← Chapters

အဖေ့ အမေ့ သား ဟိုအာ ပြန်လာပြီ

Vol. 84 Ch. 1166

အဖေ့ အမေ့ သား ဟိုအာ ပြန်လာပြီ

Vol. 84 Ch. 1166

မန်ဟိုသည် ဖန်ရွှီ၏အဖေ ဦးလေးဆယ့်ကိုး လာခေါ်တုန်းက စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူလေးတစ်ယောက်သာ ဖြစ်ခဲ့၏။ သူ့မှာ ထိုအချိန်က မည်သည့်ဂုဏ်ဒြပ်မှမရှိသော သူစိမ်း‌တစ်ယောက်၊ ဖန်မျိူးနွယ်စုမှ သတိပင် မထားမိသော လူတစ်ယောက်ဖြစ်ခဲ့သည်။ န၀မတောင်ပင်လယ်ပင်လျှင် သူ့ကို အာရုံမရှိခဲ့ပေ။

ထိုအချိန်တုန်းက သူ သေသေရှင်ရှင် ဂရုမစိုက်မည့်လူများ ဒုနှင့်ဒေးပင်။

သူ့မှာ သူ့မိဘများကို ၀မ်းနည်းစွာ ကြည့်ရင်း တိတ်တဆိတ် ထွက်လာခဲ့ရသည်။ တောင်ကောင်းကင်ဂြိုလ်မှ ထွက်လာခဲ့လျှင်ချင်း သူက သူ့ကိုယ်သူ ဤသို့ ပြောခဲ့၏။

"တစ်နေ့ ငါ ပြန်လာခဲ့ရင် အဖေနဲ့အမေ ငါ့အတွက် ဂုဏ်ယူစေရမယ်"

ယနေ့ သူ ပြန်ရောက်လာခဲ့ပြီ။

သူ့ကျင့်ကြံခြင်းအခြေခံသည် စိတ်ဝိညာဉ်နယ်ပယ်မဟုတ်တော့။ ၎င်းက ကြောက်မက်ဖွယ် တစ်၀က်တစ်ပျက်တာအိုကျင့်ကြံသူများကိုပင်လျှင် ကိုင်ပေါက်ပစ်နိုင်သော အဆင့်သို့ ရောက်ရှိခဲ့လေပြီ။ စီနီယာမျိုးဆက်၏ အစွမ်းထက်ပညာရှင်များပင်လျှင် သူ့ကို အလေးထားရပြီး သူတို့နှင့် မျိုးဆက်တူသော အင်အားကြီးပညာရှင်တစ်ဦးသဖွယ် ဆက်ဆံကြရပြီ ဖြစ်သည်။

မည်သည့်ဂုဏ်ဒြပ်မှမရှိသော သူစိမ်းတစ်ယောက်လည်း မဟုတ်တော့ပေ။ မန်ဟိုသည် အလွန်တရာ နာမည်ကြီးလှသဖြင့် န၀မတောင်ပင်လယ်၏စကားဝိုင်းထဲတွင် သူ၏နာမည်မှာ အမြဲပေါ်လာတတ်၏။ သူက အိမ်ရှေ့မင်းသားဖန်ဟို မဟုတ်ပါလော။

မည်သူမှ သူ့ကို အလေးထားဘဲ မနေရဲတော့ပေ။ န၀မတောင်ပင်လယ်လည်း မနေရဲ။ ပါရာဂွန်ပင်လယ်အိပ်မက်လည်း မနေရဲ။ တောင်ပင်လယ်လောကတစ်ခုလုံးလည်း မနေရဲပေ။

သူသည် ပြန်ရောက်လာခဲ့သည့်အခါ တစ်ယောက်တည်းမဟုတ်‌။ ဖန်မျိုးနွယ်ပညာရှင်များနှင့်အတူ ဂါ၀ရပြုရန် ရောက်လာခဲ့၏။

