ယင်အလောင်းကောင်
Vol. 62 Ch. 450.4
တတိယအကြီးအကဲလည်း လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာကတည်းက သေထားခဲ့ပြီးသား အလောင်းလို ပိန်ပိန်ပါးပါးနဲ့ ဒီလူက တကယ်ပဲ လော့ကျုံးပဲဆိုတာ သိလိုက်သည်။ ဒီလူရဲ့ အရည်အချင်းက ယင်ထျန်းထက် နိမ့်သော်လည်း ရုပ်ပိုင်းဆိုင်ရာ အရတော့ ယင်ထျန်းထက်တောင် ပိုမြင့်သူပင်။
သို့သော် ဂိုဏ်းချုပ်ငယ်ဖြစ်သူ ယင်ထျန်းနှင့်မတူဘဲ သူ့အရည်အချင်းများကို ဘယ်သူမှ ဂရုမစိုက်ခဲ့ပေ။ ဒုတိယအကြီးအကဲသည် ဤတာဝန်အပြီးတွင် သူ့ကို နေရာတစ်ခုပေးရန် တွေးထားသော်လည်း ဤနေရာတွင် သေသွားရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
လော့ကျုံးဆီက စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာကာ သူ့ပါးစပ်မှာ သွေးမည်းတွေနဲ့ ပြည့်နေတာကြောင့် အော်ဟစ်လိုက်ချိန်မှာတော့ အနက်ရောင်သွေးတွေသာ ထွက်ကျလာသည်။ လက်ကိုဖွင့်ပြီး ကြမ်းပြင်ကို ချွန်ထက်တဲ့လက်ချောင်းတွေနဲ့ ကုတ်လိုက်ချိန် လူတွေရဲ့နှလုံးသားကို ကုတ်နေသလို ကုတ်ခြစ်သံတွေက ထွက်ပေါ်လာခဲ့သည်။
တတိယ အကြီးအကဲလည်း သက်ပြင်းသာ ချနိုင်တော့သည်။ တခြားလူတွေလည်း ဒီလိုဖြစ်သွားပြီဆိုတာ အသာလေး တွေးကြည့်နိုင်သည်။
သူသည် လက်ဖဝါးကို ဝေ့ယမ်း၍ လော့ကျုံးရဲ့ ခန္ဓာကိုယ်ကို ရိုက်ချလိုက်သည်။ ပေါက်ကွဲသံနှင့်အတူ လက်ဝါးရိုက်ချက်က လော့ကျုံးကို ထိမှန်ပြီး နောက်ပြန် လဲကျသွားခဲ့သည်။ ထို့နောက် သူ့လက်ကိုထောက်လျက် မတ်တပ် ထရပ်လိုက်ပြန်သည်။
ကောင်းကင်ဘုံသခင် သုံးပါးလုံး အံ့အားသင့်သွားကြသည်။ လော့ကျုံး ထွက်လာသောအခါ သူသည် ရက်စက်သောပုံ ပေါက်သော်လည်း သေလုမျောပါး ဖြစ်နေပြီ။ ဆင်ခြင်တုံတရားဖြင့် ပြောရလျှင် ကောင်းကင်ဘုံရှင် သခင်၏ ဒဏ်ခတ်ခြင်းကို ခံရလျှင် ထိုသူသည် ပြာအဖြစ်သို့ ပြောင်းလဲသွားရုံ သာမက မလှုပ်ရှားနိုင်တော့အောင် ဖြစ်သွားရမည်။
လော့ကျုံးက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ် လှုပ်ရှားမှုတွေက ပိုမြန်လာကာ တတိယအကြီးအကဲရဲ့ စွမ်းအားကို ခံစားလိုက်ရတာကြောင့် အကြီးအကဲ၈ဆီသို့ ပြေးသွားလေ၏။
“ဘာကြီးလဲ”
အကြီးအကဲ၈ အော်လိုက်သော်လည်း တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ကို ထိတွေ့တိုက်ခိုက်ရန် မဝံ့မရဲဖြစ်ကာ စွမ်းအင် အလင်းရောင်များဖြင့်သာ ရိုက်ချလိုက်သည်။
လော့ကျုံးရဲ့ ခန္ဓာကိုယ်သည် နောက်သို့ ပြန်ကျသွားပြီးနောက် ပြန်လည်ထရပ်ကာ သူ၏လှုပ်ရှားမှုများက ပိုသွက်လက်လာကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ သိသိသာသာ ကောင်းမွန်လာသည်။ မံမီကဲ့သို့ သူ့ခန္ဓာကိုယ်သည်လည်း ဖောင်းပွလာ၏။
အခု လော့ကျုံးကို ကြည့်လိုက်လျှင် သူက ထူးဆန်းနေသေးပေမယ့် သာမာန်ကျင့်ကြံသူနဲ့ သိပ်မကွာချေ။ သူ့ပါးစပ်ထဲက အနက်ရောင်သွေးတွေက အဆက်မပြက် စီးကျနေပြီး သူ့မျက်လုံးတွေက ပြင်းထန်တဲ့ အလင်းတန်းတွေနဲ့ လင်းလက်နေသည်။ သူဟာ အရူးလို သန်မာနေပေမယ့် သူ့ကို လူ ဒါမှမဟုတ် တစ္ဆေလို့ပင် မခေါ်နိုင်တော့ပေ။
"ဒီကောင်က ငါတို့ရဲ့ စွမ်းအားကို စုပ်ယူနိုင်တယ်!!"
