← Chapters

စစ်တုရင်ဝိညာဉ်

Vol. 008 Ch. 740

စစ်တုရင်ဝိညာဉ်

Vol. 008 Ch. 740

ရီဖူရှင်းက မိုကျွမ်ကို ပြုံးရောင်သန်းလျက် ကြည့်သည်။

လျူကျောင်းပြောသကဲ့သို့ ရွှေ့လိုက်လျှင်ကော သူတို့အနိုင်ရမည်ဟု သူက အမှန်ယူဆ နေသည်များလား။ အမှန်တကယ်အားဖြင့် သူကား ကစားပွဲရှုံးသောကြောင့် သူ့ဒေါသများကို ဖြေဖျောက်ရန် လူရှာနေခြင်းပင်။

ရီဖူရှင်းက မိုကျွမ်အား ပြုံးလျက်ပြောသည်… “ကျုပ်က မြေရိုင်းပြည်နယ်ကနေ ဒီအထိ ရောက်လာတယ်… ကျုပ်က တခြားပြည်နယ်တွေရဲ့ တော်ဝင်မြေတွေ အကုန်လုံးကိုလည်း လေးစားတယ်… အရှေ့ဘက်ပြည်နယ်က တော်ဝင်မြေတပည့်တွေ ဘယ်လိုရှိကြလဲ ကျုပ်သိချင်ခဲ့တယ်… အခု ကြည့်ရတာတော့ တော်တော် စိတ်ပျက်စရာပဲ…” ထို့နောက် သူက ထပ်မံ၍​ မငြင်းခုန်တော့ဘဲ​ ထိုနေရာမှ ထွက်သွားခဲ့သည်။

မိုကျွမ်၏မျက်လုံးများက အရောင်များ လက်သွားကာ ထူးဆန်းသော အမူအရာ ဖြစ်လာသည်။

ဝမ်ရှင်းနှင့် တခြားလူများ အားလုံးက မိုကျွမ်ကို အေးစက်စွာ ကြည့်ကြသည်။ ဝမ်ရှင်းက ပြောသည်… “ပြည်နယ်ကိုးခု ညီလာခံလို့ခေါ်တာ ပြည်နယ်ကိုးခုလုံးက ပါဝင်တဲ့ အစီအစဉ်ဖြစ်လို့ပဲ…. မြေရိုင်းပြည်နယ်မပါဘဲ အဲဒီနာမည် ဖြစ်လာမယ်ထင်လား… အရှေ့ဘက်ပြည်နယ် တော်ဝင်မြေဖြစ်တဲ့ ရှီဟွာတောင်ရဲ့ တပည့်က ဒီလိုပြောတာ ရိုင်းစိုင်းဉာဏ်မဲ့တဲ့ သင်္ကေတပဲ.. ရှီဟွာတော်ရှန့်ထို တန်ခိုးရှင်ရဲ့ တပည့်တစ်ယောက် ဖြစ်တဲ့ မင်းက မြေရိုင်းပြည်နယ်ရဲ့ တော်ဝင်မြေ ခေါင်းဆောင်ကို ပွဲကြည့်စင်ပေါ်မှာ ကြည့်ဖို့ အကြံပေးတယ်… မင်းကတော့ မင်းပြောတဲ့စကားကို ဂုဏ်ယူနေလိမ့်မယ်… ဒါပေမဲ့ မင်းပြောခဲ့တဲ့စကားက ရှီဟွာတောင် တပည့်တွေရဲ့ အပြုအမူ အကျင့်စရိုက်တွေကို ကောင်းကောင်း ထင်ဟပ်နေတယ် ဆိုတာကိုလည်း မမေ့ထားနဲ့..”

