အဆုံးမဲ့ အထီးကျန်ဆန်မှု
Vol. 114 Ch. 1190
ဟန်လျန်ရဲ့ ခန္ဓာကိုယ်ဟာ စပြီးတော့ တုန်ယင်လာကာ တဖြည်းဖြည်း ကျုံ့ဝင်လာပါတယ်။
ဒီအချိန်မှာ ရှင်းဟုန်ရွှမ်နဲ့ လီယောင်ဟာ ဟန်လျန်ရဲ့ဘေးမှာ ပေါ်လာပါတယ်။ သူတို့နှစ်ယောက်ဟာ ဟန်လျန်ကို ကူညီချင်ပေမဲ့ အားကောင်းတဲ့ အင်အားတစ်ခုရဲ့ တွန်းထုတ်မှုကြောင့် အဝေး ရောက်သွားပါတယ်။
ရှင်းဟုန်ရွှမ်နဲ့ လီယောင်ဟာ လန့်သွားပါတယ်။
“မလာနဲ့... ကျွန်တော် အဆင်ပြေတယ်” ဟန်လျန်ဟာ လက်ပိုက်ပြီး တုန်တုန်ယင်ယင် ပြောလိုက်ပါတယ်။
နတ်မိမယ်ရှီရွှမ်၊ ရွှမ်ချင်းကျွင်းနဲ့ တခြားလူတွေလည်း သူတို့ တာအိုဘုံကျောင်းထဲကနေ ထွက်လာကြပါတယ်။
ဟန်လျန်ဟာ မြေကြီးပေါ်မှာ လိမ်ခွေပြီး သူ့ခန္ဓာကိုယ်ဟာ တဖြည်းဖြည်း သေးငယ်လာပါတယ်။
ရှင်းဟုန်ရွှမ်တို့တွေဟာ ဟန်လျန်ကို မကူညီနိုင်ကြပါဘူး။ သူတို့တွေဟာ ဟန်လျန် လူကြီးကနေ လူငယ်၊ လူငယ်ကနေ ကလေး၊ ကလေးကနေ ကလေးငယ်လေးအဖြစ် အသွင်ပြောင်းလဲသွားတာကို ထိုင်ကြည့်နေရပါတယ်။
ဒါပေမဲ့ အသွင်ပြောင်းလဲမှုက ဒီမှာတင် မရပ်သေးပါဘူး။ ဆက်ပြီးတော့ ကျုံ့ဝင်နေတုန်းမလို့ ရှင်းဟုန်ရွှမ်တို့တွေ ထိတ်လန့်တကြား ဖြစ်သွားကြပါတယ်။
ရှင်းဟုန်ရွှမ်ဟာ တစ်ဖက်လှည့်ပြီး ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းထဲကို ဝင်ဖို့ ကြိုးစားပေမဲ့ တာအိုဘုံကျောင်းရဲ့ တံခါးကို မဖွင့်နိုင်ပါဘူး။ ရှင်းဟုန်ရွှမ်ဟာ တစ်ခုခုကို တွေးမိသွားပြီး ငြိမ်သွားပါတယ်။
တခြားလူတွေလည်း အတူတူပါပဲ။
သူတို့တွေဟာ ဟန်လျန်ရဲ့ ပြောင်းလဲမှုက ဟန်ကျွယ်နဲ့ ပတ်သက်နေလိမ့်မယ်လို့ တွေးလိုက်ကြပါတယ်။ ပုံမှန်ဆိုရင် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ် တာအိုဘုံကျောင်းထဲ ဝင်တာကို တားဆီးလေ့ မရှိပါဘူး။ အခု တားထားတယ်ဆိုတော့ တစ်ခုခုဖြစ်သွားတာ သေချာပါတယ်။
သူတို့တွေဟာ ဟန်ကျွယ်ကို အပြည့်အဝ ယုံကြည်ပါတယ်။ ဟန်ကျွယ်ရှိနေရင် ကောင်းကင်ပြိုတောင် သူတို့တွေ ကြောက်လန့်မှာ မဟုတ်ပါဘူး။
