ကမ္ဘာ့မီးနယ်မြေ
Vol. 63 Ch. 454.4
အောင့်ယွဲ့သည် အခင်းအကျင်း ပညာရှင် တစ်ဦးဖြစ်သောကြောင့် သူမလည်း ဤအရာများက ဘယ်လောက် တန်ဖိုးရှိကြောင်း သဘာဝကျကျ သိပါသည်။ ပစ္စည်းများသည် ဝမ့်ကျစ်ကမ္ဘာတွင်သာ ရှိသောအရာများ ဖြစ်သည်။ ရှေးခေတ်က ဘိုဘေးများ၏ ဉာဏ်ပညာနှင့် အတွေ့အကြုံများကို ပေါင်းစပ်ထားတာမို့ တန်ဖိုးကလည်း မြင့်မားသည်။ လုရွှမ်နှင့် အောင့်ယွဲ့၏ အမြင်တွင် ၎င်းသည် ထျန်းယိဂိုဏ်း၏ လျှို့ဝှက်ဆန်းကြယ်သော ကျမ်းကိုးကျမ်းထက် များစွာ မြင့်မားလေသည်။
"ဒီနေရာက တစ္ဆေသင်္ဘောရဲ့ နယ်မြေပဲ.... ငါတို့ဒီမှာကြာကြာ ဆက်နေမယ်ဆိုရင် လူအိုတွေရဲ့ ဒေါသဖြစ်စရာ ပစ်မှတ် ဖြစ်လာလိမ့်မယ်... ပင်လယ်ပြာမြို့ကို အရင်ပြန်တာ အကောင်းဆုံးပဲ... စကားမစပ် အောင်ရှင်း မင်းအဖေကို ပြန်တွေ့ချင်လား?"
မင်းသမီးအောင်ရှင်းက ခေါင်းခါယမ်းပြီး
"ဖေဖေ အရမ်းစိတ်ဆိုးနေလောက်ပြီ... သူ ကျွန်မကို မတွေ့တာ ကြာပြီလေ... ဖေဖေ စိတ်ပြေသွားတဲ့အထိ အေးအေးဆေးဆေး စောင့်လိုက်တာက ပိုကောင်းမယ် ထင်တယ်"
ဒီလိုပြောပေမယ့် သူမရဲ့ မျက်လုံးတွေက သမုဒ္ဒရာရဲ့ နက်နဲရာကို မကြည့်ဘဲ မနေနိုင်လိုက်ချေ။ သူမ သူမဆွေမျိုးတွေကို အရမ်းလွမ်းနေတယ်ဆိုတာ သိသာပါ၏။
“သွားကြရအောင်”
လုရွှမ်က ပြောလိုက်သည်။ တချို့အရာတွေက အတင်းအကျပ်လုပ်လို့ မရသလို အခွင့်အရေးကို စောင့်မှသာ ရတတ်လေသည်။
ပင်လယ်ပြာမြို့ကို ပြန်ရောက်သွားတော့ လူဆိတ်ညံနေပြီး သေဆုံးမှုတွေနဲ့ ပြည့်နှက်နေဆဲ ဖြစ်သည်။
အခြေချနေထိုင်ရန် နေရာကို ပေါ့ပေါ့ပါးပါး ရှာဖွေပြီးနောက် လုရွှမ်နှင့် နတ်သမီးအောင့်ယွဲ့ တို့သည် အခင်းအကျင်း အစီအရင်ကို ချပြီးနောက် သူတို့ ရိတ်သိမ်းလာတဲ့ ပစ္စည်းတွေကို စတင် စစ်ဆေးကြသည်။
သိုလှောင်လက်စွပ် သုံးကွင်းတွင် ပစ္စည်းကောင်းမျိုးစုံဖြင့် ပြည့်နှက်နေပါ၏။ တခြားဘာမှ မပြောဘဲ သူတော်စင် ယွမ်သလင်းကျောက်ကို ကြည့်လိုက်လျှင်ပင် အတော်လေး များပြားလှသည်။ လုရွှမ်ဟာ တကယ်ကို ပိုက်ဆံမရှိတာကြောင့် သူပျော်ပျော်ရွှင်ရွှင်နဲ့ ယွမ်သလင်းကျောက်ကို သိမ်းယူပြီး ရတနာတွေကိုတော့ မိန်းကလေး သုံးယောက်ကို ခွဲထုတ်ပေးလိုက်သည်။
အကျပ်အတည်း ဖြစ်နေမှန်း သိသာထင်ရှား လှသော်လည်း ယခုလို ကြွယ်ဝသော ရတနာများကို အမှန်တကယ် ရရှိခဲ့ကြတာကြောင့် အားလုံးက ပျော်ရွှင်နေကြသည်။
