← Chapters

တာအိုဝါဒ၏အရှေ့ပိုင်းတောင်ထွတ် “ဝါဒတောင်”

Vol. 86 Ch. 1199

တာအိုဝါဒ၏အရှေ့ပိုင်းတောင်ထွတ် “ဝါဒတောင်”

Vol. 86 Ch. 1199

အခန်း (၁၁၉၉) တာအိုဝါဒ၏အရှေ့ပိုင်းတောင်ထွတ် “ဝါဒတောင်”

အမတခုံရုံး၏ပြဿနာက စန်းချင်း(၃)ပါး အဆက်အနွယ်များနှင့် ပတ်သက်နေသည်ဆိုလျှင် တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်တို့က ကူညီပေးရမည့်တာဝန်ကို ဆင်ခြေပေးကာ ရှောင်ရှားမည် မဟုတ်ပေ။

မဟုတ်ပါက အမတခုံရုံးဒုက္ခရောက် ကံဆိုးသည်ကို ကြိတ်ပြီးပျော်ရွှင်နေသူများဟု ထင်မှတ်ခံရပေမည်။ အထက်ဘုံကမ္ဘာမှလူများက အမတခုံရုံးနှင့်ပတ်သက်ပြီး ထိုသို့အထင်ခံမည် မဟုတ်ပေ။

ကျန့်ဟွမ်ဓားဧကရာဇ်အနေဖြင့် သူတို့ကိုကူညီရန် တွန့်ဆုတ်ကောင်း တွန့်ဆုတ်နေပေမည်။ သို့သော် အခြေအနေအရပ်ရပ်ကို ထောက်ရှုပြီး မတူညီသောအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုရမည်ပင်။

တိဟွမ်မြေကမ္ဘာဧကရာဇ်သည်လည်း အလားတူပင် ဖြစ်နိုင်သည်။

ဝမ်ကျန်းချန် သေဆုံးသည့်အကြောင်းရင်းက တိဟွမ်မြေကမ္ဘာဧကရာဇ် အထက်ဘုံကမ္ဘာသို့ပြန်လာရန် သင်လျော်သော အကြောင်းပြချက်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ အမတခုံရုံးအနေဖြင့် ထိုကိစ္စအပေါ်တွင် အပြစ်ရှာခွင့် မရှိပေ။

သို့ပေသိ တိဟွမ်မြေကမ္ဘာဧကရာဇ်က ဝမ်ကျန်းချန်နှင့် ဝါဒတောင်အရေးကိုပင် ခေတ္တဘေးဖယ်ထားပြီး ပြင်ပဗလာနယ်မှ ပြန်လာခဲ့ခြင်း မရှိပေ။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ရင်ဆိုင်နေရသည်က အသေးအမွှားကိစ္စမဟုတ်ကြောင်း သိနိုင်သည်။

စိုးရိမ်ရသည့်ကိစ္စမဟုတ်သည့်တိုင် အကျပ်အတည်းကိစ္စတစ်ခု ဖြစ်နိုင်သည်။

အမတခုံရုံးတွင် မည်သို့သော မငြိမ်သက်မှုဖြစ်နေသည်ကို မသိသောကြောင့် ရန်ကျောက်ကဲအနေဖြင့် အခြေအနေကို ထပ်မံမှန်းဆကြည့်ရန် ခက်ခဲသည်။

မည်သို့ပင်ဖြစ်စေ တိဟွမ်မြေကမ္ဘာဧကရာဇ် အထက်ဘုံကမ္ဘာသို့ အချိန်တိုအတွင်း ပြန်လာနိုင်မည်မဟုတ်ဆိုသည်ကတော့ သတင်းကောင်းတစ်ခု ဖြစ်၏။

မျှော်လင့်မထားသည့် အံ့သြဖွယ်ရာတစ်ခုဟုပင် ဆိုနိုင်သည်။

နက္ခတ်ဧကရာဇ်က နတ်ဘုရားအနားယူတောင်ကြားကို ပိတ်ဆို့ထားသည်ဖြစ်ရာ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်အနေဖြင့် အပြင်ထွက်နိုင်မည် မဟုတ်တော့ပေ။

သို့ဖြစ်ရာ ရန်ကျောက်ကဲနှင့် ဝါဒတောင်အတွက် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သည်။ တစ်ချိန်တည်းမှာပင် တန်ပြန်တိုက်ခိုက်ရန်အတွက် အစီအစဉ်ဆွဲရန် အချိန်များစွာ ရရှိသည်။

