ဝါဒတောင်အားပြန်လည်တည်ထောင်ခြင်း
Vol. 86 Ch. 1200
အခန်း (၁၂၀၀) ဝါဒတောင်အားပြန်လည်တည်ထောင်ခြင်း
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသမှာကဲ့သို့ပင် ယခု ပြောင်းရွှေ့လာသော ဝါဒတောင်သည်လည်း ပင်လယ်ထဲတွင်ရှိသော ကျွန်းကြီးတစ်ခုထက်တွင် တည်ရှိသည်။
အဝေးမှလှမ်းကြည့်မည်ဆိုလျှင် ထိုနေရာတွင် တိမ်တိုက်များတောက်ပနေပြီး အဖြူရောင် တိမ်ခိုးတိမ်ငွေ့များ လွင့်ပျံနေသည်ကို တွေ့မြင်ရပေမည်။
ရန်ကျောက်ကဲ ပင်လယ်ကိုဖြတ်ပြီး တောင်တံခါးသို့ရောက်ရှိလာသည်။
အရင်ဆုံး သူက တောင်ပေါ်သို့ ခေါင်းမော့ကြည့်လိုက်သည်။
ဝါဒတောင်အထက် ကောင်းကင်ယံတွင် တောင်တစ်ခွင်လုံးအား လွှမ်းခြုံထားသည့် အလင်းရောင်စီးကြောင်းများစွာကို တွေ့မြင်ရသည်။
ထိုအရာက ဝါဒတောင်အား အကာအကွယ်ပေးထားသော ပင်မအစီအရင်ကြီးပင် ဖြစ်သည်။ လောလောဆယ်တွင် အပြည့်အဝ မပြီးဆုံးသေးသည့်အတွက် မည်သူမှ ထူးခြားမှုကို တွေ့မြင်နိုင်မည် မဟုတ်ပေ။
သို့သော် ရန်သူတိုက်ခိုက်လာသည်နှင့် ပင်မအစီအရင်ကလှုပ်ရှားလာပြီး ချက်ချင်း အသက်ပျောက်သွားစေနိုင်သည်။
ဝါဒတောင်ပင်မအစီအရင် အပြည့်အဝ မလည်ပတ်နိုင်သေးခင် တစ်စုံတစ်ယောက်က တောင်ပေါ်သို့ ခိုးဝင်ရန်ကြိုးစားပါက တောင်စောင့်ထုံးတမ်းအစီအရင်က တုံ့ပြန်ပြီး သင်ခန်းစာကောင်းကောင်းပေးမည် ဖြစ်သည်။
ဟုတ်ပေ၏။
ရန်သူက တန်ခိုးစွမ်းအားမြင့်မားလွန်းလျှင်တော့ အခြေအနေက တစ်မျိုးဖြစ်သွားနိုင်သည်။
သို့သော် ဝါဒတောင်၏ တောင်စောင့်ထုံးတမ်းအစီအရင် သတိမထားမိအောင် ဝင်လာနိုင်သည်ဆိုကတည်းက သာမန်ရန်သူ မဖြစ်နိုင်တော့ပေ။
လက်ရှိအထက်ဘုံကမ္ဘာတွင် ထိုသို့တန်ခိုးစွမ်းအားမြင့်မားသူ များများစားစား မရှိပေ။
ထိုသို့သောရန်သူမျိုး ရောက်လာမည်ဆိုလျှင်လည်း တောင်တံခါးတွင် အခြေချနေထိုင်သည့် ရန်တိကိုယ်တိုင် လှုပ်ရှားမည် ဖြစ်သည်။
“အင်း... အစီအရင်ပုံစံက နည်းနည်းတော့ ပြောင်းလဲသွားတယ်”
ရန်ကျောက်ကဲက ခေါင်းမော့ကြည့်ရင်း ခဏမျှ တွေးလိုက်သည်။
“ဒါက အမေ့လက်ရာပဲ ဖြစ်ရမယ်”
ဝါဒတောင်က အထက်ဘုံကမ္ဘာ ၊ ကျူတောပင်လယ်ဒေသတွင် ပထမဆုံး ခြေကုပ်စခန်းကို တည်ထောင်ခဲ့စဉ်က ဝါဒတောင် ပင်မအစီအရင်ကြီးကို ရန်ကျောက်ကဲက တည်ဆောက်ပေးခဲ့သည်။
ထိုအချိန်က ပတ်ဝန်းကျင်အနေအထားအရ အနီးစပ်ဆုံး ပြီးပြည့်စုံသည်ဟု ဆိုနိုင်သည်။
