ထူးခြား အခြေခံနိယာမ
Vol. 114 Ch. 1188
‘ပထမ ဟန်လျန်၊ ပြီးတော့ အဆုံးမဲ့နတ်ဘီလူး၊ အခု ဒီဥ ပေါ်လာပြန်ပြီ၊ ကြည့်ရတာ ဗလာနယ်မြေက ငါ့ရဲ့ ခြိမ်းခြောက်မှုကို အာရုံခံမိလို့ ငါ့ကို ဝါးမျိုဖို့ နည်းလမ်းရှာနေတာ ဖြစ်မယ်’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
လက်ရှိ အန္တိမမူလကမ္ဘာက အဆပေါင်း မြောက်မြားစွာ ကြီးမားကျယ်ပြန့်သွားပါပြီ။ လွတ်လပ် တာအိုပညာရှိအတွက် အဆုံးမဲ့သွားပါပြီ။ မဟာတာအိုပညာရှိပဲ အန္တိမမူလကမ္ဘာထဲကနေ ခုန်ထွက်နိုင်ပါတော့တယ်။ ဒါတောင် အချိန်အကြာကြီး ယူရမှာပါ။
အန္တိမမူလကမ္ဘာက အရွယ်အစားပဲ ကြီးသွားတာ မဟုတ်ပါဘူး။ အာကာသ နိယာမလည်း ဖွံ့ဖြိုးတိုးတက်သွားပါတယ်။ ဥပမာပေးရရင် မဟာတာအိုပညာရှိဟာ အတွေးတစ်ချက်နဲ့ အန္တိမမူလကမ္ဘာထဲကနေ ခုန်မထွက်နိုင်တော့ပါဘူး။ ဒါက ဟန်ကျွယ် ဗလာနယ်မြေထဲကနေ ခုန်ထွက်ချင်ပေမဲ့ ခုန်ထွက်လို့မရတဲ့ အခြေအနေနဲ့ ခပ်ဆင်ဆင် တူပါတယ်။
မဟာတာအိုကမ္ဘာရဲ့ ကျယ်ပြန့်မှုက သာမန်မျက်စိနဲ့ အကုန်မြင်နိုင်တာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး နေရာကနေ ကွယ်ပျောက်သွားပါတယ်။ လျှို့ဝှက်ဆန်းကြယ် မိုးကြိုးဥရှေ့ကို ရောက်သွားတာပါ။
ရုတ်ခြည်းဆိုသလို ဟင်းလင်းပြင်ထဲက လျှပ်စီးတွေဟာ ချက်ချင်း တန့်သွားပါတယ်။ မိုးကြိုးဥဆီကို လာနေတဲ့ အလင်းရောင်တွေလည်း ရပ်သွားပါတယ်။
သဏ္ဍာန်မဲ့နတ်မင်းဟာ ဟန်ကျွယ်ဘေးမှာ ပေါ်လာပြီး တလေးတစား ဦးညွှတ်လိုက်ပါတယ်။ သဏ္ဍာန်မဲ့နတ်မင်းဟာ အဆုံးမဲ့ခေတ်ရဲ့ စွမ်းအားကို ဆုပ်ကိုင်လိုက်နိုင်ကတည်းက ကျင့်ကြံမှု တိုးတက်လာပါတယ်။ ဒါပေမဲ့လည်း ဟန်ကျွယ်ကို ရင်ဆိုင်ရတဲ့အခါ သူတို့ကြားက ကွာခြားချက်ဟာ ပိုပိုကြီးမားလာတယ်လို့ ခံစားလိုက်ရပါတယ်။
“သခင်... ကျွန်တော်တို့တွေ ဒီဥကို ဘယ်လိုလုပ်သင့်လဲ” သဏ္ဍာန်မဲ့နတ်မင်းက တလေးတစား မေးလိုက်ပါတယ်။
ဟန်ကျွယ် “ငါ သူ့ကို ခေါ်သွားပြီး သေချာလေး သွန်သင်လိုက်မယ်”
