မကျေမနပ်ဖြစ်ရသော ‘ရန်ကျောက်ကဲ’
Vol. 86 Ch. 1201
အခန်း (၁၂၀၁) မကျေမနပ်ဖြစ်ရသော ‘ရန်ကျောက်ကဲ’
သတင်းဆိုးမှာ တိဟွမ်မြေကမ္ဘာဧကရာဇ်အနေဖြင့် အမတချီစွမ်းအား (၅)မျိုးအား မူလအဖြစ်ပေါင်းစည်းပြီး အချိန်မရွေး ကောင်းကင်ဘုံအရှင်အဆင့်သို့ တက်ရောက်သွားနိုင်မည်မှာ သေချာနေခြင်း ဖြစ်သည်။
တိဟွမ်မြေကမ္ဘာဧကရာဇ်က ဧကရာဇ်အရာတွင် နှစ်ပေါင်းရှည်ကြာနေခဲ့ပြီဖြစ်ရာ နဂိုကတည်းကပင် ရန်ကျောက်ကဲက ထိုသို့ဖြစ်လာမည်ဟု တွက်ဆထားခဲ့သည်။
ယခုတော့ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏သက်ရောက်မှုနှင့် နက္ခတ်ဧကရာဇ်၏စကားများအရ သူ၏တွက်ဆမှု ပိုမိုသေချာစေခဲ့သည်။
ရာနှုန်းပြည့်သေချာသည်ဟု မဆိုနိုင်သော်လည်း တိဟွမ်မြေကမ္ဘာဧကရာဇ်သာ ကောင်းကင်ဘုံအရှင်အဖြစ် ပြောင်းလဲသွားပါက ထူးခြားချက် အလွန်ကြီးမားသည်။
တိဟွမ်မြေကမ္ဘာဧကရာဇ်က နဂိုကပင် လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လေရာ ‘ထိုက်ရွှီးမူလနတ်ဘုရား’ အဆင့်သို့ တက်ရောက်သွားပါက နက္ခတ်ဧကရာဇ်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်တို့ ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင်ပင် သူ့ကို ယှဉ်ပြိုင်ရန် မဖြစ်နိုင်တော့ပေ။
သတင်းကောင်းကတော့ တိဟွမ်မြေကမ္ဘာဧကရာဇ်အနေဖြင့် လောလောဆယ်တွင် အထက်ဘုံကမ္ဘာသို့ ပြန်လာနိုင်မည် မဟုတ်သေးပေ။
ကျန့်ဟွမ်ဓားဧကရာဇ်က သူ၏စာထဲတွင် ပြန်လာမည့်ရက်ကို အတိအကျ ဖော်ပြမထားသဖြင့် အချိန်အတန်ကြာသည်အထိ ပြန်မလာသေးဟု ဆိုလိုခြင်း ဖြစ်နိုင်သည်။
ဤသည်က ရန်ကျောက်ကဲနှင့် ဝါဒတောင်အတွက် အခွင့်အရေးတစ်ခုပင် ဖြစ်၏။
ဝမ်ကျန်းချန်ကို သတ်ဖြတ်ပြီးသည့်နောက် ရန်ကျောက်ကဲ မျှော်လင့်ထားသည့် အခြေအနေက အတော်လေး ပြင်းထန်ဆိုးရွားသည်ဖြစ်ရာ လက်ရှိအခြေအနေက အံ့သြစရာကောင်းလောက်အောင် အဆင်ပြေနေသေးသည်။
ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်ရင်း...
