ဒုတိယနေ့
Vol. 008 Ch. 741
ရီဖူရှင်းက သူ၏သက်စောင့် ဟော်နန်းထဲမှ သက်စောင့်ဝိညာဉ် အသစ်ကို ကြည့်သည်။ သူ့ထံတွင် သက်စောင့်ဝိညာဉ် အသစ် မပေါ်လာခဲ့သည်မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူ့တွင် နောက်ထပ် သက်စောင့်ဝိညာဉ် ပေါ်မလာဟု ထင်မှတ်ခဲ့၏။ ထို့အပြင် ယခုပေါ်လာသော သက်စောင့်ဝိညာဉ်တွင် မည်သည့် ဓာတ်သဘာဝကိုမှ အခြေမခံပေ။ သို့သော် ထိုအရာက အရေးမကြီးပေ။ စစ်တုရင်ဝိညာဉ် ပေါ်လာခြင်းက သူ့အား စိတ်ထဲတွင် ကစားပွဲကို စိတ်ဝိညာဉ်အားများ အကုန်ခံ၍ အလုပ်လုပ်ခိုင်းစရာ မလိုတော့ပေ။ ထို့အပြင် စစ်တုရင်ဝိညာဉ်က ပိုမို၍ တိကျစွာ တွက်ချက် ကစားနိုင်သည်။
သူ့စိတ်အသိ ကိုယ်ပွားက စစ်တုရင်ခုံပေါ်၌ ပေါ်လာ၏။ ကစားပွဲက စတင် ပြောင်းလဲလာသည်။ သူက လျူကျောင်း၏ နေရာမှနေ၍ ကစားပွဲတစ်ခုလုံးကို ခြုံငုံ၍ကြည့်သည်။ နောက်ထပ် ကွဲပြားသော အမြင်တစ်ခုဖြင့် ကြည့်ရှုခြင်းက သူ့အား အခြားသော အတွေ့အကြုံတစ်ခုကို ရရှိစေသည်။ လျူကျောင်းကား အမှန်ပင် ပါရမီမြင့်သူဖြစ်ကာ အကောင်းဆုံးသော ကစားကွက်များအား ထုတ်ဖော်နိုင်စွမ်း ရှိသည်။
ရီဖူရှင်းက တခြားလူများ ဖြစ်ကြသော ယန်လန်၊ လီခိုင်ရှင်းနှင့် တခြားသော စစ်တုရင် ရှန့်ထိုတပည့်များ နေရာမှ ဝင်၍ ကစားကြည့်သည်။ အရာအားလုံးက ရီဖူရှင်းအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်နေသည်။
“ပေါင်းစပ်ဝင်္ကပါ…” ရီဖူရှင်းက စစ်တုရင်ခုံပေါ်တွင် လမ်းလျှောက် နေသည်။ သူက ကစားပွဲတစ်ခုလုံးအား ပိုမိုရှင်းလင်းစွာ မြင်လာသည်။
တန်ခိုးရှင်လောကတွင် စစ်တုရင်ပညာကား ရိုးရှင်းသော အရာတစ်ခုမဟုတ်ပေ။ စစ်တုရင်နှင့် ဝင်္ကပါပညာက ဆက်စပ်နေကာ စစ်တုရင်ပညာအား ဝင်္ကပါပညာနှင့် ပေါင်းစပ် အသုံးပြုခြင်းက တွေ့မြင်နေကျ ဖြစ်သည်။
တပည့်ကိုးယောက်အထဲမှ တစ်ယောက်စီက သူတို့၏ ကိုယ်ပိုင်ကစားကွက်ကို တည်ဆောက်ကြသည်။ ထို့အပြင် ကစားကွက်ကိုးခုက အမှန်ပင် တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်ကာ တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းတွင် ကိုးဆတိတိ ပိုမို ထိရောက်စေခဲ့သည်။ ထိုအချက်ကပင် နတ်နဂါးကစားကွက်၏ လျှို့ချက်လည်း ဖြစ်သည်။
