← Chapters

ချီးကို ကြိတ်မှိတ်သည်းခံ

Vol. 84 Ch. 1167

ချီးကို ကြိတ်မှိတ်သည်းခံ

Vol. 84 Ch. 1167

တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် တောက်ပစွာ လင်းလက်နေသော မီးအိမ်များနှင့် အောင်လံတံခွန်များအား နေရာတိုင်းလိုလိုမြင်ရနိုင်သည်။ ဖန်မျိုးနွယ်များက ကြယ်တာရာကောင်းကင်ထက်မှ အရှေ့ဘက်နယ်မြေ၊ တန်နိုင်ငံတော်၏ ပြည်နယ်အသီးသီးသို့ ပျံဆင်းလာခဲ့ကြကာ မှော်အစွမ်းများ သုံးရင်း ဧရာမခန်းမဆောင်များ၊ ပလ္လင်များ ဖန်ဆင်းနေကြသည်။

တစ်လလုံးလုံး သူတို့သည် တန်နိုင်ငံတော်ကို ဖန်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်အတွက် သင့်တော်လျောက်ပတ်သော နတ်ဘုံခန်းဝါနန်းဆောင်တစ်ဆောင်သဖွယ် ပြောင်းလဲခဲ့ကြ၏။ တောင်ကောင်းကင်မှ ကျင့်ကြံသူများအတွက်ပင် မရေမတွက်နိုင်သောအင်မော်တယ်ဂူများ ဖန်ဆင်းခဲ့ကြသည်။

အရှေ့ဘက်နယ်မြေ၏ တန်နိုင်ငံတော်သည် မျိုးနွယ်စုခေါင်းဆောင်တင်မြှောက်ခြင်းအခမ်းအနား အကြီးအကျယ် ကျင်းပမည့် နေရာဖြစ်၏။

ထိုမျှသာမက ဖန်ရှုံ့ဖုန်းသည် နန်းတက်ပွဲပြီးလျှင် တောင်ကောင်းကင်ဂြိုဟ်၌ ဆက်နေရမည်ဖြစ်ရာ ၎င်းက ဖန်မျိုးနွယ်စု၏ ဒုတိယဂြိုဟ်ဖြစ်လာသည်။ တောင်ကောင်းကင်ဂြိုဟ်က ယခုတွင် ဖန်မျိုးနွယ်စုအတွက် အလွန်အရေးပါသောနေရာတစ်နေရာ ဖြစ်လာခဲ့ပြီ ဆိုသည်ကို ဖွင့်ဟပြောစရာပင် မလိုပေ။

ဖန်ရှုတောက်က တောင်ကောင်းကင်ဂြိုဟ်ကို ပြင်ဆင်မွမ်းမံ၍ အားအင်ဖြည့်ပေးရာတွင် လာရောက်နိုင်သည့်မျိုးနွယ်ဝင်အားလုံး ပါဝင်ပေးရန် အမိန့်ထုတ်ပြန်သည်။ တစ်ဆက်တည်းမှာပင် အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ ပင်မနေရာရွှေ့ပြောင်းခြင်းမုခ်ဝနှင့် ဆက်သွယ်နေသော နေရာရွှေ့ပြောင်းခြင်းမုခ်ဝအမြောက်အမြားကိုလည်း စီရင်ကြ၏။ တောင်ကောင်းကင်ဂြိုဟ်ကား လုံးလုံးလျားလျား ပြောင်းလဲခံနေရသည်ဟု ဆိုနိုင်သည်။ အရှေ့ဘက်နယ်မြေ၏ တန်နိုင်ငံတော်တွင်သာမက မြောက်ပိုင်းသဲကန္တာရ၊ တောင်ပိုင်းဒေသနှင့် အနောက်ပိုင်းသဲကန္တာရတို့အပါအဝင် ကျန်နယ်မြေများတွင်လည်း ကြီးမားသောအပြောင်းအလဲများ ဖြစ်ကုန်ကြသည်။