မန်ဟိုမှာ များစွာသော အကြောင်းအရာများကို တွေးတောရင်း တောင်ကောင်းကင်ဂြိုဟ်ရှိရာသို့ လှမ်းကြည့်၍ ကြယ်တာရာကောင်းကင်တွင် ပျံဝဲနေသည်။ နောက်ဆုံးတော့ သူက အသံကျယ်ကြီးဖြင့် အော်ခေါ်လိုက်၏။ "အဖေ့ အ‌မေ့ သား ဟိုအာ ပြန်လာပြီ"

သူ့အသံ ဟိန်းထွက်လာသည့်အခါ တောင်ကောင်းကင်ဂြိုလ်ရှိ မျိုးနွယ်စုတိုင်း၊ ဂိုဏ်းတိုင်းရှိ ကျင့်ကြံသူများ တုန်ရီသွားကြရသည်။ ထိုအပြင်တွင် ရှိနေသည့်အရာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူတို့သည် ကောင်းကင်ထက်မှ ကြီးမားသော ဖိအားကြီး သက်ရောက်လာသည်ကို ခံစားလိုက်ရ၍ အသက်ရှူကြပ်လာကြ၏။ မရေမတွက်နိုင်သော တန်ခိုးရှင်များက ဧရာမဖိအားကြီးကို ထုတ်လွှတ်၍ မိုးနှင့်မြေကို ပြိုကျအောင် တွန်းဖိနေသည့်အလားပင်။

အရှေ့ဘက်နယ်မြေ၏ တန်နိုင်ငံတော်၊ ဖန်မျိုးနွယ်စုမှ အုပ်ချုပ်သော မြို့လေးတစ်မြို့တွင် တန်မျှော်စင်တစ်ခုရှိသည်။ ထိုနေရာသည် ဖန်ရှုံ့ဖုန်းနှင့် မန်လီတို့နှစ်ယောက် ကြယ်တာရာ‌ကောင်းကင်ကို မျက်နှာမူ၍ သူတို့၏ ကလေးများကို ကြည့်ရှုတတ်သော နေရာဖြစ်ချေ၏။ ထိုနေရာတွင် သူတို့သည် မန်ဟို အရှေ့အောင်ပွဲဂြိုလ်ပေါ်၌ ထွန်းတောက်ကျော်ကြားလာသည်ကို ကြည့်ရှုခဲ့ရ၏။ ထိုစဉ်က သူတို့မှာ ပျော်ရွှင်မှု၊ ၀မ်းသာမှုနှင့် မျှော်လင့်ချက်များဖြင့် ပီတိဖြစ်ခဲ့ရလေသည်။

"ရှင် ကြားလိုက်လား" မန်လီက အဖျားခတ်သောအသံဖြင့် မေးလိုက်သည်။ မျက်နှာထားတည်မြဲတည်နေသည့်တိုင် တစ်ချိန်တည်းမှာပင် ၀မ်းသာကြည်နူးနေသော ယောက်ျားဖြစ်သူကို သူမ ကြည့်လိုက်၏။

"ကြားလိုက်တယ်" ဖန်ရှုံ့ဖုန်းက အတိုင်းထက်အလွန် ဣန္ဒြေရနေသောလေသံဖြင့် ပြောလိုက်သည်။ "မင်းတို့မိန်းမတွေက သိပ်စိတ်လှုပ်ရှားလွယ်တာပဲ။ ငါ ဘယ်လောက် အသိပညာကြွယ်၀လဲ မင်းသိသားနဲ့။ ဒါက အသစ်အဆန်းမှ မဟုတ်‌တာ။ လူစုလေးတစ်စုပဲကို ။ ဒီကလေးကလည်း အိမ်ပြန်လာတာကို ဘာလို့ ရေးကြီးခွင်ကျယ်တွေ လုပ်နေရတာတုန်း။ ဘယ်လောက်အဆင်အခြင်မဲ့လိုက်သလဲ" သူ အ၀တ်အစားများကို သပ်သပ်ရပ်ရပ် လုပ်နေစဉ် မန်လီက စိတ်တိုင်းမကျဟန်ဖြင့် သူ့ကို မျက်စောင်းထိုးလိုက်သည်။