နတ်ဘုရားတံခါးကိုဖွင့်လှစ်ပြီး ကျင့်ကြံခြင်းအဆင့် ရှေ့ဆက်တက်လှမ်းရန် အလားအလာရှိသူတစ်ယောက်သည်ပင်လျှင် ဒေသတွင်းအခြေအနေနှင့် လိုက်လျောညီထွေရှိသော အစီအရင်တစ်ခုကို ရန်ကျောက်ကဲထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် ခက်ခဲပေမည်။
ယခု အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်သို့ ဝါဒတောင် ရွှေ့ပြောင်းလာသည့်အခါ ရန်ကျောက်ကဲတည်ဆောက်ခဲ့သော ဝါဒတောင်ပင်မအစီအရင်သည်လည်း ထိုနေရာသို့ ရွေ့လျားသွားခဲ့သည်။
သို့သော် ဒေသတွင်းအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် ပင်မအစီအရင်ကြီးအား ပြန်လည်ပြုပြင်ထားကြေင်း လျှင်မြန်စွာပင် သတိပြုမိနိုင်သည်။
အမှန်တော့ လက်ရှိဒေသအခြေအနေက ကျူတောပင်လယ်ဒေသ ၊ ဝိညာဉ်နယ်မြေထက် ပိုမိုကောင်းမွန်လေသည်။
သို့ပေသိ ရန်ကျောက်ကဲပြုလုပ်ထားသည့် ပင်မအစီအရင်ကို အခြေခံပြီး နောက်ထပ်မွမ်းမံပြုပြင်မှုများ ပြုလုပ်ရန်မှာ အစီအရင်ပညာတွင် အလွန်မြင့်မားမှသာ တတ်နိုင်ပေလိမ့်မည်။
လက်ရှိအထက်ဘုံကမ္ဘာတွင် ထိပ်တန်းအရှင်သခင်များအပါအဝင် သိုင်းသူတော်စင်များအလယ် ရန်ကျောက်ကဲနှင့် အစီအရင်ပညာ ယှဉ်နိုင်သူဆို၍ မိခင်ဖြစ်သူ ရွှယ်ချူးချင်နှင့် ခန့်မှန်းရခက်သည့် အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ သာလျှင် ရှိသည်။
ရှောင်အိုက် အစီအရင်ပညာ မည်မျှတော်ကြောင်းကြည့်ခြင်းဖြင့် ရွှယ်ချူးချင်၏ အစီအရင်ပညာကို ခန့်မှန်းနိုင်သည်။
ရန်ကျောက်ကဲက မိခင်ဖြစ်သူထက် ကျင့်ကြံခြင်းအဆင့် မြင့်မားလေသည်။ သို့သော် ရွှယ်ချူးချင် တည်ဆောက်ထားသည့် အစီအရင်က ရန်ကျောက်ကဲနှင့် ကောင်းကောင်းယှဉ်ပြိုင်နိုင်သည်။
ဝါဒတောင် ရွှေ့ပြောင်းသွားသည့်အခါ ဝါဒတောင် ပင်မအစီအရင်ကြီးကိုလည်း ပြန်လည်တည်ဆောက်ရသည်ဖြစ်ရာ ရွှယ်ချူးချင်၏ ကြိုးစားအားထုတ်မှု များစွာပါဝင်သည်။
ထိုအချိန်...
“သခင်လေး... ပြန်လာပြီလား...”
အားဟူ၏အသံ ဖြစ်သည်။
ရန်ကျောက်ကဲ ပြန်ရောက်မည့်သတင်းကိုရသဖြင့် အားဟူက ကြိုဆိုရန် ထွက်လာခြင်းပင်။
အားဟူကိုတွေ့သည်နှင့် ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ထျန်းကျိခန်းမမှာ ရှောင်အိုက်ကို မတွေ့ခဲ့ဘူး ၊ သူ ဒီကိုပြန်ရောက်နေတာလား”
အားဟူက ရယ်မောရင်း...
“သခင်မကြီးပြန်လာပြီဆိုတော့... ရှောင်အိုက်လည်း တောင်ပေါ်ကို ခဏခဏပြန်လာတယ်လေ ၊ သခင်မကြီးကတောင် သူ့ကို ဆူနေသေးတယ် ၊ ဒါပေမဲ့ ထျန်းကျိခန်းမက အလုပ်တာဝန်တွေ မလစ်ဟင်းဘူးဆိုရင်တော့ တောင်ပေါ်ကို မကြာခဏပြန်လာလို့ရတယ်လို့ အိမ်တော်သခင်က ခွင့်ပြုထားတယ်”
“ဒီကောင်မလေးကတော့လေ...”
ရန်ကျောက်ကဲ ခေါင်းခါယမ်းရင်း ရယ်မောလိုက်သည်။
ထို့နောက် သူက မိဘများကိုသွားရောက်တွေ့ဆုံသည့်အခါ လာခိုးကြည့်ပြီး ပြန်ထွက်သွားရန် ဟန်ပြင်နေသော ရှောင်အိုက်ကို တွေ့လိုက်ရသည်။
“ရှောင်အိုက်...”
ရန်ကျောက်ကဲ အော်ခေါ်လိုက်၏။
“ဟုတ် ......”
ရှောင်အိုက် ယောင်ပြီးထူးမိသွားပြီးနောက် သူက မျက်လုံးပေါက်လေးများပိတ်သွားသည်အထိ ပြုံးရယ်လျှက် လှည့်ကြည့်လာသည်။
“သခင်လေး... မတွေ့တာကြာပြီနော်... ပိုချောလာတယ် အဟီး... ၊ လုံးဝ ပထမတန်းစားထက်ပိုတဲ့အဆင့်ပဲ... လုံးဝ အလန်းစားဖြစ်နေတာ...”
ရန်ကျောက်ကဲနှင့် ရွှယ်ချူးချင်တို့က သူမအား ရယ်လည်းရယ်ချင် စိတ်လည်းတိုသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်ကြသည်။
ရှောင်အိုက်က မျက်လုံးတစ်ချက်လှန်ကာ ဟိုကြည့်ဒီကြည့်လုပ်နေသော်လည်း ရန်ကျောက်ကဲနှင့် မျက်လုံးချင်း မဆိုင်ဝံ့ပေ။
“ငါ မင်းကို ဘာမှလည်းမဆူရသေးပါဘူး...”
ရန်ကျောက်ကဲက မသိချင်ယောင်ဆောင်ကာ ပြောလိုက်သည်။
“မင်းက ဘာတွေ လိပ်ပြာမလုံ ဖြစ်နေတာလဲ”
ရှောင်အိုက်က မချိုမချဉ်တစ်ချက်ပြုံးလိုက်စဉ် ရန်ကျောက်ကဲက သူမအား အကဲခတ်လိုက်ရင်း...
“မင်းလည်း တစ်နေ့တခြားအပျင်းထူလာတယ် ၊ ဘယ်သူ့ဆီက အပျင်းဓာတ်ကူးသွားတာလဲ ၊ ပန်ပန်ဆီကလား”
ရွှယ်ချူးချင်လက်ထဲတွင် ပွေ့ချီခံထားရသော ပန်ပန်က ဘာမှမသိသလို မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း တစ်ဖက်သို့ လှည့်သွားသည်။
ခဏမျှ စနောက်ရင်း ရယ်မောစကားပြောနေကြပြီးမှ ရန်ကျောက်ကဲက တည်ကြည်လေးနက်သော မျက်နှာထားဖြင့်...
“ကျွန်တော် နက္ခတ်ဧကရာဇ်နဲ့ လက်ရှိအထက်ဘုံကမ္ဘာအကြောင်းအများကြီး ဆွေးနွေးခဲ့တယ် ၊ ဒီတော့ အခု နောက်တစ်ဆင့်ဆက်သွားဖို့ ဆုံးဖြတ်ထားတယ်”
သူက ဆက်ပြောသည်။
“နက္ခတ်ဧကရာဇ်ရဲ့ ညွှန်ကြားချက်အတိုင်းဆိုရင် ကျွန်တော်တို့တွေ မီးလျှံထက်ယံအရှင်သခင်နဲ့ မုယောက်ကြယ်စင်ထက်ယံအရှင်သခင်ကို ရှာဖွေရမယ်”
ရွှယ်ချူးချင်ကို လှမ်းကြည့်လိုက်တော့ သူမက တည်ငြိမ်စွာ ခေါင်းညိတ်ပြသည်။
“တည်ထောင်သူဆရာဘွားဘွားက ဒဏ်ရာအပြင်းအထန်ရပြီး တံခါးပိတ်ကျင့်ကြံနေခဲ့တယ် ၊ ဆရာဘွားဘွားလည်း အဲဒီအကြောင်းကို သိထားတယ် ၊ ဒါပေမဲ့ အဲဒီကတည်းက တည်ထောင်သူဆရာဘွားဘွားသတင်းကို လုံးဝ မကြားရတော့ဘူး”
သူမက ဆက်ပြောသည်။
“သူ အသက်ရှင်နေသေးတယ်ဆိုရင်တော့ ဝမ်းသာစရာပဲ... ဒါပေမဲ့ ဆုံးပါးသွားပြီဆိုရင်လည်း မတတ်နိုင်ဘူးပေါ့”
ရန်ကျောက်ကဲက...