မကြာမီ ဂြိုဟ်တစ်ဂြိုဟ်လုံးက ဖန်မျိုးနွယ်စု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့လေပြီ။ ထိုကိစ္စနှင့်ပတ်သက်၍ သဘောမတူနိုင်သည့် လူတစ်ယောက်မှ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဖန်ရှုံ့ဖုန်း မျိုးနွယ်စုခေါင်းဆောင်တရားဝင်ဖြစ်လာသည်နှင့် မျိုးနွယ်စုခေါင်းဆောင်က တောင်ကောင်းကင်ဂြိုဟ်ကို စောင့်ရှောက်ပေးလိမ့်မည်ဟု ဆိုလိုသည်။ ထိုမှတစ်ဖန် ဖန်မျိုးနွယ်စုတစ်စုလုံး၏ စောင့်ရှောက်ခြင်းကိုလည်း ခံစားရမည်မဟုတ်ပါလော။

အံ့မခန်းလိလိအပြောင်းအလဲများစွာကား တောင်ကောင်းကင်ဂြိုဟ်၏ တိုက်ကြီးလေးတိုက်ပေါ်တွင် စတင်ဖြစ်ပွားသည်။ အထူးသဖြင့် တောင်ပိုင်းဒေသ၊ မန်ဟိုနှင့်တောင်ပိုင်းဒေသ၏ ပတ်သက်မှုကြောင့် ၎င်းသည် အရှေ့ဘက်နယ်မြေပြီးလျှင် ဒုတိယအရေးပါသောနေရာဖြစ်လာမည်၊ ထိုနေရာရှိ ကျင့်ကြံသူများလည်း ကျင့်ကြံအားထုတ်ခြင်းအရသော်လည်းကောင်း၊ အခြားနည်းလမ်းများအရသော်လည်းကောင်း အထူးထောက်ပံ့ပေးခြင်းခံရလိမ့်မည်။ ထိုနေရာရှိ ဂိုဏ်းအများစုတွင် နဝမတောင်ပင်လယ်ရှိ အင်အားစုကြီးများနှင့် အဆက်အသွယ်ရှိကြသော်လည်း တောင်ပိုင်းဒေသတွင်တော့ မန်ဟိုက အမြင့်ဆုံးအာဏာကို သိမ်းပိုက်ထား၏။

တောင်ပိုင်းဒေသ၏ကျင့်ကြံသူများအတွက် မန်ဟိုက သူတို့ဂိုဏ်းများထက်ပင် လေးစားရိုသေဖွယ် ကောင်းလေသည်။

သွေးမိစ္ဆာဂိုဏ်းအတွက်မူ ထိုနေရာသည် မန်ဟိုနှင့် ရှုချင် လက်ထပ်ထိမ်းမြားခဲ့သောနေရာဖြစ်ခဲ့၏။ မန်ဟို၏ဆန္ဒအတိုင်း သွေးမိစ္ဆာဂိုဏ်းပတ်ဝန်းကျင်ကို ခြေရာလက်ရာမပျက် ပကတိအတိုင်း အမြဲထိန်းသိမ်းထားခဲ့ကြသည်။

ဖန်မျိုးနွယ်များ တသဲသဲ ရောက်လာနေကြသဖြင့် ရောင်စုံအလင်းတန်းများ တောင်ကောင်းကင်ဂြိုဟ်၏ကောင်းကင်တွင် တရွှီးရွှီးသွားလာနေသည်ကို မြင်ရနိုင်၏။ သူတို့ရောက်လာမှုက တောင်ကောင်းကင်ဂြိုဟ်ပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအင်များကို လျော့နည်းမသွားစေဘဲ ကြွယ်ဝလာစေသည်။

ကျီမျိုးနွယ်စုအခွဲနှင့်ပတ်သက်၍မူ သူတို့သည် အချိန်အတော်ကြာကတည်းက ဖန်ရှုံ့ဖုန်း၏ ချိုးနှိမ်ခံထားရသဖြင့် ယခုတွင် ပို၍ပင် ငြိမ်ကုပ်နေကြရတော့သည်။