"တော်ပါတော့ရှင်" သူမက ပြောသည်။ "ရှင့်သား ရှင့်မျိုးနွယ်စုတစ်စုလုံးကို ဂါ၀ရပြုဖို့ ခေါ်လာတာကို မကျေနပ်မနေဘူးလို့ မပြောစမ်းပါနဲ့။ ဂရုမစိုက်ချင်ယောင်လည်း ဆောင်မနေနဲ့။ ရှင့်အကြောင်း ကျွန်မ မသိဘူးများ မှတ်နေလား" သူတို့နှစ်ယောက်သား အိမ်ထဲမှထွက်၍ လေပေါ် ပျံတက်လိုက်ကြသည်။

"ဪ မိန်းမတွေများ" ဖန်ရှုံ့ဖုန်းက ဇနီးဖြစ်သူ၏ စကားများကို လျစ်လျူရှုရင်း အေးတိအေးစက် ရေရွတ်လိုက်သည်။ သူတို့ လေပေါ်ပျံတက်ရုံရှိသေးစဉ် ဖန်ရှုံ့ဖုန်း၏နှုတ်မှ လွှတ်ခနဲ ထွက်သွား၏။ "နေဦး ဒီအ၀တ်အစားက အဆင်ပြေရဲ့လား"

သူက သူ့အ၀တ်အစားကို ငုံ့ကြည့်၍ နောက်တစ်ဖန် သပ်သပ်ရပ်ရပ် လုပ်လိုက်ပြန်သည်။

"ကျွန်မတို့ အခုလုပ်နေတာက အကြီးအကဲတွေနဲ့ ခေါင်းဆောင်ကြီးတွေကို နှုတ်ဆက်ရုံလေးပဲမဟုတ်ဘူးလား" မန်လီက ထေ့ထေ့ငေါ့ငေါ့ ပြောသည်။ "ရှင်က ဖန်မျိုးနွယ်စု နောက်ဆုံးမျိုးဆက်ရဲ့ ထိပ်တန်းရွေးချယ်ခံ မဟုတ်ဘူးလား။ ရှင့်ကိုယ်ရှင် အသိဉာဏ်သိပ်ကြွယ်ဝပါတယ်ဆို။ ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာတုန်း"

"ဘယ်သူက စိတ်လှုပ်ရှားတယ်‌ ပြောလို့တုန်း" ဖန်ရှုံ့ဖုန်းက ချောင်းဟန့်ရင်း ပြန်တုံ့ပြန်သည်။ "ငါက နှစ်ပေါင်းများစွာ ထိပ်တန်းတိုက်ခိုက်ရေးသမား ဖြစ်လာခဲ့တာ။  ဘယ်အရာနဲ့မှ ပက်သက်ပြီး စိတ်မလှုပ်ရှားတတ်ဘူး။ အခု ဒီတိုင်း ဟိုအာပြန်လာပြီဆိုတော့ သူ့အတွက် ကြည့်ကောင်းချင်ယုံသက်သက်ပဲ။ ငယ်တဲ့ပုံပေါက်လေ ကောင်းလေပေါ့"

မန်လီက ပါးစပ်လေးကို အုပ်ကာ ရယ်လိုက်သည်။ သူမ၏ရယ်သံက ဖန်ရှုံ့ဖုန်းကို ပို၍ပင် ရှက်သွားစေ၏။ အမှန်တော့ သူ့ဇနီး ပြောခဲ့သည့်အတိုင်းပင်။ သူ့မှာ အပေါ်ယံတွင် တည်ငြိမ်ချင်ယောင်ဆောင်ထားသော်လည်း ရင်ထဲတွင်တော့ စိတ်လှုပ်ရှားမှုများ ပလုံစီထနေလေသည်။ ‌

သူသည် မန်ဟို့အတွက် တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် အခြေချခဲ့သော်လည်း ဖန်မျိုးနွယ်စုမှာ သူ့မိသားစုဖြစ်သည့်အတွက် သူက ဖန်မျိုးနွယ်ဖြစ်ကြောင်း ဘယ်တော့မှ မ‌မေ့ခဲ့ပေ။ တစ်ကြိမ်မှပင် မမေ့ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မျိုးနွယ်စုတစ်စုလုံး ဂါဝရပြုရန် ဤနေရာသို့ ရောက်လာသည်ကို မြင်ရခြင်းက အတိုင်းထက်အလွန် စိတ်နှလုံးလှုပ်ရှားဖွယ်ပေ၏။