လျူကျောင်းကား အမှန်ပင် ထူးခြား ထက်မြက်သူဖြစ်သည်။ သူက ကစားကွက်၏ သဘောတရားကို သဘောပေါက်ဟန်ရကာ တစ်ဖက် ကစားသမားများ၏ ကစားပေါက်များကို ထိန်းချုပ်ရန် နည်းလမ်းများ ကြံဆခဲ့သည်။ ထို့ကြောင့် သူက တစ်ဖက် ကစားသမားများအား တန်ပြန် တိုက်စစ်ဆင်ရန် ကွဲပြားခြားနားသော ကစားကွက်ကိုးခုအား ဖော်ထုတ်၍ တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း စစ်တုရင် ရှန့်ထိုတို့ကား တစ်ဆရာတည်း တပည့်များ ဖြစ်ကြကာ စစ်တုရင်ရှန့်ထိုက သူတို့အားလုံး အပြန်အလှန် ပိုမိုနားလည် ပေါင်းစပ်နိုင်သော ကစားကွက်အား တည်ဆောက်ထားခြင်း ဖြစ်ရာ လျူကျောင်းအတွက် ထိုကစားကွက်နှင့် ယှဉ်တိုက်ရန် အလွန်အမင်း ခက်ခဲခဲ့သည်။
ဤသို့သော အခြေအနေတွင် မည်သို့ ကစားကွက်ကို ဖျက်ရမည်နည်း။ လျူကျောင်းက သူ့အား ရွေ့ခိုင်းသော နေရာအား ရီဖူရှင်းက ပြန်လည်၍ သတိရမိသည်။ သူ၏ အတွေးများ အတိုင်းပင် စစ်တုရင်ခုံက လိုက်ပါ ပြောင်းလဲကာ ထိုစဉ်က ကစားကွက် အနေအထားအတိုင်း ဖြစ်သွားသည်။ သူက လျူကျောင်း ညွှန်ကြားသည့် နေရာတွင် နယ်ရုပ်အား ချလိုက်သည်။
အမြင်တစ်ခုအရ နယ်ရုပ်အား ထိုနေရာတွင် ချလိုက်ခြင်းက ကောင်းမွန်သော ရွှေ့ကွက်ဖြစ်ကာ တစ်ဖက်ဝင်္ကပါအား ထိန်းချုပ်နိုင်ခွင့် ရသွားပေမည်။ ထို့ကျောင့်ပင် ကျောက်စီရီနှင့် တခြားလူများက ရီဖူရှင်းကို ဒေါသထွက်ခဲ့ကြခြင်းလည်း ဖြစ်သည်။ ထို့နောက် သူက ရန်ရှောင်၏နေရာကို ပြောင်းလိုက်ကာ တစ်ဖက်လူများ မည်သို့ တွေးခေါ် ကြံဆနေသည်ကို ကြည့်ရှုခံစားသည်။
သူက လက်ဝှေ့ယမ်းသည်တွင် စစ်တုရင်ခုံက မြန်ဆန်စွာဖြင့် လှုပ်ရှားသွားကာ အပြောင်းအလဲများ ဆက်တိုက် ပေါ်လာသည်။ ရီဖူရှင်းက ရုတ်တရက် ရပ်လိုက်ကာ ကစားကွက်အား ထိတ်လန့်စွာ ကြည့်သည်။
နောက်ဆုံးတွင် မည်သို့သော ဘေးအန္တရာယ်ဖြင့် ကြုံရမည်ကို သိလိုက်သည်။ ဤမျှ ရက်စက်သော အပြုတ်တိုက်ကွက် တစ်ခုက ကစားကွက်ထဲ၌ မြှုပ်နှံထားမည်ဟု သူမထင်ထားခဲ့ပေ။ သည်အကွက်ကား အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
သည်ကစားကွက်အား ဖျက်နိုင်စွမ်း ရှိပါဦးမည်လော။
ရီဖူရှင်းက ကစားကွက်၏ အပြောင်းအလဲများကို သေသေချာချာ စေ့စေ့စပ်စပ် ကြည့်ပြီးနောက် အဘိုးအိုများ၏ ကစားကွက် ကိုးကွက်များ ကလည်း အမှန်တကယ် ပေါင်းစပ်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုအဘိုးအိုများ၏ ကစားကွက်များကို ပေါင်းစပ်ခြင်းကလည်း နတ်နဂါး ကစားကွက်လိုပင် ကြောက်မက်ဖွယ် ကောင်းပေသည်။
ရီဖူရှင်းက ကစားကွက်များကို စူးစူးနစ်နစ် လေ့လာတော့သည်။ နယ်ရုပ်များက မြန်ဆန်စွာ ပြောင်းလဲနေကြကာ အပြောင်းအလဲတိုင်းက ရီဖူရှင်း၏ခေါင်းထဲ တစ်ခုပြီးတစ်ခု သံသယများအား ရှင်းလင်းစေကာ နောက်ဆုံးတွင် သံသယများအလွန် သူဖတ်မှတ်ထားသော စစ်တုရင်ပညာ၏ ပိုမိုအဆင့်မြင့်သော နယ်ပယ်တစ်ခုသို့ ရောက်လာတော့သည်။