“စစ်တုရင်ပွဲကတော့… နတ်နဂါးကစားပွဲက မင်းရှေ့မှာပဲ… မင်းက ကစားပွဲကို ကောင်းကောင်း သိတယ်ထင်ရင် အားလုံးရဲ့ရှေ့မှာပဲ အနိုင်ယူပြလေ…”

မိုကျွမ်က ဝမ်ရှင်းကို ဒေါသတကြီး ကြည့်သည်။ မြေရိုင်းပြည်နယ်မှ ဧည့်သည်များက သူ့အား အညှာအတာကင်းစွာ ဝေဖန် ပြောဆိုကြသည်။ သို့သော် သူ့တွင် ပြန်ပြောစရာ ကစားမရှိပေ။

မိုကျွမ်က ပြုံးလျက်ပင် မျက်နှာကို တည်ငြိမ်အောင် ထားလျက် ဦးညွှတ်ကာ ပြောသည်… “ကျွန်တော် ရိုင်းစိုင်းမာ ကျွန်တော့်ရဲ့အမှားပါ… ဒါကို သင်ခန်းစာအဖြစ် မှတ်ယူပြီး နောက်ပိုင်း ဆင်ခြင်ပါ့မယ်...”

အားလုံးက မိုကျွမ်ကို ကြည့်ကြသည်။ သူ၏အပြုအမူများက အမှန်ပင် အထင်ကြီးဖွယ် ကောင်းသွားပြီ ဖြစ်သည်။ သူကား တစ်ဖက်လူ၏ ဝေဖန်မှုကို ဒေါသဖြင့် တုံ့ပြန်မည့်အစား တောင်းပန်ခဲ့သည်။

ဝမ်ရှင်းက ဘာမှ မပြောတော့ဘဲ ထိုနေရာမှ ထွက်ခွာသွားသည်။

နတ်နဂါးစစ်တုရင် ကစားကွက်က ဆက်ရှိနေဆဲ ဖြစ်သည်။ မရေမတွက်နိုင်သော မျက်လုံးများက စစ်တုရင်တောင်ထိပ်ကို ကြည့်ကြသည်။ လျူကျောင်းနှင့် တခြားပါရမီရှင်များက ပူးပေါင်း ရင်ဆိုင်သည့်တိုင် နတ်နဂါးကစားကွက်ကို အနိုင်မရခြင်းက ကစားပွဲ မည်မျှ ခက်ခဲသည်ကို သိသာစေသည်။ ကြည့်ရသည်မှာ နတ်နဂါးကစားကွက်က တစ်ရက်နှစ်ရက်ဖြင့် အနိုင်ရနိုင်သော အရာဟုတ်ဟန်မရပေ။

ရီဖူရှင်းကိစ္စမူကား သာမန်ပုံပြင်တစ်ပုဒ်သာ ဖြစ်သည်။ ရီဖူရှင်းက လျူကျောင်း ပြောသည့်အတိုင်း ရွှေ့လျှင်လည် မည်သို့ ဖြစ်လာမည်ကို တစ်ယောက်မှ အတိအကျ မပြောနိုင်ပေ။ သို့သော်လည်း ကျောက်စီရီနှင့် မို့ကျွမ်တို့၏ အပြုအမူက မြေရိုင်းပြည်နယ်၏ လက်ရှိအဆင့်အတန်းကို ဖော်ပြနေသည်။ ရီဖူရှင်းက လူငယ်မျိုးဆက် ဖြစ်သည့်တိုင် သူကား မြေရိုင်းပြည်နယ်၏ ခေါင်းဆောင်ဖြစ်သည်။ အကယ်၍ ​သူက ရှန့်ထိုမျိုးဆက် တစ်ယောက်ဆိုလျှင် မည်သူကမှ သူ့အား ဤသို့ပြောရဲမည် မဟုတ်ပေ။ တစ်ဖက်တွင် လျူကျောင်းကား ရီဖူရှင်းကို ဘာမှ မပြောခဲ့ပေ။ သူ၏အပြုအမူနှင့် အပြောအဆိုတို့က မိုကျွမ်တို့ထက် တစ်ဆင့် သာနေသည်က အသေအချာပင်။