မန်ဟို၏ မိဘနှစ်ပါးသည် သူတို့သွားနိုင်သည့် အဝေးဆုံးနေရာဖြစ်သည့် တောင်ကောင်းကင်ဂြိုဟ်နှင့် ‌န၀မတောင်ပင်လယ်အကြား နယ်စပ်၊ ကြယ်တာရာကောင်းကင်တစ်နေရာသို့ ပျံတက်သွားသော အလင်းတန်းနှစ်တန်းအသွင် ပြောင်းသွားကြ၏။ ‌ရောက်လျှင်ချင်း ဖန်ရှုံ့ဖုန်းက မန်ဟိုနှင့် မန်ဟို့နောက်၌ ရပ်နေသော ခေါင်းဆောင်ကြီးနှစ်ဦးအပြင် ‌အဝေး၌ စီတန်းနေသော မျိုးနွယ်၀င်များကို လှမ်းကြည့်လိုက်သည်။

ဖန်ရှုံ့ဖုန်းမှာ ဣန္ဒြေမထိန်းနိုင်တော့ပေ။ သူက မျက်နှာကြီးနီမြန်းနေလျက် လက်ယှက်၍ အရိုအသေပေးရန် ပြင်သည်။ သို့သော် မန်ဟိုက ကပျာကယာ ရှေ့တက်လာ၍ သူ့ကို တားရင်း သူ့အရှေ့၌ ဒူးထောက်လိုက်သည်။

"ဟိုအာ အဖေနဲ့ အမေကို ဂါ၀ရပြုပါတယ်" သူ့အသံ ကျယ်လောင်စွာ ပဲ့တင်ထပ်လာသည့်အချိန်မှာပင် တိုက်ရိုက်သွေးဆက်မျိုးနွယ်၀င်များအပါအ၀င် ဖန်မျိုးနွယ်ကျင့်ကြံသူအကုန်လုံး လက်ယှက်၍ ခါးကိုင်းအရိုအသေပေးကြသည်။

"ဂါ၀ရပြုပါတယ် မျိုးနွယ်စုခေါင်းဆောင်"

သူတို့၏အသံများ အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်နေစဉ် ဖန်ရှုံ့ဖုန်းမှာ အံ့ဩမှင်သက်သွားပြီး မယုံနိုင်ဖြစ်သွားသည်။ သူက မန်ဟို့ကို ကြည့်ပြီးနောက် အဝေးရှိ ရင်းနှီးသောမျက်နှာများကို လှမ်းကြည့်လိုက်သည်။ နောက်ဆုံးတော့ သူ့အကြည့်က ဖန်ရှုတောက်အပေါ် ကျရောက်လာ၏။

"ခေါင်းဆောင်ကြီး ... ဒါက..."

"ရှုံ့ဖုန်း မင်းက ဒီနေရာ တောင်ကောင်းကင်ဂြိုလ်ကို စောင့်ရှောက်ရင်း မျိုးနွယ်စုအတွက် တာ၀န်ကြီးတစ်ရပ်ကို ထမ်းဆောင်ပေးခဲ့တယ်။ ဒါ့အပြင် မင်းက မျိုးနွယ်စုအတွက် တခြားကောင်းကျိုးတွေလည်း အများကြီး ဆောင်ရွက်ပေးခဲ့တယ်။ ငါ မျိုးနွယ်စုရဲ့ ခေါင်းဆောင်နေရာနဲ့ပက်သက်ပြီး ဆွေးနွေးပြီးသွားပြီ။ အခုကစပြီး မင်းက ဖန်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာရမယ်" ဖန်ရှုတောက်က ဖန်ရှုံ့ဖုန်းကို တည်ကြည်လေးနက်စွာ ကြည့်ပြီးနောက် လက်ယှက်ကာ အရိုအသေပေးလိုက်သည်။