ဖန်မျိုးနွယ်များ တောင်ကောင်းကင်ဂြိုဟ်ကို ပြင်ဆင်မွမ်းမံခြင်း စတင်နေကြစဉ် မန်ဟို၊ ဖန်ရှုတောက်၊ ဖန်ယန်ရှီနှင့် ဖန်ရှုံ့ဖုန်းတို့က သီးသန့်ဆွေးနွေးကြပြီး ထိုအတောအတွင်း မန်ဟိုက လောကပါလမျိုးနွယ်စုများအကြောင်း သူ သိထားသမျှအရာအားလုံးကို ရှင်းပြခဲ့သည်။ ထိုထဲတွင် သူ့ကိုယ်ပိုင်တာအို၏ ဇစ်မြစ်နှင့် တာအိုသစ်စေ့များ၏အာနိသင်များလည်း ပါဝင်သည်။ သူက မည်သည့်အရာကိုမှ ကွယ်ဝှက်မထားဘဲ အသေးစိတ်အကုန်ရှင်းပြလေသည်။

ဖန်ရှုတောက်မှာ တစ်ကြိမ်နားထောင်ခဲ့ပြီးသား ဖြစ်သော်လည်း စိတ်လှုပ်ရှားမိမြဲပင်။ ဖန်ယန်ရှီနှင့် ဖန်ရှုံ့ဖုန်းတို့နှစ်ယောက်လုံးမှာ သူတို့ကြားနေရသောအရာများကြောင့် စိတ်အားထက်သန်လာတော့သည်။

“ဖန်မျိုးနွယ်စုက ထွန်းတောက်ကျော်ကြားလာဖို့ ကံပါတာပဲ” ဖန်ရှုံ့ဖုန်းက ပြောသည်။ “ကျုပ်တို့က နဝမတောင်ပင်လယ်ကိုပဲ အုပ်စိုးမှာမဟုတ်ဘူး၊ အဲဒီရဲ့အလွန်အထိ အာဏာလွှမ်းမိုးလာပြီး တောင်ပင်လယ်လောကတစ်ခွင်မှာ အင်အားအကြီးမားဆုံးမျိုးနွယ်စု ဖြစ်လာစေရမယ်

“အခုတော့ ဟိုအာ့ကိစ္စကို ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် ထားရမယ်။ တာအိုနယ်ပယ်ပညာရှင်တွေပဲ အမှန်ကို သိရမယ်" ဆုံးဖြတ်ချက်ချပြီးနောက် ဖန်ရှုံ့ဖုန်းက မန်ဟို့ကို အရှေ့အောင်ပွဲဂြိုဟ်တွင် နေရန် အကြံပြုသည်။

မန်ဟိုက အားတုံ့အားနာပြုံးရင်း အလိမ္မာနည်းဖြင့် ငြင်းပယ်လိုက်၏။ တခြားသူသာ အကြံပြုလျှင် သူ အဖက်ပင်လုပ်မည်မဟုတ်ပေ။ သို့သော် သူ့အဖေဖြစ်နေ၍ သူ့မှာ ယဉ်ယဉ်ကျေးကျေး ဆင်ခြေပေးနေရသည်။ ဖန်ရှုံ့ဖုန်းက မျက်မှောက်ကြုတ်နေသော်လည်း နောက်ဆုံး သဘောတူလိုက်၏။

သူ့အဖေကို ဖျောင်းဖျပြီးနောက် မန်ဟိုမှာ  သူ့အမေကို ရှာဖို့ ထွက်လာတော့သည်။ သူက ဈေးမှ ဝယ်ခဲ့သောအရာအားလုံးကို အလျင်အမြန် ထုတ်၍ သူမအား ပေးလိုက်သည်။ မန်လီမှာ အလွန်ကျေနပ်နေ၏။ သူမအတွက် မန်ဟို မည်သည့်အရာကိုပင် ဝယ်လာပါစေ ၊ သူ့နှလုံးသားထဲမှ ခံစားချက်သည် အရေးအကြီးဆုံးဖြစ်၏။

“ကြည့်ပါဦး အမေ့ သားလေးကို” သူမက သူ့ဆံပင်များကို ထိုးဖွရင်း နူးညံ့နွေးထွေးစွာ ပြောသည်။ “အမြဲပိုက်ဆံတွေ ဖြုန်းတီးပစ်နေတာပါလား။ သားတော့ ဘယ်လိုခြိုးခြံချွေတာရမလဲ သင်ယူဖို့ လိုနေပြီ။ အမေ သားငယ်ငယ်တုန်းက ငွေစုဖို့ သင်ပေးခဲ့တာ မမှတ်မိဘူးလား။ ‘ငွေဒင်္ဂါးတစ်ပြားရှိလျှင် မသုံးစွဲခင် နှစ်ခြမ်းခြမ်းပါ’ ဆိုတာလေ။ ဝိညာဉ်ကျောက်တုံးတွေလည်း အဲဒီသဘောတရားအတိုင်းပဲ