မကြာခင်မှာပဲ ဟန်လျန်ရဲ့ ခန္ဓာကိုယ်ဟာ ခရမ်းရောင် အလင်းလုံးအဖြစ် ကျုံ့ဝင်ပြီး အပေါ်ကို စတက်ပါတယ်။ ဟန်လျန်ဟာ တာအိုစက်ကွင်းထဲကနေ ခုန်ထွက်ပြီး ခရမ်းရောင် ဟင်းလင်းပြင်ကို ရောက်သွားပါတယ်။ ဒါပေမဲ့ ခရမ်းရောင် အလင်းလုံးဟာ ဒီမှာတင်မရပ်ဘဲ ဆက်ပြီးတော့ အပေါ်တက်ပါတယ်။
ခရမ်းရောင် အလင်းလုံးထဲမှာ ဟန်လျန်ရဲ့သိစိတ်က ရှိနေပါသေးတယ်။ ဒါပေမဲ့ ဟန်လျန်ဟာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ အပေါ်ကို မြင့်တက်နေတာပဲ ခံစားနိုင်ပါတယ်။
‘ဘာဖြစ်သွားတာလဲ’ ဟန်လျန်ဟာ တုန်လှုပ်ချောက်ချားသွားပါတယ်။ ဒါပေမဲ့ သူ ဘာမှ မလုပ်နိုင်ပါဘူး။
ပဋိပက္ခသိစိတ်နဲ့ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်တို့လည်း ပေါ်လာပါတယ်။ ဟန်လျန်ဟာ သူတို့နှစ်ယောက်ကို တွေ့လိုက်ရလို့ စိတ်သက်သာရာ ရသွားပါတယ်။
ဒါပေမဲ့ တာအိုဖန်တီးရှင်နှစ်ပါး အလင်းလုံးကို ဖမ်းဆုပ်ဖို့ ကြိုးစားတဲ့အခါ ခရမ်းရောင် အလင်းလုံးဟာ သူတို့လက်ကို ဖောက်ထွက်ပြီး ဒဏ်ရာရအောင် လုပ်လိုက်ပါတယ်။
“ဒါ ဘယ်လိုစွမ်းအားမျိုးလဲ” အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ သူ့ရှေ့က အဖြစ်အပျက်ကို မယုံနိုင်ဘဲ မေးလိုက်ပါတယ်။
ပဋိပက္ခသိစိတ်ဟာ ဘာမှ ပြန်မဖြေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူလည်း မသိလို့ပါ။
အဲဒီနောက် ခရမ်းရောင် အလင်းလုံးဟာ ရုတ်တရက်ဆိုသလို အစအနမကျန်အောင် ပျောက်ကွယ်သွားပါတယ်။
ရုတ်ခြည်းဆိုသလို တာအိုဖန်တီးရှင်နှစ်ပါးစလုံး မှင်တက်သွားပါတယ်။
ပဋိပက္ခသိစိတ်က မေးလိုက်ပါတယ် “ငါတို့တွေ ဘာလို့ ဒီရောက်နေတာလဲ”
အနန္တဖျက်ဆီးရှင်သခင် ရှီထျန်က တအံ့တဩ ပြန်ဖြေပါတယ် “မပြောတတ်ဘူး၊ ဒီနိမိတ်ကြောင့်များလား”
အဲဒီနောက် ပဋိပက္ခသိစိတ်နဲ့ အနန္တဖျက်ဆီးရှင်သခင်ဟာ အဲဒီနေရာကနေ ထွက်ခွာလာခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ခုခုကို မေ့သွားသလိုမျိုး ခံစားနေရပါတယ်။
‘ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဘာဖြစ်လို့ တစ်ခုခုကို မေ့သွားရမှာလဲ’
ဒီခံစားချက်က ပဋိပက္ခသိစိတ်နဲ့ အနန္တဖျက်ဆီးရှင်သခင်ကို စိတ်လေးစေပါတယ်။ သူတို့နှစ်ယောက်ဟာ ဒီလိုဖြစ်ရတာက လာနေတဲ့ လျှို့ဝှက်ဆန်းကြယ် ကပ်ဘေးကြောင့်လို့ အပြစ်ပုံချလိုက်ပါတယ်။
.....