“ကျွန်တော်တို့ အရမ်းလည်း မကောင်းတဲ့ဘက် တွေးထားဖို့မလိုပါဘူး ၊ လောလောဆယ်မှာ ဘာမှ မသေချာသေးဘူးလေ ၊ ကျွန်တော်တို့ မီးလျှံထက်ယံအရှင်သခင်ကို အရင်ရှာရမယ် ၊ နက္ခတ်ဧကရာဇ်ပြောတဲ့အတိုင်းသာမှန်ရင် မီးလျှံထက်ယံအရှင်သခင်က ဒီနှစ်တွေအတွင်းမှာ မုယောက်ကြယ်စင်ထက်ယံအရှင်သခင်ကို ရှာဖွေနေတာ ဖြစ်နိုင်တယ် ၊ ဆိုတော့... သူ့ကိုရှာတွေ့ရင် သဲလွန်စတစ်ခုခု ရလာနိုင်တယ်”
ရွှယ်ချူးချင်က ခေါင်းညိတ်ရင်း...
“မင်းက နက္ခတ်ဧကရာဇ်ဆီက သဲလွန်စရထားပြီဆိုတော့ သူပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့ ၊ ရတယ်လေ... ငါ့ရဲ့ ဖန်းဝေ့အစီအရင်ကို ခဏနားထားလိုက်မယ်”
ရန်ကျောက်ကဲက...
“ဒါနဲ့ နက္ခတ်ဧကရာဇ်က ကျွင်းအာနဲ့ မရီး ယွီကျန်းကို တွေ့သွားသေးတယ်ဆို”
ရန်တိက သက်ပြင်းတစ်ချက်ချရင်း...
“နက္ခတ်ဧကရာဇ် ပြောစကားအရတော့... ကျင့်ကြံခြင်းအဆင့်မြင့်မားတဲ့ နတ်ဆိုး (၂)ယောက်က သူတို့ သေဆုံးပြီးသွားရင် လူပြန်ဝင်စားဖို့ ပြုလုပ်ထားတာတဲ့ ၊ သူတို့က ကျွင်းအာတို့သားအမိရဲ့ ရုပ်ခန္ဓာတွေကို ပြန်လည်မွေးဖွားဖို့ အသုံးပြုချင်ကြတယ်လေ”
“လောလောဆယ်တော့ ငါတို့တွေ အဲဒီနတ်ဆိုး (၂)ယောက်ရဲ့ စိတ်ဆန္ဒတွေကို သတ်ဖြတ်ပစ်လို့မရနိုင်သေးဘူး ၊ ဘာလို့လဲဆိုတော့ သူတို့ကိုသတ်ဖြတ်ဖို့ ငါတို့အတွက် အဆင်သင့်မဖြစ်သေးဘူးလေ”
ခဏနားပြီးမှ ရန်တိက ဖြည်းညင်းစွာဖြင့်...
“ကြီးမားတဲ့ဘေးဒုက္ခတွေကိုဖြတ်ကျော်ပြီးရင် ကြီးမားတဲ့ ရှင်သန်နိုးထမှုတွေ အမြဲတမ်းရောက်လာလေ့ရှိတယ် ၊ အန္တရယ်အများဆုံးအခြေအနေက အကြီးမားဆုံးအခွင့်အရေးကို ပေးတာပဲ မဟုတ်လား”
“အသေအချာပဲ...”