“ဒါ့အပြင် သားက သိပ်သနားတတ်လွန်းတယ်၊ သိပ်ငဲ့ညာတတ်လွန်းတယ်။ သိပ်ရိုးသားလွန်းတယ်။ ဉာဏ်ကောင်းတဲ့ကလေးတစ်ယောက်ဆိုပေမယ့် အမေ သင်ပေးခဲ့တာကိုလည်း မမေ့ရဘူးလေ။ ကိုယ့်ကိုကိုယ် ဘယ်တော့မှ အရှုံးမထွက်စေနဲ့

“ကျင့်ကြံသူလောကဆိုတာ ဦးသူစားစတမ်း နေရာတစ်နေရာ သားရဲ့။ သားအနေနဲ့ အချိန်အပြည့် သတိကပ်နေရမှာ။ အမေအစိုးရိမ်ဆုံးက အဲဒါပဲ သိလား။ သားက အမေ့လို သိပ်သနားတတ်လွန်းတယ်၊ ရိုးသားလွန်းတယ်။ သားအစ်မလိုမဟုတ်ဘူး။ သူက သားအဖေနဲ့ပိုတူတယ် အကုန်လုံးကို သံသယဝင်နေတာလေ” မန်လီက စိုးရိမ်စိတ်ပြည့်နေသော မျက်ဝန်းများဖြင့် ခေါင်းခါလိုက်သည်။

မန်ဟို့မျက်နှာမှာ တစ်မျိုးတစ်မည်ဖြစ်နေပြီး သူမစကား နားထောင်နေစဉ် မျက်နှာနီမြန်းလာတော့သည်။ သူမှာ သူမတမင်တကာ ရွဲ့များပြောသလားပင် မသိ၍ သေချာအောင် အကဲခတ်လိုက်သည်။

“အမေ ကျွန်တော်... အရှုံးထွက်အောင် ဘယ်တော့မှ မလုပ်ပါဘူး” သူက ရှင်းပြသည်။

“အရှုံးထွက်အောင် ဘယ်တော့မှ မလုပ်ဘူးတဲ့လား” မန်လီက ကြင်ကြင်နာနာ ပြန်မေးသည်။ “အမေ့အတွက် သား ယူလာတာတွေ ကြည့်လေ။ တစ်ချက်ကြည့်လိုက်တာနဲ့ သား အူဘယ်နှစ်ခွေ ရှိလဲ အမေသိတယ်။ သား တစ်ပတ်ရိုက်ခံခဲ့ရတာ သိသာနေတာပဲကို

“ကျွန်တော် တစ်ပတ်အရိုက်မခံရပါဘူး..." မန်ဟိုက မိုးတိမ်ဂုရုကြီးနှင့်ပတ်သက်၍ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ကပျာကယာ ရှင်းပြလိုက်သည်။ သူ့အမေ အကြောင်းမဲ့သက်သက် မျှော်လင့်နေမိမှာစိုး၍ ကျောက်စိမ်းလည်ဆွဲကိစ္စကိုတော့ ချန်ထားခဲ့သည်။ ထိုသတင်းကို သူမဆီ မပြောပြခင် သဲလွန်စများ စုပြီးသည်အထိ သူ စောင့်ချင်သေးသည်။ သူရှင်းပြပြီးသည်နှင့် မန်လီက ပို၍ပင်စိုးရိမ်နေသောအမူအရာဖြင့် သူ့ကို မျက်မှောင်ကြုတ်ကြည့်လေသည်။

