သစ်သားဒြပ်စင် နတ်ပုတီးစေ့
Vol. 62 Ch. 446.4
လုရွှမ် စိတ်ဝင်စားလာသည်။ ရွှေကျီးကန်းက ဝိုင်နှင့် အစားအစာအတွက် အော်ဟစ် တောင်းဆိုပြီးနောက် နောက်ဆုံးတွင် သူက ဝိညာဉ်အသိကို လွှဲပေးလာခဲ့သည်။
ဝိညာဉ်အသိ အာရုံသည် အလွန်ရိုးရှင်းပါ၏။ ၎င်းကို တစ်ကြိမ် ဖတ်ပြီးနောက် နားလည်သွားခဲ့သည်။ ဝိညာဉ်ရေး အသိစိတ်သည် သူ့နှလုံးသားထဲတွင် လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခု အဖြစ် ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။ ဒါက ဖော်ပြလို့မရတဲ့ ခံစားချက် တစ်ခုပါပဲ။ ယုံကြည်ရင် ရမှာဖြစ်ပေမယ့် မယုံရင်တော့ လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားချက် တစ်ခုလိုပဲ လွင့်မျောနေမှာ ဖြစ်ပေ၏။
"ကောင်းပြီ သွားတော့ ကောင်လေး... မင်းရဲ့ ကျီးဖိုးဖိုးအတွက် သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို သွားယူလိုက်စမ်းပါ"
လုရွှမ် အလိုအလျောက် မျက်လုံးများ မှိတ်ထား၏။ သူ ရွှေကျီးကန်းရဲ့ ဂုဏ်ဆာနေတဲ့ အသံကို အာရုံစိုက်ရန် ပျင်းလွန်းလှသည်။ သူသည် အောင်ရှင်း နှင့် တခြားသူများနောက်သို့ လိုက်သွားကာ သူတို့ပတ်ပတ်လည်က လှုပ်ရှားမှုများကို အာရုံစိုက်ကာ ကျောခိုင်းရင်း သတိနဲ့ စောင့်ကြည့်နေသည်။
ဗီလိန်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ဘယ်တော့မှ သံသယနဲ့ပဲ ကြည့်နေလို့ မရပေ။ သူတို့ဘယ်လောက်ပဲ စွမ်းအင် ပြင်းထန်ပါစေ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းက ၎င်းတို့ အကြိုက်ဆုံး နည်းလမ်းဖြစ်တာ သေချာပါ၏။
"ကျင်းဟုန် ငါတို့ ပင်လယ်ကို နောက်ဆုံးအကြိမ် သွားတုန်းက မင်းသုံးခဲ့တဲ့ သင်္ဘောရှိသေးလား"
နတ်သမီးကျင်းဟုန်က ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ငါ့ကို အပျော်သဘောဖြစ်ဖြစ် အရင်ငှားပါလား"
"အခုလား?"
