← Chapters

အထွတ်အထိပ်ဆိုတာ ဘာလဲ

Vol. 114 Ch. 1189

အထွတ်အထိပ်ဆိုတာ ဘာလဲ

Vol. 114 Ch. 1189

“မင်းကိုယ်မင်း ဘာထင်နေတာလဲ၊ ဖန်တီးရှင်က မင်းအကူအညီကို လိုတယ်လို့ ထင်နေတာလား” လီတောက်ခုံးဟာ မျက်မှောင်ကြုတ်ပြီး အေးစက်စွာ မေးလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ လီတောက်ခုံးဟာ ကြောက်မက်ဖွယ် ဖိအားကို ထုတ်လွှတ်ပြီး ဧကရာဇ်ချန်နီကို မလှုပ်နိုင်အောင် လုပ်လိုက်ပါတယ်။

အဆုံးမဲ့ နတ်ဘုရားတွေက တာအိုဖန်တီးရှင် မဟုတ်ပေမဲ့ ဖန်တီးရှင် ပေးသနားထားတဲ့ စွမ်းအားကြောင့် တာအိုဖန်တီးရှင်တွေတောင် သူတို့ကို မသတ်နိုင်ပါဘူး။ အဲဒါကြောင့် တာအိုဖန်တီးရှင်နဲ့ အတူတူပဲလို့ ပြောလို့ရပါတယ်။

ဧကရာဇ်ချန်နီက ဒေါသတကြီး မေးလိုက်ပါတယ် “ကိုယ့်ဘာသာနေစမ်းပါ၊ သူများကိစ္စ ဝင်မပါစမ်းပါနဲ့၊ သတ္တိရှိရင် သတ်လိုက်”

“ဝုန်း...”

ဧကရာဇ်ချန်နီရဲ့ ပေါက်ကွဲထွက်လာတဲ့ ရောင်ဝါဟာ လီတောက်ခုံးရဲ့ ရောင်ဝါကို ချေဖျက်ပစ်လိုက်ပါတယ်။ အဲဒီနောက် ဧကရာဇ်ချန်နီဟာ လက်သီးချက် ထိုးထုတ်လိုက်ပါတယ်။ ဒီလက်သီးချက်က ဟင်းလင်းပြင်ကို ရုတ်ခြည်း မှောင်မိုက်သွားစေပြီး အာကာသစွမ်းအားက ဓားတာအိုမြစ်ကို မုန်တိုင်းလို လွှမ်းမိုးသွားပါတယ်။ လီတောက်ခုံးရဲ့ ခန္ဓာကိုယ်ဟာ ရှုံ့တွပြီး မှန်တစ်ချပ်လို ကွဲကြေသွားပါတယ်။

“ဝှစ်...”

ဧကရာဇ်ချန်နီဟာ တစ်စုံတစ်ခုကို အာရုံခံမိတာကြောင့် အပေါ်ကို မော့ကြည့်လိုက်တဲ့အခါ စကားလုံးနဲ့ ဖော်ပြဖို့ မဖြစ်နိုင်တဲ့ အလင်းရောင်ဓားကြီး တစ်စင်း သူ့ဆီ ဆင်းသက်လာတာကို တွေ့လိုက်ရပါတယ်။ ဧကရာဇ်ချန်နီဟာ အချိန်မီ ရှောင်တိမ်းနိုင်ခြင်း မရှိဘဲ အသတ်ခံလိုက်ရပါတယ်။

ဓားအလင်းရောင်ဟာ ပေါက်ကွဲထွက်ပြီး အလင်းစက် အမြောက်အမြား ပြန့်ကျဲသွားပါတယ်။ အဲဒီနောက် ဒီအလင်းစက်တွေဟာ ဓားအရိပ် အမြောက်အမြားအဖြစ် အသွင်ပြောင်းလဲပြီး မှောင်မိုက်တဲ့ ဟင်းလင်းပြင်ပေါ်က အစက်လေးတွေ ဖြစ်သွားပါတယ်။