ရီဖူရှင်းက စစ်တုရင် တောင်ထိပ်၏ လူသူကင်းမဲ့သော နေရာတစ်ခုသို့ လျှောက်လာသည်။ ဝမ်ရှင်းနှင့် တခြားလူများက သူ့နောက်ကို လိုက်ပါလာကြသည်။ ဝမ်ရှင်းက ပြောသည်.. “ဘာလို့ ထပ်မကြိုးစား ကြည့်တာလဲ…”

“ဒါက ထူးထူးခြားခြား ကောင်းလာမှာမှ မဟုတ်တာ… ကျွန်တော်က စစ်တုရင် ကစားတာမှာ တကယ်ပဲ အများကြီး တိုးတက်လာတယ် ဆိုပေမဲ့ အခုလက်ရှိ ကျွန်တော့်အဆင့်က ကစားကွက်ကို ဖြိုဖို့ မဖြစ်နိုင်ဘူး…” ရီဖူရှင်းက ပြောသည်။

“မင်းက ဒီလောက် အလွယ်တကူ လက်လျှော့တတ်တဲ့လူ မဟုတ်ပါဘူး…” ကျူးကော့မင်းယွီက ပြုံးလျက်ပြောသည်။

ဟွာဂျီယူက ရီဖူရှင်း၏ဘေးကို လျှောက်လာသည်တွင် သူက အနည်းငယ် သုန်မှုန်နေသည်ကို မြင်တွေ့ရသည်။ မိုကျွမ်၏စကားက သူ့အား ထိခိုက်စေသည်လား။

“ဘယ်လက်လျှော့ပါ့မလဲ… ကျွန်တော် စစ်တုရင်ကစားတာ ဘယ်လောက် ကြာသေးလို့လဲ… ရန်ရှောင်နဲ့ သူ့မောင်နှမတွေက စစ်တုရင်ရှန့်ထိုရဲ့ တပည့်တွေဆိုတော့ သူတို့အားလုံးကို အနိုင်ယူဖို့ ကျွန်တော်က လိုအပ်ချက်များ နေသေးတယ် ဆိုပေမဲ့ ဒါက ပုံမှန်ပဲမလား..” ရီဖူရှင်းက ပြုံးလျက် ခေါင်းယမ်းသည်… “မိုကျွမ်ရဲ့စကားက နည်းနည်း ဘောင်ကျော်နေတယ် ဆိုပေမဲ့ ဒါက မြေရိုင်းပြည်နယ် လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲကို ပြနေတာပဲ… တော်ဝင်ကျဲနန်းတော်က မြေရိုင်းပြည်နည်ရဲ့ တော်ဝင်မြေပဲ… ဒါပေမဲ့ ရှန့်ထိုတစ်ပါးရဲ့ တပည့်တစ်ယောက်က ကျုပ်တို့ကို ပွဲကြည့်စင်ပေါ်မှာပဲ ကြည့်ဖို့ အကြံပေးရဲတယ်… ဒါက တခြားလူတွေ ကျုပ်တို့ကို မြင်နေတဲ့ အဆင့်အတန်းပဲ…”

“ဝန်ထုပ်က ကြီးပြီးတော့ လမ်းက ရှည်တယ်…” ဝမ်ရှင်းက ပြောသည်… “မဟုတ်ရင် ငါတို့က မင်းကို နန်းတော်သခင် အဖြစ် ဘယ်ရွေးပါ့မလဲ…”