တန်ဖိုးအရှိဆုံး အရာများသည် သဘာဝအားဖြင် ရွှမ်မင့်ဂန္တဝင်ကိုးပါးနှင့် ဝမ့်ကျစ်ကမ္ဘာရဲ့ လျှို့ဝှက်စာအုပ်များ ဖြစ်သည်။
တစ္ဆေသင်္ဘောနှင့် တွေ့ကြုံပြီးနောက် မိန်းကလေးများသည် တခြားနေရာများတွင် သူမတို့ ခွန်အားများက အားကောင်းနေကြောင်း သိသာသော်လည်း ယခုလို အန္တရာယ်နှင့် ကြုံတွေ့ရသောအခါတွင် သူတို့ အသက်ကို ကယ်ဆယ်ရန် နည်းလမ်း မရှိသလောက်ပင် ဖြစ်ခဲ့ကြကြောင်း နားလည်လာခဲ့သည်။
ယခုက ရှေးဟောင်းလျှပ်စီးကမ္ဘာမှာပဲ ရှိနေသေးသည်။ တကယ်လို့ ကိုယ်ပိုင် ထူးခြားတဲ့ နည်းလမ်းတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းများနှင့် အသက်ကယ် ဝှက်ဖဲများမပါဘဲ ဝမ့်ကျစ်ကမ္ဘာသို့ သွားပါက ရှေ့ဆက်သွားရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သွားနိုင်သည်။
ရွှမ်မင့်ဂန္တဝင်ကိုးပါးနှင့် ပတ်သက်ရင်တော့ သူတို့သည် အခန်းတွင်းရှိ တတိယ အကြီးအကဲရဲ့ အန္တရာယ်နှင့် ပတ်သက်သော ခံယူချက်အား မျက်လုံးများဖြင့် မြင်ခဲ့ကြပြီးပြီ။ သူတို့သာ လုရွှမ်နဲ့ မတွေ့ဆုံနိုင်ခဲ့ရင် တစ္ဆေသင်္ဘောထဲကနေ လွတ်မြောက်ဖို့ အခွင့်အရေးကို ရှာတွေ့နိုင်သွားမှာ သေချာ၏။
အောင်ရှင်းနှင့် နတ်သမီးကျင်းဟုန်တို့သည် နက်နဲသိမ်မွေ့သော ရွှမ်မင့်ဂန္တဝင်ကိုးပါးကို သေသေချာချာ လေ့လာခဲ့ပြီး အနည်းဆုံး တစ်ပိုင်းတစ်စကို မှတ်သားနိုင်ခဲ့သည်။ လုရွှမ်နဲ့ အောင့်ယွဲ့တို့ကတော့ အခင်းအကျင်း ပညာများကို တော်တော်များများ နားလည် သဘောပေါက်ခဲ့ကြသည်။
မျက်စိတစ်မှိတ် အတွင်းမှာ တစ်လခွဲ ကြာသွားခဲ့ပြီ။ ဒီကာလမှာ အမျိုးသမီးသုံးဦးရဲ့ ခန္ဓာကိုယ်ဟာ အပြည့်အဝ ပြန်လည် ကောင်းမွန်လာခဲ့သည်။ သေခြင်းတရားရဲ့ ချိုင့်ဝှမ်းထဲမယက ကျဉ်းမြောင်းစွာ လွတ်မြောက်နိုင်ခဲ့ပေမယ့် သူတို့အားလုံးဟာ နယ်ပယ်ကို ဖြတ်ကျော်ပြီး ခွန်အားတွေလည်း အလွန်တိုးလာခဲ့သည်။
ရွှမ်မင့်ဂန္တဝင်ကိုးပါး အပေါ် နားလည်မှုကလည်း ပိုမိုမြင့်မားတဲ့ အဆင့်သို့ တိုးမြင့်လာခဲ့သည်။
နတ်သမီးကျင်းဟုန်က သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို ထိန်းချုပ်ရာတွင် ထူးထူးခြားခြား ထက်မြက်သူ ဖြစ်သည်။ သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို အသုံးပြု၍ တိုက်ခိုက်ရာတွင်လည်း သူမရဲ့ တိုက်ခိုက်ရေး စွမ်းအားက အောင်ရှင်းထက် မနိမ့်ပါးတော့ပေ။
