← Chapters

မိတ်ဆွေများနှင့် ကံကြွေးချေခြင်း

Vol. 84 Ch. 1168

မိတ်ဆွေများနှင့် ကံကြွေးချေခြင်း

Vol. 84 Ch. 1168

မန်ဟိုက သူ့လက်ထဲရှိ သိုလှောင်အိတ်ကို ကြည့်ပြီးနောက် သူ့အမေကိုင်ထားသည့် အိတ်ကိုလည်း လှမ်းကြည့်လိုက်သည်။ စွန်းဟိုက်သည် ထင်ထားခဲ့သလို စိတ်ရှုပ်စရာမကောင်းတော့ကြောင်း သူ ခံစားလိုက်ရ၏။

သို့သော် ဖန်ယုကလည်း သူ့ကို ဆဲဆိုနေသေးရာ မန်ဟိုမှာ ကြောက်လန့်တုန်ရီလာသည်။ သူက ဖျတ်ခနဲ ရှေ့တက်၍ စွန်းဟိုက်၏အရှေ့တည့်တည့်တွင် ပေါ်လာသည်။

“စွန်းဟိုက် ရာရာစစ ငါ့ကို ယောက်ဖလို့ ခေါ်ရတယ်လို့” သူက မျက်လုံးများမီးဝင်းဝင်းတောက်နေလျက် ကြိမ်းမောင်းလိုက်သည်။ “ငါ့အစ်မက ပန်းပွင့်လေးလို သန့်ရှင်းစင်ကြယ် နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းတဲ့ နှစ်ယောက်မရှိတဲ့ မိန်းကလေးကွ။ မင်း သူ့ကို ပိုးပန်းချင်ရင် ရတယ်။ ဒါပေမဲ့ ငါ အသိအမှတ်မပြုဘဲ ဘယ်သူ့မှ ငါ့အစ်မကို လက်ထပ်လို့မရဘူး” သူ့လက်ခလယ်နှင့်လက်ညှိုးက စွန်းဟိုက်နဖူးကို ရွယ်ရင်း လျှပ်စီးလို ထွက်သွားသည်။ စွန်းဟိုက်၏ကျင့်ကြံအဆင့်ကို ထည့်တွက်လျှင် ထိုတိုက်ကွက်သာ ကျရောက်လာလျှင် သူ မြေကြီးလက်ခတ်မလွဲ သေရလိမ့်မည်။

မန်ဟိုက အလွန်လျင်မြန်စွာ တိုက်ခိုက်လိုက်သဖြင့် သူ့အမေပင် အံ့အားသင့်သွားသည်။ သို့သော် မန်လီသည် တစ်ခုခုမူမမှန်ကြောင်း ဒက်ခနဲ ရိပ်မိလိုက်၏။ သူ့သားအတွေးကို သူမ နားလည်သည့်အပြင် မန်ဟိုက ဖြစ်ကတတ်ဆန်း လူသတ်တတ်သူ မဟုတ်ကြောင်းလည်း သိသည်။ သူ့လက်ချောင်းတိုက်ကွက်ထဲတွင် ပို၍နက်နဲသောအဓိပ္ပါယ်တစ်ခု ရှိလိမ့်မည်။

မန်ဟို သူ့ဆီ ပြေးဝင်လာသည်ကို မြင်လိုက်သည့်အခါ စွန်းဟိုက်မျက်နှာမှာ ဖြူဖျော့သွားပြီး ချာချာလည်မူးဝေသွားသည်။ သူက ချက်ချင်း နောက်ဆုတ်လိုက်သော်လည်း ကျင့်ကြံအဆင့်ကွာခြားမှုကြောင့် သူ့မှာ လပြည့်ဝန်းနှင့် အံဖက်ပြိုင်နေသည့် ပိုးစုန်းကြူးပမာ ဖြစ်နေချေသည်။ သူ့အတွက် မန်ဟို့တိုက်ကွက်ကို ရှောင်တိမ်းဖို့ မဖြစ်နိုင်ပေ။ တစ်ချိန်တည်းမှာပင် ဖန်ယုက ဒေါကန်နေသောနဂါးမကြီးသဖွယ် မန်ဟို့ဆီ အပြေးလာနေသည်။