ဧကရာဇ်ချန်နီ သူ့ခန္ဓာကိုယ်ကို ပြန်ခဲလိုက်တယ်ဆိုရင်ပဲ ဒီဓားအရိပ် အမြောက်အမြားက ထုတ်လွှတ်တဲ့ အလင်းရောင်တွေရဲ့ ချိန်ရွယ်မှုကြောင့် မလှုပ်ရှားနိုင်ပြန်ပါဘူး။

‘ဒါ ဘယ်လိုစွမ်းအားမျိုးလဲ’ ဧကရာဇ်ချန်နီဟာ နှလုံးလှုပ်သွားပြီး သူ့မဟာတာအိုကမ္ဘာစွမ်းအားကို စုစည်းလိုက်တဲ့အခါ သူ့ပတ်လည်မှာ ဓမ္မရုပ်တုတစ်ခု ပေါ်လာပါတယ်။ ဧကရာဇ်ချန်နီဟာ ပတ်ဝန်းကျင်က ဓားအရိပ်တွေနဲ့ အလင်းရောင်တွေကို ဖယ်ရှားချင်ပေမဲ့ သူပဲ အပိုင်းပိုင်း ဖြတ်ခံလိုက်ရပါတယ်။

ဒီအလင်းရောင်တွေက အလင်းရောင်တွေ မဟုတ်ပါဘူး။ နိယာမ စွမ်းအားပါ။

လီတောက်ခုံးဟာ ဧကရာဇ်ချန်နီကို ငုံ့ကြည့်ပြီး အေးစက်စွာ ပြောလိုက်ပါတယ် “ဒါက နတ်ဘုရားတွေရဲ့ စွမ်းအားပဲ၊ မင်း ဒီအဆင့်ထိရောက်အောင် ကျင့်ကြံဖို့က လွယ်တာ မဟုတ်ဘူးဆိုတော့ မင်းကို ဟင်းလင်းပြင် အကျဉ်းထောင်ထဲမှာ အကျဉ်းချမယ်၊ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ချည်”

လီတောက်ခုံးရဲ့ စကားအဆုံးမှာ ဓားအရိပ်တွေဟာ ရုတ်တရက် ကျုံ့ဝင်ပြီး ဧကရာဇ်ချန်နီကို ဝိုင်းအုံသွားပါတယ်။

လေလုံးထွားလွန်းတဲ့ ဧကရာဇ်ချန်နီဟာ လွယ်လင့်တကူပဲ ဖိနှိပ်ခံလိုက်ရပါတယ်။ ဧရာမ အလင်း‌ရောင်လုံးကြီးဟာ ခပ်မြန်မြန် ဆင်းသက်ပြီး မှောင်မိုက်တဲ့ ဟင်းလင်းပြင်ကို ဖြိုခွဲလိုက်ပါတယ်။ ဧကရာဇ်ချန်နီရဲ့ အော်ဟစ်သံကလည်း တော်တော်ကြာတဲ့အထိ ဆက်ရှိနေပါတယ်။

လီတောက်ခုံးဟာ ဧကရာဇ်ချန်နီ ပျောက်ကွယ်သွားတဲ့အထိ စိုက်ကြည့်နေပါတယ်။

‘ဖန်တီးရှင်က ဒီကောင်လေးကို ဘယ်လို သဘောထားတာလဲ’ လီတောက်ခုံးဟာ ဝေခွဲမရ ဖြစ်သွားပါတယ်။

လွန်ခဲ့တဲ့ ဆယ်ဘီလီယံက ဧကရာဇ်ချန်နီဟာ အဆုံးမဲ့ခေတ်မှာ ကပ်ဘေးဖြစ်စေဖို့ နည်းနည်းလေးပဲ လိုပါတော့တယ်။ နှစ်ပေါင်းဘီလီယံချီအောင် ပျောက်ကွယ်သွားပြီးနောက် အခု အန္တိမမူလကမ္ဘာမှာ လူဝင်စားအနေနဲ့ ပြန်ပေါ်လာပါတယ်။