သဏ္ဍာန်မဲ့နတ်မင်းဟာ အံ့အားသင့်သွားပါတယ် “သခင် ဒီဥကို ယူသွားနိုင်တာလား”
ဟန်ကျွယ် လက်ဝှေ့ယမ်းလိုက်တဲ့အခါ ဧရာမဥကြီးဟာ လျင်လျင်မြန်မြန် ကျုံ့ဝင်သွားပြီး ဟန်ကျွယ်ရဲ့ လက်ပေါ် ရောက်လာပါတယ်။
သဏ္ဍာန်မဲ့နတ်မင်းဟာ လန့်သွားပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက် တာအိုဖန်တီးရှင်တွေ အများကြီး ပူးပေါင်းတုန်းကတောင် ဒီဥကို နည်းနည်းလေး လှုပ်သွားအောင် မလုပ်နိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ ဖန်တီးရှင်ကတော့ အသာအယာပဲ ကောက်သိမ်းလိုက်တယ် မဟုတ်ပါလား။
ဟန်ကျယ် ညာလက်ကို ဆုပ်လိုက်တဲ့အခါ မိုးကြိုးဥဟာ ပျောက်ကွယ်သွားပါတယ်။
ဒီအချိန်မှာ တန့်သွားတဲ့ လျှပ်စီးတွေဟာ ဟန်ကျွယ်ဆီ ရောက်လာပါတယ်။ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ အေးစက်သွားပါတယ်။ ရုတ်ခြည်းဆိုသလို လျှပ်စီးတွေ အကုန်လုံး ပျောက်ကွယ်သွားပြီး ဘေးနားဝန်းကျင်က အာကာသက ပြင်းထန်စွာ ရှုံတွသွားပါတယ်။
သဏ္ဍာန်မဲ့နတ်မင်းဟာ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုကို ခံစားမိလိုက်ပါတယ်။ ဒီစွမ်းအားက တော်တော်လေးကိုမှ ကြောက်စရာကောင်းလှပါတယ်။ ဒါပေမဲ့ သဏ္ဍာန်မဲ့နတ်မင်းဟာ ဒီစွမ်းအား ဘယ်ကလာလဲဆိုတာကို မဖမ်းဆုပ်နိုင်ပါဘူး။ သေချာတာတစ်ခုကတော့ ဒီစွမ်းအားဟာ ဖန်တီးရှင်ဆီက လာတာ မဟုတ်ပါဘူး။
‘ဗလာနယ်မြေရဲ့ နိယာမစွမ်းအားလား’
သဏ္ဍာန်မဲ့နတ်မင်းဟာ လန့်သွားပါတယ်။
‘ဖန်တီးရှင်က ဗလာနယ်မြေရဲ့ နိယာမတွေကို လျစ်လျူရှုနိုင်နေပြီလား’
ဟန်ကျွယ်ဟာ သဏ္ဍာန်မဲ့နတ်မင်းကို အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်းရဲ့ ကျင့်ကြံမှုက နည်းနည်း တိုးလာတယ်၊ ငါ့ကို စိတ်မပျက်စေဘူးပဲ”
သဏ္ဍာန်မဲ့နတ်မင်းဟာ နည်းနည်း လေထဲမြောက်သွားပါတယ်။
အဲဒီနောက် ဟန်ကျွယ် ပျောက်ကွယ်သွားပါတယ်။
သဏ္ဍာန်မဲ့နတ်မင်းလည်း သက်ပြင်းချပြီး ထွက်ခွာသွားပါတယ်။
.....