“ဆရာဦးလေး’ယွဲ့’ နဲ့ တိဟွမ်မြေကမ္ဘာဧကရာဇ် ပြင်ပဗလာနယ်ထဲမှာ သောင်တင်နေတဲ့အကြောင်း တွေးကြည့်မိတယ်”
သူက ဆက်ပြောသည်။
“ကျွန်တော့်အထင်တော့... ကျွန်တော်တို့ရှာဖွေနေတဲ့ မီးလျှံထက်ယံအရှင်သခင်နဲ့ ဆက်စပ်နေမလားပဲ”
ယခု အားဟူနှင့် ရှောင်အိုက် ထွက်ခွာသွားပြီဖြစ်ရာ အခန်းထဲတွင် သူတို့ သားအမိ သားအဖ (၃)ယောက်သာလျှင် ကျန်ရစ်တော့သည်။
ထို့ကြောင့် ရန်ကျောက်ကဲက အမတခုံရုံးအကြောင်း ပြောဆိုသည့်အခါ သတိထားနေစရာမလိုတော့ပေ။
ရန်တိက သူ့ကိုယ်သူကာကွယ်ရန် ထိုက်ယိဟွာတိမ်တိုက်ပိုင်ဆိုင်ထားသည့်အပြင် လက်ရှိတွင် သူက လူသားအထွတ်ထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ရွှယ်ချူးချင်သည်လည်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် မြစ်ဝါပန်းချီကားတစ်ဝက် ပိုင်ဆိုင်ထားသည်။
ရန်ကျောက်ကဲကတော့ သူ့မိဘများ သူ အန္တရယ်ကင်းကြောင်း ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ကိစ္စမရှိပေ။ သူက အမတခုံရုံးနယ်မြေသို့ ရောက်ခဲ့ဖူးပြီဖြစ်ရာ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏အမည်ကို ထပ်မံကြားသိရခြင်းက ပြဿနာ မရှိတော့ပေ။
အကြွေးထူသူများ ထပ်ပြီးအကြွေးယူရမည်မှာ မကြောက်တော့သကဲ့သို့ ဖြစ်သည်။
“မီးလျှံထက်ယံအရှင်သခင်... ဟုတ်လား”
ရန်တိနှင့် ရွှယ်ချူးချင်တို့နှစ်ယောက်လုံး အတွေးနက်သွားကြသည်။
ထို့နောက် သူတို့နှစ်ယောက်လုံး၏မျက်ဝန်းများတောက်ပသွားပြီး ပြိုက်တူပြောလိုက်ကြသည်။
“မင်းပြောချင်တာ... အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်...”
နက္ခတ်ဧကရာဇ်ပြောသည့်စကားအရဆိုလျှင် မုယောက်ကြယ်စင်ထက်ယံအရှင်သခင်ကို ရှာဖွေနေသူ များစွာရှိသည့်အနက် မီးလျှံထက်ယံအရှင်သခင်က လုံးဝအလျှော့မပေးဘဲ တစ်ချိန်လုံး ရှာဖွေနေခဲ့သည်။
ထိုသို့ဖြင့် မီးလျှံထက်ယံအရှင်သခင်ကိုယ်တိုင်သည်လည်း လူအများဝိုင်းဝန်းရှာဖွေကြသည့် ပစ်မှတ်တစ်ခု ဖြစ်လာသည်။ အထူးသဖြင့် တောင်ပိုင်းချန်စန်းဧကရာဇ်၏နောက်လိုက်များဖြစ်သော နေဝန်းထက်ယံအရှင်သခင်သာမက အထက်ဘုံကမ္ဘာနှင့် အမတခုံရုံးတို့သည်လည်း မီးလျှံထက်ယံအရှင်သခင်အား လိုက်လံရှာဖွေလျှက် ရှိကြသည်။
သို့ဖြစ်ရာ မီးလျှံထက်ယံအရှင်သခင်ကို ရှာဖွေကြသူများသည် ယခင်အချိန်က မီးလျှံထက်ယံအရှင်သခင်ကိုယ်တိုင် ပြုလုပ်ခဲ့သော ယိုစိမ့်ခြင်းမရှိ ပြီးပြည့်စုံသော အမတမှော်ဝင်ပစ္စည်း ‘အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်’ ကို ရှာဖွေခဲ့ကြသည်။
အခြားသော အမတမှော်ဝင်ပစ္စည်းများနှင့်ယှဉ်လျှင် ဤလက်နက်က အလွန်ထူးခြားသည်။ အကြောင်းမှာ ထိုပစ္စည်းက ကိုယ်ပိုင်လွတ်လပ်သည့်အတွေးနှင့် မှတ်ဉာဏ်များရှိနေပြီး လူတစ်ယောက်၏ ဘဝတစ်ခုပမာ ဖြစ်သည်။
ထိုအချိန် ရန်တိရော ရွှယ်ချူးချင်က အရင်က ရန်ကျောက်ကဲ ပြောပြဖူးသည်များကို သတိရသွားကြသည်။
ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို ရှာဖွေရန်အတွက် အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ် ၊ ပိုးသားဧကရာဇ် ၊ မန်ဝမ်တို့နှင့်အတူ ငရဲကိုးထပ်သို့ သွားရောက်စဉ် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ ဖြစ်သည်။