တိဟွမ်မြေကမ္ဘာဧကရာဇ် ပြန်လာသည်ရှိသော် သူက ကောင်းကင်ဘုံအရှင်တစ်ပါး ဖြစ်နေလောက်ပေပြီ။ မည်သို့ပင်ဖြစ်စေ လောလောဆယ်မှာတော့ ရန်ကျောက်ကဲတို့အတွက် ဖိအားက အတော်လေး နည်းပါးနေပေသည်။

ဟုတ်ပေ၏။

ဖိအားနည်းသည်ဆိုရာတွင် အရင်ကထက် ပိုမိုနည်းပါးသွားခြင်းကိုသာပြောဆိုခြင်းဖြစ်ပြီး ဖိအားမြင့်မားနေဆဲဖြစ်သည်ကတော့ အမှန်ပင်။

အစစ်အမှန်နတ်ဘုရားတစ်ပါးအနေဖြင့် သမ္မာတရားကပ်ဘေးကိုဖြတ်ကျော်ပြီး နက်ရှိုင်းနတ်ဘုရားအဆင့်သို့ ဝင်ရောက်သည်နှင့် အသစ်ပြန်လည်မွေးဖွားလာသကဲ့သို့ ခံစားရမည် ဖြစ်သည်။

နက်ရှိုင်းနတ်ဘုရားတစ်ပါးအနေဖြင့်လည်း အမတချီစွမ်းအား (၅)မျိုးကို မူလအဖြစ်ပေါင်းစပ်ကာ မူလသမ္မာတရားကပ်ဘေးကိုဖြတ်ကျော်ပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ တက်ရောက်နိုင်ပါက အလားတူပင် ခံစားရမည် ဖြစ်သည်။

တိဟွမ်မြေကမ္ဘာဧကရာဇ်အနေဖြင့် အချိန်တိုအတွင်း မူလသမ္မာတရားကပ်ဘေးကို ဖြတ်ကျော်နိုင်ပါမည်လား မသေချာသော်လည်း နက္ခတ်ဧကရာဇ်၏ခန့်မှန်းချက်ကို လျစ်လျူရှု၍ မရနိုင်ပေ။

ရန်ကျောက်ကဲအနေဖြင့် အမတခုံရုံးနှင့်ပတ်သက်သည်များကို ဝမ်ဖူအား ထုတ်ဖော်ပြောရန် မဖြစ်နိုင်ပေ။

ဝမ်ဖူကလည်း ထိုအချက်ကို ယောင်ဝါးဝါး အာရုံခံမိသည်။ သို့သော် သူက တည်ငြိမ်သူတစ်ယောက်ဖြစ်လေရာ အရာများစွာကို စူးစမ်းလိုစိတ် မရှိခဲ့ပေ။

“ငါ ဆရာ့ကိုဆက်သွယ်လိုက်တာက နက္ခတ်ဧကရာဇ် ပြန်မရောက်ခင်ကဆိုတော့... အခု နက္ခတ်ဧကရာဇ်ပြန်ရောက်နေတဲ့အကြောင်း ဆရာသိမှာမဟုတ်ဘူး”

သူက ဆက်ပြောသည်။

“နက္ခတ်ဧကရာဇ် ပြန်ရောက်လာပြီးတဲ့နောက် ငါ ဆရာ့ကိုထပ်ဆက်သွယ်ပြီးသတင်းပို့ဖို့ ကြိုးစားသေးတယ် ၊ ဒါပေမဲ့ ဘာမှအကြောင်းမပြန်ခဲ့ဘူး”

ရန်ကျောက်ကဲက...

“နက္ခတ်ဧကရာဇ်က နတ်ဘုရားအနားယူတောင်ကြားကို ပိတ်ဆို့ထားတယ် ၊ အဲဒီမှာ အချိန်အတော်ကြာနေဦးမယ်ထင်တယ်”

ထို့နောက် သူက နတ်ဘုရားအနားယူတောင်ကြားတွင် ဖြစ်ပျက်ခဲ့သည်များနှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်အကြောင်းကို  အတိုချုံးပြီး ဝမ်ဖူအား ရှင်းပြလိုက်သည်။

ထိုစကားများကိုကြားတော့ ဝမ်ဖူ မှင်တက်သွားပြီး အချိန်အတန်ကြာသည်အထိ သတိပြန်ဝင်မလာခဲ့ပေ။

ပြီးမှ...

“ဒါက... တကယ်ပဲ... ဒါက...”

သူက မချိပြုံးတစ်ချက်ပြုံးရင်း...

“နတ်ဘုရားအနားယူတောင်ကြားကိုစောင့်ကြည့်ဖို့ ဆရာက အမိန့်ပေးခဲ့တာ... ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တိဟွမ်မြေကမ္ဘာဧကရာဇ်ကို အမြဲတမ်းထောက်ခံနေတာကြောင့်လို့ ထင်ခဲ့မိတာ”

“အခုတော့ ဆရာက တခြားကိစ္စတွေကို ပြောပြဖို့ ကြိုးစားနေတာပဲ”

ကျန့်ဟွမ်ဓားဧကရာဇ်သည်လည်း နက္ခတ်ဧကရာဇ်ကဲ့သို့ ခိုင်မာသည့်သဲလွန်စ ရရှိထားခြင်းမရှိသော်လည်း ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်မှာ ရိုးရှင်းသောဘဝကို ဖြတ်သန်းလိုစိတ်ရှိသူအဖြစ် ရှုမြင်မည် မဟုတ်ပေ။

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“နက္ခတ်ဧကရာဇ် ပြန်မလာဘူးဆိုရင်တော့ နတ်ဘုရားအနားယူတောင်ကြားကို စောင့်ကြည့်သင့်တာ အမှန်ပဲ”

သူက ဆက်ပြောသည်။

“ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ရိုးရှင်းတဲ့သူတစ်ယောက် မဟုတ်ဘူး ၊ တစ်ခုခု လျှို့ဝှက်ကြံစည်နေတယ်လို့ သံသယဝင်မိပေမယ့် ဒီလိုမျိုးလုပ်ရပ်တွေ ပြုလုပ်ထားမယ်လို့ ကျွန်တော် ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး”

“ဟိုစကားပုံလိုမျိုးလေ... ကိုက်တတ်တဲ့ခွေးက...”

သူ့စကားတစ်ဝက်တွင် ဝမ်ဖူက ကူရာကယ်ရာမဲ့စွာဖြင့် လှမ်းကြည့်ရင်း ဟန့်တားလိုက်သည်။

“ဂိုဏ်းတူညီလေး’ရန်’...”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း စကားလမ်းကြောင်းပြောင်းလိုက်၏။

“နက္ခတ်ဧကရာဇ် ပြန်ရောက်လာပြီဆိုတော့ ကျွန်တော်တို့ အရင်ကထက်ပိုပြီး စိတ်အေးလက်အေးနဲ့ လွတ်လွတ်လပ်လပ် နေလို့ရပြီဆိုပေမယ့် ... ဓားတွေလှံတွေဂိုထောင်ထဲထည့်သိမ်းပြီး မြင်းတွေကို နန်စန်းတောင်မှာ သွားလွှတ်ပေးလို့ရတဲ့အနေအထားမျိုးတော့ မဟုတ်သေးဘူး”

(မှတ်ချက် - “ဓားလှံတွေဂိုထောင်ထဲထည့်သိမ်းပြီး မြင်းတွေကို နန်စန်းတောင်မှာသွားလွှတ်” ဆိုသည်မှာ တိုက်ပွဲပြင်ဆင်စရာမလိုတော့ဘဲ အေးအေးဆေးဆေးနေလို့ရပြီဆိုသည့်အဓိပ္ပါယ် စကားပုံတစ်ရပ် ဖြစ်ပါသည် - ဘာသာပြန်သူ)

ထိုစကားကြားတော့ ဝမ်ဖူ၏မျက်နှာအမူအရာက တည်ကြည်လေးနက်သွားပြီး...

“နောက်ပိုင်း ဘာဖြစ်လာမလဲဆိုတာ ဆက်ပြီးအာရုံစိုက်ကြတာပေါ့”

ဝမ်ဖူအားနှုတ်ဆက်ပြီးနောက် ရန်ကျောက်ကဲ ခွန်လွန်တောင် ၊ ကျောက်စိမ်းကျောက်ဆောင်မှ ထွက်ခွာကာ အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်သို့ ခရီးဆက်ခဲ့သည်။

ခရီးတစ်ဝက်တွင် အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ် ၊ မူယဲ့လွင်ပြင်မှ ယွမ်ကျိုးမြို့တော်အား ဖြတ်သန်းသွားသည်ဖြစ်ရာ ရန်ကျောက်ကဲက ထျန်းကျိခန်းမသို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။

ယခု ထျန်းကျိခန်းမက ယခင်ကအတိုင်း အောင်မြင်မှုများကို ပြန်လည်ထိန်းသိမ်းထားနိုင်ပြီ ဖြစ်သည်။

နက္ခတ်ဧကရာဇ် အထက်ဘုံကမ္ဘာသို့ ပြန်ရောက်လာသည်နှင့် ဝါဒတောင်တွင် နေထိုင်ခဲ့ခြင်းက ထျန်းကျိခန်းမ၏စီးပွားရေးကို ပြန်လည်အောင်မြင်လာစေခြင်း ဖြစ်သည်။

ထို့ပြင် မကြာခင်ကပင် နက္ခတ်ဧကရာဇ် ခွန်လွန်တောင်သို့ ရောက်ရှိလာပြီး နတ်ဘုရားအနားယူတောင်ကြားတစ်ခုလုံးအား အေးခဲပစ်လိုက်သည်ဟု ကောလဟလများလည်း ထွက်ပေါ်လာခဲ့သည်။

ဤသို့သောအနေအထားက လူအများ ထျန်းကျိခန်းမအား ယုံကြည်စိတ်ချမှုကို ဖြစ်ပေါ်စေသည်။

ဟုတ်ပေ၏။

စိုးရိမ်ပူပန်နေသူအနည်းငယ်လည်း ရှိကြသည် အမှန်ပင်။

နက္ခတ်ဧကရာဇ်၏စွမ်းဆောင်မှုက အားကောင်းလွန်းပြီး သူက ကြားနေဖြန်ဖြေသူအဖြစ်ပင် မလုပ်ဆောင်ဘဲ ဝါဒတောင်ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ခဲ့သည်။

ရလဒ်အနေဖြင့် နောင်ပိုင်း အထက်ဘုံကမ္ဘာတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာဖွယ် ရှိသည်။

အဆုံးသတ်တွင် ဧကရာဇ် (၄)ပါး နှစ်ဘက်တိုက်ပွဲအဖြစ် ပြောင်းလဲသွားပြီး ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပေါ်လာကာ အထက်ဘုံကမ္ဘာတစ်ခုလုံး နှစ်ခြမ်းကွဲသွားမည်လား မဆိုနိုင်ပေ။

အထက်ဘုံကမ္ဘာ တည်ငြိမ်အေးချမ်းနေသည်မှာ အချိန်အတန်ကြာပြီဆိုသော်လည်း လူအများကတော့ ငြိမ်းချမ်းရေးကိုသာ ပိုပြီးလိုချင်ကြသည်။

သို့သော် အုပ်စုနှစ်ခု တဖြည်းဖြည်း စွမ်းအားချင်း ပြိုင်ဘက်ညီလာသည့်အခါ မည်သည့်အချိန်တွင် ထပြီး စစ်ကြေငြာမည်က စိတ်ဝင်စားစရာ ဖြစ်သည်။

ဤသည်က လူအချို့ စိုးရိမ်ပူပန်နေကြသည့်အချက်ပင် ဖြစ်၏။

ထျန်းကျိခန်းမသို့ရောက်တော့ ထိုနေရာတွင်ရှိနေသောလူအုပ်ကြီးထံမှ အငွေ့အသက်များကို အာရုံခံမိလိုက်သည်။ လူတိုင်း မည်သည့်အရာကို တွေးတောနေကြောင်း မသိနိုင်သော်လည်း အတိုင်းအတာတစ်ခုအထိတော့ ခန့်မှန်းနိုင်သည်ပင်။

သူက စကားများစွာမပြောဘဲ ထျန်းကျိခန်းမကို စစ်ဆေးပြီးနောက် အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်သို့ ဆက်လက်ထွက်ခွာလာခဲ့သည်။

အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်က လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ယခု အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်တွင် အကြောက်ရွံ့ရဆုံးသူများမှာ အင်္ကျီလက်ပေါ်တွင် အကိုင်းကိုးခက်ပါရှိသည့် ရှေးဟောင်းသစ်ပင်ပုံပါရှိသော အစိမ်းရောင်ဝတ်ဆင်ထားသူများ မဟုတ်တော့ပေ။

ထိုအစား အဖြူရောင်ဝတ်စုံနှင့် အပြာရောင်ဝတ်ရုံဝတ်ဆင်ထားသူများကို ပိုပြီး ကြောက်ရွံ့နေကြရပြီ ဖြစ်သည်။

အကယ်၍ အဖြူရောင်ဝတ်စုံနှင့် အပြာရောင်ဝတ်ရုံကိုခြုံလွှမ်းထားပြီး ဝတ်ရုံထက်တွင် အနက်ရောင်အနားသတ်များပါရှိပါက ပိုပြီးအာရုံစိုက်ကာ သတိထားရန် လိုအပ်သည်။

အထီးကျန်တိမ်တိုက်တောင် ၊ ချင်းဟွာကျောင်းတော်ဆိုသည်က သမိုင်းထဲတွင် ကျန်ခဲ့ပေပြီ။

ယခု အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ် ပိုင်နက်ကို အုပ်စိုးသူမှာ ဝါဒတောင်သာလျှင်ဖြစ်ပြီး ဝါဒတောင်မှ တပည့်များကို မည်သူမှ မထီမဲ့မြင် မပြုရဲကြပေ။

ရန်ကျောက်ကဲက အရှေ့ဘက်သို့ ဦးတည်ထွက်ခွာလာစဉ် အထီးကျန်တိမ်တိုက်တောင် ၊ ချင်းဟွာကျောင်းတော်တည်ရှိရာနေရာဟောင်းအား ဖြတ်သန်းလာခဲ့သည်။

ထိုနေရာတွင် ချင်းဟွာကျောင်းတော် ရှိမနေတော့ပေ။

ရန်ကျောက်ကဲသိသလောက် ဝါဒ‌တောင်က ချင်းဟွာကျောင်းတော်မှ လူအားလုံးကို မသတ်ဖြတ်ခဲ့ပေ။ ဖခင်ဖြစ်သူရန်တိက ရွှယ်ချူးချင်အား လိုက်လံဖမ်းဆီးသောလူအချို့ကိုသာ ရှင်းပစ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဝါဒတောင်က အထီးကျန်တိမ်တိုက်တောင်အား သိမ်းပိုက်ခြင်းမရှိဘဲ ဝါဒတောင်တည်ထောင်ရန်အတွက် အခြားနေရာတစ်ခု ရွေးချယ်ခဲ့သည်။

ရန်တိက သူ၏ ပြိုင်ဘက်ကင်းတန်ခိုးစွမ်းအားဖြင့် အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်ရှိ မြေပြင်သွေးကြောများကို ပြုပြင်ကာ ဝိညာဉ်စွမ်းအားများကို ရွေ့လျားဖြန့်ကျက်လိုက်သည်။

ထို့ကြောင့် အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်တွင် အထီးကျန်တိမ်တိုက်တောင်က ဝိညာဉ်စွမ်းအား အမြင့်မားဆုံး နေရာတစ်ခု မဟုတ်တော့ပေ။

ချင်းဟွာကျောင်းတော်မှာလည်း အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်တွင် ဆက်လက်နေထိုင်ရန် မျက်နှာမရှိတော့သဖြင့် လက်ကျန်လူများ အခြားနေရာသို့ ပြောင်းရွှေ့သွားကြသည်။

မည်သို့ပင်ဖြစ်စေ အထီးကျန်တိမ်တိုက်တောင်က ယခင်ကလောက် မထူးခြားတော့သည့်တိုင် အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်တွင် ဝိညာဉ်စွမ်းအား များပြားသည့်နေရာတစ်ခု ဖြစ်နေဆဲပင်။

သို့သော် ယခုအချိန်ထိ ထိုနေရာကို မည်သည့်အင်အားစုကမှ လာရောက်သိမ်းပိုက်ခြင်း မရှိကြသေးပေ။

ရန်ကျောက်ကဲက အထီးကျန်တိမ်တိုက်တောင်တွင် တစ်ထောက်နားပြီး ကြည့်ရှုခြင်းမပြုလုပ်ဘဲ အရှေ့ပိုင်း ပင်လယ်ဒေသသို့ ဆက်လက်ထွက်ခွာလာခဲ့သည်။

ပင်လယ်ကမ်းစပ်သို့ရောက်သည်နှင့် ခေါင်းမော့ကြည့်လိုက်တော့ အလွန်တရာ လှပသော တောင်မြင့်ကြီးတစ်ခုအား တွေ့လိုက်ရသည်။

ထိုတောင်မြင့်ကြီးသည်ကား...

တာအိုဝါဒ၏အရှေ့ပိုင်းတောင်ထွတ် “ဝါဒတောင်” ပင် ဖြစ်လေတော့၏။

All Chapters