တတိယ တာအိုစက်ကွင်း။
ဟန်ကျွယ်ဟာ မိုးကြိုးဥကို အန္တိမမူလ ကောင်းကင်ထောင်ထဲ ပစ်ထည့်လိုက်ပါတယ်။ မိုးကြိုးဥဟာ တာအိုဘုံကျောင်းရဲ့ ထောင့်တစ်နေရာမှာ တွင်းနက်လိုမျိုး လေထဲ ပေါလောမျောနေပါတယ်။
ချီယွမ်ရှန်ကူဟာ နံရံပေါ်မှာ ရုတ်တရက် ပေါ်လာပြီး မိုးကြိုးဥနားကို ချဉ်းကပ်ကာ ဟိုကြည့်ဒီကြည့် လုပ်ပါတယ်။
ချီယွမ်ရှန်ကူက မူလ ကာလဒေသကနေ ဖြစ်တည်လာတာပါ။ ဟန်ကျွယ် သူ့ကို သိမ်းပိုက်လိုက်ကတည်းက ချီယွမ်ရှန်ကူဟာ တာအိုစက်ကွင်းထဲမှာ လျှောက်သွားနေခဲ့ပါတယ်။ သူ့ရဲ့ တည်ရှိမှုကို တပည့်တချို့ပဲသိပြီး တာအိုစက်ကွင်းရဲ့ နတ်သားရဲလို့ လက်ခံထားကြပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မထိနဲ့၊ မင်း ဒဏ်ရာရလိမ့်မယ်”
ချီယွမ်ရှန်ကူရဲ့ မြွေခေါင်းဟာ ချက်ချင်းပဲ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် ချီယွမ်ရှန်ကူဟာ မိုးကြိုးဥကို လေးငါးဆယ်ကြိမ်လောက် ပတ်ကြည့်ပြီး တာအိုဘုံကျောင်းထဲကနေ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ ဗလာနယ်မြေကို လှမ်းကြည့်လိုက်ပါတယ်။
နှစ်ပေါင်း ဘီလီယံ ၂၀ ကြာတဲ့အခါ အဆုံးမဲ့ခေတ်က တော်တော် ကျယ်ပြန့်သွားပါပြီ။ မဟာတာအိုကမ္ဘာတွေဟာ အချင်းချင်း ဝေးကွာလွန်းပြီး ကမ္ဘာအမြောက်အမြားလည်း မွေးဖွားလာတာကြောင့် အသက်မဲ့နေတဲ့ ဗလာနယ်မြေကို စည်စည်ကားကား ဖြစ်သွားစေပါတယ်။
အန္တိမမူလကမ္ဘာ ကျယ်ပြန့်နှုန်းက မြန်ဆန်ပေမဲ့ အဆုံးမဲ့ခေတ်ရဲ့ ကျယ်ပြန့်နှုန်းနဲ့ ယှဉ်ရင် နှေးနေပါသေးတယ်။
လက်ရှိ အဆုံးမဲ့ခေတ်မှာ တာအိုဖန်တီးရှင် ၁၅ ပါး ရှိနေပါပြီ။ ဒါတောင် လောကဦးနတ်ဘီလူး သုံးပါးကို တာအိုဖန်တီးရှင် တစ်ပါးတည်းအဖြစ် ရေတွက်ထားတာပါ။
ဟန်လျန်နဲ့ ချူရှောင်ချီဟာလည်း တာအိုဖန်တီးရှင် ဖြစ်လာခါနီးနေပါပြီ။ ဒါပေမဲ့ သူတို့မှာ အတွေ့အကြုံ သိပ်မရှိသေးတာကြောင့် ကျင့်ကြံမှု အပိတ်အဆို့ကို ရောက်သွားပါတယ်။ သူတို့မျိုးဆက်က ကပ်ဘေး အကြီးကြီးကို တွေ့ကြုံရခဲတာကြောင့် ကံကြမ္မာကို သိပ်နားမလည်ပါဘူး။
ချူရှောင်ချီဟာ ပြီးခဲ့တဲ့ဘဝတုန်းက မဟာတာအို အနန္တကပ်ဘေးမှာ ဝင်ပါခဲ့ပါတယ်။ အဲဒီတုန်းက ယွမ်ရှီကျယ်ဝမ်ရဲ့ အကုသိုလ်ကံတွေက သူ့ရဲ့ မဟာတာအိုကမ္ဘာကို မတည်မငြိမ် ဖြစ်စေပါတယ်။ အကုသိုလ်ကံ မုန်တိုင်းဟာ သူ့မဟာတာအိုကမ္ဘာမှာ မကြာမကြာ ပေါ်လာပြီး လျှောက်သောင်းကျန်းပါတယ်။
ဟန်ကျွယ်ဟာ သူတို့နှစ်ယောက်အပေါ်မှာ ခံစားချက် ထွေထွေထူးထူး မရှိတော့ပါဘူး။ သူတို့တွေ တာအိုဖန်တီးရှင် ဖြစ်ဖြစ် မဖြစ်ဖြစ် ဂရုမစိုက်တော့ပါဘူး။
လက်ရှိမှာ ဟန်ကျွယ်ဟာ ဖန်တီးရှင်သခင်အဆင့်ကိုပဲ ခပ်မြန်မြန် ထိုးဖောက်ချင်နေပါတယ်။
နောက်ကျရင် မိုးကြိုးဥထက် ပိုပြီးတော့ ထူးချွန်ထက်မြက်တဲ့ တည်ရှိမှုတွေ သေချာပေါက် ပေါ်လာမှာပါ။ အဲဒါကြောင့် ဟန်ကျွယ်အနေနဲ့ ကျင့်ကြံမှုကို လျှော့လိုက်လို့ မရပါဘူး။ မဟုတ်ရင် လောကဦးနတ်ဘီလူးနဲ့ နဝမပဋိပက္ခရဲ့လမ်းကို လျှောက်ရမှာပါ။
ဟန်ကျွယ်ဟာ ဖန်တီးရှင်သခင် ဖြစ်တုန်းကထက်စာရင် ဆယ်ဆကျော် စွမ်းအား ကြီးလာပါတယ်။ ဟန်ကျွယ်ဟာ ခပ်မြန်မြန် စွမ်းအားကြီးလာပေမဲ့ အဆင့်လေးတစ်ဆင့်ကိုတော့ မတက်ရောက်နိုင်သေးပါဘူး။
ဖန်တီးရှင်သခင် အဆင့်မှာ အဆင့်လေးတွေ မရှိတာလည်း ဖြစ်နိုင်ပါတယ်။ ဒီအထက်က အဆင့်တွေက အကုန်လုံး ဒီအတိုင်း ဖြစ်နိုင်ပါတယ်။ ဟန်ကျွယ်ဟာ ဖန်တီးရှင်သခင် အထက်က အဆင့်ကို အန္တိမမူလ အထွတ်အထိပ်အဆင့်လို့ နာမည်ပေးထားပါတယ်။
ဟန်ကျွယ်မှာ ဒီအဆင့်ကို ထိုးဖောက်ဖို့ အယူအဆနှစ်ခု ရှိပါတယ်။ တစ်ခုက အန္တိမမူလကမ္ဘာ ဗလာနယ်မြေကို အစားထိုးသွားရင် အန္တိမမူလ အထွတ်အထိပ်အဆင့်ကို ရောက်ရှိမှာပါ။
နောက်တစ်နည်းကတော့ ကြိုပြီးတော့ အဆင့်ထိုးဖောက်ဖို့ပါ။ အဆင့်ထိုးဖောက်ဖို့က အရည်အချင်း တိုးသွားမှာပဲ ဖြစ်နိုင်ပါလိမ့်မယ်။ လက်ရှိ ဟန်ကျွယ်ဆီမှာက အန္တိမမူလ အပိုင်းအစ တစ်စနဲ့ လောကဦး အပိုင်းအစ ဆယ့်ငါးစပဲ ရှိပါသေးတယ်။
အန္တိမမူလ အပိုင်းအစ ကိုးစကို ပေါင်းစည်းမှ အန္တိမမူလ မဟာဖန်တီးမှုကို ရရှိနိုင်မှာပါ။ အခုအချိန်မှာ ဟန်ကျွယ်ဟာ စနစ်ပေးတဲ့ ရွေးချယ်မှုဆုလာဘ်ကို ဆယ်ဘီလီယံမှ တစ်ခါပဲ ရတော့တာပါ။ အဲဒါကြောင့်မလို့ အန္တိမမူလ မဟာဖန်တီးမှုကို ရရှိဖို့က အချိန် တော်တော်လေးကို ကြာဦးမှာပါ။
ဟန်ကျွယ်ဟာ စနစ်ကို မမှီခိုဘဲ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ဆုံးဖြတ်ထားပါတယ်။ စနစ်က ဗလာနယ်မြေရဲ့ ဖန်တီးရှင်စိတ်ဆန္ဒကနေ ဖြစ်တည်လာတာပါ။ ပိုင်ရှင်ဟောင်း အမြောက်အမြားရဲ့ ဖန်တီးမှုတွေကို စုဆောင်းလာခဲ့တာကြောင့် ဒီနေ့ ဒီနေရာကို ရောက်လာနိုင်တာပါ။
ဟန်ကျွယ်ဟာ ဖန်တီးရှင်စိတ်ဆန္ဒက ဘယ်လိုမျိုး စွမ်းအားကြီးလာတာလဲဆိုတာကို စစဉ်းစားပါတယ်။ စနစ်ရဲ့ ရှင်းပြချက်က သူ စွမ်းအားကြီးလေလေ စနစ်က စွမ်းအားကြီးလေလေပါပဲ။ ဒါပေမဲ့ စနစ်က အမြဲတမ်း သူ့အထက်မှာ ရှိနေပါတယ်။ အကြောင်းရင်းက ဗလာနယ်မြေရဲ့ အခြေခံနိယာမအထက်မှာ ရှိနေနိုင်ပါတယ်။
‘ငါ ဘာမှမလုပ်ဘဲနဲ့ စနစ်က ဘယ်လိုလုပ်ပြီး အခြေခံနိယာမ စွမ်းအားကို စုပ်ယူနိုင်ရတာလဲ’
ကံ၊ သက်ဝင်ယုံကြည်မှု၊ ကံတရား အထောက်အပံ့...။
ဒီစွမ်းအားတွေက မမြင်နိုင် မထိနိုင်ဘူးဆိုပေမဲ့ လောကကြီးမှာ တကယ် တည်ရှိပါတယ်။
‘စနစ်က ငါ့ရဲ့ ကံတရား အထောက်အပံ့၊ သက်ဝင်ယုံကြည်မှုနဲ့ ကံကို စုပ်ယူနေတာလား’
‘ဗလာနယ်မြေရဲ့ အခြေခံနိယာမမှာလည်း အဲဒီလိုမျိုး ရှိနေတာလား’
ဟန်ကျွယ်ဟာ အတွေးနက်သွားပြီး သူ့စိတ်ဆန္ဒဟာ ဗလာနယ်မြေရဲ့ အာကာသထဲဝင်ကို အခြေခံနိယာမတွေကို ကြည့်ပါတယ်။
ဟန်ကျွယ်ရဲ့ မျက်လုံးထဲကို ဝင်လာတာက နိယာမ အလင်းရောင်စုံရဲ့ ပုံစံမျိုးစုံနဲ့ အလျင်မျိုးစုံပါ။ အရေအတွက်က ဖန်တီးရှင်သခင်တောင် တွက်ဆလို့မရတဲ့အထိပါပဲ။
ဟန်ကျွယ်ရဲ့ ပတ်လည်က အရာအားလုံးဟာ အလွန်လျင်မြန်တဲ့ အလျင်နဲ့ စီးဆင်းနေပါတယ်။ ဟန်ကျွယ်ဟာ ထူးခြားတဲ့ အခြေခံနိယာမကို စပြီးတော့ ရှာဖွေပါတယ်။
အရင်တုန်းကဆိုရင် ဟန်ကျွယ် ဒီလိုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုအချိန်မှာက သူ အများကြီး စွမ်းအားပိုကြီးလာပြီဆိုတော့ ထူးခြား အခြေခံနိယာမတွေကို ရှာတွေ့ကောင်း ရှာတွေ့နိုင်ပါတယ်။
ဒီလိုနဲ့ ဟန်ကျွယ်ဟာ ဗလာနယ်မြေရဲ့ မျက်နှာပေါ်က အခြေခံနိယာမတွေထဲ နစ်မျောသွားပါတယ်။
.....