နတ်သမီးကျင်းဟုန်က လုရွှမ်ကို ထိတ်လန့်စွာ ကြည့်နေသော်လည်း လှေကိုတော့ လုရွှမ်အား ပေးလိုက်သည်။
သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို တွေ့တာနဲ့ ပင်လယ်ထဲကို ချက်ချင်း ပြေးဖို့ ပြင်ဆင်ရမည်။ ပင်လယ်ရေ မျက်နှာပြင်သည် ပြန့်ကားနေသော်လည်း လုရွှမ် ဒီရေပြင်ကို မြင်လိုက်ရတဲ့အခါ သူအရင်က ခံစားခဲ့ဖူးသော အေးစက်သည့် လေထုကို ခံစားလိုက်ရသည်။ ၎င်းသည် တစ္ဆေသင်္ဘောရဲ့ လေထုဖြစ်ကြောင်း သံသယ ဝင်နေစရာပင် မလိုပေ။
ပင်လယ်ထဲ ၀င်နေသမျှတော့ တစ္ဆေသင်္ဘောရဲ့ တစ်ခုတည်းသော နေရာကို ရောက်သွားနိုင်လေ၏။
အကယ်၍များ အတိတ်က ဖြစ်ခဲ့မယ်ဆိုရင် လုရွှမ် သူဘေးကင်းစွာ ထွက်ခွာသွားနိုင်မယ်လို့ ယုံကြည်ထားရင်တောင်မှ တခြားတစ္ဆေ သရဲတွေနဲ့ ကြောက်စရာကောင်းတဲ့ နေရာတစ်ခုကို မသွားချင်သေးချေ။ ယခုမူကား ထိုလူတို့ကို လှည့်ဖြားရန် နေရာကောင်း ဖြစ်လာခဲ့ပြီ။
အောင်ရှင်း ရုတ်တရက် အော်လိုက်သည်။
"တွေ့ပြီ"
သူမအသံက အံ့အားသင့်နေမှု အပြည့်ဖြင့်။ လုရွှမ် လျင်မြန်စွာ လိုက်လာပြီး အောင်ရှင်း လိုက်ရှာနေသည့် ဦးတည်ချက်ဆီသို့ လှမ်းကြည့်လိုက်သည်။
သေချာတာပေါ့။ အလွန်ပါးလွှာတဲ့ ခံစားမှုတစ်ခုက ရေဒြပ်စင် နတ်ပုတီးစေ့ရဲ့ရှေ့မှာ ပေါ်လာခဲ့သည်။ ဒီလောက်ဆို လုံလောက်ပါပြီ။ လုရွှမ် သုံးယောက်ဆီကို အလျင်အမြန် အသံလွှင့်လိုက်သည်။
"အခုကစပြီး ရှေ့တန်းကို ပေါင်းစည်းပြီးသွားမယ်... အားလုံးစုပြီး ငါ့အမိန့်ကို နားစွင့်နေကြ!"
လုရွှမ်အပေါ်ကိုတော့ မိန်းကလေး သုံးယောက်ဟာ ခြွင်းချက်မရှိ ယုံကြည်မှုရှိပြီးသားလို့ ပြောလို့ရသည်။ လုရွှမ်နောက်က အနီးကပ် လိုက်ကြပြီး အစောခံစားချက်ကို ခံစားနိုင်ခဲ့တဲ့ နေရာကို လျှောက်သွားကြသည်။
ဝေးလံခေါင်သီသော ကျွန်းပေါ်တွင် ဖြူဖွေးသော သစ်မာပင်တစ်ပင် ပေါက်ရောက်နေသည်။ ၎င်းသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို ပေါက်ရောက်လေ့ရှိသော အဖြူရောင် ဘုရင့်သစ်ပင်များဟု ခေါ်ဆိုသော အပင်များ ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သစ်မာပင်သည် ဟိုးအရင်ကတည်းက သေဆုံးသွားခဲ့ပြီး ၎င်း၏ ပုပ်နေသော အသွင်အပြင်ကို ပိုးကောင် အမျိုးမျိုးဖြင့် ဖုံးအုပ်ထားသည်။ သာမန်လူများ တစ်ချက်ကြည့်ရုံမျှနှင့်ပင် အနီးကပ် သွားချင်လိမ့်မည် မဟုတ်ပေ။
သို့သော် လုရွှမ် သစ်မာပင်အောက်တွင် ရှိသည့် ပြင်းထန်သော တက်ကြွမှုကို ခံစားလိုက်ရသည်။ သူက စိတ်လှုပ်ရှားနေသည့်ပုံ ပေါက်နေသော အောင်ရှင်းကို တစ်ချက် ကြည့်လိုက်သည်။ သစ်မာပင်ရှေ့ကို ရောက်တော့ အောင်ရှင်း သူ့လက်ထဲက ရေဒြပ်စင် နတ်ပုတီးစေ့ဆီကနေ စီးဆင်းလာတဲ့ ရေစွမ်းအင်က တော်တော်လေး အရှိန်တက်လာတာကို ခံစားလိုက်ရ၏။
အနည်းဆုံးတော့ သစ်သားဒြပ်စင် နတ်ပုတီးစေ့က ဒီနေရာကနေ မထွက်ခွာသွားသေးဘူးပေါ့။ ဆိုလိုတာက သစ်သားဒြပ်စင် နတ်ပုတီးစေ့ဆီကနေ အသိအမှတ်ပြု ခံရတဲ့သူက သူတို့ လူတွေထဲမှာ ရှိနေတယ် ဆိုတာပါပဲ။
ဒီရွှေကျီးကန်း ဆိုတဲ့ကောင်က အနည်းဆုံး စိတ်မချရတာတော့ မဟုတ်ဘူးပဲ။
လုရွှမ် သစ်မာပင်ကို လက်ဖဝါးဖြင့် ရိုက်လိုက်ကာ ထူးခြားသော ပြောင်းလဲမှုတစ်ခု ရှိမည်ဟု ထင်ခဲ့သော်လည်း အပင်သည် အပျက်အစီးများ အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားပြီး တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခဲ့သည်။
ခိုင်ခံ့သော အသက်စွမ်းအင်တစ်ခု ကောင်းကင်သို့ ရုတ်ချည်း ထိုးတက်လာပြီး သစ်မာပင်သည် အစောတုန်းက သူ့ရဲ့ အသက်စွမ်းအင်ကို ဖုံးအုပ်ထားသည့်ဟန် ရှိ၏။
"သစ်ပင်ထဲကို ကြည့်လိုက်!"
အောင်ရှင်း အော်လိုက်ပြီး လုရွှမ် ပတ်ပတ်လည်ကို လျင်မြန်စွာ ကြည့်လိုက်တော့ သစ်မာပင်က ဆွေးမြေ့နေတာ ကြာသွားပြီမို့ အတွင်းတွင် အပေါက်ကြီးတစ်ခု ပေါ်လာတာကို တွေ့လိုက်ရသည်။
ဒါပေမဲ့ မမျှော်လင့်ထားတဲ အရာကတော့ သစ်ပင်ရဲ့ အပေါက်ထဲမှာ ထပ်ပေါက်နေတဲ့ အပင်လေးတစ်ပင် ရှိနေတာပါပဲ။ ၎င်းက အလွန် အားနည်းနေဟန် ရှိသော်လည်း ကြီးထွားနေဆဲပင်။
အကိုင်းအခက်များမှ စိမ်းလန်းသော မျဉ်းကွေးတစ်ခုသည် အလွန်အားနည်း နေသေးပေမယ့် တောက်ပပြီး သန်မာတက်ကြွမှုကို ပြသနေသည်။
"သူ့အမြစ်ကို ကြည့်.... ဒီပုတီးစေ့က အရမ်းလှတယ် ဒါသစ်သားဒြပ်စင် နတ်ပုတီးစေ့များလား?"
နတ်သမီးကျင်းဟုန်က အော်ပြောလိုက်ပြီး သူမရဲ့မျက်နှာမှာ အံ့သြမှုအပြည့်နဲ့ ဖြစ်နေသည်။
လုရွှမ်ကတော့ အနည်းငယ် စိတ်ဓာတ်ကျနေပါ၏။ အပင်ငယ်လေးနှင့် သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို တွေ့လိုက်ရပေမယ့် ဖျတ်ခနဲ ရွံရှာဖွယ် စွမ်းအားကိုလည်း ခံစားလိုက်ရသည်။
သူသည် သူ၏စိတ်ဝိညာဉ် စွမ်းအင်ကို လည်ပတ်နေကာ စွမ်းအားကို ချိုးနှိမ်ထားနိုင်သော်လည်း သစ်သားဒြပ်စင် နတ်ပုတီးစေ့က သူ့ကို အသိအမှတ် မပြုပေ။ သူတို့ထဲက တစ်ယောက်ယောက်ကို အသိအမှတ် ပြုပြီးသား ဖြစ်နေတာ ထင်ရှားပါ၏။ သို့မဟုတ်ပါက ၎င်းသည် ဤနေရာတွင် ရှိနေခဲ့လိမ့်မည် မဟုတ်သလို ပျောက်ကွယ်သွားတာလည်း ကြာလှပြီဖြစ်သည်။
"ကမ္ဘာ့ရတနာမှာ နတ်ဘုရား အသိစိတ်တွေ ရှိတယ်... သူ မလိုချင်တဲ့သူတွေကို ဖယ်ထုတ်လိမ့်မယ်... အောင့်ယွဲ့ မင်းနဲ့ ကျင်းဟုန်ထဲက တစ်ယောက်က သစ်သားဒြပ်စင် နတ်ပုတီးစေ့က အသိအမှတ်ပြုခံရထားသူ ဖြစ်နိုင်တယ် မြန်မြန်သွားပြီး ယူလိုက်တော့"
ယခင် အသက်စွမ်းအင် အတက်အကျများသည် အမှောင်ထဲတွင် ပုန်းအောင်းနေသော ထျန်းယိဂိုဏ်းရဲ့ အဖွဲ့ကိုလည်း သတိပေးခဲ့သည်။ ၎င်းတို့သည် သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြီး ပြေးထွက်လာခဲ့၏။ ယင်ထျန်းက အလျင်မြန်ဆုံး တုံ့ပြန်ပြီး ရှေ့ကို ပြေးထွက်လာခဲ့သူပင်။ သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို အမှန်တကယ် ရှာတွေ့နိုင်လိမ့်မယ်လို့ သူတကယ် မမျှော်လင့်ထားခဲ့ချေ။
အသက်စွမ်းအင်လှိုင်းသည် အတုမရှိနိုင်ပေ။ ၎င်းက သစ်သားဒြပ်စင် နတ်ပုတီးစေ့ ဖြစ်နေတာ သေချာပါသည်။
သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို ယူဖို့ တွေးလိုက်ချိန်မှာတော့ သူ စိတ်မလှုပ်ရှားဘဲကို မနေနိုင်ပါဘူး။ အဲဒါက ကမ္ဘာ့ဘဏ္ဍာပဲလေ။
လုရွှမ်၏ ခန္ဓာကိုယ်မှ တုန်လှုပ် ချောက်ချားဖွယ်ကောင်းသော ဓားသွားလို ရောင်ဝါများ ခုန်ထွက်လာကာ သူ့တစ်ကိုယ်လုံး ဓားသွားအဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။ အသက်ရှုသံများ တိုးလာစဥ် လေပြင်းများ တိုက်ခတ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုန်မှုန့်အဖြစ် မှုတ်ထုတ်လိုက်သည်။
တစ်ဖက်ကလည်း ပတ်ဝန်းကျင်ရှိ ကျောက်စရစ်ခဲများနှင့် ချွန်ထက်သော သစ်သားချောင်းများကို တစ်ခုပြီးတစ်ခု ဖြိုချကာ လုရွှမ်ဆီသို့ စုစည်း ရောက်ရှိလာသည်။ ပရမ်းပတာ အခြေအနေ အတွင်း၌ တန်ခိုးကြီးသော စွမ်းအားများလည်း ထွက်ပေါ်လာသည်။
ခဏလောက်တော့ အားလုံးရဲ့ မျက်လုံးတွေကို လုရွှမ်က စွဲဆောင်သွားခဲ့ပြီး မသိစိတ်အလျောက် ကြည့်နေကြသည်။
သို့သော် လုရွှမ်၏ ခန္ဓာကိုယ်သည် ကောင်းကင်သို့ တက်လာတာကို မြင်လိုက်ရပြီး ကြီးမားသော ဓားတစ်ချောင်းအဖြစ် သူ့ခန္ဓာကိုယ်ပေါ်တွင် အလင်းတန်းများ ပေါ်ထွက်လာသည်။ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များ စိမ့်ဝင်သွားကာ ပင်လယ်ရေများလည်း လျင်မြန်စွာ စီးဝင်လာပြီး ကြီးမားသော အလင်းတန်း တစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့သည်။
"ခေါင်းဖြတ်!"
လုရွှမ် အော်ဟစ်လိုက်ပြီး ပျံဝဲလာနေသော ထျန်းယိဂိုဏ်းက ဂိုဏ်းသားများကို သူ၏ ဓားရိပ်ကြီးဖြင့် ခုတ်ချလိုက်သည်။
အလင်းရောင် အရိပ်တို့နှင့် ပေါင်းစပ်ထားသလို နေအောက်တွင် စီးဆင်းနေသော ရေသည် အလွန်တရာ လှပသော အလင်းရောင် ခုနစ်ရောင်ဖြင့် လင်းလက်နေသော်လည်း ဤသိုင်းကွက်ကပေးတဲ့ ထိတ်လန့်မှုကို ဘယ်သူမှ လျှော့မတွက်ဝံ့ပေ။
ရှည်လျားသော ဓားကို မခုခံမီ သူတို့အရမ်း စိတ်လှုပ်ရှားနေပြီး မျက်လုံးတွေ ပြူးကျယ်လာသည်။ မယုံကြည်နိုင်မှုတွေကြောင့် စိတ်ထဲကလည်း ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဟု အော်ဟစ်နေကြသည်။
ဒါ သူတော်စင်တဲ့လား။ သူတော်စင်တစ်ယောက်က ဒီလိုတိုက်ခိုက်မှုကို ဘယ်လိုလုပ်ပြီး စွမ်းဆောင်နိုင်မှာလဲ။ မဟာသူတော်စင် မပြောနဲ့ ကောင်းကင်ဘုံ သခင်သည်ပင် ထိုကဲ့သို့သော ခွန်အားမျိုး ရှိကောင်းရှိနိုင်ပါ့မလား မပြောတတ်ပေ။
ထိုတစ်ခဏတွင် ယင်ထျန်းတစ်ယောက် သော့ခတ်ခံထားရသလို လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ သူက မဟာသူတော်စင်ပဲလို့ သူ့နှလုံးသားထဲက အော်ဟစ်နေသော်လည်း သူ့ခန္ဓာကိုယ်မှာတော့ တစ်လက်မမျှပင် မလှုပ်ရှားနိုင်ဘဲ ထိုနေရာ၌ သံမှိုရိုက်ခံထားရ၏။
“ငါ့ကိုကယ်ပါ” ဟူသော စကားကို ကြွေးကြော်ရန် ကြိုးစားသော်လည်း ပါးစပ်ကို ဖွင့်ဟရန် အစွမ်းကုန် ကြိုးစားသော်လည်း သူ့မျက်နှာကို တိုက်ခတ်လာသော လေပြင်းတစ်ချက်ကိုသာ ခံစားလိုက်ရပြီး အသက်ရှူကြပ်သွားကာ စကားမပြောနိုင်တော့ချေ။
သေရတော့မယ်!
စိတ်ပျက်လက်ပျက် အတွေးများက သူ့ရင်ထဲတွင် ဆက်တိုက် ပေါ်လာပြီး ချက်ချင်းပင် ထိုအတွေးထဲ လုံးလုံး နစ်မြုပ်သွားခဲ့သည်။ သူ့ခြေဖဝါးက ပူလောင်လာပြီး အလွန်အရှက်ကွဲသွားသလို ခံစားလာရ၏။
"သခင်လေး!"
ဓားအရိပ် ဝင်ရောက်လာချိန်တွင် ယင်ထျန်းသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖိအားများ ရုတ်တရက် ပြေလျော့သွားတာကို ခံစားလိုက်ရပြီး သူ့နားတွေ ပြန်လည် ကြားလာရစဥ် လူကြီးတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရသည်။
ထို့နောက် သူ့ခန္ဓာကိုယ်က ပျော့ပျောင်းသွားပြီး မြေပြင်ပေါ်ကို လဲကျသွားသည်။ မျှော်ကြည့်လိုက်တော့ တတိယအကြီးအကဲ ဖြစ်နေတာကို တွေ့လိုက်ရ၏။
သူက အနောက်မှ ဓားကို ဆွဲထုတ်လိုက်ပြီး ဓားရိပ်ကို လေထုအလယ်မှာ ပိတ်ထားဆို့လိုက်သည်။