“မန်ဟို လက်ဖယ်လိုက်စမ်း”

“စိတ်မပူနဲ့ အစ်မ” မန်ဟိုက ပြန်ပြောသည်။ “ဒီနှာဘူးကို အစ်မအတွက် ကျွန်တော် သတ်ပေးမယ်။ အခုကစပြီး အစ်မ အေးအေးချမ်းချမ်း နေရလိမ့်မယ်။ ဒါက မောင်တစ်ယောက်ရဲ့တာဝန်ပဲ”

ဖန်ယုမှာ ရုတ်တရက် ပို၍ပင်စိတ်ပူစပြုလာသည်။ “မန်ဟို အယုတ်မာကောင်၊ သူ့ကို ထိခိုက်အောင် မလုပ်နဲ့လို့ ငါ ပြောနေတယ်လေ”

သူမစကားသံ ထွက်လာသည့်အချိန်မှာပင် မန်ဟို့လက်ချောင်းများသည် စွန်းဟိုက်၏နဖူးကို ထိလိုက်၏။ စွန်းဟိုက်မှာ ရုတ်ခြည်း တုန်ရီလာသည်။ သို့သော် ဤအခိုက်အတန့်တွင် သူသည် မျက်စိတစ်ဖက်မှိတ်ပြလိုက်သော မန်ဟိုမှ ကူးပြောင်းပေးပို့လိုက်သည့်စာကို လက်ခံရရှိလိုက်၏။

“အစ်ကိုကြီးစွန်း ဒါ အခွင့်အရေးပဲ စတော့”

စွန်းဟိုက်သည် နလပိန်းတုံးမဟုတ်၍ ချက်ချင်း လျှာကိုက်ကာ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားစေသည်။ ထို့နောက် သူက စူးစူးဝါးဝါး အော်ဟစ်ရင်း နောက်သို့လှန်ချပစ်လိုက်သည်။ ပီပြင်စေဖို့အလို့ငှာ သူ့ကျင့်ကြံခြင်းအခြေခံကိုလည်း ပရမ်းပတာဖြစ်သွားစေ၍ သူ၏မွေးညင်းပေါက်များမှ သွေးများ ပန်းထွက်လာသည်။

“စွန်းးးးးးးဟိုက်” ဖန်ယုသည် ငိုကြွေးရင်း စွန်းဟိုက်အနား ကမန်းကတန်း ရောက်လာကာ သူ့ကို လှမ်းပွေ့လိုက်၏။ သူမအမူအရာလေးမှာ အလွန်အမင်း စိုးရိမ်သောကရောက်၍ ပျာယာခတ်နေသောပုံစံရှိသည်။

“ကိုယ်... ကိုယ်လေ ထပ်တောင့်မခံနိုင်တော့ဘူး” စွန်းဟိုက်က အသက်ငင်နေသကဲ့သို့ အသက်အလုအယက်ရှူရင်း တုန်ရီနေသည်။ “ကိုယ်မသေခင် .... ဖြစ်ချင်တဲ့ဆန္ဒလေးတစ်ခုပဲ ရှိပါတယ်။ ကိုယ်...” ဖန်ယုက ရုတ်တရက် မျက်မှောင်ကြုတ်၍ မျက်နှာကြီးမည်းသွားသည်။

“အယုတ်တမာကောင်” သူမက အံတင်းတင်းကြိတ်ထားသည့်ကြားမှ ဆဲလိုက်သည်။ ထို့နောက် လက်ကို မြှောက်၍ စွန်းဟိုက်ပါးအား ပယ်ပယ်နှယ်နှယ် ချရန် ပြင်သည်။ စွန်းဟိုက်က ကပျာကယာ ရှောင်လိုက်ရာ ဒဏ်ရာမရထားကြောင်း သိသာသွားတော့သည်။ ဖန်ယုသည် ပို၍စိတ်တိုသွား၏။ သူမက မန်ဟို့ကို မျက်စောင်းထိုးပြီးနောက် စွန်းဟိုက်ကို လိုက်ရိုက်တော့သည်။