ဓားတာအိုမြစ်တစ်စင်းဟာ ဖျော့တော့တဲ့ ဟင်းလင်းပြင်ကို ဖြတ်သန်း စီးဆင်းသွားပါတယ်။ လီတောက်ခုံးဟာ လက်နောက်ပစ်ပြီး လှိုင်းတွေပေါ်မှာ ရပ်နေပါတယ်။
“ကောင်လေး... မင်းပြေးလို့ မလွတ်တော့ဘူး၊ အရှုံးပေးလိုက်တော့” လီတောက်ခုံးက မျက်နှာသေနဲ့ ပြောလိုက်ပါတယ်။
လီတောက်ခုံးရဲ့ အကြည့်နောက်ကို လိုက်ကြည့်မယ်ဆိုရင် လူတစ်ယောက်ကို ခပ်ရေးရေး တွေ့မြင်နိုင်ပါတယ်။ ဓားတာအိုမြစ်ရဲ့ စီးဆင်းနှုန်းက အလွန်မြန်ပါတယ်။
မကြာခင်မှာပဲ ရှေ့က လူဟာ ရပ်သွားပြီး မူလအသွင် ပေါ်လာပါတယ်။ ဒီလူက ဆံဖြူအမျိုးသားပါ။ တိတိကျကျပြောရရင် ဧကရာဇ်ချန်နီ လူဝင်စားပါ။ နှစ်ဆယ်ဘီလီယံ ကြာပြီးနောက် ဧကရာဇ်ချန်နီဟာ အန္တိမမူလကမ္ဘာ သက်ရှိအနေနဲ့ ထပ်ပြီးတော့ စွမ်းအားကြီးမားလာပါတယ်။
ဒါပေမဲ့ ဧကရာဇ်ချန်နီဟာ ပြီးခဲ့တဲ့ဘဝက မှတ်ဉာဏ်တွေ မရှိတာကြောင့် သူ့စရိုက်ကိုပဲ အားကိုးရပါတယ်။ ဒီဘဝမှာ သူ့နာမည်ကလည်း ဧကရာဇ်ချန်နီပါပဲ။ ချန်နီဆိုတဲ့နာမည်က သူ့ရဲ့ ဝိညာဉ်နက်ထဲမှာ တံဆိပ်ခတ်ထားသလို စွဲနေတာကြောင့် ဘယ်တော့မှ ပျောက်သွားမှာ မဟုတ်ပါဘူး။
“အဆုံးမဲ့ နတ်ဘုရား... ခင်ဗျား ဘာလုပ်တာလဲ” ဧကရာဇ်ချန်နီက ဒေါသတကြီး မေးလိုက်ပါတယ်။ သူ့အသံက စိတ်လေးလံမှုတွေ ပြည့်နေပါတယ်။
ဓားတာအိုမြစ်ဟာ လှိမ့်တက်လာပါတယ်။ လီတောက်ခုံးဟာ ဧကရာဇ်ချန်နီကို ငုံ့ကြည့်လိုက်ပါတယ် “အန္တိမမူလကမ္ဘာရဲ့ သက်ရှိအနေနဲ့ တခြား မဟာတာကမ္ဘာတွေကို မဝါးမျိုသင့်ဘူး၊ မင်းက ဖန်တီးရှင်ကို အရှက်ရစေတာပဲ”
ဧကရာဇ်ချန်နီဟာ ဒေါသတကြီး ရယ်မောလိုက်ပါတယ် “ဟီးဟီး... အန္တိမမူလကမ္ဘာက တခြား မဟာတာအိုကမ္ဘာတွေကို ဘယ်တုန်းကမှ မဝါးမျိုခဲ့ဘူးလား၊ ကျွန်တော်က ဖန်တီးရှင်ကို ကူညီရုံပဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။