မနာလိုစိတ်က အချဉ်ပေါက်တယ်
Vol. 61 Ch. 435.4
လူကြီးမင်းဟော်ရှန်းကို ဆရာတင် ကိုးကွယ်ရန် စိတ်ပါဝင်စားသူ ငါးဆယ်ကျော်သည် မြို့သခင်စံအိမ်ရှေ့တွင် ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်လျက် လူကြီးမင်းဟော်ရှန်းရဲ့ ဆုပေးပွဲကို စောင့်ဆိုင်းနေကြသည်။
နတ်မီးနယ်ပယ်က အကြီးအကဲဆိုတာ ထူးခြားသော အဆင့်အတန်း ရှိသူ ဖြစ်သည်။ ကျန်လူနှစ်ဆယ်သည် တောင်တံခါးရှေ့တွင် ဖြစ်စေ၊ သူငယ်ချင်းများကြားတွင် ဖြစ်စေ ဂုဏ်ယူရသော်လည်း သူတို့သည် ရွေးချယ်ရမည့်သူများ မဟုတ်ကြပေ။ တချို့လူများဟာ သာမန်ထက်ထူးခြားသော မိသားစုနောက်ခံ ရှိသလို ထူးကဲသော အဆင့်အတန်း ရှိသည့် ဂိုဏ်းခွဲများလည်း ရှိပြီး တချို့ကလည်း ၎င်းတို့၏ကိုယ်ပိုင် လမ်းကြောင်းကိုသာ လိုက်ချင်ကြသည်။
လူကြီးမင်းဟော်ရှန်းမှာ ဤကိစ္စကို မကျေမနပ် ဖြစ်နေသော်လည်း ထိုကိစ္စကို သူဘာမှ မတတ်နိုင်ပေ။
တပည့်ဖြစ်ရန် ရည်ရွယ်ချက် မရှိသော ထိုပါရမီရှင်များသည် မြင့်မားသော အလားအလာရှိပြီး သန်မာသူများသာ ဖြစ်လေသည်။ ယခင်က ထိုလူငါးဆယ်ကျော်သည် အလွန် ပျော်ရွှင်နေကာ ဂိုဏ်းဝင်ရန် ဆန္ဒရှိခဲ့ကြသည်။ သို့သော် ယခုမူ ထိုတပည့်များသည် အမှန်တကယ် သွေးဆောင်ရန် ခက်ခဲကြောင်း တွေ့လာရ၏။
လူတွေမှာလည်း အရမ်းဒေါသ ထွက်နေကြသည်။ လုရွှမ်လို ဉာဏ်ကြီးရှင်ကို မဆိုဝံ့ပေမယ့် ယင်ထျန်း၊ ကျန်းယဲ့၊ လုဖုန်း အစရှိတဲ့ ပါရမီရှင်တွေမှာလည်း ကိုယ်ပိုင် အကြံဥာဏ်တွေ ရှိနေတာကြောင့် သူတို့ကို အပြုံးဖြင့်သာ နှုတ်ဆက်လိုက်ရသည်။
ပရိသတ် အများအပြား လူစုကွဲသွားသော်လည်း တချို့ကတော့ ခမ်းနားသော မြင်ကွင်းကို ဆက်ကြည့်ရှုနေကြသည်။ တချို့လူတွေက အနာဂတ်မှာ ဘယ်လို ပြင်းပြင်းထန်ထန် လေ့ကျင့်ရမလဲ ဆိုတာ တွေးထားပြီး ဆရာကြီး ဟော်ရှန်းရဲ့ တပည့်ဖြစ်ဖို့ ကြိုးကြိုးစားစား လုပ်နေကြပါပြီ။
တချို့သော လူများသည်လည်း ရှေးဟောင်းလျှပ်စီးကမ္ဘာမှ ထွက်ခွာပြီး ဝမ့်ကျစ်ကမ္ဘာသို့ သွားရန် စီစဉ်နေကြပြီ။ အကြောင်းမှာ လက်ရှိနေရာမှာ ၎င်းတို့လိုချင်သော အခွင့်အရေးမျိုး မရှိပေ။
လုရွှမ်သည် ကောင်းကင်အရိပ် ဂိုဏ်း၏ နံဘေးတွင် ထိုင်ကာ တခြားလူများစွာ၏ ပုံပြင်များကို နားထောင်နေခဲ့သည်။ နောက်ဆုံးအဆင့်က အလင်းလူက နည်းနည်း စိတ်ဝင်စားဖို့ ကောင်းနေလို့သာ မဟုတ်ရင် သူလှည့်စား ခံလိုက်ရသလို ထင်မိလိမ့်မည်။
ဤသည်မှာ ဝင်ခွင့်စာမေးပွဲ မျှသာဖြစ်သည်။ ဒီလောက် ရိုးရှင်းနေတာ အံ့သြစရာတော့ မဟုတ်ပေ။ သူများတွေသာ သိရင် သတ်သေဖို့တောင် တွေးမိသွားနိုင်သည်။
ကောင်းကင်အရိပ်ဂိုဏ်းထဲက ဘယ်သူကမှ နတ်သမီးအောင့်ယွဲ့ကို လျစ်လျူမရှုဝံ့ပါဘူး။ သူမသည် တစ်ချိန်က ရှေးဟောင်းလျှပ်စီးကမ္ဘာက နံပါတ်တစ် ပါရမီရှင် ဖြစ်ခဲ့သော်လည်း အမှန်ပင် ယခုအချိန်တွင်တော့ လုရွှမ်မှာ ပါရမီရှင်ဘွဲ့ကို ယူဆောင်သွားခဲ့သည်။
ထို့အပြင် နတ်သမီးအောင့်ယွဲ့၏ မိသားစုသည် ရှေးဟောင်း လျှပ်စီးကမ္ဘာက နံပါတ်တစ် မိသားစုဖြစ်သည်။ နတ်မီးနယ်ပယ်ရှိ သက်ကြီးရွယ်အို သုံးလေးဦး ရှိနေသည်ဟု ကောလဟာလများလည်း ရှိသည်။
အောင့်ယွဲ့ကတော့ လုံးဝ စိတ်မ၀င်စားပါဘူး။ သူမရဲ့ အရည်အချင်းက လုရွှမ်လောက် မကောင်းဘူး ဆိုတာကို သိသလို အဲဒီလူက လုရွှမ်ဆိုတာလည်း သူမစိတ်ထဲမှာ သိနေခဲ့သည်။ အမြဲတမ်း နံပါတ်တစ် ပါရမီရှင်လို့ ခေါ်ကြတဲ့ ဖိအားတွေက အရမ်းများတာကြောင့် သူမဟာ ထိုစရိုက်နဲ့ ဆန့်ကျင်ဘက် အနေဝေးနေဖို့ လိုအပ်လာတယ်လို့ ခံစားမိခဲ့သေးသည်။
သူမသည် ကျားဖြူလေးကို ပထမဆုံး မြင်ဖူးတာကြောင့် မျက်လုံးများက လခြမ်းနှစ်ခြမ်းလို ကျဉ်းမြောင်းသွားကာ ကျားဖြူလေးနှင့် အလွန်ချစ်ခင်စွာ ဆော့ကစားနေလေသည်။
ရံဖန်ရံခါတွင် သူမသည် လုရွှမ်ကို တိတ်တဆိတ်ကြည့်ကာ အနည်းငယ် အံ့သြသော်လည်း ပိုစိတ်ဆိုးသွားသည်။ သူမရဲ့ အစ်မဝမ်းကွဲကသာ မဆက်သွယ်လာပါက လုရွှမ် သူမကို မဆက်သွယ်ဘဲ ရှေးဟောင်းလျှပ်စီးကမ္ဘာသို့ ရောက်လာကြောင်း သူမ မသိနိုင်လောက်ချေ။
သို့သော် မိန်းကလေးတစ်ယောက်ရဲ့ အနေအထားကြောင့် သူမဘက်ကလည်း လုရွှမ်ကို မဆက်သွယ်ခဲ့ပေ။ မမျှော်လင့်ဘဲ နောက်ပိုင်းတွင် သူမ ရန်မြို့ကို ရောက်လာပြီး လုရွှမ်နဲ့ ပြန်တွေ့ခဲ့ရသည်။
လုရွှမ်ရဲ့ ကျင့်ကြံမှု အဆင့်သည် သူ့ထက် အဆင့်နိမ့်သော်လည်း အစွမ်းအစကတော့ သူမထက် သာနေသေးကြောင်း ကောင်းကောင်းသိပါသည်။ နှလုံးသားထဲမှာ လေးစားမှုအရိပ်အမြွက်မျိုး ရှိခဲ့ပေမယ့် မကျေနပ်မှုအရိပ်အမြွက်များလည်း ပါရှိနေသေးသည်။
အောင့်ယွဲ့ လုရွှမ်ကို ကြည့်တဲ့ပုံစံက အနည်းငယ် ထူးခြားသော်လည်း လုရွှမ်ကတော့ တည်ငြိမ်လှသည်။ သူတို့နှစ်ယောက်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေက ထင်ရှားနေခဲ့ရာ နတ်သမီးအောင့်ယွဲ့က လုရွှမ်ကို တကယ်ပဲ တက်ကြွစွာ လိုက်ရှာနေခဲ့တာလားဟု တွေးစရာတွေ ဖြစ်လာခဲ့သည်။
သူတို့နှစ်ဦးသည် လူအများ၏ အာရုံကို စွဲဆောင်နိုင်သွားသလို တချို့လူတွေရဲ့ နှလုံးသားထဲတွင်တော့ ငြူစူခြင်း လှိုင်းလုံးများများ ပြည့်နှက်လာခဲ့သည်။ ဒါပေမဲ့ သူတို့ နှစ်ယောက်ကြားမှာ တကယ့်ကို ပွဲကောင်းတစ်ပွဲ ရှိနေတယ်လို့ ဝန်ခံရပါလိမ့်မည်။
ယင်ထျန်းကလည်း ထိုနေရာကို ဂရုတစိုက်ကြည့်ရင်း သူ့မျက်လုံးထဲတွင် နတ်သမီးအောင့်ယွဲ့နှင့် ပြည့်နေတော့သည်။
နတ်သမီးအောင့်ယွဲ့ လေဟုန်စီးလာတဲ့ မြင်ကွင်းကို သူ မှတ်မိနေသေးသည်။ လွင့်ပျံနေသော အဖြူရောင် အဝတ်အစားနှင့် ငွေရောင်ဓားတစ်ချောင်းကို သူမလက်ထဲတွင် ကိုင်ဆောင်ထားကာ သူမသည် နတ်သမီးကဲ့သို့ အသွင်အပြင်ကို ထုတ်လွှတ်နေ၏။
ဤအခိုက်အတန့်တွင် သူမ၏ ဒေါသ၊ ရွှင်လန်းမှုနှင့် ချစ်စဖွယ်ကောင်းမှုများကို မြင်လိုက်ရတာကြောင့် သူ့နှလုံးသားကို တကယ်ပဲ ထိမိသွားစေသည်။
သူ့နှလုံးသားထဲက အသံတစ်ခုက
"ဘာလို့လဲ? ငါက ထျန်းယိဂိုဏ်းရဲ့ ငယ်ရွယ်တဲ့ ဂိုဏ်းချုပ်ဖြစ်သလို စစ်ဆေးမှုကနေ ပထမဆုံး ထွက်လာနိုင်ခဲ့တဲ့လူ မြင့်မြတ်တဲ့ အဆင့်အတန်းနဲ့ ထူးကဲတဲ့ အရည်အချင်းတွေ ရှိတယ်... နတ်သမီးအောင့်ယွဲ့ နှလုံးသားထဲကလူက ငါပဲ ဖြစ်သင့်တယ်"
"လူတိုင်းရဲ့ အာရုံစိုက်မှုကို ရထားတဲ့လူက ငါပဲ ဖြစ်သင့်တာ... ဒါပေမဲ့ ဘယ်သူကမှ ငါ့ကို ဂရုမစိုက်ကြဘူး"
လုဖုန်းရဲ့ မျက်လုံးများထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ လုရွှမ်ကို လှမ်းကြည့်ရင်း တကယ်ကို စကားမပြောနိုင်တော့ဘဲ ပါးနပ်စွာ ရယ်မောနေခဲ့သည်။ ဒီကောင်လေးက မြူဆွယ်အား ကောင်းပုံရပေမယ့် တကယ် စိတ်မကောင်းစရာက သူဟာ အလှဆုံးပန်းကို ရွေးပြီးသွားခဲ့တာပင်။
သို့သော် လုရွှမ်ဆိုတဲ့ ထိုကောင်လေးဟာ တကယ့်ဗီလိန် တစ်ယောက်ပဲလို့ ရှင်းရှင်းလင်းလင်း ခံစားနေရသလို့ သူ့စိတ်နေစိတ်ထားနဲ့လည်း အတော်လေး လိုက်ဖက်သည်။
လူကြီးမင်းဟော်ရှန်းဟာ သူ့ဂိုဏ်းထဲ ဝင်လိုတဲ့ သူတွေ အားလုံးရဲ့ တပည့်တွေကို အမှန်တကယ် တပည့် ဖြစ်စေခဲ့တာကို လုရွှမ် သိလိုက်ရသည်။ လူတိုင်းကို ရွှင်လန်းသွားစေခဲ့တဲ့ သတင်းကတော့ စိမ်းပြာကောင်းကင် ဂိုဏ်းထဲကို ဝင်ဖို့ ထောက်ခံပေးမယ်ဆိုတဲ့ အချက်ပါပဲ။
ထိုသတင်းက ပါရမီရှင်ဟောင်း တချို့ကိုပင်လျှင် နောင်တရစရာများ ဖြစ်လာစေခဲ့သည်။
နတ်သမီးကျင်းဟုန်သည် ဟော်ရှန်းရဲ့ အဖွဲ့ထဲကို ပါဝင်လိုသော်လည်း လုရွှမ်ကတော့ ငြင်းဆိုခဲ့သည်။
အစပိုင်းတွင် လုရွှမ်သည် နတ်မီးနယ်ပယ်က အကြီးအကဲနှင့် တွေ့ဆုံရန် အမှန်တကယ် မျှော်လင့်နေခဲ့ပါသည်။ သို့သော် ဤဝင်ခွင့်အဆင့်ကို ကျော်ဖြတ်ပြီးနောက် လုရွှမ် သူအနည်းငယ် စိတ်အားထက်သန်နေခဲ့ကြောင်း ရုတ်တရက် တွေ့လိုက်ရသည်။
ဒါက ယခင်ဘဝရဲ့ စွဲလမ်းမှု ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် ကောင်းကင်ဘုံသခင် အဆင့်အထက်က သခင်များအတွက် အထူးမျှော်လင့်ချက် ရှိနေခြင်း ဖြစ်သည်။
ယခုမူကား သူမြင်ရပြီးပြီမို့ ငြိမ်သက်သွားခဲ့ပါပြီ။ ဝင်ခွင့်အဆင့်ကို ကျော်ဖြတ်နိုင်သူ အများစုသည် နတ်မီးနယ်ပယ်ကို ရောက်ရှိနိုင်ကြောင်း သိလာခဲ့သည်။ သို့သော်လည်း နတ်မီးနယ်ပယ်သည် ဤဘဝတွင် သူ၏ပန်းတိုင်နှင့် ဝေးကွာနေပါသေးသည်။
နတ်သမီးကျင်းဟုန်ရဲ့ အလားအလာမှာ နည်းပါးသည်။ စိမ်းပြာကောင်းကင်ဂိုဏ်းသည် ဝမ့်ကျစ်ကမ္ဘာရဲ့ နံပါတ်တစ်ဂိုဏ်း ဖြစ်သော်လည်း တခြားကမ္ဘာတွင်တော့ ထိုသို့ဖြစ်မည် မဟုတ်ပေ။ သူမ၏ ပင်ကိုယ်စွမ်းရည်ကြောင့် ရှေးဟောင်းလျှပ်စီးကမ္ဘာသည် သူမ၏ အန္တိမပန်းတိုင် မဟုတ်သည်မှာ သေချာပါသည်။ သူမမှာ ပိုမိုကောင်းမွန်သော ရွေးချယ်မှုတစ်ခု ရှိသင့်သည်။ ထို့ကြောင့် လုရွှမ် သူမအား ဝင်တားလိုက်ခြင်း ဖြစ်လေသည်။
ဆရာကြီး ဟော်ရှန်းသည် ဆယ်နှစ်အကြာတွင်မှ စစ်ဆေးမှုကို ပြန်ဖွင့်တော့မည်ဟု ကြေညာပြီး သူ့တပည့်များကို မြို့သခင်စံအိမ်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
ကောင်းကင်အရိပ်ဂိုဏ်းသည် အတက်ကြွဆုံး ဂိုဏ်းဖြစ်လာသည်။ တခြား ဂိုဏ်းခွဲများစွာနှင့် မင်းမျိုးမင်းနွယ် မိသားစုများက ကောင်းကင်အရိပ်ဂိုဏ်းက ဂိုဏ်းဆရာကြီးများကို နှုတ်ဆက်ရန် တဖွဲဖွဲ လာနေကြ၏။
လုရွှမ် အဲဒီလူတွေကို အသုံးမကျတဲ့ စကားတွေပြောဖို့ စိတ်မ၀င်စားတဲ့အတွက် သူတို့ကို ရှောင်ဖို့ အစပျိုးခဲ့သည်။ အောင့်ယွဲ့ကတော့ အောင်ရှင်း၊ နတ်သမီးကျင်းဟုန်တို့နဲ့ ခင်မင်နေပြီ ဖြစ်ပြီး သူမအပေါ် ရိုင်းစိုင်းနေသော ထိုလူများကို သူမလက်မခံချင်ပေ။
မာနကြီးသော အောင်ရှင်း၏ ဦးဆောင်မှုအောက်တွင် လူလေးယောက်နှင့် ကျားတစ်ကောင်သည် ယွမ်မိသားစုထံသို့ လျှောက်လာခဲ့သည်။ ယွမ်မိသားစုမှ အကြီးအကဲနှစ်ဦးက သူတို့ကို အမြန်လာနှုတ်ဆက်ကြသည်။ လုရွှမ်ဖြစ်ဖြစ် နတ်သမီးအောင့်ယွဲ့ ဖြစ်ဖြစ် သူတို့က ကြိုဆိုရန် လိုအပ်သော လူများဖြစ်ပေ၏။
သခင်မလေးယွမ်က အော်ဟစ်ပြီး သူ့မိဘတွေကို လှမ်းဆွဲလိုက်သည်။
"ဖေဖေ မေမေ.... သူတို့ရဲ့ အောင်ပွဲတွေကို ပြသဖို့ ဒီကိုလာနေကြပြီ"
သခင်မလေးယွမ်နဲ့ အောင်ရှင်းတို့ကြားက အလောင်းအစားဟာ လူတိုင်း သိခဲ့တာကြာပါပြီ။ ဒါက အောင်မြင်မှုရဲ့ အဓိက အကြောင်းရင်းလို့တောင် လူအများက ယုံကြည်ထားကြသည်။
သခင်မလေးယွမ်ရဲ့ မိဘများသည် လုရွှမ်နဲ့ အောင့်ယွဲ့ကို နှုတ်ဆက်ပြီး သိလျက်နှင့် ထွက်ခွာသွားခဲ့သည်။ သခင်မလေးယွမ် နဲ့ သူ့ဝမ်းကွဲအစ်မက ရှေ့ကို ထွက်လာပြီး သခင်မလေးယွမ်က ပြောလိုက်သည်။
"ငါရှုံးတယ်.... ပြောပါ နင်ဘာလုပ်ချင်လဲ? ဒီသခင်မလေး တတ်နိုင်သရွေ့တော့ လုပ်ပေးမယ်"