"ဖန်ရှုတောက် မျိုးနွယ်စုခေါင်းဆောင်ကို အရိုအသေပေးပါတယ်"

"ဖန်ယန်ရှီ မျိုးနွယ်စုခေါင်းဆောင်ကို ဂါ၀ရပြုပါတယ်" ခေါင်းဆောင်ကြီးနှစ်ယောက် အရိုအသေပေးလိုက်သည်နှင့်တစ်ပြိုင်နက် တိုက်ရိုက်သွေးဆက်မျိုးနွယ်၀င်အားလုံးက ခေါင်းများကို ပိုနှိမ့်၍ အရိုအသေပေးလိုက်ကြသည်။

"ဂါ၀ရပြုပါတယ် မျိုးနွယ်စုခေါင်းဆောင်"

"ဂါ၀ရပြုပါတယ် မျိုးနွယ်စုခေါင်းဆောင်"

သူတို့၏အသံများသည် မိုးခြိမ်းသံကြီးသဖွယ် သောင်းသောင်းဖြဖြ ဟိန်းထွက်လာကာ အာကာသထဲသို့ လှိုင်းဂယက်များ ဖြန့်ကျက်ရင်း ကြယ်တာရာကောင်းကင်အား သိမ့်ခါသွားစေ၏။ သန်းပေါင်းများစွာသောလူများ၏ သံပြိုင်ဟစ်ကြွေးသံများအား တောင်ကောင်းကင်ဂြိုဟ်၏မြေများမှပင် ကြားရနိုင်လေသည်။

ဖန်ရှုံ့ဖုန်းသည် တုန်ရီနေပြီး မန်လီလည်း မှင်သက်နေသည်။ နောက်ဆုံးတော့ မန်ဟိုက ထရပ်ပြီး သူ့အဖေနှင့်အမေထံ လျှောက်လာသည်။ သူက သူ့အမေကို ခေတ္တကြည့်ပြီးနောက် တင်းတင်းကြပ်ကြပ် ဖက်လိုက်လေသည်။

“သား ဟိုအာ ဒါက ... “ မန်လီမှာ ဖြစ်ပျက်နေသောအရာများကြောင့် တုန်လှုပ်နေပြီး ဘာဖြစ်၍ဖြစ်နေမှန်း မသိသဖြင့် မန်ဟို့ကို ကြောင်တောင်တောင်လေး ကြည့်လေသည်။ အစက သူမနှင့် သူမယောက်ျားမှာ မျိုးနွယ်စုမှ ဝတ္တရားအရ လာရောက်နှုတ်ဆက်ရုံ နှုတ်ဆက်ခြင်းသာ ဖြစ်မည်ဟု ထင်ခဲ့ကြသည်။

သို့သော် အလည်လာရောက်မှုအတွက် အကြောင်းရင်းနောက်တစ်ခုလည်း ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားခဲ့ကြသည့်တိုင် ... ၎င်းက ဖန်ရှုံ့ဖုန်းကို မျိုးနွယ်စုခေါင်းဆောင် တင်မြှောက်ဖို့ ဖြစ်လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးကြပေ။

“အမေ” မန်ဟိုက ပြုံးရင်း ပြောသည်။ “ကျွန်တော်က ဖန်မျိုးနွယ်စုရဲ့ အိမ်ရှေ့မင်းသားဖြစ်နေပြီ။ အဲဒီလိုဆိုမှတော့ အဖေက မျိုးနွယ်စုခေါင်းဆောင်ဖြစ်သင့်တာ သဘာဝပဲလေ။ အဖေက လွဲပြီး ဘယ်သူ့ကိုမှ ကျွန်တော် လက်မခံဘူး”

ဖန်ရှုံ့ဖုန်း၏မျက်လုံးများ အရောင်လက်သွားပြီး သူက မန်ဟို့ကို တည်ကြည်လေးနက်စွာ ကြည့်သည်။ သူ့နှုတ်ခမ်းများ မသိမသာ လှုပ်သွားစဉ် သူက မေးခွန်းတချို့အား မန်ဟို့စိတ်ထဲသို့ ကူးပြောင်းပေးပို့လိုက်၏။

မန်ဟိုက မည်သည့်အရာကိုမှ ဖုံးကွယ်မထားဘဲ လောကပါလမျိုးနွယ်စုများနှင့် တာအိုသစ်စေ့များအကြောင်း အသေးစိတ်ရှင်းပြသည်။ ထို့နောက်တွင်တော့ ဖန်ရှုံ့ဖုန်းမှာ တုန်လှုပ်သွားတော့၏။

“ဆိုတော့ အဲဒါကို တာအိုသစ်စေ့လို့ ခေါ်တာပေါ့လေ ....” ဖန်ရှုံ့ဖုန်းက ရေရွတ်လိုက်သည်။ သူသည် သူ့တန်ခိုး သိသိသာသာ ကွဲပြားသွားခဲ့သည်ကို သတိထားခဲ့မိသော်လည်း မယုံနိုင်ခဲ့ပေ။ ၎င်းက အလွန်ထူးဆန်းခဲ့၏။ သို့သော် ယခုတော့ အကြောင်းနှင့်အကျိုးနှစ်မျိုးလုံးကို မြင်တွေ့ရပြီးနောက်တွင်တော့ ဖန်ရှုံ့ဖုန်းမှာ မန်ဟိုပြောခဲ့သလိုဖြစ်ကြောင်း နားလည်လိုက်လေပြီ... မန်ဟိုက တခြားမည်သူ့ကိုမှ မျိုးနွယ်စုခေါင်းဆောင်အဖြစ် အသိအမှတ်ပြုမည်မဟုတ်ပေ။

ယင်းက ဖန်ရှုတောက်နှင့် ဖန်ယန်ရှီတို့ စိုးရိမ်နေခဲ့သောအချက်တစ်ချက် ဖြစ်သည်။

“ကျေးဇူးအများကြီးတင်ပါတယ် ခေါင်းဆောင်ကြီးရှုတောက်နဲ့ ယန်ရှီ။ မျိုးနွယ်စုက ကျုပ်ကို မျိုးနွယ်စုခေါင်းဆောင်ဖြစ်စေချင်မှတော့ ... ကျုပ်လည်း အဲဒီတာဝန်နဲ့ဝတ္တရားကို ကျေပွန်အောင် တတ်စွမ်းနိုင်သမျှ ကြိုးစားလုပ်ဆောင်ပါ့မယ်” ဖန်ရှုံ့ဖုန်းက မငြင်းပေ။ ရုတ်တရက် သူ့တန်ခိုးသည် ပို၍ရင်သပ်ရှုမောဖွယ် ကောင်းလာ၏။ သူ့မျက်လုံးများက လျှပ်စီးသဖွယ် တောက်ပလာပြီး သူ ဖန်မျိုးနွယ်ဝင်များကို ကြည့်နေစဉ် သူ့ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ပေါ်ထွက်လာသည်။

မျက်စိတစ်မှိတ်အတွင်း ၎င်းက နှလုံးသားအားလုံးကို တုန်ရီသွားစေရင်း ကြယ်တာရာကောင်းကင်ကို တုန်ခါလှုပ်ရမ်းသွားစေသော မုန်တိုင်းကြီးတစ်လုံး ဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် ဝိညာဉ်မီးအိမ်များ သူ့ပတ်ပတ်လည်တွင် ပေါ်လာကာ သူ၏ ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့် ကျင့်ကြံခြင်းအခြေခံကို ဖော်ပြလိုက်သည်။

သူကား မိုးတိမ်ဂုရုကြီးထက် အားနည်းပုံမပေါ်ပေ။ သူသည် တာအိုနယ်ပယ်မှ ခြေလှမ်းလေးတစ်လှမ်းမျှသာ ကွာဝေးတော့၏။ ထို့အပြင် သူ စိတ်ရှိလျှင် ထိုခြေလှမ်းအား အချိန်မရွေး လှမ်းနိုင်သည်။

သို့သော် မအောင်မြင်ပါက တစ်ဝက်တစ်ပျက်တာအိုနယ်ပယ်တွင် အဆုံးသတ်ရလိမ့်မည်။ သူ ထိုရလဒ်ကို ရှောင်ရှားလိုသည့် အဓိကအကြောင်းရင်းကား သေခြင်းတရားကို ကြောက်ရွံ့၍မဟုတ်။ သူ့သားနှင့်သမီး၏ ရန်သူများ ဖိမ့်ဖိမ့်တုန်ကြောက်နေရအောင် အသက်ရှည်နိုင်သမျှ ရှည်ရှည်နေချင်၍ ဖြစ်သည်။

သူ့တန်ခိုးတို့ အရပ်လေးမျက်နှာသို့ လိမ့်ထွက်ရိုက်ခတ်သွားသည့်အခါ မူလက ဤအခြေအနေကို လက်ခံဖို့ အင်တင်တင်ဖြစ်နေခဲ့သော မျိုးနွယ်ဝင်များသည် ဖန်ရှုံ့ဖုန်း မည်မျှအစွမ်းထက်ကြောင်း ရုတ်တရက် ခံစားလိုက်ကြရ၏။

ထိုမျှသာမက ဖန်ရှုံ့ဖုန်းက ဓားသိုင်းသမားတစ်ယောက် ဖြစ်သည်။ ဓားသိုင်းသမားသည် ပင်ကိုယ်အားဖြင့် အစွမ်းထက်သည့်အတွက် သူ၏ကျင့်ကြံခြင်းအခြေနှင့် တွဲလိုက်သည့်အခါ ဖန်ရှုံ့ဖုန်းအား တစ်ဝက်တစ်ပျက်တာအိုနယ်ပယ်ပညာရှင်များကို တိုက်ခိုက်နိုင်သည်အထိ အင်အားကြီးမားသွားစေသည်။

ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသည်မှာ သဘာဝနိယာမများနှင့် အနှစ်သာရများလည်း သူ့ကို ရစ်သိုင်းနေသည်။ သူသည် တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် ရှိနေစဉ်  ကျင့်ကြံအားထုတ်၍မရခဲ့သည့်ပုံပေါ်သော်လည်း တကယ်တော့ သူ့ကျင့်စဉ်က အပြင်အားကျင့်ခြင်းကို ရပ်တန်ခဲ့ပြီး အတွင်းအားကျင့်နေခဲ့ခြင်းဖြစ်၏။ ဗဟိုချက်က သူ့အပြင်အားကိုယ်မဟုတ်တော့ဘဲ သူ့နှလုံးသား ဖြစ်လာခဲ့သည်။

ယနေ့အထိ သူကား သူ့တန်ခိုး၏ အင်အားအပြည့်အဝကို မည်သူ့ကိုမျှ မပြခဲ့ဖူးပေ။

မန်ဟို့မျက်လုံးများ လင်းလက်သွားပြီး သူက ရုတ်တရက် လက်ချောင်းတစ်ချောင်းကို သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်သည်။ ဖန်ရှုတောက်မှလွဲ၍ မည်သူမှ ထိုလှုပ်ရှားမှု၏အဓိပ္ပါယ်ကို မသိကြပေ။

မန်ဟို့လက်ချောင်း လှုပ်ရှားလိုက်သည်နှင့် ဖန်ရှုံ့ဖုန်းကိုယ်ထဲရှိ တာအိုသစ်စေ့သည် ရုတ်တရက် စွမ်းအားများဖြင့် ပြည့်သျှံလာသည်။ ဖန်ရှုံ့ဖုန်းကိုယ်တွင်း၌ ရှိနှင့်ပြီးသော မိုးပြာရောင်အလင်းက ပို၍လင်းလက်ကွန့်မြူးလာကာ ကြယ်တာရာကောင်းကင်အထိ ဖြာထွက်သွားတော့၏။