ဖန်ယု၏ဒေါသက သူ့တစ်ယောက်တည်းအပေါ်သာ ပုံမကျတော့သည်ကို မြင်လျှင် မန်ဟိုမှာ စိတ်သက်သာရာရသွားသည်။ သူ့ကျင့်ကြံအဆင့်က ပို၍အစွမ်းထက်လျှင်တောင်မှ သူ့အနေဖြင့် သူ့မိဘနှစ်ပါးနှင့် သူ့အစ်မကို ထိရဲမည်မဟုတ်ပေ။ ထို့အပြင် သူ့အမေ စွန်းဟိုက်ကို ဆက်ဆံသောပုံစံအရ သူမနှင့် သူ့အဖေသည် သူတို့၏ပတ်သက်မှုကို အသိအမှတ်ပြုထားကြောင်း သူ ပြောနိုင်သည်။

ဖန်ယု၏သဘောထားနှင့်ပတ်သက်၍ သူမ စွန်းဟိုက်ကို ပြောနေသောစကားများအရ မသိနိုင်သော်လည်း ... ဖန်ယုသည် စွန်းဟိုက်ကို အမှန်တကယ် ကြိုက်နှစ်သက်၏။ စွန်းဟိုက် နှစ်ပေါင်းများစွာ ခံစားခဲ့ရသော ထုထောင်းရိုက်နှက်မှုဒဏ်တို့က နောက်ဆုံးတော့ သူမနှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပုံရသည်။

မန်လီက မန်ဟို့ဘေးတွင် ပေါ်လာပြီး စိတ်တိုနေသောဖန်ယု စွန်းဟိုက်ကို လိုက်ဖမ်းနေသည့်မြင်ကွင်းအား ကြည့်နေသည်။ မန်လီ၏မျက်ဝန်းများသည် နွေးထွေးကြင်နာမှုတို့ဖြင့် ပြည့်သျှံလျက်ရှိပြီး သူမက ပြောလေ၏။ “သားအဖေနဲ့ အမေတို့နှစ်ယောက်လုံး သူတို့ကို အသိအမှတ်ပြုပေးထားတယ်။ စွန်းဟိုက်က လက်ဖျားခါလောက်အောင်တော့ မထူးချွန်ပေမယ့် မဆိုးရှာဘူး။ အရေးအကြီးဆုံးက သူက သားအစ်မကို တကယ်ချစ်တာ။ နှစ်ပေါင်းများစွာ သားအစ်မရဲ့ အနိုင်ကျင့်ထုထောင်းတာ ခံခဲ့ရပေမယ့် အမြဲငြိမ်ခံနေတဲ့တယ်။ အဲဒီကလေးက တကယ်စိတ်ထားကောင်းတယ်

“သားအဖေနဲ့ အမေ စကားပြောပြီးပြီ။ မထင်မှတ်ထားတာတစ်ခုခု မဖြစ်သရွေ့ သူတို့နှစ်ယောက် လာမည့်နှစ်အနည်းငယ်အတွင်း တရားဝင်ဇနီးမောင်နှံဖြစ်လာလိမ့်မယ်

“အခုတွေးကြည့်တော့မှ စွန်းဟိုက်က သိပ်လေးစားတတ်တာကွယ့်။ သူက အဲဒီနှစ်တုန်းက သားရဲ့အကူအညီအတွက် ဘယ်လောက်ကျေးဇူးပါတယ်ဆိုတာ ထပ်သလဲလဲ ပြောနေခဲ့တာ” သူမက မန်ဟို့ကို လှမ်းကြည့်၍ ပြုံးပြသည်။