နတ်သမီးအောင့်ယွဲ့ရဲ့ ပင်ကိုယ်စွမ်းရည်မှာ ရှေးဟောင်းလျှပ်စီးကမ္ဘာနှင့် ဝမ့်ကျစ်ကမ္ဘာက အခင်းအကျင်းတွေ အကြောင်း နားလည်နိုင်အား ကောင်းသည်။ ခြားနားချက်မှာ ဝမ့်ကျစ်ကမ္ဘာရဲ့ အခင်းအကျင်း ဖွဲ့စည်းပုံများသည် ပိုမိုမြင့်မားသော အဆင့်ရှိသည်။ သူမက လျင်မြန်စွာ စတင်ခဲ့ပြီးတော့ သူမရဲ့ နားလည်မှုနှုန်းက လုရွှမ်ထက် ပိုမြန်နေပါသေး၏။
လုရွှမ်ကလည်း ထိုအသိပညာကို အရူးအမူး စုပ်ယူနေပြီး အပြန်အလှန် စစ်ဆေးမှုတွင် သူ၏ ခွန်အားများ အလွန်တိုးလာသည်ဟု ခံစားမိသည်။
နတ်သမီးကျင်းဟုန်နှင့် အောင်ရှင်းတို့သည် ၎င်းတို့၏ ခွန်အားကို တိုးမြင့်လာစေရန် နတ်ပုတီးစေ့နှစ်ခု၏ ပေါင်းစပ်ဝိသေသ လက္ခဏာများကို အသုံးပြု၍ ပေါင်းစပ် တိုက်ခိုက်ရေး နည်းလမ်းများကို တီထွင်လာခဲ့သည်။ လုရွှမ်သည် ၎င်းတို့နှစ်ဦးအား စမ်းသပ် တိုက်ခိုက်ခဲ့ပြီး ကောင်းကင်ဓားကိုးစင်းထဲက တတိယဓားကို သုံးခဲ့မှသာ အမျိုးသမီးနှစ်ယောက်ကို ချုပ်နှောင်ထားနိုင်ခဲ့သည်။
သစ်သားဒြပ်စင် နတ်ပုတီးစေ့၏ အကူအညီဖြင့် နောက်ဆုံးတွင် အမျိုးသမီးနှစ်ဦးသည် မီးဒြပ်စင် နတ်ပုတီးစေ့ရဲ့ ယေဘူယျလမ်းကြောင်းကို ခံစားလိုက်ရသည်။
မီးဒြပ်စင် နတ်ပုတီးစေ့ကို ရှာဖို့ အချိန်တန်ပြီ။
ထျန်းယိဂိုဏ်းရဲ့ ဂိုဏ်းချုပ်မှာတော့ ဒေါသနှင့် ထိတ်လန့်မှုတွေကြောင့် သူ့မျက်နှာက အတော်လေး ကြည့်ရဆိုးနေသည်။ တပည့်နှင့်အတူ အကြီးအကဲတွေကို လွှတ်လိုက်ပေမယ့် မမျှော်လင့်ဘဲ အားလုံး သေဆုံးသွားခဲ့ကြသည်။
ထပ်ခါထပ်ခါ စဉ်းစားပြီးနောက် ထျန်းယိဂိုဏ်းသည် တောင်ကို ပိတ်လိုက်ကြောင်း ကြေငြာလိုက်သည်။ ရုတ်တရက်ပင် အလွန်တရာမှ ပဟေဠိဆန်သော အကြောင်းရင်းကို ဘယ်သူမှ အဖြေရှာမရခဲ့ချေ။
ထျန်းယိဂိုဏ်းမှ အကြီးအကဲ တစ်ဦးသည်ပင် ချက်ချင်း အပြင်ထွက်ရန် အကြောင်းပြ၍ ထွက်ပြေးသွားခဲ့သည်။ တစ်လခွဲအကြာတွင် ယွင်ယင် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာပြီး ထိုသတင်းကို ကြားလိုက်ရသည်။
သူမ ထိတ်လန့်တုန်လှုပ်သွားပြီး သူ့သမီးကို အမြန် ဆက်သွယ်လိုက်သည်။ သူမတို့က အားလုံး အဆင်ပြေကာ သစ်သားဒြပ်စင် ဘုရားပုတီးစေ့ကိုပင် ရရှိခဲ့ကြောင်း သိလိုက်သောအခါတွင် သူမသည် စိတ်လှုပ်ရှားသွားပြီး လုရွှမ်ရဲ့ အဆင့်အတန်းကိုပင် သူမနှလုံးသားထဲတွင် ထပ်မံ မြှင့်တင်ခဲ့လေသည်။