တတိယအကြီးအကဲက အော်လိုက်ပြီး သူ့ရှေ့တွင် ထူးဆန်းသော အနံ့ကြောင့် ဒါက လော့ကျုံးပါလို့ မခေါ်နိုင်တော့ချေ။
“လက်နက်သုံးရအောင်!”
အေးအေးဆေးဆေး ရပ်နေသော ဒုတိယအကြီးအကဲက လှမ်းအော်လိုက်သည်။ တစ်ဖက်က မကောင်းဆိုးဝါးသည် သူတို့ရဲ့ တိုက်ခိုက်မှုများကို ခုခံရန် ရည်ရွယ်ချက် မရှိကြောင်း၊ သူတို့ရဲ့ တိုက်ခိုက်မှုကို ရည်ရွယ်ချက်ရှိရှိ လက်ခံထားပုံပေါ်ကြောင်း သူတို့ တွေ့လိုက်ရသည်။
အကြီးအကဲ၈က လက်ကို ဝှေ့ယမ်းကာ ပုဆိန်ကြီး တစ်ချောင်းကို ထုတ်ကာ လော့ကျုံးရဲ့ ခေါင်းကို ခုတ်လှဲလိုက်သည်။
ဝှစ်ကနဲ အသံနဲ့အတူ လော့ကျုံးရဲ့ ခန္ဓာကိုယ် ပျောက်ကွယ်သွားပြီး အကြီးအကဲ၈ရဲ့ အနောက်မှာ ပေါ်ထွက်လာသည်။ ၎င်းက အကြီးအကဲ၈ရဲ့ နောက်ကျောကို ပြင်းထန်စွာ ဓားလို ချွန်ထက်သော လက်ချောင်းများဖြင့် တိုက်ခိုက်လိုက်သည်။
နောက်ဆုံးတော့ တစ်ဖက်လူက ကောင်းကင်ဘုံသခင်ပဲလေ။ ဒီလိုထူးဆန်းတဲ့ ပတ်ဝန်းကျင်မှာတောင် အကြီးအကဲ၈ဟာ သူ့ခြေကို မလှုပ်ဘဲ သူ့ခန္ဓာကိုယ်က လေသံနဲ့အတူ မျောလွင့်သွားပြီး ရှေ့ကို တိတ်တဆိတ် ရောက်ရှိသွား၏။
ဤရွေ့လျားမှုသည် လော့ကျုံးရဲ့ တိုက်ကွက်ကို တွက်ဆထားသကဲ့သို့ပင် ပုဆိန်ထိုးနှက်မှုကို လက်ပြန် ရိုက်ချလိုက်ရာ အလွန်လျင်မြန်လှသည်။
အခန်းထဲတွင် လုရွှမ်သည် ကောင်းကင်ဘုံသခင်တွေရဲ့ အစွမ်းသတ္တိကို သတိထားရင်း အပြင်ဘက်က လှုပ်ရှားမှုကိုလည်း ဂရုတစိုက် စိုက်ကြည့်နေခဲ့သည်။ လော့ကျုံးသည် ယခုအခါ သာမန်ထက်ထူးခြားပြီး ပုံမှန် မဟုတ်သော ခွန်အားရှိသော်လည်း သူသည် တစ္ဆေမဟုတ် လူမဟုတ်မို့ ကောင်းကင်ဘုံသခင်ရဲ့ ပြိုင်ဘက်ဖြစ်ရန် အလှမ်းဝေးနေဆဲ ဖြစ်သည်။
လော့ကျုံး မရှောင်နိုင်တော့ဘဲ သူ့ခန္ဓာကိုယ်သည် နောက်သို့ မျောပါသွားကာ သူ့လက်နှစ်ဖက်ဟာ ပုဆိန်ကြောင့် နှစ်ပိုင်း ပြတ်သွားတော့သည်။
ကွဲသွားသော လက်နှစ်ဖက်သည် ကုန်းပတ်ပေါ် ပြုတ်သွားကျကာ အေးအေးဆေးဆေး ပျောက်ကွယ်သွားပြီးနောက် ပြန်ပေါ်လာ၏။ လော့ကျုံး၏ လက်မောင်းများ တောက်ပလာပြီး မှိုင်းညို့နေသော ရောင်ဝါတစ်ခု ထွက်ပေါ်လာကာ ဖြတ်သွားသော လက်နှစ်ဖက်သည် တံတောင်ဆစ်မှနေ၍ တဖြည်းဖြည်း ပြန်ထွက်လာသည်။
အကြီးအကဲ၈က ဒီလောက် ထူးထူးခြားခြားရှိတဲ့ အလောင်းကောင်ကို တစ်ခါမှ မမြင်ဖူးတာကြောင့် အော်ဟစ်၍ ပုဆိန်ကို လက်နှစ်ဘက်လုံးဖြင့် စက်ဝိုင်းပုံသဏ္ဌာန် အရှိန်ယူကာ နောက်တစ်ကြိမ် ခုတ်ထစ်လိုက်သည်။
ဒီတစ်ကြိမ်မှာတော့ အရှိန်က အရမ်းမြန်ပြီး အင်အားက ရက်စက်လွန်းလှသည်။ တစ်ခဏချင်းမှာပဲ လော့ကျုံးဟာ လုံးဝ သတိမထားမိလိုက်သလို ပုဆိန်နဲ့ တစ်ဝက်လောက် ဖြတ်သွားလေ၏။
ခန္ဓာကိုယ် အစိတ်အပိုင်း နှစ်ခုသည် မြေပြင်ပေါ်သို့ ပြုတ်ကျပြီး တစ်ဖန် ပျောက်ကွယ်သွားကာ ခဏအကြာတွင် ၎င်းတို့သည် ပြီးပြည့်စုံသော လူ့ခန္ဓာကိုယ် အဖြစ်သို့ ပြောင်းလဲကာ တစ်ဖန် ပေါ်လာပြန်သည်။
သူ့ခန္ဓာကိုယ်မှာ ယင်ချီတွေနဲ့ ပြည့်နေပြီး သူ့အရင်က မံမီရုပ်သဏ္ဌာန်ထက် ပိုဆိုးသွားတာတဲ့ ပုံစံကြောင့် ပိုလို့တောင် သနားစရာ ကောင်းသွား၏။
"ဒီယင်အလောင်းကောင်က ယင်စွမ်းအင်တွေနဲ့ ပြည့်နေတယ်.... ယင်စွမ်းအင်က မသေသေးသရွေ့တော့ ဘယ်တော့မှ သေမှာ မဟုတ်ဘူး"
တတိယအကြီးအကဲက အော်ပြောပြီး လက်ကိုဝှေ့ယမ်းကာ
"အတူတူ တိုက်ခိုက်ကြရအောင်... သူ့မှာ ခွန်အားနဲ့ ခံနိုင်ရည် ဘယ်လောက်ရှိလဲ ကြည့်ရသေးတာပေါ့"
ကောင်းကင်ဘုံသခင် သုံးယောက်တို့သည် တညီတညွတ်တည်း ဗုံးကြဲ တိုက်ခိုက်ကြတော့သည်။ ယင်အလောင်းကောင်းလည်း ဒီစွမ်းအားက သူခုခံနိုင်တဲ့ အရာမဟုတ်ကြောင်း အလွန်အစွမ်းထက်ကြောင်း သိသိသာသာ ခံစားလိုက်ရသည်။
သုံးယောက်သား လက်ဖဝါးတွေကို အသင့်ပြင်ရင်း တစ်ယောက်ကို တစ်ယောက် ရှုပ်ယှက်ခတ်စွာ ကြည့်နေကြ၏။
“ငါတို့ အခန်းထဲကို ဝင်ရမယ် ထင်တယ်”
တတိယအကြီးအကဲက ဆိုလိုက်သည်။
"တတိယအစ်ကို အပြင်မှာကတင် အရမ်းအန္တရာယ် များနေပြီ.... အခန်းထဲမှာ ဒီလိုမျိုး ယင်အလောင်းတွေနဲ့ ပြည့်နေနိုင်တယ်လေ"
"မင်းမှာ တခြားအကြံဉာဏ်တွေ ရှိလား!!"
ထိုအခါ အကြီးအကဲ၂လည်း
"အစ်ကိုသုံး စိတ်မဆိုးပါနဲ့.... အစ်ကို့စကားကို သံသယဖြစ်တာတော့ မဟုတ်ဘူး ဒီနေရာက အရမ်းကြောက်ဖို့ ကောင်းတယ်။ ဘယ်လိုပြုမူရမလဲ ဆိုတာကို သေချာစဉ်းစား ကြည့်ရအောင်"
အကြီးအကဲ၈ကလည်း ကြမ်းတမ်းသော ယောက်ျားဖြစ်သောကြောင့် အလျင်အမြန် တုံ့ပြန်ခဲ့သည်။
“ဟုတ်တယ်... အစ်ကိုသုံး”
တတိယအကြီးအကဲက သူတို့နှစ်ယောက် ပြောတာမှန်မှန်း သိတာကြောင့် တိတ်ဆိတ်သွားခဲ့သည်။ ဒါပေမဲ့ အပြင်မှာ ခဏလောက်နေလိုက်ရင် သဲသဲကွဲကွဲ မတွေ့နိုင်တော့တဲ့ အရာတွေ ရှိနေမယ်လို့ စိတ်ထဲမှာ မရေမရာ ခံစားနေရသည်။
[ဘာသာပြန် - အရင်ကတော့ ဒုတိယ အကြီးအကဲဆိုပြီး အခုက ၇ လို့ ရေးထားပါတယ်]
"ညီ၇နဲ့ ညီ၈ ငါ သည်းမခံနိုင်တာတော့ မဟုတ်ဘူး... ဒါပေမဲ့ နားမလည်နိုင်တဲ့ ခွန်အားတွေက စုစည်းပြီး အခန်းထဲကို ရောက်သွားတယ်လို့ ခံစားနေရတယ်.... ငါတို့ရဲ့ ထျန်းယိဂိုဏ်းက အနာဂတ် ဟောကိန်းထုတ်တာကို အလေးပေးတယ်.... မင်းတို့ ဘယ်လိုခံစားရလဲ ငါမသိဘူး ဒါပေမဲ့ ငါတို့မဝင်ရင် ငါတို့သေမှာ သေချာတယ်.... ဒါပေမဲ့ အခန်းထဲကို ဝင်ရင်တော့ ငါတို့ရဲ့ မျှော်လင့်ချက်တွေ တလက်လက် တောက်ပလာနိုင်သေးတယ်"
ကောင်းကင်ဘုံသခင် နှစ်ပါးသည် တစ်ချိန်တည်းတွင် လန့်ဖျတ်သွားကြသည်။ နခြားသူများကလည်း ထိုသို့ပြောကြမည်ဆိုလျှင် ကဲ့ရဲ့ရှုတ်ချရုံသာမက သူတို့ကို သေချာပေါက် ပယ်ချကြမှာ ဖြစ်သည်။ ဒါပေမဲ့ ဂိုဏ်းတစ်ခုလုံးမှာ နာမည်ကောင်းရှိထားတဲ့ တတိယအကြီးအကဲက စကားပြောလာတဲ့အခါ သူတို့မှာ သူ့ကို မယုံနိုင်ဘဲ မနေနိုင်ကြချေ။
ထျန်းယိဂိုဏ်းသည် ကိန်းဂဏာန်းဗေဒနှင့် နက္ခတ်ဗေဒ ပညာရပ်များကို အာရုံစိုက် လေ့ကျင့်တတ်ပြီး အနာဂတ်နှင့် ပတ်သက်သော လေ့လာမှုနှင့် ခန့်မှန်းချက်များကို စိတ်ဝင်စားမှုအရှိဆုံးဖြစ်သည်။
တတိယအစ်ကိုမှာ ဒီလိုခံစားချက်မျိုး ရှိနေရင် မမှားနိုင်ဘူး။ ဒါဟာ အကြပ်အတည်း အခြေအနေ များစွာကို ဖြတ်ကျော်ထားတဲ့ ထိုးထွင်းသိမြင်မှုတစ်ခုပါပဲ။
"ကောင်းပြီ အစ်ကိုသုံး ဒါဆို အခန်းထဲဝင်ရအောင်"
သုံးယောက်သား အုပ်စုဖွဲ့ကာ အခန်းထဲသို့ ဂရုတစိုက် လျှောက်ဝင်သွားကြသည်။
လုရွှမ်လည်း ထိုလူသုံးယောက်၏ လှုပ်ရှားမှုကို ကြည့်ပြီး အနည်းငယ် အံ့သြသွားမိသည်။ ထျန်းယိဂိုဏ်းက အချည်းနှီး ကျော်ကြားနေတာတော့ မဟုတ်ဘူးပဲ။ သူတို့မှာ အရင်းအနှီးများစွာ ရှိနေတာတော့ သေချာသည်။
သူဒီကိုပထမဆုံး ရောက်တုန်းကတော့ အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းက သင်္ဘောအလယ်မှာ ရှိတယ်လို့ ခံစားခဲ့ရပြီး အပြင်ဘက်မှာ မျက်စိစုံမှိတ် လှည့်ပတ်သွားလာခြင်းက အကျပ်အတည်းကို ပိုဆိုးသွားစေပြီး မလွှဲမရှောင်သာတဲ့ အခါမှာတော့ သေရလိမ့်မယ် ဆိုတာကို ခံစားခဲ့ရဖူးသည်။
တတိယအကြီးအကဲသည် ခွန်အားနယ်ပယ်ဖြင့် ရှင်းပြနိုင်သော ပြဿနာမဟုတ်ကြောင်း အမှန်တကယ် သဘောပေါက်နိုင်ခဲ့သည်။ ဒါက မရေမတွက်နိုင်သော သတ်ဖြတ်မှုများဖြင့် မွေးမြူထားသော ဝိညာဉ်ရေးရာ အသိတရားပင် ဖြစ်ချေ၏။
သူတို့ရဲ့ အသက်ရှူသံကို ငြိမ်သက်ထားစေရန် အမျိုးသမီး သုံးဦးထံ အချက်ပြပြီးနောက် လုရွှမ်၏ ခန္ဓာကိုယ်မှ ယင်စွမ်းအင်ကိုးစင်း၏ ရေစီးကြောင်းများ ထွက်လာသည်။
အရည်အသွေးအရ ဤစွမ်းအားသည် တစ္ဆေသင်္ဘောထက်ပင် မြင့်မားလေသည်။ လေအေးသည် လူ့နှလုံးသားထဲသို့ အပြင်းအထန် မှုတ်ထုတ်လာပြီး သူတို့၏ဝိညာဉ်များကို အေးခဲသွားစေနိုက်သကဲ့သို့ အလွန်အေးလွန်းလှသည်။
မိန်းကလေးသုံးယောက်မှာ မထိန်းနိုင်ဘဲ တုန်တုန်ယင်ယင် ဖြစ်သွားသည်။ ကံကောင်းထောက်မစွာပင် လုရွှမ်ရဲ့ လက်ဖဝါးမှ ယန်စွမ်းအင်များ ထွက်လာလျက် သူတို့ကို အနွေးဓာတ်တွေနဲ့ လွှမ်းခြုံထားခဲ့လို့သာ မဟုတ်ရင် သူတို့ စိတ်ရှုပ်သွားလိမ့်မည်။