ဒီကိစ္စက ဖန်တီးရှင်ရဲ့ စီစဉ်မှု မဟုတ်ရင် ဘယ်သူ့ လက်ချက်များ ဖြစ်နိုင်ဦးမှာလဲ။

ဒီအကြောင်းကြောင့်လည်း လီတောက်ခုံးက ဧကရာဇ်ချန်နီကို မသတ်တာပါ။

လီတောက်ခုံးဟာ ခေါင်းခါပြီး ဓားတာအိုမြစ်ကို သူ့ခြေထောက်အောက်မှာ ထပ်ခဲလိုက်ပါတယ်။ ပျောက်ကွယ်သွားတဲ့ အမှောင်ထုရဲ့ နေရာမှာ ဖျော့တော့တဲ့ ဟင်းလင်းပြင်က အစားထိုး ဝင်ရောက်လာပါတယ်။

လီတောက်ခုံးဟာ ဓားတာအိုမြစ်ပေါ် တက်စီးပြီး ဗလာနယ်မြေကို လှည့်လည် စစ်ဆေးပါတယ်။ သူ့ကျင့်ကြံမှုက အကန့်အသတ်ကို ရောက်နေပြီမလို့ ဆက်ပြီးတော့ စွမ်းအားကြီးလာဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အဲဒါကြောင့် လီတောက်ခုံးဟာ ဟန်ကျွယ် ပေးအပ်တဲ့ နတ်အခွင့်အာဏာကို ဆက်ခံပြီး အဆုံးမဲ့ခေတ်ကို ကြီးကြပ်တဲ့ တကယ့် အဆုံးမဲ့နတ်ဘုရား ဖြစ်လာပါတယ်။

နတ်အခွင့်အာဏာကြောင့်သာ မဟုတ်ရင် လီတောက်ခုံးဟာ သူ့ရဲ့ဘဝလက်ကျန်ကို ဘယ်လို ကုန်ဆုံးရမလဲ သိမှာ မဟုတ်ပါဘူး။

လီတောက်ခုံးဟာ သူအမြတ်နိုးဆုံး ဓားတာအိုကို သုံးသပ်နားလည်ပြီးပါပြီ။ အဲဒါကြောင့် သူ့ဘဝမှာ အဓိပ္ပာယ်ရှိတဲ့ အရာတွေက တဖြည်းဖြည်း နည်းပါးလာပါတယ်။

.....

လျှို့ဝှက်ဆန်းကြယ် နန်းတော်တစ်ဆောင်။

ဟန်လျန်ဟာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။ လက်ရှိဟန်လျန်ဟာ အရင်တုန်းက ရိုးရှင်းတဲ့လူငယ်လေး ဟန်လျန် မဟုတ်တော့ပါဘူး။ သူ့ရောင်ဝါက မဟာတာအိုပညာရှိချုပ် အများစုထက် အားပိုကောင်းပါတယ်။

အမှောင်ထုထဲကနေ လူတစ်ယောက် ထွက်လာပါတယ်။ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ပါ။

“မင်း သတ္တမ အထွတ်အထိပ် နိယာမကို ဘာဖြစ်လို့ မခဲနိုင်သေးတာလဲ၊ ချူရှောင်ချီရဲ့ သတ္တမ အထွတ်အထိပ်နိယာမက အသွင်ဖြစ်တည်နေပြီ၊ မင်း သူ့ကို ရှုံးချင်တာလား”

အနန္တဖျက်ဆီးရှင်သခင်ဟာ တော်တော်လေး မပျော်မရွှင် ဖြစ်နေပါတယ်။ ချူရှောင်ချီမှာ လောကဦး နတ်ဘီလူးသုံးပါးရဲ့ ပံ့ပိုးမှု ရှိတယ်ဆိုပေမဲ့ ဟန်လျန်ကလည်း ဆိုးတာ မဟုတ်ပါဘူး။ သူနဲ့ ပဋိပက္ခသိစိတ်က ဟန်လျန်ရဲ့ နောက်မှာ ရှိနေပါတယ်။ အဲဒါကြောင့် ဟန်လျန်အနေနဲ့ ချူရှောင်ချီကို ရှုံးဖို့ မသင့်ပါဘူး။

ဟန်လျန်ဟာ မျက်လုံးဖွင့်ပြီး မျက်နှာပျက်ပျက်နဲ့ ပြောလိုက်ပါတယ် “တစ်ခုခု လိုနေတယ်လို့ ကျွန်တော် ခံစားရတယ်၊ ဒါပေမဲ့ ဘာလိုနေမှန်း ကျွန်တော် မသိဘူး”