မန်ဟိုမှာ အတန်ငယ် ရှက်သွား၏။ သူသည် စွန်းဟိုက်ကို နှပ်ချဖို့သာ မဲနေ၍ ထိုအချိန်တုန်းက သူ့ပေါင်သူ ‌လှန်ထောင်းမိခဲ့လိမ့်မည်ဟု ထင်မထားခဲ့ပေ။ သို့သော် ယခု တွေးကြည့်ပါက စွန်းဟိုက်နှင့်ဖန်ယုသာ လက်ထပ်ဖြစ်ခဲ့ပြီး ၎င်းက သူ့ကြောင့်ဆိုလျှင် အမှန်တကယ် လှပသောအရာလေး ဖြစ်လာလိမ့်မည်။

"အမေ သားရဲ့ အစ်မကို စိတ်မပူဘူး" မန်လီက နူးညံ့ညင်သာသော အသံလေးဖြင့် ပြောသည်။ "ဒါပေမဲ့ သားကရော .... "

တခဏ တိတ်ဆိတ်နေပြီးနောက် မန်ဟိုက အသက်ပြင်းပြင်းရှု၍ ပြောလိုက်သည်။ "အမေ ကျွန်တော် န၀မတောင်ပင်လယ်ကနေ ထွက်သွားတော့မှာ။ ကျွန်တော် ရှုချင်ကို သွားရှာပြီး ပြန်ခေါ်လာခဲ့မယ်"

မန်လီက စစချင်း ဘာမှမပြော။ သို့သော် တခဏကြာ‌သော် ခေါင်းညိတ်လိုက်၏။

သူမက စိုးရိမ်ပူပန်စိတ်တို့ကို မြိုသိပ်ကာ ပြောလိုက်လေသည်။ "သားအဖေရဲ့ အခမ်းအနားပြီးတာနဲ့ သွားပေါ့။။ အဲ့ဒါက သားရဲ့ရွေးချယ်မှုပဲဆိုတော့ သားလုပ်ချင်တာ သေချာရင် အမေတို့နဲ့ ပြန်တွေ့ဖို့ အမေတို့ချွေးမလေးကို ပြန်ခေါ်လာခဲ့နော်"

လေပြေလေးတစ်ချက်က သစ်ရွက်များကို တရှဲရှဲ မြည်သွားစေရင်း မန်လီ၏ ဆံပင်များကို ပင့်မြှောက်ကာ နန်းဆောင်တွင် ဖြတ်တိုက်သွားသည်။ မန်ဟိုက သူ့‌အမေကို လှမ်းကြည့်၍ သူမနဖူးထက်က အရေးအကြောင်းတစ်ချို့ကို သတိထားမိသွား၏။ သူမသည် မအိုသေးသော်လည်း အတိတ်တုန်းက သူ မှတ်မိသည့် အသွင်အပြင်နှင့် သေချာပေါက်ကွဲပြားနေခဲ့လေပြီ။

ကျင့်ကြံသူများပင်လျှင် အချိန်၏ တိုက်စားမှုဒဏ်မှ မလွတ်မြောက်နိုင်ပေ။

မန်ဟိုသည် ရုတ်တရက် သူ့အမေကို တင်းတင်းကြပ်ကြပ် ဖက်လိုက်၏။

"ဪ အချစ်တုံးလေးရယ်" သူ့အမေက ကလေးတုန်းက မန်ဟို့ကို ခေါ်ခဲ့သည့်အတိုင်းခေါ်ရင်း နူးညံ့နွေးထွေးစွာ ပြုံးနေသည်။ နှစ်ယောက်သား ညနေစောင်းသည်အထိ စကားလက်ဆုံကျပြီးနောက်တော့ မန်ဟို ထွက်ခွာလာခဲ့သည်။

"အမေ အဖေ့ရဲ့ အခမ်းအနားစဖို့က လိုသေးတယ်တော့ ကျွန်တော် ဟိုနားသည်းနား သွားလည်လိုက်ဦးမယ်။ မရောက်တာလည်း ကြာပြီမလို့"

ညနေခင်းလေသည် ဝေ့ကာဝဲကာ တိုက်ခတ်နေပြီး တိမ်မည်းတိမ်လိပ်များက ကောင်းကင်ထက်တွင် စုဝေးလာနေသည်။ မန်ဟို ဖန်မျိုးနွယ်စု၏ ခြံ၀န်းထဲမှ ထွက်လာသည့်အခါ မိုးခြိမ်းသံအား ကြားလိုက်ရပြီး ပဲစေ့အရွယ် မိုးပေါက်များက တဖြည်းဖြည်း ရွာကျစပြုလာ၏။

မန်ဟိုက မိုးရေများကို ကာဆီးရန် မည်သည့်မှော်အစွမ်းကိုမှ မသုံးပေ။ မကြာမီ သူ့တစ်ကိုယ်လုံး ရွှဲရွှဲစိုသွားပြီး သူသည် လမ်းတစ်လျှောက် လျှောက်လာခဲ့ရင်း မိုးခိုဖို့ သုတ်သုတ်ပြာပြာသွားနေသော လူများကို ကြည့်နေမိ၏။ သူက ခေါင်းကို ခါရမ်းလိုက်လေသည်။ မိုးရေက သူ့ကို ကျိုးပြည်၊ တာချင်းတောင်နှင့် ထိုနေ့ရက်များတုန်းက ဖြစ်ပျက်ခဲ့အရာအားလုံးကို ပြန်တွေးမိလိုက်စေသည်။

သက်ပြင်းချရင်း သူ ဆက်လျှောက်လာခဲ့၏။ လမ်းလျှောက်နေစဉ် တောင်ကောင်းကင်ဂြိုဟ်၏ မြေပြင်များတွင် ပြည့်၀နေသော အကန့်အသတ်မဲ့ အင်မော်တယ်စွမ်းအားကို သူ ခံစားနေရသည်။ ထိုစွမ်းအားက တန်ခိုးစွမ်းအားများကို ထုတ်လွှတ်နေသည့် ဧည့်သည့်ဖန်မျိုးနွယ်များကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထိုတန်ခိုးစွမ်းအားများအကြားတွင် ညဉ့်နက်သန်းခေါင်ထဲက မီးအိမ်များသဖွယ် တောက်ပနေသော အရှိန်အဝါနှစ်ခုရှိသည်။ ထိုအရှိန်အဝါနှစ်ခုက ဖန်ရှုတောက်နှင့် ဖန်ယန်ရှီ၏ အပိုင်ဖြစ်၏။ တောင်ကောင်းကင်ဂြိုဟ်သည် တာအိုနယ်ပယ်ပညာရှင်များ မ၀င်ရောက်နိုင်သည့် ထူးခြားသောနေရာတစ်နေရာဖြစ်သည့်အတွက် သူတို့မှာ သူတို့၏ ကျင့်ကြံခြင်းအခြေခံကို ရှေးဟောင်းနယ်ပယ်၏ မဟာစက်၀န်းအဆင့်အထိ ကန့်သတ်ခဲ့ရလေသည်။

ဤအရာအားလုံးကို ခံစားနေစဉ် မန်ဟို့နှလုံးသားသည် တစတစ တည်ငြိမ်အေးချမ်းလာ၏။ သူ့အမေ သူ့ကို မမေးခဲ့သော ….. သူကိုယ်တိုင်လည်း အစမဖော်ခဲ့သော မေးခွန်းတစ်ခုရှိသည်..... ဤတစ်ခေါက် ထွက်သွားလျှင် ဘယ်အချိန်ပြန်လာနိုင်မည်နည်း။

သူ မသိပေ။ သူ့မိဘနှစ်ပါးနှင့်တွေ့ဖို့ ရှုချင်ကို တောင်ကောင်းကင်ဂြိုဟ်သို့ ခေါ်လာနိုင်သည့်အချိန်ရောက်ဖို့ .... န၀မတောင်ပင်လယ်မှ သူ နှစ်ပေါင်းမည်မျှဝေးကွာနေရမည်လဲ မပြောတတ်ပေ။