ထိုစဉ်အချိန်က ရန်ကျောက်ကဲနှင့် ချန်ချန်းဟွာတို့ကြောင့် ပိုးသားဧကရာဇ် လုံးဝ ရူးသွပ်သွားခဲ့ပြီး အနက်ရောင်ပိုးသားဧကရာဇ်နှင့် အဖြူရောင်ပိုးသားဧကရာဇ်အဖြစ် နှစ်ယောက်ကွဲသွားခဲ့သည်။
ယင်းကိစ္စမဖြစ်ခင်ကတည်းက ငရဲကိုးထပ်တွင် ပိုးသားဧကရာဇ်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ဖြင့် ထပ်မံတိုက်ခိုက်ရန် တောင်းဆိုထားပြီး ဖြစ်သည်။
သို့သော် တကယ်တမ်းတွင် ပိုးသားဧကရာဇ်က အမတခုံရုံးများ ဧကရာဇ်များရောက်လာစေရန် တိတ်တဆိတ် အကြောင်းကြားခဲ့သည်။
အဆုံးသတ်မှာတော့ အမတခုံရုံးမှ ဧကရာဇ် (၂)ပါး ငရဲကိုးထပ်သို့ရောက်ရှိလာပြီး အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ဖမ်းဆီးရန် ကြိုးစားခဲ့ကြသည်။
သိုသော် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က နတ်ဆိုးများစွာ တိုက်ခိုက်နေသည့် အရှုပ်အထွေးပတ်ဝန်းကျင်အခြေအနေအား အခွင့်ကောင်းယူကာ ငရဲကိုးထပ်မှ ထွက်ပြေးသွားခဲ့သည်။
ထို့နောက်မှာတော့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် ပျောက်ဆုံးသွားခဲ့လေသည်။ ထိုလှံရှည်အား အမတခုံရုံးမှလူများ ဖမ်းထားပြီလားဆိုသည်ကို ရန်ကျောက်ကဲလည်း မသေချာပေ။
မည်သို့ပင်ဖြစ်စေ ဤကိစ္စက မီးလျှံထက်ယံအရှင်သခင်၏ အာရုံစူးစိုက်မှုကို ရရှိစေနိုင်သည်။
မီးလျှံထက်ယံအရှင်သခင်က နဂါးမျိုးနွယ်များကို သတ်ဖြတ်လိုစိတ်မရှိသည့်တိုင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က နဂါးမျိုးနွယ်များစွာကို သတ်ဖြတ်ပစ်ခဲ့ခြင်းအား တားဆီးခဲ့ခြင်း မရှိပေ။
ထို့နောက် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အား အေးစက်သော ရှေးဟောင်းချောက်နက်ကြီးထဲတွင် စည်းတံဆိပ်ခတ် ချိတ်ပိတ်ခံခဲ့ရသည်။ သို့သော် ထိုသို့ဖြစ်ခြင်းက သူ့အတွက် အသက်အန္တရယ်ခြိမ်းခြောက်မှုမရှိသဖြင့် မီးလျှံထက်ယံအရှင်သခင်က သိပ်ပြီး အရေးစိုက်မနေခဲ့ပေ။
သို့သော် အမတခုံရုံး၏ ဖမ်းဆီးခံရလျှင်တော့ အရေးကြီးသွားပြီဖြစ်ပြီး မီးလျှံထက်ယံအရှင်သခင်အနေဖြင့် ဒီအတိုင်း ထိုင်ကြည့်နေမည် မဟုတ်ပေ။
ကောလဟလများအရဆိုလျှင် မီးလျှံထက်ယံအရှင်သခင်က ဒေါသကြီးသူတစ်ယောက် ဖြစ်သည်။
သူက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အား ကယ်တင်ရန်ပဲဖြစ်ဖြစ် ၊ သူ့အတွက် လက်စားချေပေးသည်ပဲဖြစ်ဖြစ် အမတခုံရုံးအတွက် တစ်စုံတစ်ခု ပြဿနာတက်ရန် လုံလောက်သည်။
ထို့ကြောင့် တိဟွမ်မြေကမ္ဘာဧကရာဇ်အနေဖြင့် အမတခုံရုံးတွင် ဖြစ်ပျက်နေသည့်ပြဿနာများကို လျစ်လျူမရှုနိုင်ဘဲ အထက်ဘုံကမ္ဘာသို့ ပြန်မလာသေးခြင်း ဖြစ်နိုင်သည်။
ဟုတ်ပေ၏။
မီးလျှံထက်ယံအရှင်သခင်ရော တိဟွမ်မြေကမ္ဘာဧကရာဇ်ရောက စန်းချင်း (၃)ပါး အဆက်အနွယ်ဖြစ်သလို ခွန်လွန်အထင်ကရ (၉)ပါးတွင် ပါဝင်နေသူများဖြစ်သည် မဟုတ်ပါလား။
ကျန့်ဟွမ်ဓားဧကရာဇ်ကတော့ ကိစ္စရပ်များကို အချိန်နှင့်အမျှ ခြေရာခံနိုင်ရန်နှင့် တိဟွမ်မြေကမ္ဘာဧကရာဇ် စိတ်အေးအေးထားနိုင်စေရန် ပြန်မလာသေးခြင်း ဖြစ်နိုင်၏။
ရွှယ်ချူးချင်က ရန်ကျောက်ကဲအား ခေါင်းညိတ်ပြရင်း...