ဟန်လျန်ကိုယ်တိုင်လည်း တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်ပြီး စိတ်ဓာတ် ကျနေပါတယ်။

ဒီကူကယ်ရာမဲ့တဲ့ ခံစားချက်က ဘီလီယံချီနေပြီမလို့ ဟန်လျန်ကို တော်တော်လေး ဆိုးဆိုးရွားရွား ခံစားရစေပါတယ်။ အထူးသဖြင့် ချူရှောင်ချီက သူ့ကို ကျော်တက်သွားတဲ့အခါ ဟန်လျန်ရဲ့ တာအိုနှလုံးသားဟာ ပိုပြီးတော့ မတည်မငြိမ် ဖြစ်လာပါတယ်။

အနန္တဖျက်ဆီးရှင်သခင် ရှီထျန် “ဖန်တီးရှင်ကို သွားရှာချည်၊ ဖန်တီးရှင်က မင်းကို လမ်းညွှန်ပေးနိုင်လောက်တယ်၊ ငါတို့တွေက တာအိုဖန်တီးရှင် အဆင့်ပဲ ရှိတာ၊ ငါတို့သိသမျှ အရာအားလုံး အိတ်သွန်ဖာမှောက် မင်းကို သင်ပေးပြီးပြီ”

ဟန်လျန်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ် “ဘိုးဘိုးက တံခါးပိတ် ကျင့်ကြံနေတာ ဘီလီယံ ၂၀ ရှိသွားပြီ၊ တစ်ခါမှ လူရှေ့ထွက်လာတာ မဟုတ်ဘူး၊ ကျွန်တော်က ဘယ်လိုလုပ်ပြီး ဘိုးဘိုးကို နှောင့်ယှက်ရမှာလဲ”

“ငါက မင်းကို အဲဒီလို နှောင့်ယှက်ခိုင်းတာမှ မဟုတ်တာ၊ သူ့တာအိုဘုံကျောင်းရှေ့မှာ ရိုးရိုးသားသားနဲ့ ဒူးထောက်နေလိုက်၊ ဘာပဲဖြစ်ဖြစ် မင်းက သူ့ဘေးနားမှာ ကြီးပြင်းလာတာ၊ သူ မင်းကို လျစ်လျူရှုမှာ မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်တာ မမှားပါဘူး၊ သူ မင်းကို မတွေ့ရင် ငါတို့တွေ တခြား နည်းလမ်း ရှာကြတာပေါ့”

အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ရဲ့ စကားကြောင့် ဟန်လျန်ဟာ တိတ်ဆိတ်သွားပါတယ်။ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ ဟန်လျန်ကို ဆက်မနှောင့်ယှက်တော့ဘဲ ပျောက်ကွယ်သွားပါတယ်။

ဟန်လျန်ဟာ အတန်ကြာအောင် လွန်ဆွဲနေပါတယ်။ ဟန်လျန် ဟန်ကျွယ်ကို မတွေ့ရဲတာက မျက်နှာပူလို့ပါ။

ဟန်လျန်ဟာ သူ့စမှတ်က တခြားလူတွေထက် အများကြီး မြင့်တယ်ဆိုတာ သိပါတယ်။ ဟန်လျန်ဟာ ငယ်ငယ်လေးကတည်းက လူတိုင်းရဲ့ အလိုလိုက်တာ ခံရတဲ့အတွက် သက်ရှိအားလုံးထက် အများကြီး သာပါတယ်။ အဲဒါကြောင့်လည်း ဟန်လျန်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက တခြားလူတွေထက် ပိုမြင့်ပါတယ်။

ဟန်လျန်ဟာ အပြင်ပန်းမှာ ဘာကိုမှ အလေးအနက် မထားသလို ရှိပေမဲ့ ဟိုးအတွင်းထဲမှာတော့ သူက အရည်အချင်း အရှိဆုံး ဖြစ်တဲ့အတွက် အစွမ်းအထက်ဆုံး ဖြစ်သင့်တယ်လို့ ခံယူထားပါတယ်။

အတန်ကြာအောင် ရုန်းကန်ပြီးတဲ့နောက်မှာတော့ ဟန်လျန်ဟာ သက်ပြင်းတစ်ချက် ချပြီး မတ်တတ်ရပ်လိုက်ပါတယ်။ အခုအချိန်မှာ သူ့ဘိုးဘိုးကို အကူအညီတောင်းရုံကလွဲပြီး ဟန်လျန်ဆီမှာ ဘာရွေးချယ်စရာမှ မရှိပါဘူး။

.....

ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အခြေခံနိယာမတွေကို စူးစမ်ရှာဖွေတဲ့နေရာမှာ စီးမျောနေပါတယ်။ ဘေးပတ်ဝန်းကျင်က နိယာမတွေဟာ အလွန်လျင်မြန်စွာ စီးဆင်းနေပါတယ်။ ဒါက အပြင်လောကမှာရှိတဲ့ အချိန်ကာလ အလွန်လျင်မြန်စွာ ကုန်ဆုံးနေတယ် ဆိုတာကို ပြသတာပါ။

ဟန်ကျွယ် ဖန်တီးရှင်သခင် ဖြစ်လာတုန်းကလည်း အဆုံးမဲ့ခေတ်က ကုန်ဆုံးသွားခဲ့ပါပြီ။ အဲဒါကြောင့် ဟန်ကျွယ်ဟာ အရာအားလုံးကို ပြောင်းပြန်လှန်ပြီး ပြန်စခဲ့ပါတယ်။

ဟန်ကျွယ်ဟာ ဘာစိုးရိမ်သောကမှ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ သူ့ရဲ့ မူလသက်တမ်း မကုန်ဆုံးပါဘူး။

ဟန်ကျွယ် ထူးခြား အခြေခံနိယာမကို ဖမ်းမိတဲ့အခါ သူ့ရဲ့ နားလည်နိုင်စွမ်းက ချက်ချင်းဆိုသလို ရှင်းရှင်းလင်းလင်း ဖြစ်လာပါတယ်။ ဟန်ကျွယ်ဟာ အခြေခံနိယာမနောက်ကို မလိုက်ဘဲ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်လာပါတယ်။

‘ဖန်တီးရှင်သခင်နဲ့ အန္တိမမူလ အထွတ်အထိပ်က ဘာလဲ’

‘ဖန်တီးရှင်က အရာအားလုံးကို စိုးမိုးအုပ်ချုပ်ရင် အထွတ်အထိပ်ဆိုတာကို ဘယ်လို အဓိပ္ပာယ် သတ်မှတ်သင့်လဲ’

ဟန်ကျွယ်ဟာ အရာအားလုံးက ဗလာနယ်မြေလို့ ခံစားလိုက်ရပါတယ်။ ဒီတော့ အထွတ်အထိပ်က ဒီအထက်မှာ ရှိရပါမယ်။ အဲဒါကြောင့် သူ ဗလာနယ်မြေထဲကနေ ခုန်ထွက်နိုင်ရင် အန္တိမမူလ အထွတ်အထိပ်လို့ ခေါ်လို့ရပါပြီ။

အန္တိမမူလကမ္ဘာ ဗလာနယ်မြေကို အစားထိုးတာက အထွတ်အထိပ် ဖြစ်လာဖို့ မဖြစ်မနေရ လိုအပ်ချက်တစ်ခု မဟုတ်ပါဘူး။

အန္တိမမူလကမ္ဘာက ဗလာနယ်မြေကို အစားထိုးသွားရင်တောင် သူ အန္တိမမူလကမ္ဘာထဲကနေ ခုန်မထွက်နိုင်ရင် အခုအခြေအနေနဲ့ ဘာမှကွာမှာ မဟုတ်ပါဘူး။

ကွာခြားတာဆိုလို့ အရာအားလုံးကို အခုထက် ပိုထိန်းချုပ်နိုင်ရုံပဲ ရှိမှာပါ။ ဒါပေမဲ့ ဒါက ဟန်ကျွယ်ရဲ့ ပန်းတိုင် မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ အရာအားလုံးကို ထိန်းချုပ်လိုစိတ် မရှိပါဘူး။ ဟန်ကျွယ်ဟာ စွမ်းအားချည်းပဲ လိုချင်တာပါ။