ရီဖူရှင်းက ပြုံးလိုက်သည်။ ယခင် နန်းတော်သခင်က ရီဖူရှင်းအား ရွေးချယ်ခဲ့ခြင်းမှာလည်း သူကိုယ်တိုင် အလောင်းအစား လုပ်ခဲ့ခြင်း မဟုတ်ပါလား။ ထောင်ကျန်း သို့မဟုတ် ဓားမိစ္ဆာတို့ တစ်ယောက်ယောက်က နန်းတော်သခင် အဖြစ် ရယူလိုက်၍ ရပေသည်။ မည်သို့ဆိုစေ ရီဖူရှင်းကား နိုဘယ်တစ်ယောက်သာ ဖြစ်သည်။ သို့သော်လည်း လက်ရှိ မြေရိုင်းပြည်နယ်၏ အဆင့်အတန်းကို ယခင် နန်းတော်သခင်က သိရှိခဲ့သည်။ ထို့ကြောင့်ပင် သူက ပိုင်လွေလီအပေါ်တွင် မျှော်လင့်ချက်များ စုပုံကာ တော်ဝင်ကျဲနန်းတော်၌ ရှန့်ထိုတစ်ပါး မွေးဖွားနိုင်ရန် ကြံစည်ခဲ့၏။

“ဟုတ်တာပေါ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက ကောင်းကင်ကို ကြည့်ကာ ပြောသည်… “မြေရိုင်းပြည်နယ် အပြင်ကို ထွက်လာတာ ကျုပ်တို့ ကိုယ်တိုင်လည်း ပိုပြီး သန်မာအောင်ပဲ မလား…” သူက ပြုံးလျက် ထပ်ပြောသည်… “ကျွန်တော်က စစ်တုရင်တောင်ထိပ်မှာ ဆက်နေပြီး ကစားကွက်ကို လေ့လာဦးမယ်… အားလုံး စိတ်ပူနေစရာ မလိုပါဘူး…”

“ကောင်းပြီ…” ဝမ်ရှင်းက ခေါင်းညိတ်သည်။

ရီဖူရှင်းက မြေရိုင်းပြည်နယ်တွင် အတိုက်အခိုက် အတားအဆီး များစွာကို ရင်ဆိုင်ကြုံတွေ့ဖူးကာ သာမန်ကိစ္စများက သူ့စိတ်နှလုံးကို ယိမ်းယိုင်စေနိုင်စွမ်း ရှိမည်မဟုတ်ပေ။ သူကား အခြေအနေကို သုံးသပ်နေခြင်းသာ ဖြစ်သည်။ မိုကျွမ်၏ အပြုအမူက မိုကျွမ် တစ်ယောက်တည်း၏ သဘောထား မဟုတ်ဘဲ မြေရိုင်းပြည်နယ်အပေါ် တခြားလူများ မြင်နေသော သဘောထားလည်း ဖြစ်သည်။ ထိုအရာကပင် ရီဖူရှင်း လက်ရှိ ရင်ဆိုင်နေရသော ဖိအားဖြစ်သည်။

ဟွာဂျီယူ၊ ယူချင်းနှင့် ယန်ဟောင်တို့မှ လွဲ၍​ကျန်လူများ အားလုံးက တောင်အောက်ကို ဆင်းသွားကြသည်။ ဟွာဂျီယူက ရီဖူရှင်းဘေးတွင် ရှိနေစဉ် ယူချင်းနှင့် ယန်ဟောင်တို့က အတော်ဝေးဝေးတွင် ကိုယ်စီ လေ့ကျင့်နေကြသည်။

စစ်တုရင်တောင်၏ တခြား တစ်ဖက်ခြမ်းကား စည်ကားနေဆဲ ဖြစ်သည်။ နတ်နဂါးကစားကွက်ကို ကြိုးစား ကြည့်သူများစွာလည်း ရှိသည်။ မည်သူမှ မအောင်မြင်ပေ။ သို့သော်လည်း တစ်စုံတစ်ယောက်က ထိုသို့ ကြိုးစားတိုင်း လျူကျောင်းက ကစားပွဲကို လေ့လာကာ စဉ်းစားဆင်ခြင်ဟန် ရနေသည်။

တစ်ရက်က မြန်ဆန်စွာပင် ကုန်ဆန်းသွားပြီး ယနေ့အတွက် ပြီးဆုံးသွားပြီဟု ရန်ရှောင်က ကြေညာသည်။ လူအုပ်က မြန်ဆန်စွာပင် ကျဲပါးသွားသည်။ ရန်ရှောင်နှင့် သူ့လူများလည်း ထွက်သွားကြသည်။ စစ်တုရင်ခုံမူကား လေထဲတွင် ရောင်စဉ်များ တောက်ပ လင်းလက်စွာ တည်ရှိနေဆဲ ဖြစ်သည်။

ရီဖူရှင်းက မထွက်သွားသေးပေ။ သူက စစ်တုရင် တောင်ထိပ်တွင် ဆက်လက်၍​ လေ့ကျင့်သည်။

ကောင်းကင်က မှောင်မည်းသွားကာ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြသည်။ စစ်တုရင်ခုံကို စောင့်ကြပ်နေသော တန်ခိုးရှင်များနှင့် ကျောက်တုံးကြီး တစ်တုံးပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေသော ရီဖူရှင်းသာ ကျန်တော့သည်။ သူကား သည်နေ့တွင် ကစားနေသော ကစားကွက်အား ပြန်လည် စဉ်းစားနေခြင်း ဖြစ်သည်။

သည်အရာများအား ဆက်တိုက် တွေးဆ ကြံဆောင်နေရခြင်း အပေါ် သူက အလွန် ပင်ပန်းနေသလို ခံစားရသည်။ သူက မျက်လုံးကို ဖွင့်ကာ ကောင်းကင်ကို ကြည့်သည်။ လေထဲတွင် စစ်တုရင်ခုံက ရှိနေဆဲဖြစ်ကာ ထူးဆန်းသော ရောင်ဝါများ ထွန်းလင်းနေသည်။ သူက လွတ်လပ်ခြင်း ကျင့်စဉ်ကို အသက်သွင်းလိုက်ကာ ယနေ့ ဖြစ်ပျက်ခဲ့သည်များအား ပြန်လည်၍ ခေါင်းထဲ ပုံဖော်သည်။ လူဆယ့်ရှစ်ယောက်က စစ်တုရင်ခုံပေါ်တွင် ရပ်နေကြကာ နယ်ရုပ်များကို ချကြသည်။ ထိုမြင်ကွင်းများက သူ၏စိတ်ထဲတွင် ပြန်၍ လည်ပတ်လာသည်။

ထိုအခိုက်တွင် သူ၏ သက်စောင့်ဟော်နန်းထဲမှ ကမ္ဘာသစ်ပင်ကြီးက ပြင်းထန်စွာ လှုပ်ယမ်းလာသည်။ သစ်ပင်၏အပေါ်တွင် မျဉ်းများပေးလာပြီး တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်။ မျဉ်းတန်းများက စစ်တုရင်ခုံ တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ၏စိတ်ထဲမှ ပုံရိပ်များက စစ်တုရင်ခုံပေါ်တွင် တိုက်ရိုက် လှုပ်ရှား လည်ပတ်လာသည်။ ရီဖူရှင်းက တစ်စုံတစ်ခုကို ခံစားမိသည်။ သူ၏အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ မျက်လုံးကို တစ်ဖန် မှိတ်လိုက်သည်။ သူ၏စိတ်အသိက သက်စောင့် ဟော်နန်းထဲကို ရောက်လာသည်။

ထိုအခိုက်တွင် သက်စောင့်ဟော်နန်းထဲ၌ ရီဖူရှင်း၏ ကိုယ်ပွားပုံရိပ် တစ်ခုပေါ်လာကာ စစ်တုရင်ခုံကို ကြည့်သည်။ သူ၏စိတ်ထဲတွင် လူ ဆယ့်ရှစ်ယောက်က စစ်တုရင် ကစားနေကြသည်။

“စိတ်ဝင်စားစရာပဲ…” ရီဖူရှင်းက မြူးကြွ​သော အမူအရာဖြင့် ရေရွက်သည်။ သူ၏ သက်စောင့်ဟော်နန်းထဲ စစ်တုရင်ခုံတစ်ခု ပေါ်လာမည်ဟု သူမထင်ထားပေ။

***

All Chapters