ဟန်လျန် သတိပြန်ရလာတဲ့အခါ သေမျိုးကမ္ဘာမှာ မျောပါနေတာကို ရှာတွေ့သွားပါတယ်။ ဟန်လျန်ဟာ လှုပ်ရှားလို့လည်း မရသလို အသံပြုလို့လည်း မရပါဘူး။ ဟန်လျန်ဟာ သူ့ရှေ့က မြင်ကွင်း ပြောင်းလဲသွားတာကို ထိုင်ကြည့်နေရပါတယ်။
ဟန်လျန်ဟာ လူတွေ ကမ္ဘာတွေနဲ့ မဟာတာအိုကမ္ဘာတွေကို တွေ့လိုက်ရပါတယ်။ ဟန်လျန်ဟာ သူနဲ့ ရင်းနှီးတဲ့ လူတွေကိုတောင် တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ဘယ်သူမှ သူ့ကို သတိမထားမိကြပါဘူး။ သူက အရာအားလုံးရဲ့ အပြင်ဘက်က ပွဲကြည့်ပရိသတ်လိုမျိုး ဒါမှမဟုတ် သူ ထိန်းချုပ်လို့မရတဲ့ အိပ်မက်တစ်ခုကို မက်နေရသလိုပါပဲ။
ဒီအိပ်မက်က တော်တော်လေးကိုမှ ရှည်ကြာပါတယ်။
တစ်နှစ်။
နှစ်တစ်သောင်း။
နှစ်သန်းတစ်ရာ။
တစ်ဘီလီယံ။
ဟန်လျန်ဟာ မျှော်လင့်ချက် ကင်းမဲ့မှု၊ ဒေါသနဲ့ နာကျင်မှုတွေကို ခံစားရပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဟန်လျန်ဟာ ဒီခံစားချက်တွေကို ထုံသွားပါတယ်။
ဟန်လျန်ဟာ ချူရှောင်ချီ တာအိုဖန်တီးရှင် ဖြစ်လာတာကို တွေ့လိုက်ရပါတယ်။ တာအိုဖန်တီးရှင် အကုန်လုံးက ချူရှောင်ချီကို ဝိုင်းဂုဏ်ပြုကြပါတယ်။ ဒါပေမဲ့ သူ့နာမည်ကိုတော့ ဘယ်သူမှ မပြောကြပါဘူး။ သူ့မိဘတွေတောင် သူ့နာမည်ကို တစ်ခါမှ ထပ်မပြောကြပါဘူး။
သူ့သိစိတ် မျောပါတဲ့အချိန်ကစပြီး ဘယ်သက်ရှိမှ သူ့အကြောင်းကို မပြောကြတော့ပါဘူး။ သူက ဘယ်တုန်းကမှ မတည်ရှိခဲ့တဲ့ အတိုင်းပါပဲ။ ဒီခံစားချက်က ဟန်လျန်ကို အပြိုလဲစေဆုံးပါ။
ဟန်လျန်ဟာ သူ ဘာဖြစ်သွားလဲဆိုတာကို နားမလည်နိုင်ပါဘူး။
နောက်ပိုင်းမှာ ဟန်လျန်ဟာ လူတစ်ယောက်က အထွတ်အထိပ် ဓမ္မစွမ်းအားသုံးပြီး မဟာတာအိုကမ္ဘာတွေကို သတ်ဖြတ်တာ တွေ့လိုက်ရပါတယ်။ အဆုံးမဲ့ခေတ်ရဲ့ တကယ့်ကပ်ဘေးက ရောက်လာခဲ့ပါပြီ။
ဒါပေမဲ့ ဟန်လျန်ဟာ ဘာမှ မခံစားရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘာတွေပဲဖြစ်ဖြစ် သူနဲ့ ဘာမှမဆိုင်လို့ပါ။
‘ငါ ဘာဖြစ်လို့ ဒီလို အခြေအနေမျိုး ကြုံရတာလဲ...’
‘ငါ ဒီလိုမျိုး ဘယ်လောက်ကြာအောင် ဆက်ဖြစ်နေမှာလဲ...’
‘ငါ့အိမ်က ဘယ်မှာလဲ’
ဟန်လျန်ဟာ ဝမ်းနည်းစွာ တွေးတောရင်း သူ့သိစိတ်ဟာ စပြီးတော့ နစ်မြုပ်လာပါတယ်။ ဟန်လျန်ဟာ ဆံဖြူအမျိုးသားက သူ့ဦးလေးနှစ် ဟန်ဟွမ်ကို သတ်တာတွေ့ပါတယ်။ ဒါပေမဲ့ ဂရုမစိုက်ပါဘူး။
ဟန်လျန်ဟာ ဆက်ပြီးတော့ နစ်မြုပ်သွားပါတယ်။
အချိန်တစ်ခု ကြာသွားတဲ့အခါမှာတော့ ဟန်လျန်ဟာ အမျိုးအမည်မသိ နယ်မြေတစ်ခုဆီ ရောက်ရှိသွားပါတယ်။ ဒီနေရာမှာ ဘက်ပေါင်းစုံကို ရွှေ့လျားနေတဲ့ အလင်းရောင်မျိုးစုံ ရှိပါတယ်။
‘ဒါက ဘယ်နေရာလဲ’
ဟန်လျန်ဟာ မဟာတာအိုပညာရှိချုပ်မလို့ နေရာ အမြောက်အမြားကို ရောက်ဖူးပါတယ်။ ဒါပေမဲ့ ဒီနေရာကိုတော့ တစ်ခါမှ မရောက်ဖူးပါဘူး။ ဒီနေရာက အလင်းရောင်တွေရဲ့ ရွှေ့လျားနှုန်းက မြန်ဆန်လွန်းပါတယ်။ ဘယ်လောက်တောင် မြန်ဆန်လဲဆိုရင် တလက်လက် တောက်ပလွန်းတယ်လို့ သူ ခံစားရတဲ့အထိပါပဲ။
အချိန်အတော် ကြာသွားတဲ့အခါမှာတော့ ဟန်လျန်ရဲ့ သိစိတ်ဟာ ဒီနေရာနဲ့ အသားကျသွားပါတယ်။ ဒါပေမဲ့ ဟန်လျန်ဟာ မလှုပ်ရှားနိုင်သေးပါဘူး။ အဲဒါကြောင့် ဟန်လျန်ဟာ ဒီလျှို့ဝှက်ဆန်းကြယ် နယ်မြေကို စိတ်မဝင်စားတော့ပါဘူး။
ဟန်လျန်ဟာ အိပ်စက်ချင်ပါတယ်။ အနည်းဆုံးတော့ အိပ်မက်ထဲမှာ သူ့ကမ္ဘာကို လိုသလို ဖန်တီးရမှာပါ။ ဒါပေမဲ့ အိပ်လို့တောင် မရတဲ့အတွက် ဟန်လျန်ဟာ ဒေါသထွက်သွားပါတယ်။ ဒါက နောက်ထပ် အဆုံးမရှိတဲ့ စိတ်ကို ညှဉ်းပန်းနှိပ်စက်တာပါ။
အချိန်ဟာ တရွေ့ရွေ့ ကုန်ဆုံးသွားပါတယ်။
ဟန်လျန်ဟာ ကြာလွန်းလို့ အချိန်ကိုတောင် မေ့သွားပါတယ်။
ဟန်လျန်ရဲ့ သိစိတ်ဟာ စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ ဟင်းလင်းပြင်တစ်ခုဆီ ကျသွားပါတယ်။ ဟန်လျန်ဟာ ထုံနေပြီမလို့ ဘာမှ မတွေးပေမဲ့ သူ့သိစိတ်ကတော့ ရှိနေပါသေးတယ်။
ရုတ်တရက်။
ဟန်လျန်ဟာ မှင်တက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ကို လျှပ်တစ်ပြက် မြင်လိုက်ရလို့ပါ။
‘ဒီနေရာမှာ ဘယ်လိုလုပ်ပြီး လူတစ်ယောက် ရှိနေရတာလဲ’
ဟန်လျန်ဟာ သူ ထင်ယောင်ထင်မှား ဖြစ်နေတယ်ထင်ပြီး ရင်ထဲမှာ မချိတင်ကဲ ဖြစ်သွားပါတယ်။ အဲဒီနောက် ဟန်လျန်ဟာ ကျေနပ်အံ့အားသင့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထင်ယောင်ထင်မှား ဖြစ်နိုင်သေးရင် အိပ်မက်ထဲဝင်ဖို့က သိပ်မဝေးတော့လို့ပါ။
ဟန်လျန်ဟာ ပြန်လန်းဆန်းလာပြီး သိစိတ်လည်း အကောင်းပကတိ ပြန်ဖြစ်လာပါတယ်။ နောက်ဆုံးမှာ သူ ကြိုးစားလုပ်နိုင်မဲ့အရာတစ်ခုကို ရှာတွေ့ခဲ့ပြီ မဟုတ်ပါလား။
အဲဒီနောက် သူ့သိစိတ်ရှေ့မှာ ရုတ်တရက်ပေါ်လာတဲ့ ရုပ်သွင်ကိုကြည့်ပြီး ဟန်လျန်ဟာ မှင်တက်သွားပါတယ်။ ဒီရုပ်သွင်က သူနဲ့ ရင်းနှီးပြီး မရင်းနှီးတဲ့ မျက်နှာတစ်ခုပါ။
သူ့ဘိုးဘိုးပါ။
ဟန်လျန်ဟာ သူ့မျက်လုံးကို မယုံနိုင်ပေမဲ့ ဝမ်းသာအားရ ဖြစ်သွားပါတယ်။
‘ဘိုးဘိုးက ငါ့ကို ကယ်ဖို့ ရောက်လာတာလား... ဟုတ်တယ်၊ ဒီလောကမှာ ငါ့ကို ရှာနိုင်တဲ့လူက ဖန်တီးရှင်ဖြစ်တဲ့ ဘိုးဘိုးကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ’
ဟန်ကျွယ်ဟာ ဟန်လျန်ကို စိုက်ကြည့်ပြီး ပြုံးလိုက်ပါတယ်။ ဒီအပြုံးကိုကြည့်ပြီး ဟန်လျန်ဟာ ရုတ်တရက်ဆိုသလို ငိုချင်လာပါတယ်။
သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင် ရပ်နေကြတာပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်က တစ်ခါမှ မတွေ့ဖူးသလို ခံစားနေရပါတယ်။ ဒီအထီးကျန်ဆန်မှုက ဟန်လျန်ကို ပိုပြီးတော့ ကြောက်ရွံ့စေပါတယ်။ ဟန်လျန်ဟာ သူ့ဘိုးဘိုး သူ့ကို မကယ်နိုင်မှာ ကြောက်နေပါတယ်။
ဟန်ကျွယ်ဟာ ညာလက်ကို ဆန့်ထုတ်ပြီး ဟန်လျန်ကို ထိလိုက်ပါတယ်။ ဒါက ဟန်လျန်ကို မျှော်လင့်ချက် ရှိသွားစေလို ရင်လည်း ထိတ်သွားစေပါတယ်။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ရဲ့ လက်ဟာ ပျောက်ကွယ်သွားပြီး ဟန်လျန်ဟာ သူ့ခေါင်းကို တစ်စုံတစ်ခုက လာထိတယ်လို့ ခံစားလိုက်ရပါတယ်။ ဒီအထိခံရတဲ့ ခံစားချက်က ဟန်လျန်နဲ့ တော်တော်လေးကိုမှ သူစိမ်းဆန်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ သူက ခန္ဓာကိုယ် မရှိဘဲ သိစိတ်ပဲ ရှိနေလို့ပါ။