"မြန်လည်း မြန်နိုင်သလို….အကြာကြီးလည်း ဖြစ်နိုင်တယ်" မန်ဟိုသည် မိုးရေထဲ၌ လမ်းလျှောက်နေရင်း စိတ်တွင် ထိုင်းမှိုင်းလေးလံလာသည်။ သူ့မှာ အချိန်ကို မေ့လျော့သွားခဲ့ပြီး နောက်ဆုံး ရပ်၍ မော့ကြည့်လိုက်သောအခါ ‌အဝေးရှိ တံတိုင်းတစ်ခုအား သတိထားမိလိုက်သည်။ ဧရာမမုခ်ဦးကြီးတစ်ခုအား ထိုတံတိုင်းထက်တွင် မြင်ရနိုင်ပြီး မီးအိမ်တစ်လုံး တွဲလောင်းကျနေသည်။

ထိုမီးအိမ်က လေပြင်းနှင့် မိုးရေပေါက်များကြားထဲတွင် လူးလွန့်နေ၏။ မိုးရေများက မီးအိမ်ကို ဘောင်ခတ်ထားသော မှန်အရွက်တစ်လျှောက် ရေစီးကြောင်းသဖွယ် စီးကျလာရင်း မြေပြင်ထက်သို့ ပေါက်ခနဲ ပေါက်ခနဲ ကျနေသည်။

သို့သော် အထဲရှိ မီးစာမှာ သမာရိုးကျမဟုတ်သော ပုံစံရှိပြီး မီးစာသည် သနားစဖွယ် လူးလွန့်နေသော်လည်း ငြိမ်းသေမသွားပေ။ ၎င်းက မှန်အရွက်ထက်တွင် ရေးသားထားသော စာလုံးတစ်လုံးကို အလင်းရောင်ပေးရင်း ဆက်လက်လောင်ကျွမ်း‌နေ၏။ ထိုစာလုံးကား ..... ကျီ 季 ။

ဤသည်မှာ တောင်ကောင်းကင်ဂြိုဟ်ပေါ်က ကျီမျိုးနွယ်စု၏ တည်နေရာပင်။

ဤနေရာသည် တစ်ခါတုန်းက သူ အကြွေးသိမ်းဖို့ တံခါးကို ဖျက်ဝင်ခဲ့သော နေရာပင်ဖြစ်သည်။

ခြေဦးတည့်ရာလျှောက်လာခြင်းက ဤနေရာသို့ ခေါ်လာခဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"ဒါက ရေစက်ပဲထင်ပါတယ်" သူက တွေးလိုက်သည်။ "အဲ့ဒီနှစ်တုန်းက ငါ့မိတ်‌ဆွေတွေ ရှိသေးလားမသိဘူး" သူက တံခါးဆီသို့ လမ်းလျှောက်သွာရင်း ထိုစဉ်တုန်းက သူ တံခါးထံမှ ဆွဲဖြုတ်ခဲ့ဖူးသော သံကွင်းများကို ကြည့်လိုက်သည်။ သူက ဟက်ခနဲ တစ်ချက်ရယ်၍ လှမ်းခေါက်လိုက်၏။ တံခါးခေါက်သံက ကျီမျိုးနွယ်စု၏ ခြံ၀င်းထဲတွင် ပဲ့တင်ထပ်သွားသည်။

သူသည် တစ်ကြိမ်သာ ခေါက်ပြီးနောက် စိတ်ရှည်ရှည် စောင့်နေ၏။

ချက်ချင်းဆိုသလို ဆူဆူညံညံလှုပ်ရှားသံများအား ကျီမျိုးနွယ်စု၏ ဘိုးဘေးစံအိမ်ထဲမှ ကြားလိုက်ရသည်။ မကြာမီ တံခါးသည် ကျွီခနဲ ဖြည်းဖြည်းချင်း ပွင့်သွားပြီး အတွင်း၌ တန်းစီနေသော ကျီမျိုးနွယ်၀င်ရာပေါင်းများစွာကို မန်ဟို မြင်လိုက်ရ၏။ သူတို့၏ အရှေ့တွင်တော့ ဒေသခံ ကျီမျိုးနွယ်ခေါင်းဆောင်ကြီး ရပ်နေသည်။