“ဒီကိစ္စက တာအိုဝါဒရဲ့ အရေးကြီးပုဂ္ဂိုလ်တချို့ကြောင့် ဖြစ်နိုင်တယ် ၊ မင်း ယူဆတာ ကျိုးကြောင်းဆီလျော်ပါတယ်”
သူမက ဆက်ပြောသည်။
“ငါကြားဖူးတာတော့... မီးလျှံထက်ယံအရှင်သခင်က... အတော်လေး ဒေါသကြီးတယ်ဆိုပဲ”
ထို့ကြောင့် မျက်နှာစာများအားလုံးတွင် မတည်မငြိမ်ဖြစ်စေရန် ပြဿနာရှာသူမှာ မီးလျှံထက်ယံအရှင်သခင်ပင် ဖြစ်နိုင်သည်။
မဟုတ်ပါက သူ မည်သည့်နေရာသို့ရောက်ရှိနေကြောင်း အခြားသူများက တစ်ချိန်လုံး အာရုံစိုက်နေကြမည် မဟုတ်ပေ။
ရန်ကျောက်ကဲက...
“ဒါက ဖြစ်နိုင်ခြေကိုပဲ ခန့်မှန်းကြည့်တာပါ ၊ အဲဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ အတိအကျတော့ ကျွန်တော်တို့တွေ မသိနိုင်သေးဘူး”
သူက ဆက်ပြောသည်။
“သတင်းအချက်အလက်တွေ ထပ်မရသေးခင် မူလအစီအစဉ်အတိုင်းပဲ ဆက်လုပ်ကြတာပေါ့”
ထိုစကားကြားတော့ ရန်တိနှင့် ရွှယ်ချူးချင်တို့နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြပြီး...
“ကောင်းပြီ...”
သူတို့ (၃)ယောက် အလေးအနက်ထားရမည့်ကိစ္စများကို ဆွေးနွေးကြပြီးနောက် ပေါ့ပါးသည့်အကြောင်းအရာများဘက်သို့ စကားလမ်းကြောင်းပြောင်းလိုက်ပြီး ပျော်ရွှင်စွာ စကားစမြည် ဆက်လက်ပြောဆိုကြသည်။
ရန်ကျောက်ကဲက ရွှယ်ချူးချင်ကို ကြည့်ရင်း...
“အမေ အရင်တုန်းက အဖေ့ကို မေးခွန်းတစ်ခု မေးဖူးတယ် ၊ တူညီတဲ့ကျင့်ကြံခြင်းအဆင့်မှာဆိုရင် အဖေနဲ့အမေ ဘယ်သူပိုပြီး စွမ်းအားကြီးမားသလဲဆိုတဲ့မေးခွန်းပေါ့... ၊ အဖေ ဘယ်လိုဖြေလဲ အမေ သိချင်လား”
ထိုမေးခွန်းကိုကြားတော့ ရွှယ်ချူးချင်က ရန်တိကို ပြုံးလျှက် ကြည့်လိုက်သည်။
ရန်တိကလည်း ကြောက်တက်တက်ဖြစ်သွားခြင်းမျိုးမရှိဘဲ ရွှယ်ချူးချင်အား ပြန်ပြုံးပြလိုက်သည်။
ရွှယ်ချူးချင်က နှုတ်ခမ်းလေးများ တွန့်ကွေးလိုက်ရင်း...