“ငတုံးလေး ဘာလို့ အဲဒီလိုသွားလုပ်ရတာတုန်း" သူမက သက်ပြင်းချကာ ပြောသည်။ “မိုးတိမ်ဂုရုဆိုတဲ့လူကို ဒီတိုင်း တန်းမသတ်သင့်ဘူး သိရဲ့လား။ ကောင်စုတ်လေး အဲဒါကြောင့် အမေက မင်း အရှုံးထွက်နေပြီလို့ ပြောနေတာ။ လူတိုင်းမှာ မိတ်ဆွေသူငယ်ချင်းတွေ မိသားစုတွေ ရှိကြတယ်။ အမေတောင် သူ့အကြောင်း ကြားခဲ့ဖူးသေးတယ်။ သူ့မှာ လူချမ်းသာသူငယ်ချင်းတွေအများကြီး ရှိတယ်တဲ့။ သား လုပ်ရမှာက သူ့ကို ဒီတိုင်းလေး လွတ်ပေးလိုက်၊ သူက သူ့မိတ်ဆွေဆီက အကူညီသွားတောင်းလိမ့်မယ်။ ပြီးရင် သူ့မိတ်ဆွေတွေက ဘယ်သူဖြစ်မလဲ လိုက်ကြည့်

“အဲဒါဆို ဆင်ခြေပေးစရာတောင် မလိုဘဲ သူတို့အားလုံးကို ဓားပြတိုက်နိုင်ပြီ။ ကဲ ဘယ်လောက်အမြတ်ထွက်မလဲ စဉ်းစားကြည့်စမ်း။ အိုင်းယား သားက တကယ် အမေ့လိုပဲ။ ရိုးသားလွန်းတယ်” သူ့အမေက ခါးခါးသီးသီး ရယ်ရင်း စကားအဆုံးသတ်လိုက်သည်။

မန်ဟို့မျက်လုံးများ ဝိုင်းစက်သွားပြီး သူ့မှာ တအံ့တဩ ကြည့်လိုက်မိသည်။

“သား သူ့ကို မသတ်သင့်တဲ့ အကြောင်းရင်းနောက်တစ်ခု ရှိသေးတယ်” သူမက ဆက်ပြောသည်။ “တစ်ဝက်တစ်ပျက်တာအိုပညာရှင်တွေက ဘယ်လောက်တန်လဲ သိလား။ သူ့ကို အဋ္ဌမတောင်ပင်လယ်ဆီ ခေါ်သွားလိုက်၊ စိတ်ကူးနဲ့မှန်းဆလို့တောင် မရတဲ့ တန်ဖိုး ရလိမ့်မယ်။ သားက သိပ်အတွေ့အကြုံနုလွန်းတာပဲ။ မြင်တတ်သင့်သလောက် မမြင်တတ်သေးဘူး။ သားတွေးနိုင်တာဆိုလို့ အဲဒီမဖြစ်စလောက် ဈေးလေးပဲ ရှိတယ်။ အဲဒီနေရာက ဘယ်လောက်မှမတန်ဘူး သားရဲ့

“ကြည့် သေသေချာချာ ခွဲခြမ်းစိတ်ဖြာကြည့်ရင် သား တကယ် တစ်ပတ်ရိုက်ခံခဲ့တာ မြင်လိမ့်မယ်။ သား ငယ်ငယ်တုန်းက အမေသင်ပေးခဲ့တာကို မမှတ်မိဘူးလား။ အပြင်ထွက်လာပြီး တန်ဖိုးရှိတာတစ်ခုတွေ့လို့ မကောက်လိုက်ရင် ဆုံးရှုံးလိုက်ရတာနဲ့အတူတူပဲ ဆိုတာလေ

“နောက်တစ်ခုက တစ်ဝက်တစ်ပျက်တာအိုပညာရှင်တစ်ယောက်ရဲ့တစ်ကိုယ်လုံးက မှော်ရတနာဖြစ်နေတာကွယ့်။ သား သူ့ကို သတ်လိုက်ရင်တောင်မှ သူ့အလောင်းကို စတုတ္ထတောင်ပင်လယ်ဆီ ပို့လိုက်ရင် အမြတ်အကြီးကြီးထွက်လိမ့်မယ်