သူကား ယခင်ကလို နုပျိုမနေတော့ပေ။ အသက်များစွာကြီးလာခဲ့ပြီး မန်ဟို့ကို ကြည့်နေစဉ် တစ်မျိုးတစ်မည်ဖြစ်နေသော အရိပ်အယောင်တစ်ခုအား သူ၏ မျက်၀န်းများတွင် မြင်ရနိုင်၏။ တခဏကြာသော် သူက သက်ပြင်းချ၍ လက်ယှက်ကာ အရိုအသေပေးလိုက်သည်။

"ဖန်မျိုးနွယ်စုရဲ့ အိမ်ရှေ့မင်းသားကို ဂါ၀ရပြုပါတယ်"

ကျီမျိုးနွယ်အားလုံး သူနှင့်အတူ အရိုအသေပေးကြသည်။ ကျီရှောင်ရှောင်လည်း အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး၏ အ၀တ်အစားများကို ၀တ်ဆင်ထား၍ လူအုပ်ထဲတွင် ရှိသည်။ သူမမှာ အရင်ကလို ငယ်ရွယ်နုပျို၍ လှပ‌မနေတော့ပေ။ ယခုတွင် အရွယ်ရလာပြီဖြစ်ပြီး မန်ဟို့ကို ကြည့်နေသော သူမမျက်၀န်းများမှာ ရှုပ်ထွေးတွေဝေနေသည်။

သူတို့ နောက်ဆုံး‌တွေ့ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ ဖြစ်သည့်တိုင် မန်ဟိုကား နုပျိုမြဲ နုပျိုနေခဲ့ပြီး ပို၍ပင် ခံ့ညားနေသေး၏။ သူ လှုပ်ရှားလိုက်တိုင်း မဖော်ပြနိုင်သော တန်ခိုးအငွေ့အသက်များ ဖြာထွက်နေရာ လူတိုင်းအပေါ်တွင် ဖိအားတစ်ခု သက်ရောက်လာစေသည်။ တံခါး၏ အပြင်တွင် ရပ်နေသော သူက တစ်လောကလုံး၏ အာရုံစိုက်စရာ ဖြစ်နေသယောင်ပင်။

သို့သော် ဤနေရာတွင် ကျီရှောင်ရှောင်မှာတော့ အိမ်ထောင်ရှင်အမျိုးသမီးအဖြစ် အရွယ်ရအိုမင်းလျက် ရပ်နေသည်။ စကားလုံးများဖြင့် ပြောပြမတတ်သော ခါးသီးမှုက သူမ၏ နှလုံးသားထဲတွင် ပေါက်ဖွားလာ၍ သူမမှာ ခေါင်းကို ပိုငုံ့မိလိုက်၏။

မန်ဟိုသည် ကျီမျိုးနွယ်၀င်များကို လှည့်ပတ်ကြည့်ပြီးနောက် ရင်းနှီးသောမျက်နှာနည်းနည်းပါးပါးကိုသာ မြင်လိုက်ရ၏။ ထိုနှစ်တုန်းက သူနှင့် တိုက်ခိုက်ခဲ့သည့်လူများအပြင် ကျီရှောင်ရှောင်နှင့် ကျီထျန်းရီလည်း ရှိနေသည်။

ကျီထျန်းရီသည် ယခုတွင် သက်လတ်ပိုင်းအရွယ် ရောက်နေပြီး သူ၏ကျင့်ကြံခြင်းအခြေခံက တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်တွင် ဖြစ်သည်။ သူကား မျိုးနွယ်စုထဲတွင် အကြီးအကဲတစ်ဦး ဖြစ်လာခဲ့သည်မှာ ကြာခဲ့လေပြီ။ သူလည်း တွေဝေရှုပ်ထွေးနေသောအမူအရာဖြင့် မန်ဟို့ကို ကြည့်နေသည်။