မိုးပြာရောင်အလင်းတန်း ပေါ်လာလျှင်ချင်း ဖန်ရှုံ့ဖုန်း၏တန်ခိုးသည် ပို၍အားကောင်းလာသည်။ ထူးဆန်းသောအရောင်အဝါများ တဖျတ်ဖျတ် လက်သွားပြီး တောင်ကောင်းကင်ဂြိုဟ်တစ်ဂြိုဟ်လုံး တဝုန်းဝုန်း တုန်ခါလာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် … လောကပါလအင်မော်တယ်တစ်ဦး၏တန်ခိုးက ... ဖန်ရှုံ့ဖုန်း၏ကိုယ်ထဲ၌ နိုးထလာနေလေပြီ။

ထို့အကြောင်းရင်းကြောင့် မိုးပြာရောင်အလင်းသည် ပို၍သိပ်သည်းစူးရှလာ၏။ သူ့ကျင့်ကြံခြင်းအခြေခံက တဝေါဝေါ လည်ပတ်နေကာ သူ့သွေးများ ပွက်လာသည်။ တစ်ချိန်တည်းမှာ အင်ပါယာစိတ်ဆန္ဒသည် သူ၏မျက်ဝန်းများ တရိပ်ရိပ်လှုပ်ရှားလာ၏။

ဖန်မျိုးနွယ်ဝင်များသည် ဤအခြင်းအရာကိုမြင်လျှင် အံ့ဩမဆုံးဖြစ်ကုန်ကြ၏။ ဖန်ရှုတောက်၏မျက်လုံးများတွင်မူ ထူးဆန်းသောအလင်းရောင်တစ်ရောင်နှင့်အတူ စိတ်လှုပ်ရှားမှုတို့ ပေါ်ပေါက်လာသည်။

သွေးဆက်၏စွမ်းအားကြောင့် ဖြစ်တန်ရာသည်၊ ဖန်ရှုံ့ဖုန်းကိုယ်ထဲရှိ လောကပါလအင်မော်တယ်ကနဦးနိုးထမှုကြောင့် ကျန်ဖန်မျိုးနွယ်ဝင်များထံမှလည်း မိုးပြာရောင်အလင်းများ ဖြာထွက်လာကြသည်။

ကြယ်တာရာကောင်းကင်သည် တုန်ရီနေပြီး မြေငလျင်များ လှုပ်ခတ်နေသည်။ နဝမတောင်ပင်လယ်တစ်ခုလုံးမှာ ကိုင်လှုပ်ခံနေရသည့်အလားပင်။ တောင်ပင်လယ်လောကပင် တုန်ရီနေသည်.... ၎င်းတို့ကား လောကပါလမျိုးနွယ်စု၏ ထွန်းတောက်မှုကို မျက်မြင်သက်သေတည်နေကြခြင်း ဖြစ်လိမ့်မည်။

“ဂါဝရပြုပါတယ် မျိုးနွယ်စုခေါင်းဆောင်”

“ဂါဝရပြုပါတယ် မျိုးနွယ်စုခေါင်းဆောင်” မည်သူက အရင်ဆုံး တိုင်တည်ကြွေးကြော်လိုက်သလဲ ပြောရခက်သော်လည်း မကြာခင် အသံများကား မုန်တိုင်းကြီးသဖွယ် ဟိန်းထွက်ရင်း ပို၍ပင်ကျယ်လောင်လာတော့သည်။

အခြားတစ်ဖက်တွင် မန်ဟိုမှာ ပင်ပန်းနုံးချိသွားပုံပေါ်သည်။ လက်ချောင်းလေးဝှေ့ယမ်းလိုက်ခြင်းက ရိုးရှင်းပုံပေါ်သော်လည်း သူ့အား အားအင်ကုန်ခမ်းသွားစေခဲ့သည်။ သို့သော် သူ့အဖေ အလွန်အင်အားကြီးမားလာပြီး သူ့အမေ အလွန်စိတ်လှုပ်ရှားနေသည်ကို မြင်ရဖို့ ... တန်လေသည်။

မန်ဟိုက ပြုံးလိုက်သည်။ ပီတိဖြစ်နေသော နှစ်လိုဖွယ်အပြုံးလေး ဖြစ်ချေ၏။

All Chapters