကလည်း နောက်ထပ် ဆယ်ဘီလီယံ ကြာသွားပါပြီ။
ဟန်ကျွယ်ဟာ ဒီတံခါးပိတ်ကျင့်ကြံတာကို ကြာတယ်လို့ မထင်ပါဘူး။ သူ လောကကြီးအနှံ့ လျှောက်သွားတုန်းကထက် တိုတောင်းတယ်လို့တောင် ခံစားလိုက်ရပါတယ်။
လွန်ခဲ့တဲ့ နှစ် ၁၀ ဘီလီယံမှာ ဟန်ကျွယ်ဟာ အခြေခံနိယာမကို နက်နက်နဲနဲ သုံးသပ်နားလည် နိုင်ခဲ့ပါတယ်။ သူ့စိတ်ဆန္ဒက ဗလာနယ်မြေနက်ထဲကိုတောင် ဝင်ရောက်သွားခဲ့ပါတယ်။
အဲဒီမှာ လျှို့ဝှက်ဆန်းကြယ် အရံအတားတစ်ခု ရှိပါတယ်။ ဒီအရံအတားက အသွင်သဏ္ဍာန်ကင်းမဲ့ပြီး အရောင်အဆင်း မရှိပေမဲ့ တကယ် တည်ရှိနေပါတယ်။ ဖန်တီးရှင်သခင်ရဲ့ စွမ်းအားတောင် ဒီအရံအတားကို မထိုးဖောက်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ ဗလာနယ်မြေ မွေးဖွားလာမှုကို ပိုပြီးတော့ စိတ်ဝင်စားလာပါတယ်။
‘ဗလာနယ်မြေက နဂိုကတည်းက ရှိနေတာလား၊ နောက်မှ မွေးဖွားလာတာလား၊ ဒါမှမဟုတ် တစ်ခုခုကနေ အသွင်ပြောင်းလဲလာတာလား... ဟင်းလင်းပြင် ကိုယ်တိုင်က အရာအားလုံးရဲ့ အနိမ့်ဆုံး အဆင့်များလား’
ဟန်ကျွယ်ဟာ တွေးနေတာ ရပ်ပြီး ဗလာနယ်မြေနက်ထဲကို လှမ်းကြည့်လိုက်တဲ့အခါ တော်တော်လေးကိုမှ ကြီးမားလှတဲ့ ဧရာမ မိုးကြိုးဥကြီးကို တွေ့လိုက်ရပါတယ်။ တာအိုဖန်တီးရှင်တွေနဲ့ မတူတာက ဟန်ကျယ်ရဲ့ အကြည့်ဟာ မိုးကြိုးဥထဲမှာ ဘာရှိနေတယ်ဆိုတာကို မြင်နိုင်ပါတယ်။
မိုးကြိုးဥထဲမှာ လူလိုလို နတ်ဆိုးလိုလို သန္ဓေသားလောင်း တစ်လောင်း ရှိနေပါတယ်။ သူ့ခန္ဓာကိုယ်ကို အခြေခံနိယာမတွေက ဝန်းရံထားပါတယ်။
ဒီသန္ဓေသားလောင်းရဲ့ အရည်အချင်းကို တော်တော်လေး အထင်ကြီးဖို့ကောင်းပါတယ်။ သူ့အရည်အချင်းက လောကဦး နတ်ဘီလူးထက်တောင် ကျော်လွန်ပါတယ်။ ဒါပေမဲ့ အန္တိမမူလ နတ်ဘီလူးထက်တော့ နိမ့်ပါတယ်။
အခုအချိန်မှာ ဟန်ကျွယ်ကလွဲရင် သူ့အရည်အချင်းက အထက်မြက်ဆုံးပါ။ ဒါပေမဲ့ သူ့ကျင့်ကြံမှုက အားနည်းနေပါသေးတယ်။
‘တကယ်ကိုပဲ ဗလာနယ်မြေက အရည်အချင်း ပိုရှိတဲ့လူတွေကို ဆက်တိုက် မွေးဖွားပေးနိုင်တာပဲ’
ကံမကောင်းချင်တော့ ဟန်ကျွယ်နဲ့ ယှဉ်ရင် ဒီဥက အားနည်းလွန်းပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။