ဟန်ကျွယ်ဟာ ထူးခြား နိယာမတစ်ခုကို သတိထားမိလိုက်ပါတယ်။ ဒီနိယာမဟာ အရင်တုန်းက လောကဦး ခရမ်းရောင်ချီလိုမျိုး ခရမ်းရောင် ရှိပါတယ်။ ဟန်ကျွယ်ဟာ ဒီနိယာမကို ခပ်မြန်မြန်ပဲ လိုက်ဖမ်းပါတယ်။

ဒီနိယာမက အရမ်းမြန်ပါတယ်။ တာအိုဖန်တီးရှင်တောင် သူ့ကို ဖမ်းနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အသာအယာပဲ ဒီနိယာမနောက် လိုက်သွားပါတယ်။

ဟန်ကျွယ်ဟာ သေချာလေး အနီးကပ် ကြည့်လိုက်တဲ့အခါ ဒီခရမ်းရောင် နိယာမက တော်တော်လေးကိုမှ အေးစက်တာ တွေ့လိုက်ရပါတယ်။ ဖန်တီးရှင်သခင်ဖြစ်တဲ့ သူတောင် တုန်ယင်သွားပါတယ်။

‘ဒါ ဘာလဲဟ’

ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ဒီခရမ်းရောင် နိယာမနဲ့ တိုက်မိပါတယ်။

ရုတ်ခြည်းဆိုသလို ဗလာနယ်မြေတစ်ခုလုံး ခရမ်းရောင် ပြောင်းသွားပါတယ်။ အရာအားလုံးက မြန်ဆန်လွန်းတဲ့အတွက် သက်ရှိအားလုံး တုံ့ပြန်ချိန်တောင် မရလိုက်ပါဘူး။

ပထမဆုံး တာအိုဖန်တီးရှင်တွေဟာ သာလွန်နတ်ခန်းမထဲမှာ စုဝေးပြီး ဒီကိစ္စအကြောင်း ဆွေးနွေးကြပါတယ်။

“ဘာတွေ ဖြစ်နေတာလဲ”

“ပြီးခဲ့တဲ့တစ်ခေါက်က မိုးကြိုးဥ၊ အခု အာကာသ ပြောင်းလဲမှု လာပြန်ပြီ”

“တစ်ခါမှ မဖြစ်ဖူးတဲ့ ကပ်ဘေး လာနေတာလား”

“မသိဘူးလေ... ငါလည်း အာရုံမခံနိုင်ဘူး၊ ထူးခြားတဲ့ရောင်ဝါတော့ ဘာတစ်ခုမှ မရှိဘူး”

“နိယာမတွေက တည်ငြိမ်တယ်”

တာအိုဖန်တီးရှင်တွေဟာ ထင်ရာမြင်ရာ ဆွေးနွေးကြပါတယ်။

တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းရှေ့မှာ ဒူးထောက်နေတဲ့ ဟန်လျန်ဟာ ရုတ်တရက် မော့ကြည့်လိုက်ပါတယ်။ ဟန်လျန်ရဲ့ အကြည့်ဟာ အတားအဆီးတွေကို ထိုးဖောက်ပြီး ဗလာနယ်မြေရဲ့ ပြောင်းလဲမှုကို တွေ့မြင်သွားပါတယ်။

အကြောင်းအရင်း တချို့ကြောင့် ဟန်လျန်ရဲ့ နှလုံးခုန်နှုန်း မြန်လာပါတယ်။

“ငါ့သွေး...”

ဟန်လျန်ဟာ သူ့ခန္ဓာကိုယ်ကို ထိကြည့်ပြီး မျက်နှာအမူအရာ ပြောင်းသွားပါတယ်။ ဟန်လျန်ဟာ သူ့သွေးထဲမှာရှိတဲ့ အားကောင်းတဲ့ အင်အားတစ်မျိုး ဆူပွက်လာပြီး သူ့ဝိညာဉ်နဲ့ တဖြည်းဖြည်း ပေါင်းစပ်နေတာကို ခံစားမိလိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters