← Chapters

အန္တိမမူလ အထွတ်အထိပ်

Vol. 114 Ch. 1192

အန္တိမမူလ အထွတ်အထိပ်

Vol. 114 Ch. 1192

“မင်းက အကုန်လုံး သိနေမှတော့ ငါ ဆက်ပြီးတော့ ဟန်မဆောင်နေတော့ဘူး၊ ပထမတော့ ငါ့ရဲ့ တည်ရှိမှုကို ဖုံးကွယ်ဖို့ စဉ်းစားထားတာ၊ အခု ငါ မင်းကို အန္တိမမူလကမ္ဘာ ကျယ်ပြန့်တာ ရပ်ဖို့ အကြံပေးချင်တယ်၊ မဟုတ်ရင် ဗလာနယ်မြေက ငါ့ရဲ့ လက်ရှိခန္ဓာကိုယ်ထက် အရည်အချင်း ပိုရှိတဲ့လူတွေကို မွေးထုတ်ပေးလိမ့်မယ်၊ သက်ရှိအားလုံးရဲ့ စိတ်ဆန္ဒကိုသုံးပြီးတော့လည်း ငါ မင်းကို တိုက်ခိုက်လို့ရတယ်၊ မင်းမှာ နိုင်နိုင်ခြေ လုံးဝ မရှိဘူး”

ဇီဝိန်ခြွေ မဟာမူလအရှင်ရဲ့ စကား ဆုံးတယ်ဆိုရင်ပဲ ဒီကမ္ဘာရဲ့ ကောင်းကင်ပြာဟာ စုတ်ပြဲသွားပြီး လျှပ်စီးမိုးကြိုး အမြောက်အမြား ထိုးဆင်းလာပါတယ်။ လျှပ်စီးမိုးကြိုးတိုင်းကို မမြင်နိုင်တဲ့ နိယာမစွမ်းအားတွေကို ရစ်ပတ်ထားပါတယ်။

ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ အဆုံးမဲ့လျှပ်စီးတွေနဲ့ ဟန်ကျွယ်ဆီကို တစ်လှမ်းချင်း လျှောက်လာပြီး “ဗလာနယ်မြေမှာ ကမ္ဘာလောကတွေ အများကြီး မွေးဖွားလာခဲ့တယ်၊ ကမ္ဘာလောကတိုင်းက ရည်မှန်းချက်ကြီးပြီး ဗလာနယ်မြေရဲ့ ဖန်တီးမှုကို လိုချင်ကြတယ်၊ သူတို့တွေက သူတို့ရဲ့ အတ္တအတွက် သက်ရှိအားလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ကြတယ်၊ ငါ တော်တော် စိတ်ပျက်မိတယ်”

ဟန်ကျွယ်က မေးလိုက်ပါတယ် “ငါ ဗလာနယ်မြေက ကိစ္စတွေကို ဝင်ပါဖူးလို့လား၊ ငါက အမြဲတမ်း တံခါးပိတ်ကျင့်ကြံနေတာ၊ ဘယ်တုန်းကများ သက်ရှိအားလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ငါ ကန့်သတ်ဖူးလို့လဲ၊ ငါ မရှိဘဲနဲ့ ဒီခေတ်မှာ တာအိုဖန်တီးရှင်တွေ ဒီလောက်များများ မွေးဖွားလာနိုင်မှာလား၊ မင်းရဲ့ စိတ်ဆန္ဒကရော သက်ရှိတွေပေါ် ဆင်းသက်ဖို့ အခွင့်အရေး ရမှာလား”

“ငါ ထင်တာ မမှားဘူးဆိုရင် ငါ ဖန်တီးရှင်သခင် ဖြစ်လာလို့ မင်းရဲ့ စိတ်ဆန္ဒက အသွင်ယူလာနိုင်တာ၊ နဝမပဋိပက္ခ မွေးဖွားလာလို့ မင်းရဲ့ စိတ်ဆန္ဒ မွေးဖွားလာတာမလား”

ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ အေးစက်စွာ ပြောလိုက်ပါတယ် “ဟုတ်တယ်၊ ဒါပေမဲ့ ငါလည်း အန္တိမမူလကမ္ဘာက ဗလာနယ်မြေကို အစားထိုးချင်တယ်ဆိုတာ ခံစားမိတယ်”

စကားဆုံးတယ်ဆိုရင်ပဲ ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ လက်မြှောက်ပြီး ရိုက်ချလိုက်ပါတယ်။ အဆုံးမဲ့လျှပ်စီးတွေဟာ အခြေခံနိယာမနဲ့ ဟန်ကျွယ်ကို ရိုက်ခတ်ပါတယ်။

ဇီဝိန်ခြွေ မဟာမူလအရှင်နောက်က နတ်ဆိုးရုပ်တုသုံးခုဟာလည်း တစ်ရုပ်ပြီး တစ်ရုပ် ဟန်ကျွယ်ကို တိုက်ခိုက်ပါတယ်။ လောကဦး နတ်ဘီလူး သုံးပါးရဲ့ အရိပ်သုံးရိပ်ဟာ ရုတ်တရက်ပေါ်လာပြီး လက်ဝါးတွေကို ပြိုင်တူ မြှောက်လိုက်ပါတယ်။ လောကဦးချီဟာ သမုဒ္ဒရာလို အင်အားနဲ့ ဟန်ကျွယ်ကို နှစ်မြှုပ်ဖို့ ကြိုးစားပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် မျက်လုံးကျဉ်းလိုက်တဲ့အခါ လောကဦး နတ်ဘီလူးသုံးပါးဟာ ချက်ချင်း လွင့်ပါး ပျောက်ကွယ်သွားပါတယ်။ လျှပ်စီး၊ လောကဦး ခရမ်းရောင်ချီ၊ အခြေခံနိယာမ... ဒီကမ္ဘာမှာ သောင်းကျန်းနေတဲ့ အရာမှန်သမျှ အကုန်အစင် ပပျောက်သွားပါတယ်။

ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ ဒါကို ကြည့်ပြီး မျက်လုံးပြူးသွားပါတယ်။ ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ သူ့ရှေ့က အဖြစ်အပျက်ကို လုံးဝ မယုံနိုင်ပါဘူး။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ့ပင်မခန္ဓာကိုယ်က ထပ်ပြီးတော့ စွမ်းအားကြီးသွားပုံပဲ၊ ဝမ်းတော့ ဝမ်းနည်းပါတယ်ကွာ... ငါ ဗလာနယ်မြေကို စိုက်ကြည့်နေတာ ကြာပြီ၊ မင်းကိုလည်း ကြီးထွားလာဖို့ နှစ်ပေါင်း ဘီလီယံ ၅၀ ပေးထားခဲ့တာ၊ မင်း လောကဦးနတ်ဘီလူး သုံးပါးကို စုပ်ယူပြီးနောက်ပိုင်းမှာ နဝမပဋိပက္ခ တောင် မင်းကို မယှဉ်နိုင်တော့ဘူး၊ ဒါပေမဲ့ ကံမကောင်းချင်တော့ ဖန်တီးရှင်သခင်အဆင့်ကို မင်း နားမလည်သေးဘူး”

“ဖန်တီးရှင်သခင်အဆင့်က ဗလာနယ်မြေနဲ့ တန်းတူပဲ၊ ဗလာနယ်မြေက မင်းရဲ့ ခန္ဓာကိုယ်လို့ ပြောလို့ရတယ်၊ မင်းက မင်းခန္ဓာကိုယ်ရဲ့စွမ်းအားကို အသုံးပြုလို့မရလို့ သိစိတ်နဲ့ လူဝင်စားရတယ်၊ မင်းက သက်ရှိတွေရဲ့ အရည်အချင်းကို မှီခိုပြီးတော့ပဲ စွမ်းအားကြီးလာနိုင်တာ၊ ငါ့ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ”

“မင်းမှာ ထပ်ပြီးတော့ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး၊ မင်း ပြန်လာချင်သေးရင်လည်း ငါ မင်းကို စောင့်နေမယ်၊ မင်း တာအိုဖန်တီးရှင် ဖြစ်လာရင် ငါ့ကို ထပ်ပြီးတော့ စိန်ခေါ်လို့ရတယ်”

မျက်လုံးပြူးနေတဲ့ ဇီဝိန်ခြွေ မဟာမူလအရှင်ဟာ စကားပြောဖို့ ပြင်လိုက်ပေမဲ့ ကြောက်မက်ဖွယ် အင်အားတစ်ခုရဲ့ ချေမွဖျက်ဆီးမှုကြောင့် ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ပျက်စီးပြီး ပြာအတိကျသွားပါတယ်။

တာအိုဖန်တီးရှင်ရဲ့ ထာဝရအသက်က ဖန်တီးရှင်သခင်ရှေ့မှာ ကလေးကွက်ပဲ ရှိပါတယ်။

ဟန်ကျွယ်ဟာ သူ့လက်ကိုကြည့်ပြီး တအံ့တဩ ဖြစ်သွားပါတယ် “ငါ့ပင်မခန္ဓာကိုယ်က ဘာကို သုံးသပ်နားလည်လိုက်တာလဲ၊ ဒါက စွမ်းအားကြီးလွန်းတယ်”

ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်တဲ့အခါ သူ့ရှေ့မှာ လူသုံးယောက် ပေါ်လာပါတယ်။ ဟန်ဟွမ်၊ မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်ပါ။

လောကဦးနတ်ဘီလူးသုံးပါးဟာ ဟန်ကျွယ်ကို တအံ့တဩ ကြည့်လိုက်ကြပါတယ်။ သူတို့တွေဟာ ဇီဝိန်ခြွေ မဟာမူလအရှင်နဲ့ ခန္ဓာကိုယ် မျှသုံးတာမလို့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခံစားခဲ့ရပါတယ်။

‘အဲဒီဇီဝိန်ခြွေ မဟာမူလအရှင်က ဗလာနယ်မြေရဲ့ စိတ်ဆန္ဒကနေ ဖြစ်တည်လာတာလား... ဖန်တီးရှင်က ဗလာနယ်မြေကို ခြိမ်းခြောက်နိုင်တဲ့အထိ စွမ်းအားကြီးနေပြီ’

ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ် “သွားကြတော့... တခြားလူတွေကို စိတ်အေးအေးထားဖို့ ပြောလိုက်၊ မင်းတို့ မြင်ခဲ့ကြားခဲ့တာတွေကိုတော့ ဘယ်သူကိုမှ ပြန်မပြောနဲ့၊ ငါပြောတာ နားလည်လား”

ဟန်ကျွယ်ဟာ ဟန်ဟွမ်တို့ဆီက စကားပြန်ကို မစောင့်ဘဲ ကျောက်ရုပ်တုထဲ ဝင်သွားပါတယ်။

လောကဦးနတ်ဘီလူး သုံးပါးဟာ သတိပြန်ဝင်လာကြပါတယ်။

ဟွမ်ဇွမ်တျန်ဟာ သက်ပြင်းချလိုက်ပါတယ် “ဒါက ဖန်တီးရှင်လား၊ ဒါဆို ဖန်တီးရှင်ဆိုတာက ဘွဲ့တစ်ခုမဟုတ်ဘဲ အဆင့်တစ်ခုရဲ့ နာမည်ပေါ့”

မူလလောကဦး “မဟုတ်ဘူး၊ ဖန်တီးရှင်ကိုယ်တိုင်က ဘွဲ့နာမည်ပဲ၊ ဖန်တီးရှင်က သူ့အပေါ် မူတည်ပြီး မြင့်မားတဲ့အဆင့်ကို အဓိပ္ပာယ်ဖွင့်ဆိုထားတာ”

ဟန်ဟွမ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ မျက်လုံးထဲမှာလည်း လေးစားကြည်ညိုမှု အပြည့်ပါပဲ။

.....

နိယာမနယ်မြေ။

ဟန်ကျွယ်ဟာ ရပ်ပြီး တရားစထိုင်ပါတယ်။

ဟန်လျန်လည်း ရပ်လိုက်တဲ့အခါ အလင်းရောင် အမြောက်အမြားက ဘက်ပေါင်းစုံကနေ ထိုးထွက်လာပြီး သူ့ဘိုးဘိုးရဲ့ ခန္ဓာကိုယ်ထဲ ဝင်နေတာကို တွေ့လိုက်ရပါတယ်။ ဟန်လျန်ဟာ တအံ့တဩ ဖြစ်သွားပါတယ်။

‘ဒီအလင်းရောင်တွေက စုပ်ယူလို့ရတာလား’

ဟန်လျန်ဟာ ဒီအလင်းရောင်တွေကို အရင်တုန်းက ထိတွေ့ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူ့ဝိညာဉ်က လွင့်ပြယ်လုနီး ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ဟန်လျန်ဟာ ဒီအလင်းရောင်တွေကို သေချာပဲ အာရုံခံနိုင်ပါတယ်။

ဟန်ကျွယ်ဟာ ဟန်လျန်ကို လျစ်လျူရှုပြီး ထူးခြား အခြေခံနိယာမတွေကိုပဲ ဂရုတစိုက် သုံးသပ်နားလည်ပါတယ်။

အချိန်ဟာ ပုံမှန်အတိုင်း ကုန်ဆုံးသွားပါတယ်။

ဟန်လျန်လည်း တရားစထိုင်ပါတယ်။ တဖြည်းဖြည်းနဲ့ သူ့ကျင့်ကြံမှုလည်း တိုးလာပါတယ်။

ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ထဲကို အလင်းရောင်တွေ ပိုပိုဝင်လာတဲ့အခါ ဒီနယ်မြေရဲ့ အလင်းရောင်တွေ သွားနှုန်းက စနှေးလာပါတယ်။ တဖြည်းဖြည်းနဲ့ ဟန်ကျွယ်ရဲ့ သိစိတ်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ဒီရုပ်သွင်က စနစ်ရဲ့ မူလဘူတ ဖန်တီးမှု စိတ်ဆန္ဒပါ။

ဒီနေရာမှာ အာကာသက အကြွင်းမဲ့ဖျော့တော့နေပါတယ်။ ဖန်တီးမှုစိတ်ဆန္ဒဟာ ဟန်ကျွယ်နဲ့ ဆင်တူတဲ့ လူသားအသွင် ပြောင်းလဲလိုက်ပါတယ်။ သူ့ရဲ့ မူလအသွင်ကိုတော့ မမြင်နိုင်ပါဘူး။

“ဟင်း... မင်းက အရာအားလုံးရဲ့ ရှေ့ကနေ လျှောက်လိမ့်မယ်လို့ ထင်မထားဘူး၊ စနစ်ရဲ့ တွက်ချက်မှုတောင် မင်းကို လိုက်မမီဘူး”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါတို့တွေ လမ်းဆုံးကို ရောက်တော့မယ် ထင်တယ်၊ ဒါမှမဟုတ် လမ်းဆုံးမရှိတာလည်း ဖြစ်နိုင်တယ်၊ ငါ မင်းကို အဓိပ္ပာယ်ရှိတဲ့ တည်ရှိမှုဖြစ်အောင် လုပ်ပေးနိုင်တယ်၊ မင်း အသွင်ယူချင်လား၊ မင်းရဲ့ ကျေးဇူးကြောင့် ငါ ဒီနေ့ ဒီနေရာကို ရောက်လာနိုင်ခဲ့တာ”

ဖန်တီးမှု စိတ်ဆန္ဒ “မလိုပါဘူး၊ ငါက ဖန်တီးမှုပဲ၊ မင်းက သက်ရှိအားလုံးနဲ့ ဖန်တီးမှုတွေကို ကောင်းကောင်းမွန်းမွန် ဆက်ဆံတာ မြင်ရတော့ ငါ့တာဝန် အောင်မြင်ပါပြီ၊ မင်း မြင့်မားတဲ့အဆင့်ကို ရောက်ရင် ငါ့ကို လွင့်ပါးပျောက်ကွယ်စေပါ၊ ငါ ဘယ်တုန်းကမှ ပေါ်မလာခဲ့သလိုမျိုး သဘောထား၊ ငါမွေးဖွားလာတာက သက်ရှိအားလုံးရဲ့ တည်ရှိမှု အဓိပ္ပာယ်ကြောင့်ပဲ၊ ငါက သက်ရှိအားလုံး တည်ရှိမှုအားလုံးအတွက် မွေးဖွားလာတာ၊ ဗလာနယ်မြေက ငါ့ကို လက်မခံနိုင်လို့ နှင်ထုတ်ခဲ့တယ်၊ အခု ဗလာနယ်မြေက မင်းကို မချုပ်ခြယ်နိုင်တော့ဘူး၊ ငါ့တာဝန်လည်း ပြီးပြီ”

“ငါ ဗလာနယ်မြေကို ဘယ်လိုဆက်ဆံရမလဲ”

“ဘာလို့ ငါ့ကို မေးနေသေးတာလဲ”

“ငါနားလည်ပြီ”

ဟန်ကျွယ်ဟာ ပြုံးပြီး ရှေ့ကို လျှောက်ကာ ညာလက် ဆန့်ထုတ်လိုက်ပါတယ်။ ဖန်တီးရှင်စိတ်ဆန္ဒကလည်း လက်မြှောက်လိုက်ပါတယ်။ ဟန်ကျွယ်နဲ့ ဖန်တီးမှု စိတ်ဆန္ဒဟာ တစ်ယောက်လက် တစ်ယောက် ကိုင်လိုက်ကြပါတယ်။

ချက်ချင်းဆိုသလို ဖန်တီးမှု စိတ်ဆန္ဒဟာ လွင့်ပါး ပျောက်ကွယ်သွားပါတယ်။

ဟန်ကျွယ်ဟာ ဖန်တီးမှု စိတ်ဆန္ဒက ၂၁ ရာစု အမူအရာနဲ့ နှုတ်ဆက်လိုက်ပါတယ်။ ဖန်တီးမှု စိတ်ဆန္ဒဟာ ကနဦးကို ပြန်ရောက်သွားပါပြီ။

“အခုအချိန်ကစပြီး ဖန်တီးမှုရဲ့ အဓိပ္ပာယ်ကို ငါ ထမ်းဆောင်မယ်” ဟန်ကျွယ်ဟာ တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ မျက်နှာပေါ်က အပြုံးဟာ ပျောက်ကွယ်သွားပြီး တည်ငြိမ်သွားပါတယ်။ ဒီအချိန်မှာ ဟန်ကျွယ်ဟာ အသက်ရှင်မှုရဲ့ နောက်ထပ် အဓိပ္ပာယ်တစ်ခုကို ရှာတွေ့သွားပါတယ်။ သူ့နှလုံးသားကလည်း လူသား နှလုံးသားကနေ ဖန်တီးရှင်ရဲ့ နှလုံးသားအဖြစ် အသွင်ပြောင်းလဲသွားပါတယ်။ တိတိကျကျ ပြောရရင် အထွတ်အထိပ် နှလုံးသားပါ။

ဟန်လျန်ဟာ မျက်လုံးဖွင့်ပြီး သူ့ဘိုးဘိုးကို အံ့ဩတကြီး ကြည့်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဘိုးဘိုးရဲ့ ခန္ဓာကိုယ်ကနေ ရွှေရောင်တွေ ဖြာထွက်လာပြီး အလွန်တရာ မွန်မြတ်သန့်စင်လွန်းတာကြောင့် အလိုလို ဦးချချင်စိတ် ပေါက်လာလို့ပါပဲ။

‘ဘိုးဘိုးက အဆင့်ထိုးဖောက်သွားတာလား’ ဟန်လျန်ဟာ မယုံနိုင်အောင် ဖြစ်သွားပါတယ်။

.....

တောင်တစ်တောင်ပေါ်မှာ...

လူငယ်တစ်ယောက်ဟာ ချောက်ကမ်းပါးစွန်းမှာ ကျင့်ကြံနေပါတယ်။ လူငယ်လေးဟာ ဓားတစ်ချောင်းကိုင်ပြီး ဓားချီကို ဆက်တိုက် ခုတ်ထုတ်နေပါတယ်။

ရှင်းဟုန်ရွှမ်ဟာ မလှမ်းမကမ်းမှာရပ်ပြီး တိတ်တဆိတ် ကြည့်နေပါတယ်။ ရှင်းဟုန်ရွှမ်ဟာ အတွေးရေယာဉ်ကြောထဲ မျောနေပါတယ်။

အတန်ကြာသွားတဲ့အခါမှာတော့ လူငယ်လေးဟာ ချွေးတရွှဲရွှဲနဲ့ ရှင်းဟုန်ရွှမ်ဆီ ပြေးလာပါတယ် “ဘွားဘွားကြီး... သားရဲ့ ဓားသိုင်းက ဘယ်လိုလဲ၊ သား အောင်လား၊ သား အခု ဆန်းကြယ်စွမ်းအားအသစ်ကို သင်လို့ရပြီလား”

ရှင်းဟုန်ရွှမ်ဟာ ပြုံးလိုက်ပါတယ် “သားအောင်ဖို့ အဝေးကြီး လိုသေးတယ်”

လူငယ်ဟာ မြေပြင်ပေါ် လဲကျသွားပါတယ်။

ရှင်းဟုန်ရွှမ်ဟာ လူငယ်လေးကို အပြုံးနဲ့ ကြည့်လိုက်ပါတယ် “သားက သားရဲ့ ကနဦးဘိုးဘေးနဲ့ တကယ် တူတယ်”

လူငယ်လေးဟာ သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “သားရဲ့ ကနဦးဘိုးဘေးက ဘယ်သူလဲ၊ ဘွားဘွားကြီး သူ့အကြောင်းကို တစ်ခါမှ မပြောဖူးဘူး”

“သား သူ့နာမည်ကို ပြောလို့မရဘူး၊ အဲဒါက ပြောလို့မရတဲ့နာမည်၊ သားရဲ့ဘိုးဘိုး ဘယ်သူလဲဆိုတာကို ပြောပြမယ်လေ”

“သားဘိုးဘိုးက ဘယ်သူလဲ”

“သူ့နာမည်က ချူရှောင်ချီလို့ ခေါ်တယ်”

“ချူရှောင်ချီ... အဲဒါ သားနာမည် မဟုတ်ဘူးလား”

“ဟုတ်တယ်၊ သူ့နာမည်က ချူရှောင်ချီ မဟုတ်တော့ဘူး၊ သူ့မှာ ဘွဲ့ရှိနေပြီ၊ အဲဒါကြောင့် ဘွားဘွားကြီးက သားကို ဒီနာမည်ပေးတာ”

“ဟုတ်လား...”

အဲဒီနောက် လူငယ်ဟာ စပ်စုချင်လာပြီး သူ့ဘိုးဘိုးအကြောင်းကို ဆက်တိုက် မေးမြန်းပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ချူရှောင်ချီရဲ့ သေမျိုးဘဝကနေ စပြီး ပြောပြပါတယ်။

“ဟားဟား... ဘာတွေ ပြောနေကြတာလဲ၊ ငါလည်း နားထောင်လို့ရမလား”

ရှင်းဟုန်ရွှမ်ဟာ လှည့်မကြည့်ပါဘူး။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့အသံကို မှတ်မိပေမဲ့ ဂရုမစိုက်ပါဘူး။

ချူရှောင်ချီကတော့ လန့်သွားပြီး ဓားကိုင်ကာ ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ဆီ လျှောက်သွားပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “ဘာလို့ ငါ့ကို လျစ်လျူရှုနေတာလဲ”

“ဘာကိစ္စလဲ”

“ငါ့ကို ကိုယ်ပွားလို့ ထင်နေတာလား၊ ငါ့ကိုယ်ပွားက တာအိုစက်ကွင်းကနေ ခွာဖူးလို့လား”

ရှင်းဟုန်ရွှမ်ရဲ့ ခန္ဓာကိုယ်ဟာ တုန်တက်သွားပြီး ချက်ချင်းလှည့်ကြည့်လိုက်တဲ့အခါ လက်ထဲမှာ ကလေးလေး ပွေ့ချီထားတဲ့ ဟန်ကျွယ်ကို တွေ့လိုက်ရပါတယ်။ ရှင်းဟုန်ရွှမ်ဟာ မငိုပါဘူး။ ဟန်ကျွယ်ကိုပဲ အငမ်းမရ ကြည့်ပါတယ်။

“ယောက်ျားလား”

“ဟုတ်တယ်၊ ငါ့ကိုယ်ပွားက ငါ့ဟန်မဆောင်ရဲပါဘူး”

ရှင်းဟုန်ရွှမ်ဟာ ကျေနပ်အံ့အားသင့်သွားပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရှေ့ကို ချက်ချင်း လျှောက်သွားပြီး မေးလိုက်ပါတယ် “ယောက်ျား တံခါးပိတ်ကျင့်ကြံတာ ဘာလို့ ဒီလောက်တောင် ကြာရတာလဲ၊ ယောက်ျားရဲ့ တာအိုဘုံကျောင်းက မိန်းမကို ဝင်ခွင့်မပြုဘူး၊ ဘယ်လောက်တောင် ကြာသွားပြီလဲသိလား၊ ဘီလီယံ တစ်ရာ ရှိပြီ... ဒါနဲ့ ဒီကလေးက ဘယ်သူကလေးလဲ၊ သူ့ရောင်ဝါက ယောက်ျားရောင်ဝါနဲ့ရော ဟွမ်အာရဲ့ရောင်ဝါနဲ့ရော မတူဘူး၊ တခြားလူတွေရဲ့ ရောင်ဝါနဲ့လည်း မတူဘူး... ဒီကလေးလေးက ယောက်ျားရဲ့ သွေးမျိုးဆက် မဟုတ်ဘူးမလား”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ တံခါးပိတ်ကျင့်ကြံပြီး အဆင့်ထိုးဖောက်နေတာ၊ ဒီကလေးလေးက နောက်ခံကောင်းတယ်”

“ဘယ်သူမလို့လဲ”

“ဒီကလေးလေးက ဗလာနယ်မြေ အသွင်ယူထားတာ”

“ယောက်ျား စကားက ဘာကိုဆိုလိုတာလဲ”

“ဟားဟား... မင်း သိထားရမှာက ဒီကလေးလေးက နောက်ကျရင် ဖန်တီးရှင် ဖြစ်လာလိမ့်မယ်”

‘ဖန်တီးရှင်လား...’ ရှင်းဟုန်ရွှမ်ဟာ နှလုံးလှုပ်သွားပြီး ဟန်ကျွယ်ရဲ့ လက်ကို ဆုပ်ကိုင်ကာ မေးလိုက်ပါတယ် “အဲဒါဆို ယောက်ျားကရော...”

“ငါက ဖန်တီးရှင် မဟုတ်တော့ဘူး”

ရှင်းဟုန်ရွှမ်ဟာ ပိုပြီးတော့ ရင်ထိတ်သွားပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်နား ခေါင်းတိုးပြီး နှစ်ကိုယ်ကြား တိုးတိုးလေး ပြောလိုက်ပါတယ် “ငါက ဖန်တီးရှင်သခင်အဆင့်ကို ကျော်လွန်ပြီး အထွတ်အထိပ်ကို ရောက်သွားပြီ၊ ဒီဗလာနယ်မြေတောင် ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်၊ နောက်ကျရင် အန္တိမမူလကမ္ဘာက ဆက်ကျယ်ပြန့်ပြီး ဗလာနယ်မြေကို အစားထိုးလိမ့်မယ်၊ ဒါပေမဲ့ ဗလာနယ်မြေက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး၊ ငါ သူ့ကို အသွင်ယူခိုင်းပြီးပြီ၊ သူက အန္တိမမူလခေတ်ရဲ့ ဖန်တီးရှင် ဖြစ်လာလိမ့်မယ်၊ ပြီးရင် ငါ သက်ရှိအားလုံးရှေ့ကနေ ပျောက်သွားပြီး မင်းနဲ့ အတူနေမယ်”

ရှင်းဟုန်ရွှမ်ဟာ ကျေနပ်အံ့အားသင့်သွားပေမဲ့ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး မေးလိုက်ပါတယ် “အဲဒါဆို ယောက်ျား နောက်ကျ ကျင့်ကြံဦးမှာလား”

“ကျင့်ကြံရမှာပေါ့၊ ဒါပေမဲ့ တစ်ချိန်လုံး ကျင့်ကြံနေဖို့ မလိုတော့ဘူး” ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ သူ့လေသံကလည်း ယုံကြည်မှု အပြည့်ပါပဲ။

ဟန်ကျွယ်ဟာ လုံးဝ ပြိုင်ဘက်ကင်းပြီး သူ အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ အန္တိမမူလ အထွတ်အထိပ် အဆင့်ကို ရောက်ရှိသွားပါပြီ။ ဟန်ကျွယ်ဟာ အခြေခံနိယာမ အားလုံးနဲ့ ပေါင်းစပ်ပြီး ဗလာနယ်မြေရဲ့ စိတ်ဆန္ဒကို နတ်မင်းအဖြစ် ပြောင်းလိုက်ပါပြီ။ ဟန်ကျွယ်ဟာ ဗလာနယ်မြေမှာ မွေးဖွားလာတာမလို့ ဗလာနယ်မြေကို လုံးဝ ပျောက်ကွယ်သွားအောင် ရှင်းမပစ်ချင်ပါဘူး။

ဟန်ကျွယ်ဟာ အရင်တုန်းက ဗလာနယ်မြေ သူ့ကို သည်းမခံမှာ စိုးရိမ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုတော့ သူက ဗလာနယ်မြေကို ကျော်လွန်သွားပါပြီ။ ဟန်ကျွယ်ဟာ တခြား တာအိုဖန်တီးရှင်တွေရဲ့ တည်ရှိမှုကို သည်းခံနိုင်သလိုမျိုး ဗလာနယ်မြေရဲ့ တည်ရှိမှုကိုလည်း သည်းခံနိုင်ပါတယ်။

ဟန်ကျွယ်ဟာ ချူရှောင်ချီရှေ့ လျှောက်သွားပြီး ကလေးလေးကို လှမ်းပေးကာ အပြုံးနဲ့ မေးလိုက်ပါတယ် “မင်း ငါ့ကိုယ်စား ဒီကလေးလေးကို ကြည့်ရှုပေးလို့ရမလား”

‘ကနဦးဘိုးဘေးလား...’ ချူရှောင်ချီဟာ မှင်တက်ပြီး စိတ်လေးသွားပါတယ်။ ချူ‌ရှောင်ချီရဲ့ ခေါင်းထဲမှာ အတွေးတစ်ခုပဲ ရှိပါတယ် ‘ကနဦးဘိုးဘေးက ချောလှချည်လား’

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ လက်ကို ကိုင်ပြီး ပျောက်ကွယ်သွားပါတယ်။

ရှင်းဟုန်ရွှမ်ရဲ့ မြင်ကွင်းဟာ မှုန်ဝါးသွားပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ဟာ သာလွန်နတ်ခန်းမဆီ ရောက်သွားပါတယ်။

“မိန်းမတို့ ဒီကို ဘာလာလုပ်တာလဲ” ရှင်းဟုန်ရွှမ်က စပ်စုလိုက်ပါတယ်။

မကြာခင်မှာပဲ ရှင်းဟုန်ရွှမ်ဟာ တစ်နေရာကို ကြည့်မိလိုက်ပါတယ်။ ရှင်ဟုန်ရွှမ်ဟာ အဝေးမှာရှိတဲ့ ဗလာနယ်မြေက မှောင်မိုက်ပြီး နီရဲကာ အဆုံးမဲ့မရှိတာကို တွေ့လိုက်ရပါတယ်။ သာလွန်နတ်ခန်းမကို ဗဟိုထားပြီး တစ်ဘက်က နီရဲကာ တစ်ခြားတစ်ဖက်ကတော့ ဖျော့တော့နေပါတယ်။ ဗလာနယ်မြေကို နှစ်ခြမ်း ခြမ်းထားသလိုပါပဲ။

ဟန်ကျွယ် “မင်း ခံစားမိလား”

ရှင်းဟုန်ရွှမ်ဟာ ရင်တထိတ်ထိတ်နဲ့ မေးလိုက်ပါတယ် “ဒါက အနာဂတ်လား”

“ဟုတ်တယ်၊ ဒါက နှစ်တွေ အများကြီး ကြာပြီးမှ ဖြစ်မှာ၊ ဘယ်လောက်တောင် ကြာလဲဆိုရင် မဟာတာအိုပညာရှိချုပ်တောင် နေဝင်ချိန်ရောက်တဲ့အထိပဲ၊ အန္တိမမူလကမ္ဘာက ဗလာနယ်မြေရဲ့ တစ်ဝက်ကို နေရာယူပြီးပြီ၊ လက်ရှိ ဒီခေတ်မှာ တာအိုဖန်တီးရှင် ၄၉ ပါး ရှိတယ်”

ဟန်ကျွယ်ဟာ ဘာမှမဟုတ်တဲ့ကိစ္စကို ပြောနေသလိုမျိုး သာမန်ကာလျှံကာ ပြောလိုက်ပါတယ်။

ရှင်းဟုန်ရွှမ်က တအံ့တဩ မေးလိုက်ပါတယ် “ယောက်ျားက မိန်းမကို ဘာလို့ ဒီခေါ်လာတာလဲ”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဘာဖြစ်ရမှာလဲ၊ မင်းရှေ့မှာ အစွမ်းပြချင်လို့”

‘အစွမ်းပြချင်လို့’ ရှင်းဟုန်ရွှမ်ဟာ ပိုပြီးတော့ ဇဝေဇဝါ ဖြစ်သွားပါတယ်။

ဒီအချိန်မှာပဲ ကြောက်မက်ဖွယ် ‌ရောင်ဝါတွေ ထွက်ပေါ်လာပြီး တာအိုဖန်တီးရှင်တွေ ပေါ်လာပါတယ်။

နဝမပဋိပက္ခ၊ သဏ္ဍာန်မဲ့နတ်မင်း၊ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်၊ ယင်ယန်ချွမ်တုနတ်မင်း၊ ပဋိပက္ခသိစိတ်၊ ဟန်ဟွမ်၊ တာအိုဘိုးဘေး၊ လီယောင်၊ ဟန်လင်၊ ပန်ကူး၊ လောကဦး ဘိုးဘေးနတ်ဘုရား၊ မင်လင်းမယ်တော်၊ တုကူးဝူ၊ အသက်ဓာတ်နတ်ဘီလူး၊ တာအိုအရှင်သခင်၊ ဟန်ယဲ့၊ ချူရှောင်ချီ၊ ဂျိရှင်းရှန်၊ ကောင်းကင်အရှင်ရွှင်၊ ဖန်းလျန်၊ ဝူရှင်းရှစ်ကျဲ့၊ ဧကရာဇ်ချန်နီ စတဲ့ တာအိုဖန်တီးရှင် ၄၉ ပါးပါ။

ရှင်းဟုန်ရွှမ်ဟာ သူတို့ကို ကြည့်ပြီး ဟန်ကျွယ် စကားရဲ့ အဓိပ္ပာယ်ကို ရုတ်တရက် နားလည်သွားပါတယ်။

“ဖန်တီးရှင်... ဖန်တီးရှင်က တကယ်ပဲ ဗလာနယ်မြေတစ်ခုလုံးကို ဝါးမျိုချင်တာလား” တာအိုဘိုးဘေးက ခပ်တိုးတိုး မေးလိုက်ပါတယ်။

နဝမပဋိပက္ခ၊ ယင်ယန်ချွမ်တုနတ်မင်း၊ မုရုံချီ၊ ဟန်လင်နဲ့ တခြား တာအိုဖန်တီးရှင်တွေဟာ တိတ်တဆိတ် နောက်ဆုတ်လိုက်ကြပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်းတို့တွေ အားလုံး... အတူတူ တိုက်ခိုက်ကြ... မင်းတို့တွေ ငါ့ကို အနိုင်ယူနိုင်ရင် အဆုံးမဲ့ခေတ်ကို ချမ်းသာပေးမယ်၊ အခုအချိန်ကစပြီး အန္တိမမူလကမ္ဘာက ဆက်ပြီး မကျယ်ပြန့်တော့ဘူး”

ဒီစကားကို ကြားရတဲ့အခါ တာအိုဖန်တီးရှင်တွေဟာ မှင်တက်သွားပြီး ဘယ်သူမှ ရှေ့မတက်ရဲကြပါဘူး။

ဟန်ကျွယ် အင်္ကျီလက်စကို ရုတ်တရက် ဝှေ့ယမ်းလိုက်တဲ့အခါ တာအိုဖန်တီးရှင် ၄၉ ပါးစလုံး ပြာအတိကျသွားပါတယ်။ ရောင်ဝါ တစ်စွန်းတစ်တောင် ကျန်မနေခဲ့ပါဘူး။

ရှင်းဟုန်ရွှမ်ဟာ သူ့ရှေ့က မြင်ကွင်းကြည့်ပြီး မယုံနိုင်တာကြောင့် မျက်လုံးပြူးသွားပါတယ်။

“ယောက်ျား... ဒါ ပုံရိပ်ယောင်လား”

“မဟုတ်ပါဘူး၊ အစစ်အမှန်ပါ”

ဟန်ကျွယ် လက်ထပ်မံဝှေ့ယမ်းလိုက်တဲ့အခါ တာအိုဖန်တီးရှင်တွေ ပြန်ရှင်လာပါတယ်။ တာအိုဖန်တီးရှင်တွေဟာ ဟန်ကျွယ်ကို ကြောက်လန့်တကြား ကြည့်ပြီး နောက်ဆုတ်သွားကြပါတယ်။ ခုနက သေခြင်းတရားရဲ့ ခံစားချက်ဟာ သူတို့ကို တော်တော်လေး ချောက်ချားသွားစေပါတယ်။

ဟန်ကျွယ်ဟာ သူတို့ကို ဂရုမစိုက်ဘဲ ရှင်းဟုန်ရွှမ်နဲ့အတူ ဗလာနယ်မြေထဲက ခုန်ထွက်လိုက်ပါတယ်။

အကြွင်းမဲ့ အမှောင်ထုမှာ အဖြူရောင် ပင်လယ်တစ်စင်းပဲ ရှိပါတယ်။

ရှင်းဟုန်ရွှမ်ဟာ လန့်သွားပြီး မေးလိုက်ပါတယ် “ဒါက ဗလာနယ်မြေလား”

“ဗလာနယ်မြေရဲ့ အပြင်ဘက်မှာ ဘာတည်ရှိမှုမှ မရှိဘူး၊ ဗလာနယ်မြေက နဂိုကတည်းက အဆုံးမရှိဘူး၊ ဒီအမှောင်ထုကို ငါ ဖန်တီးထားတာ၊ အခုပုံစံကလည်း မင်း နားလည်နိုင်တဲ့ပုံစံမျိုး ပေါ်နေတာ၊ ငါ ဗလာနယ်မြေကို အချိန်မရွေး ဖျက်ဆီးနိုင်သလို ပြန်ဖန်တီးလို့လည်း ရတယ်” ဟန်ကျွယ်က အသာအယာ ရှင်းပြလိုက်ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို တလေးတစား ကြည့်လိုက်ပါတယ် “ယောက်ျား... ယောက်ျားက တကယ်ကို စွမ်းအားကြီးတာပဲ”

“ငါက ဘယ်လောက်ပဲ စွမ်းအားကြီးကြီး မင်းကိုပဲ ပြမှာ... အခု ငါတို့တွေ ပြန်သွားဖို့ အချိန်တန်ပြီ”

ဟန်ကျွယ်ဟာ ပြုံးပြီး ရှင်းဟုန်ရွှမ်ကို ချောက်ကမ်းပါးစွန်းဆီ ပြန်ခေါ်သွားပါတယ်။

ချူရှောင်ချီဟာ အနာဂတ်ဖန်တီးရှင်လောင်းကို စနေပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ချောက်ကမ်းပါစွန်းပေါ် ဆင်းသက်ပြီးနောက် သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ယောက်ျားမြင်တဲ့ အနာဂတ်က အမှန်ပဲလား၊ အနာဂတ်က...”

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်တယ်၊ တစ်နေ့ကျရင် သက်ရှိအားလုံးက အန္တိမမူလကမ္ဘာကို ဆန့်ကျင်ပြီး ငါ့ကို တိုက်ခိုက်လိမ့်မယ်၊ အဲဒါကို ငါ မျှော်လင့်ထားပြီးသားပဲ”

“ယောက်ျားက ဒါကို ဘယ်လိုတားဆီးမှာလဲ”

ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် “ဟီးဟီး... သူတို့ကို တားရမယ်၊ ဘာဖြစ်လို့ တားမှာလဲ၊ လာပါစေ၊ အတိတ် ပစ္စုပ္ပန် အနာဂတ်ဆိုတဲ့ ကာလသုံးပါးက ငါ့ရဲ့မျက်လုံးထဲမှာ တစ်ခုတည်းပဲ၊ ငါက အနာဂတ်ကို ဂရုမစိုက်သလို ပစ္စုပ္ပန်ကိုလည်း မျက်စိထဲ မထည့်ဘူး”

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ စကားထဲ မျောသွားပါတယ် ‘ဒါ ဘယ်လိုအဆင့်မျိုးလဲ’

ဟန်ကျွယ်ဟာ ချူ‌ရှောင်ချီနား ကပ်လိုက်ပါတယ်။ ချူရှောင်ချီဟာ ချက်ချင်း ရင်ထိတ်သွားပြီး ဟန်ကျွယ်ကို မကြည့်ရဲပါဘူး။

“ကောင်လေး... မင်းရဲ့ အနာဂတ် ပန်းတိုင်က ဘာလဲ”

ဟန်ကျွယ်ရဲ့ မေးခွန်းထုတ်မှုကြောင့် ချူရှောင်ချီဟာ တုန်တုန်ယင်ယင် ပြန်ဖြေပါတယ် “ကျွန်တော် အင်မော်တယ် ဖြစ်ချင်တယ်၊ ထာဝရ အသက်ရှည်ချင်တယ်... ကနဦးဘိုးဘေးလိုမျိုး ဖြစ်ချင်တယ်”

ဟန်ကျွယ်ဟာ ချူရှောင်ချီရဲ့ ခေါင်းကို ပွတ်သပ်ပြီး ပြုံးလိုက်ပါတယ် “ပထမနှစ်ခုကိုတော့ ဖြည့်ပေးလို့ရတယ်၊ နောက်ဆုံးတစ်ခုကတော့ ခေါင်းထဲတောင် ထည့်မစဉ်းစားနဲ့”

ဟန်ကျွယ်ဟာ ကလေးလေးကို ပြန်ယူပြီး ချူရှောင်ချီကို ချောက်ကမ်းပါးပေါ်ကနေ တွန်းချလိုက်ပါတယ်။

ချူရှောင်ချီဟာ လန့်သွားပြီး သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားကို စုစည်းဖို့ ကြိုးစားပေမဲ့ တစ်စက်ကလေးတောင် လှုပ်ရှားလို့ မရဘူးဆိုတာကို ရှာတွေ့သွားပါတယ်။ ချူရှောင်ချီဟာ ချောက်ကမ်းပါးနဲ့ ပိုပိုဝေးသွားတာကိုပဲ ထိုင်ကြည့်နေရပါတယ်။ ချူရှောင်ချီဟာ မျှော်လင့်ချက်မဲ့သွားပါတယ်။ ချူရှောင်ချီဟာ အခုလိုမျိုး သေရလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပါဘူး။

“ဖန်တီးရှင်ဖြစ်အောင် ကြိုးစား၊ ငါ မင်းကို ငါ တစ်ချိန်က စိုးရိမ်ခဲ့ရတဲ့ ဆံဖြူအမျိုးသား ဖြစ်စေမယ်၊ မင်းကို ငါ့လမ်းအတိုင်း လျှောက်ခွင့်ပေးမယ်၊ ဒီအခွင့်အရေးက မင်း တောင့်ခံနိုင်မလား တောင့်မခံနိုင်ဘူးလား ဆိုတဲ့ အပေါ်ပဲ မူတည်တယ်၊ မင်း တောင့်ခံနိုင်ရင် နောက်ကျ ဒုတိယမြောက် ဖန်တီးရှင် ဖြစ်လာလိမ့်မယ်”

ဟန်ကျွယ်ဟာ ချောက်ကမ်းပါးစွန်းကနေ ငုံ့ကြည့်ပြီး ရေရွတ်လိုက်ပါတယ်။

အနက်ရောင် အလင်း ဖြာထွက်လာပြီး လောကကြီးကို အရောင်မဲ့သွားစေပါတယ်။ ချူရှောင်ချီဟာ ဝဲကတော့နက်ထဲကို ပြုတ်ကျသွားပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ဆီ လျှောက်လာပြီး ဒေါသတကြီး ပြောလိုက်ပါတယ် “ယောက်ျား ဘာလုပ်လိုက်တာလဲ၊ အကြာကြီးနေမှ ပျော်စရာကောင်းတဲ့ ကလေးတစ်ယောက် တွေ့ရတာကို၊ အခုလိုမျိုး အဝေးပို့လိုက်ရလား”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ သူ့ကို သုံးပြီး ကျင့်ကြံမှုအဆင့်တွေရဲ့ စံစနစ်ကို တိုးမြှင့်ဖို့ စီစဉ်ထားတယ်၊ အတိတ်နဲ့ အနာဂတ်က ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တိုင်း သူ့ကို တွက်ချက်မိပြီး သူ့ရဲ့ ခြိမ်းခြောက်မှုကို ခံစားနိုင်လိမ့်မယ်”

ရှင်းဟုန်ရွှမ်ဟာ မျက်တောင်ခတ်ပြီး မေးလိုက်ပါတယ် “ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဘာဖြစ်ရမှာလဲ၊ ပျော်ဖို့ပေါ့... ဟားဟား...”

ဟန်ကျွယ်ဟာ အားပါးတရ ရယ်မောလိုက်ပါတယ်။ သူ့ရယ်သံဟာ ကမ္ဘာတစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။

တစ်ချိန်တည်းမှာပဲ နိယာမနယ်မြေမှာ ကျင့်ကြံအားထုတ်နေတဲ့ ဟန်လျန်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်တဲ့အခါ ပျံသန်းလာတဲ့ ချူရှောင်ချီကို တွေ့လိုက်ရပါတယ်။ ဒါက ဟန်လျန်နဲ့ ချူရှောင်ချီ ပထမဆုံးအကြိမ် တွေ့တာပါ။ ဒီချူရှောင်ချီက ဟန်လျန်သိတဲ့ ချူရှောင်ချီ မဟုတ်ပါဘူး။

ဟန်လျန်နဲ့ ချူရှောင်ချီဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ အကြောင်းအရင်း တချို့ကြောင့် သူတို့ရဲ့စိတ်တွေ တင်းကြပ်သွားပါတယ်။

‘ရန်သူ...’

ဇာတ်သိမ်းပါပြီ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

ညနေ ၄ နာရီ ၃၈ မိနစ်၊ ဇွန်လ ၁ ရက်၊ ၂၀၂၄ ခုနစ်။

All Chapters