အချိန်များ ကုန်လွန်သွားကာ ရီဖူရှင်း မသိလိုက်မီတွင်ပင် မနက်ခင်း ရောင်နီဦးသန်း လာတော့သည်။ မြူများ ရစ်သိုင်းသောကြောင့် ရေငွေ့များက သူ၏အင်္ကျီ၌ ခိုတွဲနေကြသည်။
ရီဖူရှင်းက ဘေးတွင် ငြိမ်သက်စွာ မျက်လုံးမှိတ်၍ ထိုင်နေသာ ဟွာဂျီယူအား ကြည့်သည်။ ယန်ဟောင်နှင့် ယူချင်းတို့ကလည်း သူတို့နောက်တွင် ကျင့်ကြံနေကြသည်။ သူတို့အပြင် စစ်တုရင်တောင်ထိပ်၌ တစ်ညလုံး အချိန်ကုန်ဆုံးသူ အချို့လည်း ရှိကြပေသည်။
ရီဖူရှင်းက လက်ဆန့်တန်းကာ ဟွာဂျီယူ၏ ဆံပင်များအား အသာဖွလိုက်သည်။ ဟွာဂျီယူက မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လျက် ရီဖူရှင်းကို ကြည့်ကာ ပြုံးသည်။
“မင်း နိုးလာပြီလား…” ရီဖူရှင်းက ညင်သာစွာ ပြောသည်။
“ငါက အိပ်မှမအိပ်တာ… တစ်ချိန်လုံးငါလည်း စိတ်စွမ်းအားကို လေ့ကျင့်နေခဲ့တာ…” ဟွာဂျီယူက တီးတိုးပြောသည်… “နင်ကရော… ဘယ်လိုနေလဲ…”
“ငါအဆင်ပြေတယ်… ငါက နတ်နဂါး ကစားကွက်ကို ပိုပြီး နားလည်လာတယ်… ဒါပေမဲ့လည်း ကစားကွက်ကို ဖျက်ဖို့ ခက်နေတုန်းပဲ… ဒါပေမဲ့လည်း ငါက အခွင့်အရေး ရမယ်လို့ ခံစားနေရတယ်…” ရီဖူရှင်းက ပြောသည်။ စစ်တုရင်ဝိညာဉ် ပေါ်လာခြင်းက စစ်တုရင်ပညာကို တစ်ဖက်ကမ်းခပ် တတ်မြောက်သွားခြင်း မဟုတ်ပေ။ သို့သော်လည်း စစ်တုရင်ပညာကို နားလည် ဆင်ခြင်နိုင်စွမ်းတွင်မူကား တခြားလူများက အဆများစွာ မြန်ဆန်ပေသည်။ တစ်ညတည်းဖြင့်ပင် သူကား ကြီးစွာ တိုးတက်ခဲ့သည်။
“နင်မလုပ်နိုင်တာ ဘာရှိလဲ…” ဟွာဂျီယူက ပြုံးလျက်ပြောသည်။ သူမ၏မျက်လုံးများက ရီဖူရှင်းအပေါ် မျက်ကန်း ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။
“အမှန်ပဲလေ… ဘယ်လိုပြောပြော ငါက မြေခွေးမကိုတောင် ရအောင် ယူနိုင်ခဲ့တာပဲ… ငါမလုပ်နိုင်တာ ဘာရှိရဦးမှာလဲ...” ရီဖူရှင်းက ပြောလျှင် ဟွာဂျီယူက သူ့အား ဒေါသတကြီး ကြည့်သည်။
နေမင်းက တဖြည်းဖြည်း မြင့်တက်လာကာ နေ့သစ်ကို ကြိုဆိုသည်။ စစ်တုရင် တောင်ကုန်းကား တစ်ဖန် လူများဖြင့် စည်ကား လာတော့သည်။ လူအများအပြားက နတ်နဂါးကစားကွက်ကို အခွင့်အရေး ရှိမည်လား ဆွေးနွေးနေကြသည်။
သုံးလကြာသည့် တိုင်အောင် ကစားကွက်အား ဖြိုဖျက် မရနိုင်သည်လည်း ဖြစ်နိုင်ပေသည်။ မည်သို့ဆိုစေ ကစားကွက်ကား စစ်တုရင် ရှန့်ထိုကိုယ်တိုင် စီမံထားခြင်း မဟုတ်ပါလား။
ကျောက်စီရှောင်၊ ဟန်ကျင့်နှင့် တခြားလူများလည်း တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။ သူတို့က စစ်တုရင်ခုံနှင့် အနီးမှ ရီဖူရှင်းကို မြင်ကြသည်။ သူတို့က ရီဖူရှင်းအား အတိုင်းသား ကြည့်ကြကာ မနေ့က ကိစ္စအတွက် မကျေမနပ် ဖြစ်နေသေးဟန် ရပေသည်။ မည်သို့ဆိုစေ သူတို့က ကစားကွက်အား အောင်မြင်စွာ ဖြိုဖျက်နိုင်လုနီးပါး အချိန်ကို ရောက်ခဲ့သည်ဟု ခံစားခဲ့ကြရသည် မဟုတ်ပါလား။ သူတို့က နောက်တစ်ဖန် ကစားပါက ရန်ရှောင်တို့အုပ်စုက ဒုတိယမြောက် အခွင့်အရေးအား ပေးမည်မဟုတ်ပေ။
ရန်ရှောင်နှင့် တခြားလူများကလည်း လူအုပ်ရှိရာကို ရောက်လာကြသည်။ သူက ပြုံးလျက်ပြောသည်… “ဒါက ဒုတိယနေ့ပဲ… အခုကစပြီး မင်းတို့က ကြိက်တဲ့အချိန် ကစားကွက်ကို စိန်ခေါ်နိုင်တယ်…” ထို့နောက် သူ့လူများနှင့်အတူ စစ်တုရင်ခုံပေါ်ကို တက်သွားသည်။ သို့သော်လည်း မည်သူကမှ အမြန်မလိုကြပေ။ ယခုတွင် နတ်နဂါးကစားကွက်ကို တစ်စုံတစ်ခု အကျိုးသက်ရောက်အောင် လုပ်နိုင်သူမှာ လျူကျောင်း တစ်ယောက်သာ ရှိသည်ကို သူတို့အားလုံး နားလည်ကြသည်။ တခြားလူများက ကြိုးစားလျှင်လည်း ဘာမှ ပြောင်းလဲအောင် လုပ်နိုင်မည် မဟုတ်ပေ။
လျူကျောင်း၊ မိုကျွမ်နှင့် ရှီဟွာတောင်မှ လူများကလည်း ရောက်လာကြကာ သူတို့အားလုံး၏ မျက်လုံးများက လျူကျောင်းထံတွင် ရှိနေကြသည်။ သူကား မနေ့က ရပ်နေသော နေရာတွင်ပင် ရပ်နေသည်။ မိုကျွမ်နှင့် တခြားလူများ အားလုံးက သူ့နောက်တွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။
“ကျွန်မတို့က ကိုးယောက်ပေါင်းပြီး စကားကွက်ကို ရင်ဆိုင်နိုင်ဖို့ အခွင့်အလမ်း များနေတယ်… လျူကျောင်း… ရှင်က ဒီနေ့ရော ထပ်ကြိုးစား ကြည့်မလား…” ကျောက်စီရီက လျူကျောင်းဘက်ကို လှည့်ကာမေးသည်။
“စစ်တုရင်ရှန့်ထိုရဲ့ တပည့်ကိုးယောက်က စိတ်ဝိညာဉ် တစ်ခုတည်းပဲ… ကွဲပြားတဲ့ ကစားဟန်ကိုးခုနဲ့ စိတ်ဝိညာဉ် တစ်ခုတည်းက ကျုပ်တို့ ထပ်ကြိုးစားရင်တောင်မှ ကစားကွက်ကို ဖျက်နိုင်မယ်မထင်ဘူး…” လျူကျောင်းက ပြောသည်… “ဒီနေ့ ကျုပ်က ကစားမှာ မဟုတ်ဘူး…”
သူကား ယနေ့ တခြားလူများ ကစားသည်ကို စောင့်ကြည့်ရန် ရောက်လာခြင်း ဖြစ်သည်။
“မတော်တဆ ကိစ္စတစ်ခုကြောင့်သာ မဟုတ်ရင် ကျွန်မတို့အတွက် အခွင့်အရေးက တကယ်ရှိခဲ့တာပဲ… တကယ်လို့ သူ့နေရာကို နောက်တစ်ယောက်နဲ့ အစားထိုးလိုက်ရင် ကျွန်မတို့က အခွင့်အရေး ရှိနိုင်သေးတယ်…” ကျောက်စီရီက ပြောသည်။ သူမပြောသည့် မတော်တဆကိစ္စက ရီဖူရှင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။
ချက်ချင်းပင် လူအများအပြားက ရီဖူရှင်းကို ကြည့်ကြသည်။
***