“သူ့လိုလူက မင်းရှေ့မှာ ငါ့အကြောင်းတွေကို ကြွားလုံးထုတ်ပြီး မပြောလောက်ဘူး ၊ သူက ပိုပြီးစွမ်းအားကြီးမားတယ်လို့ပဲ ပြောတယ်မဟုတ်လား ၊ ဒါကလည်း အမှန်တရားပဲလေ”
ခဏနားပြီးမှ သူမက ဆက်ပြောသည်။
“ဒါပေမဲ့ ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာမှာတုန်းက မင်းအဖေ ကျင့်ကြံတဲ့ သိုင်းပညာက ငါ့ထက် နည်းနည်းနိမ့်ပါးတယ် ၊ အဲဒီတုန်းက သူ့ရဲ့ဓားဝိညာဉ်ကလည်း မြင့်မားတဲ့အဆင့်တစ်ခု မရောက်သေးဘူး”
ထိုးကားများကိုနားထောင်ရင်း ရန်တိက ငြိမ်သက်နေခဲ့သည်။
ရွှယ်ချူးချင်ပြောသည့်စကားက အမှန်ပင် ဖြစ်သည်။ ထိုအချိန်က ဝါဒတောင်တွင် သူ သင်ယူခဲ့သောသိုင်းပညာက အထက်ဘုံကမ္ဘာတွင် ရွှယ်ချူးချင် သင်ယူခဲ့သော ထူးခြားသည့်သိုင်းပညာထက် များစွာနိမ့်ကျသည်။
‘နည်းနည်းနိမ့်ပါးတယ်’ ဟု ပြောလိုက်သည့် ရွှယ်ချူးချင်၏စကားသည်ပင် အတော်လေး သက်ညှာပြီး ပြောဆိုခြင်း ဖြစ်သည်။
ထိုစဉ်အချိန်က ရန်တိ၏ ဖန်ဆင်းခြင်းဓားဝိညာဉ်ကလည်း အပြည့်အဝ ဖွံ့ဖြိုးတိုးတက်လာခြင်း မရှိသေးပေ။ ကျင့်ကြံခြင်းအဆင့်မြင့်မားလာတော့မှ ဖန်ဆင်းခြင်းဓားသိုင်းကလည်း ပိုမိုအစွမ်းထက်လာခြင်း ဖြစ်သည်။
ရွှယ်ချူးချင်က သက်ပြင်းချရင်း...
“ဒါပေမဲ့ အခုတော့ ကျင့်ကြံခြင်းအဆင့် တူညီတယ်ဆိုရင်တောင် သူက ငါ့ထက် အများကြီး စွမ်းအားကြီးမားနေပြီ”
“သူက လူသားအထွတ်ထိပ်အဆင့် ၊ ငါက အခုမှ သိုင်းသူတော်စင် သတ္တမအဆင့် ၊ အမတကူးပြောင်းခြင်း ကနဦးအဆင့်ပဲရှိသေးတယ်ဆိုတော့ ဘာမှတောင်ပြောစရာမလိုတော့ဘူး”
ရန်တိက ရွှယ်ချူးချင်၏လက်လေးများကို အသာအယာဆုပ်ကိုင်လိုက်ရင်း...
“မင်းက ဒီနှစ်တွေအတွင်းမှာ တစ်နေရာပြီးတစ်နေရာ လှည့်လည်သွားလာနေရတာကိုး... ၊ ဒါကြောင့် အောက်ဘုံကမ္ဘာတွေထက်တောင် ဆိုးရွားတဲ့နေရာမျိုးတွေမှာ ကျင့်ကြံခဲ့ရတယ် ၊ ပြေးရင်းလွှားရင်းသာ အချိန်တွေကုန်မနေခဲ့ရင် မင်းလည်း ကျင့်ကြံခြင်းအဆင့် အတော်လေး မြင့်မားနေလောက်ပါပြီ”
ထို့နောက် သူက နူးညံ့စွာဖြင့်...
“မင်း ကိုယ့်အနားက ဘယ်တော့မှ ထပ်ပြီးထွက်မသွားနဲ့တော့နော်”
လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပြုံးလိုက်ကြသည်။
“အဟမ်း အဟမ်း အဟမ်း ... အဟမ်း အဟမ်း အဟမ်း အဟမ်း...”
ရန်ကျောက်ကဲနှင့် ရွှယ်ချူးချင်တို့ လှည့်ကြည့်လိုက်တော့ မကျေမနပ်ဖြင့်ကြည့်နေသည့် ရန်ကျောက်ကဲအား တွေ့လိုက်ရသည်။
“အဖေတို့နှစ်ယောက် တော်လောက်ပြီနော်...”
သူက ခါးသက်စွာဖြင့်...
“အဖေတို့နှစ်ယောက် ပြန်ဆုံကြတာနဲ့ပဲ... လက်မထပ်ရသေးတဲ့သားကို နည်းနည်းလေးတောင် အားမနာတော့ဘူးလား”