ရန်ကျောက်ကဲက ခေါင်းကိုအသာမော့ရင်း ဖြည်းညင်းစွာဆိုသည်။
ရွှယ်ချူးချင်က ရှီကျွင်းတို့သားအမိနှင့် မရင်းနှီးသော်လည်း ရှီတိနှင့် ရှီစုန်းထောင်းတို့ သားအဖနှင့် ခင်မင်ခဲ့ဖူးသည်။ ထို့ကြောင့် ရှီကျွင်းတို့နှင့်ပတ်သက်ပြီး အနည်းငယ် ခံစားချက် ရှိလေသည်။
အထူးသဖြင့် ဆယ်ကျော်သက်လူငယ်လေး ရှီစုန်းထောင်းက ရန်တိနှင့် သူမ၏ မင်္ဂလာဧည့်ခံပွဲတွင် ဧည့်ကြိုပင် လုပ်ပေးခဲ့ဖူးသည် မဟုတ်ပါလား။
“နောက်မှ ကျွင်းအာနဲ့ တခြားသူတွေကို ကျွန်တော် သွားတွေ့လိုက်မယ်”
ရန်ကျောက်ကဲ သတိပြန်ဝင်လာပြီး စကားလမ်းကြောင်းပြောင်းလိုက်ကာ နတ်ဘုရားအနားယူတောင်ကြားမှ အဖြစ်အပျက်များကို ပြန်ပြောပြလိုက်သည်။
ထိုအကြောင်းများကိုကြားသည့်အခါ ရန်တိနှင့် ရွှယ်ချူးချင်တို့ အံ့အားသင့်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
အတန်ကြာမှ ရွှယ်ချူးချင် သတိပြန်ဝင်လာပြီး မချိပြုံး ပြုံးလိုက်ရင်း...
“ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကို ရိုးရှင်းတဲ့သူတစ်ယောက်လို့ မထင်ခဲ့ပေမယ့် .... ဒီလိုလုပ်ကြံမှုတွေကို နောက်ကွယ်က လုပ်နေတာတော့ တကယ့်ကို အံ့သြစရာပဲ”
ရန်တိက မျက်မှောင်ကြုံ့ရင်း...
“အခုတော့ သူက ကိစ္စအတော်များများရဲ့နောက်ကွယ်ကနေ ကြိုးကိုင်နေသလားဆိုတာ သံသယဝင်စရာဖြစ်လာပြီ”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“အမှန်ပဲ...”
ရွှယ်ချူးချင်က ခဏမျှစဉ်းစားပြီးနောက် ရန်ကျောက်ကဲကို သတိပေးလိုက်သည်။
“ဒါက သဘောထားကွဲလွဲမှု ဗျူဟာတစ်ခုလည်း ဖြစ်နိုင်တယ် ၊ အခုဆိုရင် ငါတို့တွေ ပိုးသားဧကရာဇ်ရဲ့ ရပ်တည်ချက်ကို ပြန်စဉ်းစားရတော့မယ်”
“အနက်ရောင်ပိုးသားဧကရာဇ်ပဲဖြစ်ဖြစ် အဖြူရောင်ပိုးသားဧကရာဇ်ပဲ ဖြစ်ဖြစ်ပေါ့...”
အမှန်တော့ အဖြူရောင်ပိုးသားဧကရာဇ်က အနက်ရောင်ပိုးသားဧကရာဇ်ထက်ပိုပြီး သဘောထားပျော့ပြောင်းသည်။
သို့သော် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ပြောဆိုခဲ့သောစကားသာ အမှန်ဖြစ်မည်ဆိုလျှင် ခံစားချက်ရှိသည့် အဖြူရောင်ပိုးသားဧကရာဇ် နက်ရှိုင်းနတ်ဘုရားတစ်ပါးဖြစ်လာရန် နည်းလမ်းရှိရပေမည်။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်သည်လည်း ထိုကိစ္စမှ များစွာအကျိုးအမြတ်ရရှိမည်မှာ သံသယဝင်စရာ မရှိပေ။
အဘယ်ကြောင့်ဆိုသော် အဖြူရောင်ပိုးသားဧကရာဇ်အနေဖြင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်အပေါ် ကျေးဇူးကြွေးတင်သွားမည်ဆိုပါက ပိုးသားဧကရာဇ်အနေဖြင့် ရန်ကျောက်ကဲတို့ဘက်တွင် ရပ်တည်တော့မည် မဟုတ်ဘဲ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ဘက်သို့ ရောက်ရှိသွားပေမည်။
ရန်တိက တည်ငြိမ်စွာဖြင့်...
“ငါတို့အတွက် အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ဖို့ အကောင်းဆုံးကြိုးစားဖို့ပဲ”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အမှန်ပဲ... ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ သတင်းဆိုးတွေရော သတင်းကောင်းတွေရော ရှိနေတယ်”