သူမသည် ထိုလူနှင့် ကောင်းမွန်သော ဆက်ဆံရေး ထူထောင်ရန် သူမသမီးကို ထပ်ခါတလဲလဲ အမိန့်ပေးခဲ့ပြီး နတ်သမီးကျင်းဟုန်ကတော့ အလွန်အမင်း ရှက်သွားခဲ့သည်။ သူမမိခင်ရဲ့ အကျိုးရှိရှိ အကြံအစည်များက ဘယ်လို ဖြစ်နေတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိခဲ့ရပေ။
လုရွှမ်ကဒါကို လုံးဝ အလေးအနက် မထားခဲ့ပေ။ ဒါက လုံးဝပုံမှန်ပါပဲ။ သူက ကျင်းဟုန်ကို စကားအနည်းငယ် ပြောပြီး နှစ်သိမ့်ပေးပြီးနောက် သူမရဲ့ ကြိုးထုံးကို ဖြည်လိုက်ပါ၏။ သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို ရရှိပြီးနောက် ကျင်းဟုန်ရဲ့ အနာဂတ်ဟာ အကန့်အသတ် မရှိနိုင်တော့ပေ။ သူမရဲ့ အပြစ်ကင်းသော နှလုံးသားဖြင့် အနာဂတ် အောင်မြင်မှုများသည်လည်း ပိုမို ကောင်းမွန်လာလိမ့်မည်။
လုရွှမ်သည် သူမလို မိန်းမကောင်းလေးကို လောကဒုက္ခများထဲသို့ မကျရောက်စေချင်ပေ။
မီးဒြပ်စင် နတ်ပုတီးစေ့ရဲ့ တည်နေရာက တောင်ဘက်သို့ ဦးတည်နေ၏။ လုရွှမ် မေးစရာမလိုအောင် အမျိုးသမီး သုံးဦးစလုံးတွင် ထိုးထွင်းသိမြင်မှုရှိကြသည်။
ရှေးဟောင်း လျှပ်စီးကမ္ဘာ၏ တောင်ဘက်တွင် အလွန်ကျော်ကြားသော နေရာတစ်ခု ဖြစ်သည့် ကမ္ဘာ့မီးနယ်မြေ ရှိသည်။ ထိုနေရာသည် နှစ်ပေါင်းများစွာကတည်းက မီးတောက်များ ကောင်းကင်အထိ တက်လာပြီး ပူပြင်းသော ရာသီတွေဆို မီးတောက်များက ပတ်ဝန်းကျင် ဒေသများအထိ ပျံ့နှံ့သွားကာ ငလျင်လှုပ်တာ၊ မီးတောင် ပေါက်ကွဲတာတွေ ဖြစ်ပေါ်တတ်လို့ သက်ရှိအားလုံးကို ဆိုးဆိုးရွားရွား အန္တရာယ် ကျရောက်စေသော နေရာဖြစ်သည်။
ကမ္ဘာ့မီးနယ်မြေကို ကျင့်ကြံသူ အမြောက်အမြား သွားရောက် လည်ပတ်ကြရာ ထိုနေရာ၌ မီးဝိညာဥ်များ ရနိုင်သည်ဟု ကောလာဟလများ ထွက်ပေါ်နေသလို အခွင့်အရေးရှိလျှင် ထူးဆန်းသော မီးတောက်များကိုပင် ရနိုင်သည်ဟု ဆိုကြ၏။
ကမ္ဘာ့မီးနယ်မြေ တစ်ဝိုက်တွင် ဂိုဏ်းခွဲများနှင့် ချမ်းသာသော မိသားစုများပင် သဘာဝကျကျ ပျံ့နှံ့နေထိုင်ကြကာ တပ်ဖွဲ့များသည် အလွန်အမင်း ရောနှောပြီး တိုက်ပွဲများနှင့် ရန်ပွဲများက ထိုနေရာရဲ့ သာမန်ကိစ္စလိုပင် ဖြစ်လာသည်။
ထို့ကြောင့် ကမ္ဘာ့မီးနယ်မြေသည် ရှေးဟောင်းလျှပ်စီးကမ္ဘာမှာ အရှုပ်အထွေးဆုံး နေရာအဖြစ်လည်း လူသိများလာခဲ့သည်။
လူလေးယောက်နဲ့ ကျားလေး တစ်ကောင်က နေရာပြောင်း အခင်းအကျင်းကို စီးပြီး တောင်ဘက်စွန်းအထိ ပြေးသွားခဲ့သည်။
တစ်လအကြာအထိ အဆက်မပြတ် စီးပြီးနောက် ၎င်းတို့လေးဦးသည် နောက်ဆုံးတွင် ကမ္ဘာ့မီးနယ်မြေသို့ ရောက်ရှိလာခဲ့၏။
အခင်းအကျင်းထဲက ထွက်လာတာနဲ့ တပြိုင်နက် မိတ်ဆက်လာတဲ့ အပူဒဏ်ကို ဦးစွာ ခံစားလိုက်ရသည်။ ဟိုဟိုဒီဒီ ကြည့်လိုက်တော့ ကျင့်ကြံသူတွေဟာ ခပ်မိုက်မိုက် အဝတ်အစားတွေကို ဝတ်ထားကြပြီး မိန်းကလေးများပင် အတော်လေး ရဲရင့်ကာ အားလုံးနီးပါးက ရင်သားတွေကို ပေါ်အောင် ဖော်ထားကြသည်။
အမျိုးသမီး ကျင့်ကြံသူများသည် ရှေးဟောင်းလျှပ်စီးကမ္ဘာ၏ ဓလေ့ ထုံးတမ်းများအတိုင်း တင်းကြပ်သော ၀တ်စုံကို ၀တ်ဆင်ထားသော်လည်း ၎င်းတို့၏ ဂါဝန်များမှာ တောက်ပြောင်ပြီး မှော်လက်နက်များ ဖြစ်ကြောင်း ထင်ရှားပါ၏။ သူတို့အနားက ဖြတ်လျှောက်သွားရင်း အေးမြတဲ့ လေနုအေးတွေ တိုက်ခတ်လာတာကို ခံစားမိမှာပဲ ဖြစ်သည်။
လူသုံးယောက် ထွက်လာသည်နှင့် ချက်ချင်းပင် အားလုံးက ဝိုင်းအုံလာကြသည်။
နတ်သမီးအောင့်ယွဲ့က မြင့်မြတ်သော မိသားစုမှ မွေးဖွားလာခဲ့ပြီး မြင့်မြတ်မှုနှင့် မာန၏ အရိပ်အမြွက်ကို သဘာဝအတိုင်း သယ်ဆောင်လာတတ်သည်။ လုရွှမ်ကို သိလာပြီးနောက်တွင် သူမသည် မာနမကြီးတော့ဘဲ သူမစရိုက်က ပိုအဆင့်မြင့်လာပြီး ပို၍ သန့်ရှင်းလာသည်။
နတ်သမီးကျင်းဟုန်ဟာ သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို ချုပ်ကိုင် ထားပြီးကတည်းက သူမခန္ဓာကိုယ်မှ ထွက်ရှိလာသော သဘာဝရဲ့ စွမ်းအင်အဓိပ္ပာယ်သည် ပို၍ပို၍ တောက်ပလာရာ လူများကို နွေဦးလေညင်းလေးလို ခံစားချက်ကို ပေးစွမ်းကာ လူအများကို အလိုလို ချဉ်းကပ်လာစေသည်။
အောင်ရှင်းသည် ရေနတ်ပုတီးစေ့ကို ထိန်းချုပ်ထားသော်လည်း သူမတွင် ရေပုံစံများ၏ ပျော့ပျောင်းသော ခံစားမှုမျိုး မရှိပေ။ ထိုအစား ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုကို ပေးနေ၏။ ထိုမိန်းမသုံးယောက် အနက်မှ တစ်ယောက်ယောက်သည် တုနှိုင်းမရသော နတ်ဘုရားမတစ်ပါး ဖြစ်ပြီး ယခုအခါ သူမတို့သည် လူတိုင်းရဲ့ နှလုံးသားကို တုန်လှုပ်ညချောက်ချားစေကာ လူ့စိတ်ကို ညှို့ယူနေသကဲ့သို့ တစ်ချိန်တည်းတွင် ပေါ်ထွက်လာကြသည်။
လုရွှမ်ရဲ့ ပေါ့ပေါ့ပါးပါး စကားဆိုသည့် အသံလှိုင်းများသည် လေလှိုင်းများလို လူတိုင်းရဲ့ စိတ်ထဲအထိ ပဲ့တင်ထပ်နေ၏။