ဟန်လျန်ဟာ မှင်တက်သွားပါတယ်။
ဟန်ကျွယ်ဟာ ဟန်လျန်ကို ဆွဲထုတ်လိုက်ပါတယ်။
“ကောင်စုတ်လေး... မင်း ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲ”
ဟန်လျန်ဟာ ဟန်ကျွယ်ကို ငေးကြောင်ကြောင်နဲ့ စိုက်ကြည့်နေပါတယ်။ ဟန်ကျွယ်က သူ့မျက်နှာကို ပုတ်လိုက်မှ ဟန်လျန်ဟာ သတိပြန်ဝင်လာပြီး ဟန်ကျွယ်ကို ကောက်ဖက်လိုက်ပါတယ်။
“ဘိုးဘိုး...” ဟန်လျန်ဟာ ငိုတော့မဲ့အသံနဲ့ စိတ်လှုပ်တရှား အော်လိုက်ပါတယ်။
ဟန်ကျွယ် ဘာမှ ပြန်မပြောခင်မှာပဲ ဟန်လျန်ဟာ ရုတ်တရက် နောက်ဆုတ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ ခန္ဓာကိုယ် ပြန်ရှိသွားတာကို ရှာတွေ့သွားလို့ပါပဲ။
အခု သူ လှုပ်ရှားလို့ ရပါပြီ။
‘မဖြစ်နိုင်ဘူး...’
ဟန်လျန်ဟာ တုန်ယင်သွားပြီး ဒီဟာက အိပ်မက်တစ်ခု ဖြစ်နေမှာကို စိုးရွံ့သွားပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ကြည့်ရတာ မင်း တော်တော်လေး တွေ့ကြုံခဲ့ရပုံပဲ၊ ဒါပေမဲ့ မကြောက်ပါနဲ့၊ မင်းနားမှာ ဘိုးဘိုးရှိတယ်၊ အားလုံး အဆင်ပြေသွားလိမ့်မယ်”
ဟန်ကျွယ်က သာမန်ကာလျှံကာ ပြောလိုက်ပေမဲ့ ဟန်လျန်ကိုတော့ အကြွင်းမဲ့ လုံခြုံစိတ်ချသွားစေပါတယ်။
“ဘိုးဘိုး... ကျွန်တော်...”
“အဲဒီအကြောင်းကို မပြောနဲ့ဦး၊ မင်း ဒီနေရာကို ရောက်လာမှတော့ ဘိုးဘိုးနောက်ကို လိုက်ခဲ့ချည်၊ ဒါက မင်းအတွက် အခွင့်အရေးကြီးတစ်ခုပဲ”
ဟန်ကျွယ်ဟာ ဟန်လျန်စကားကို ဖြတ်ပြောလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟန်လျန်က ကလေးတစ်ယောက်လို ငိုကြွေးနေတာကို ကြည့်ပြီး တော်တော်လေး ဒုက္ခခံခဲ့ရတယ်ဆိုတာကို သိလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဂရုမစိုက်ပါဘူး။
အခုအချိန်မှာ ဟန်ကျွယ်ဟာ ထူးခြား အခြေခံနိယာမကိုပဲ သုံးသပ်နားလည်ချင်ပါတယ်။
ဟန်လျန်ဟာ ဘာမှ ထပ်မပြောပါဘူး။ သူ့ဘိုးဘိုးနဲ့ ကွဲသွားမှာစိုးတဲ့အတွက် ဟန်လျန်ဟာ ဟန်ကျွယ်နောက်ကို ထက်ကြပ်မကွာ လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။