“ပြီးတော့ တစ်ဝက်တစ်ပျက်တာအိုပညာရှင်ရဲ့ အရိုးတွေကလည်း သတ္တမတောင်ပင်လယ်မှာ ဈေးကောင်းရနိုင်တယ်။ အဲဒါတွေက အမြဲတမ်းရနိုင်တဲ့အရာတွေမှ မဟုတ်တာ မဟုတ်လား။ ဒါပေမဲ့ သားက အကုန်လုံး သဲထဲ ရေသွန်ပစ်ခဲ့တယ်။ အိုင်းယား သားက တကယ် ရိုးသားလွန်းတယ်၊ ဖြောင့်မတ်လွန်းတယ်ကွယ်" မန်ဟို့အမေ စကားပြောပြီးသည့်အချိန်တွင် သူမအသံသည် မန်ဟို့နားထဲတွင် တဂျိန်းဂျိန်း ထစ်ချုန်းသွားပြီး သူ့မှာ သူမအား ပါးစပ်အဟောင်းသား ကြည့်နေမိတော့၏။

အတန်ကြာသော် သူက သူ့ပေါင်အား ဖြန်းခနဲ ချလိုက်ရင်း အတိုင်းထက်အလွန် စိတ်ပျက်သွားသောအသံဖြင့် ပြောတော့သည်။ “အမေ မှန်တယ်ဗျာ၊ သေလိုက်ပါတော့ ကျွန်တော် ဘာလို့မစဉ်းစားမိခဲ့တာပါလိမ့်” သူ့မှာ ဆုံးရှုံးခဲ့ရသည့် ဝိညာဉ်ကျောက်တုံးပမာဏကို တွေးရင်း ရင်ထဲအောင့်သွားသည်။

မန်လီက စိုးရိမ်မြဲစိုးရိမ်နေသောဟန်ဖြင့် သက်ပြင်းချ၍ သူ့ဆံပင်များကို ဖွလိုက်သည်။

“သား အမြင်ကျယ်ကျယ် စဉ်းစားတတ်ဖို့ လိုတယ်။ အခုအတိုင်းသာ ဆက်သွားရင် အမေတော့ သားတစ်ယောက်တည်း အပြင်မှာရောက်နေတာကို အမြဲစိုးရိမ်နေရမှာ” သူမစကားပြောလိုက်သည့်အချိန်မှာပင် မန်ဟို့မျက်နှာမှာ ရုတ်တရက် မဲ့သွားပြီး ပျာယာခတ်နေသောအမူအရာပေါ်လာသည်။ မန်လီလည်း မန်ဟို ခံစားလိုက်ရသည့်အရာကို သတိထားမိသွား၍ ပြုံးလိုက်လေသည်။

“သား အစ်မ ပြန်ရောက်နေပြီ။ အချစ်တုံးလေး၊ သား ထွက်သွားပြီးတော့ ပြန်လာတာ ဒါ ပထမဆုံးအကြိမ်နော်။ သားအစ်မကို အတုယူ။ သူက ခဏခဏ ပြန်လာပြီး သားရော ပြန်ရောက်ပြီလား အမြဲမေးနေတာ။ ဪ ဟုတ်သား မေ့တော့မလို့၊ သူ လာလည်တိုင်း သူ့ယောက်ျားလေးကိုလည်း ခေါ်လာတတ်တယ်” မန်လီမျက်လုံးများက ရုတ်တရက် ဉာဏ်များသောအလင်းရောင်ဖြင့် တောက်ပလာသည်။ သူမစကားပြောပြီးသည်နှင့် သူတို့နေနေသည့် အဆောင်၏အရှေ့တံခါးမှာ ဝုန်းခနဲ ပေါက်ကွဲသွားတော့သည်။

“မန်ဟို ခွေးသူတောင်းစားလေး။ နောက်ဆုံးတော့ နင့်ကို တွေ့ပြီ” မိန်းကလေးတစ်ယောက်က ဒေါကန်နေသော နဂါးမကြီးသဖွယ် တံခါးအစအနများထဲမှ ပျံဝင်လာသည်။ သူမကျင့်ကြံခြင်းအခြေခံသည် နက်နဲသိမ်မွေ့၏။ ကြည့်ရသရွေ့ အဆင့် ၅ အင်မော်တယ်ဖြစ်တန်ရာသည်။ သူမကား မန်ဟို့အစ်မ၊ ဖန်ယုမှတစ်ပါး အခြားမဟုတ်ပေ။