"ကျီရွှယ့်လင်ရော" မန်ဟိုက မေးလိုက်သည်။

"လွန်ခဲ့တဲ့ခုနစ်နှစ်တုန်းက စိတ်ဝိညာဉ်ခွဲထွက်ရာမှာ မအောင်မြင်ခဲ့လို့ သေသွားပြီ" မန်ဟို့မေးခွန်းကို ဖြေလိုက်သူက ကျီထျန်းရီပင်။

မန်ဟိုသည် အတန်ကြာ တိတ်ဆိတ်စွာ ရပ်နေမိ၏။ အဆုံးသတ်တွင် ‌ခြေဦးတည့်ရာ လျှောက်လာခဲ့ရင်း ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်၍ မ၀င်တော့ရန် သူ ဆုံးဖြတ်လိုက်သည်။ သူက ရင်းနှီးသော မျက်နှာများကို နောက်တစ်ခေါက် ကြည့်ပြီးနောက် လက်ယှက်၍ အရိုအသေပေးကာ ထွက်သွားဖို့ ပြင်သည်။

"ခဏလေး" ကျီရှောင်ရှောင်က အံကြိတ်ထားကြားမှ လှမ်းပြောသည်။ မန်ဟို လှည့်ကြည့်လိုက်သည့်အခါ သူမသည် သူ့ကို သိုလှောင်အိတ်တစ်အိတ် ပစ်ပေးလိုက်ရာ သူ ဖမ်းယူလိုက်၏။

"အဲ့ဒါတွေက ငါ နင့်အပေါ် အကြွေးတင်ထားတဲ့ ဝိညာဉ်ကျောက်တုံးတွေပဲ။ အခု ငါ့အကြွေးကြေပြီ"

"ဒီမှာ ငါ့အကြွေး" ကျီထျန်းရီကလည်း သိုလှောင်အိတ်တစ်လုံး ပစ်ပေးသည်။

မန်ဟိုက ၎င်းတို့ကို စစ်ဆေးကြည့်ပြီးနောက် ကျီရှောင်ရှောင်နှင့် ကျီထျန်းရီကို ပြန်ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။

"အခုကစပြီး အကြွေးကြေသွားပြီ" သူက လေသံအေးအေးဖြင့် ပြောလိုက်သည်။ ကျီမျိုးနွယ်စုသည် ကံကြွေးကို အထူးဂရုစိုက်၏။ သူ့ကျင့်ကြံအဆင့်သာ သူတို့ထက် အားနည်းခဲ့လျှင် သူတို့အနေဖြင့် ၎င်းကို အလျှင်ဖြတ်တောက်နိုင်သည်။ သို့သော် မန်ဟို၏ ကျင့်ကြံအဆင့်မှာ သူတို့ ဟိုးအောက်ဆုံးမှ မော်ကြည့်ရုံသာ တတ်နိုင်သော အဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။ သူတို့မှာ ကံကြွေးနှင့် ပက်သက်လာပါက အလျှင်လက်ဦးမှု ရယူနိုင်ခြင်းမရှိတော့ပေ။ သူက သူတို့ထက် သာနေပြီမဟုတ်လော။

မန်ဟိုသာ စိတ်ရှိလျှင် အကြွေးကို အပြီးချေဖို့ ငြင်းဆိုနိုင်၏။ သူ့ကျင့်ကြံအဆင့် မြင့်မားလာသည်နှင့်အမျှ ကံကြွေးသည် ပို၍ ခိုင်မာလာပြီး သူတို့အပေါ် သက်ရောက်နေသည့် ဖိအားသည် ကြီးမားလာလိမ့်မည်။ သို့သော် အကြွေးရှင်းသွားလျှင်တော့ သူတို့ လွတ်လပ်သွားမည်။

ကံကြွေးကို ချေပြီးနောက် မန်ဟိုက လှည့်၍ အဝေးသို့ လျှောက်ထွက်လာခဲ့တော့သည်။

မိုးကား သည်းလာခဲ့၏။

All Chapters