ဖန်ရှုံ့ဖုန်းနှင့် အင်မော်တယ်ဧကရာဇ်ဘုရားကျောင်း၏ ပတ်သက်မှုကြောင့် သူမသည် ထိုဘုရားကျောင်းတွင် နေရာတစ်နေရာ အပေးခံခဲ့ရသည်။ ဘုရားကျောင်း၏တပည့်ဖြစ်လာပြီးနောက် သူမကား တိုးတက်ပြီးရင်း တိုးတက်လာခဲ့၏။ မျိုးဆက်တူများအကြား ထူးချွန်ပြောင်မြောက်လှသူအဖြစ်တော့ မသတ်မှတ်နိုင်သော်လည်း သူမသည် ‘ဖြေးဖြေးမှန်မှန်သွားခြင်းက ပြိုင်ပွဲကို အနိုင်ရသည်’ဆိုသော ဆောင်ပုဒ်ကို လက်ကိုင်ထားခဲ့၏။ အဆင့်တစ်ဆင့်တက်တိုင်း သူမက သူမ၏အခြေခံကို ပိုမိုခိုင်မာ၍ တည်ငြိမ်အောင် လုပ်ခဲ့သည်။

သူမ ယခုလေးတင် ထုတ်လွှတ်လိုက်သော လက်သီးချက်က အဆောက်အအုံတစ်ခုလုံးကို ယိမ်းထိုးသွားစေခဲ့သည်။ မန်လီ့မျက်နှာတွင် အံ့အားသင့်သွားသောအရိပ်အယောင် ပေါ်လာပြီး သူမက ဖျတ်ခနဲ ဝေးဝေးရှောင်လိုက်တော့သည်။

“သားတို့နှစ်ယောက် မတွေ့ရတာ နှစ်နဲ့ချီနေပြီမလား” သူမက အော်ပြောသည်။ “တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးလိုက်ကြဦး။ ဟိုအာ သားအစ်မက စိတ်ကြီးပေမယ့် သားက လိမ္မာတယ်နော်။ ဒီတိုင်း ကြိတ်မှိတ်သည်းခံလိုက် ဟုတ်ပြီလား”

“ချီးကို ကြိတ်မှိတ်သည်းခံ၊ ဒီကိုလာစမ်း မန်ဟို။ နင့်ကို သေအောင် မရိုက်ဘူးလို့ ကတိပေးမယ်။ နင်က အဲဒီအကောင်စုတ်စွန်းဟိုက် ငါ့ကို ပိုးပန်းနိုင်အောင် မြှောက်ပေးခဲ့တာ ယုံတောင်မယုံနိုင်ဘူး။ နင်...နင်...နင် .... ငါက နင့်အစ်မလား သူက နင့်အစ်မလား" ဖန်ယုက အမျက်တချောင်းချောင်းထွက်လျက် အော်ဟစ်ဆဲဆိုပြီး မန်ဟို့ဆီ ပြေးဝင်လာသည်။

“အစ်မက ကျွန်တော့်အစ်မပါဗျာ။ သူက  အစ်မနဲ့တွဲချင်ရင်တောင် မတွဲနိုင်တဲ့ကောင်တစ်ကောင်ပါဗျ” မန်ဟိုက ချက်ချင်း ထွက်ပြေးသည်။ သူ့မှာ ကော်နှင့်ကပ်ထားသလို ဖန်ယုနောက်မှ ထပ်ကြပ်မကွာ လိုက်လာသော ဖားနေသည့်မျက်နှာပေးဖြင့် ကတုံးစွန်းဟိုက်ကို မြင်သောအခါ အတန်ငယ်အပြစ်ရှိသလို ခံစားလိုက်ရတော့သည်။ မန်ဟို့အပြုံးသည် ပို၍ပင် ခါးသီးလား၏။

ထိုစဉ်က သူသည် စွန်းဟိုက်ထံမှ အတိုးတချို့ ရခဲ့တုန်းက သဘောကျနေသည့်မိန်းကလေးတစ်ယောက်ကို ရအောင် မည်သို့လုပ်ရမလဲ အကျယ်တဝင့် ရှင်းပြပေးခဲ့၏။ စွန်းဟိုက်ပြောနေခဲ့သော မိန်းကလေးက သူ့အစ်မဖြစ်နေလိမ့်မည်ဟု မန်ဟို မည်သို့တွေးနိုင်ခဲ့မည်နည်း။

အဖြစ်မှန်ကို သိပြီးနောက် သူ့မှာ စွန်းဟိုက်ကို ဆုံးမရန် ပြင်ခဲ့သော်လည်း တခြားကိစ္စများက နှောင့်ယှက်ခဲ့သည်။ သူ ပြန်ရောက်လာသောအခါ စွန်းဟိုက်အား ဘယ်နေရာတွင်မှ ရှာမတွေ့ခဲ့ရာ မန်ဟိုမှာ ရင်လေးခဲ့ရလေသည်။

ဖန်ယု သူ့ကို ကြိမ်းမောင်းနေသောပုံစံအရ စွန်းဟိုက် သူ့ကို ချောက်ချခဲ့ပြီဖြစ်ကြောင်း မန်ဟို ချက်ချင်း သဘောပေါက်လိုက်သည်။

“စွန်းဟိုက်” သူက ဟိန်းဟောက်သည်။ သူ့မှာ ဖန်ယုကို လက်မရွယ်ရဲသော်လည်း စွန်းဟိုက်နှင့်ပတ်သက်လာလျှင် ယခုလိုအထင်အမှားမခံနိုင်ပေ။ သူ အနားရောက်လာပြီး လှုပ်ရှားတော့မည့်အချိန်မှာပင် စွန်းဟိုက်က ရုတ်တရက် လက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးသည်။

“စွန်းဟိုက် ဂါဝရပြုပါတယ် ယောက်ဖလေး။ အဲဒီနေ့က ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး” ထို့နောက် စွန်းဟိုက်က သိုလှောင်အိတ်တစ်အိတ်ထုတ်လိုက်သည်။

“ယောက်ဖလေး ဒါတွေက ငါ မင်းကို အဲဒီနှစ်တုန်းက ပေးစရာရှိခဲ့တဲ့ ဝိညာဉ်ကျောက်တုံးတွေပါ။ အတိုးလည်း ထည့်ပေးထားတယ်။ ယောက်ဖလေး လက်ခံပေးနော်” စွန်းဟိုက်သည် အံ့အားသင့်နေသာ မန်ဟို့လက်ထဲသို့ သိုလှောင်အိတ်ကား ကပျာကယာ ပစ်ထည့်လိုက်သည်။ ဤသည်မှာ တင်သည့်အကြွေးကို လိုလိုလားလား ပြန်ဆပ်နေသည့် ပထမဆုံးလူပင်။ မန်ဟိုမှာ အိတ်ကို အလိုလို ဖမ်းယူလိုက်မိ၏။

စွန်းဟိုက်က ချက်ချင်း မန်လီ့အရှေ့ သွားရပ်သည်။ သူက ဒုန်းခနဲ ဒူးထောက်လိုက်လေသည်။

“စွန်းဟိုက် ဂါဝရပြုပါတယ် သခင်မကြီး” သူက ထပ်ခါတလဲလဲ အရိုအသေပေးရင်း ပြောသည်။ “ဒီခရီးက နည်းနည်းအလျင်လိုခဲ့ရပေမယ့် လက်ဆောင်သေးသေးလေးတစ်ခုတော့ ယူလာခဲ့နိုင်ပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ သခင်မကြီး။ သခင်မကြီး အမြဲတမ်းနုပျိုလှပနေပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်” ထို့နောက် စွန်းဟိုက်သည် ထရပ်၍ သိုလှောင်အိတ်တစ်အိတ်အား မန်လီဆီ ကမ်းပေးလိုက်၏။

မန်လီက လက်ခံ၍ အကဲခတ်ကြည့်ပြီးနောက် နွေးထွေးစွာ ပြုံးလိုက်သည်။

“မင်းက အလည်လာတိုင်း လက်ဆောင်ယူလာတတ်တာပဲ ကလေး။ နောက်ကျ ဒီလောက်အထိ ယဉ်ကျေးနေစရာမလိုပါဘူးကွယ်”

All Chapters