ဆိုးရွားသောအခြေအနေတွင် ကျင့်ကြံခြင်း
Vol. 63 Ch. 463.4
လုရွှမ် နှလုံးခုန်သံနဲ့အတူ အသိဝင်လာခဲ့သည်။ မီးအဆိပ်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ယွမ်ယန်ကျင့်စဥ်ရဲ့ ဖြူစင်မှုကို ဘယ်လိုလုပ် ခံနိုင်ပါ့မလဲ။ ၎င်းသည် ဒြပ်စင် စွမ်းအင်တစ်ခု ဖြစ်သရွေ့ ယွမ်ယန်ကျင့်စဥ်က ပြန်လည် သန့်စင်ပေးနိုင်သည်။
အကျပ်ကိုင်မှုတစ်ခုက သူ့ခန္ဓာကိုယ်ထဲက ထွက်လာပြီး တစ်ခဏချင်းမှာပဲ ပတ်ဝန်းကျင်က မီးတောက်တချို့ကို တွန်းထုတ်ပစ်လိုက်သည်။ လုရွှမ်ရဲ့ ခန္ဓာကိုယ်အောက်တွင် လေများစုဝေးလာပြီး သူသည် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။
ယွမ်ယန်ကျင့်စဥ်က သူ့စိတ်တွေကို ခန္ဓာကိုယ်အပြင်ဘက်မှာ ထားထားရသလိုမျိုး ထပ်ခါထပ်ခါ လည်ပတ်နေသည်။ မျက်လုံးက နှာခေါင်းကို ကြည့်နေစဥ် နှာခေါင်းက နှလုံးသားထဲအထိ အနံ့ခံနေသလိုမျိုး စိတ်တစ်ခုလုံးက ယွမ်ယန်ကျင့်စဥ်နဲ့ အတူ လည်ပတ်နေသည်။
လုရွှမ်သည် အရပ်ရပ်သို့ ထွန်းလင်းတောက်ပနေသော နေလုံးသကဲ့သို့ ခန္ဓာကိုယ်မှ ရောင်ဝါလှိုင်းများ ဖြာထွက်လာသည်။ ကမ္ဘာ့မီးတောက်သည် လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို လေဆင်နှာမောင်း၏ ဗဟိုချက်ကဲ့သို့ ဝန်းရံထားပြီး လုရွှမ်ခန္ဓာကိုယ် တစ်ဝိုက်တွင် ပြင်းထန်စွာလှည့်ပတ်နေသည်။
သူ့ခန္ဓာကိုယ်အောက်ရှိ လေများသည်လည်း လှည့်ပတ်သွားကာ လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို ပိုမိုမြန်ဆန်စွာ လှည့်ပတ်နိုင်ရန် တွန်းအားပေးလျက် ရှိသည်။ ထို့အပြင် မီးစတင်ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာမီးလျှံသည်လည်း မြန်သထက်မြန်ဆန်စွာ လှည့်ပတ်လာကာ တဖြည်းဖြည်း လေပွေ အဖြစ်သို့ ပြောင်းလဲသွားသည်။
မီးတောက်များ ဟိန်းဟောက်နေစဉ် အတွင်း အလင်းသည် ပို၍ပို၍ အားကောင်းလာပြီး အပြာရောင် မီးတောက်အလင်းက ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
အာကာသ အက်ကြောင်းများ တကွဲတပြားစီ ကွဲထွက်သွားပြီး ကျောက်တုံးများကို အက်ကွဲကြောင်းများထဲသို့ ဆွဲသွင်းကာ ကျင့်ကြံသူများမှာလည်း တစ်ယောက်ပြီး တစ်ယောက် အော်သံများဖြင့် လိုက်ပါလာခဲ့သည်။
ကောင်းကင်နှင့် မြေကြီးမှ ရုတ်တရက် ထွက်ပေါ်လာသော မီးတောက်မီးလျှံများကို ကြည့်ရင်း ပိုင်ထျန်းရှန် သူ့နှလုံးသားထဲကနေ လှောင်ပြောင်ကာ ဘေးမှာ ရပ်နေသော လုရွှမ်ကို ကြည့်လိုက်သည်။ သူ့ခြေရင်းက ကျောက်တုံးတစ်တုံးကို ခြေကုပ်ယူပြီး သူ့အနားမှာ ရပ်နေနိုင်တာနဲ့ အသက်ရှင်နိုင်မယ်လို့များ ထင်နေတာလား မသိ။
အစောက ကျောက်တုံးတွေ ပြိုကျပြီး လုရွှမ် လေထဲက ပြုတ်ကျသွားတာကို သူမြင်လိုက်ရသည်။ သို့သော် ဒီလိုခေါင်းမူးမတတ် လှည့်ပတ်နေတဲ့ အခြေအနေမှာ လုရွှမ်ဟာ မြဲမြံစွာ ရပ်တည်နေပြီး အေးအေးဆေးဆေး တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံမှုကိုပင် စတင်နေခဲ့တာကို တွေ့လိုက်ရ၏။
သူဘာလုပ်နေတာလဲဟ???
လူတိုင်းသည်လည်း လုရွှမ်ရဲ့ အရှုံးကို ကြည့်ချင်ခဲ့တာကြောင့် သူတို့ရပ်နေသည့် ကျောက်ဆောင်များပေါ်တွင် ခိုင်မြဲစွာ ရပ်နေခဲ့ကြသည်။
လုရွှမ် ဤအခိုက်အတန့်တွင် သူ့မျက်လုံးများကို ဖွင့်လိုက်ပါက သေချာပေါက် ထိတ်လန့်သွားလိမ့်မည်။ ကျောက်တုံးများ အားလုံး ပြိုကျပြီး ကမ္ဘာ့မီးတောက်သည် တဟုန်းဟုန်း တောက်နေသောကြောင့် ထိုလူများသည် ကျောက်တုံးများပေါ်မှာသာ ရပ်နေနိုင်ခဲ့သည်။
ဒါပေမဲ့ မကြာခင်မှာပဲ အဲဒီလူတွေရဲ့ ဝမ်းနည်းစွာ အော်ဟစ်သံများက ထွက်ပေါ်လာပါတော့သည်။ လုရွှမ်က သူတို့ဘေးမှာ ရှိနေပေမယ့် တကယ်ကြီး မီးတောက်ကြီးကို မှုတ်ထုတ်နေ၏။
အပြာရောင် ကမ္ဘာ့မီးတောက်သည် သူတို့ဆီသို့ တဖြည်းဖြည်း ပျံတက်လာသည်။ ယခင် စတင်ဝင်လာသည့် ကာလအတွင်းမှာပင် မြေအောက်က ကျောက်တုံးကြီးများကြောင့် ပြဿနာ မရှိခဲ့ပေ။ သို့သော် မီးတောက်တွေနဲ့ လေတိုက်ခတ်မှုအောက်တွင် သူတို့သည် တဖြည်းဖြည်း မတည်ငြိမ်နိုင်တော့ပေ။
"လုရွှမ် မြန်မြန်ရပ်လိုက်!!"
ပိုင်ထျန်းရှန်က အော်လိုက်သည်။ သူ့မှာ အရင်ကလို မာနအရိပ်အယောင်တွေ မရှိတော့ပေ။ သူ့မျက်နှာက ဖြူဖျော့နေပြီး ခြေဖဝါးအောက်က ကျောက်တုံးတွေဟာ မတည်ငြိမ်တော့ဘဲ မီးတောက်တွေ တဟုန်းဟုန်း တောက်လောင်နေပြီ။
လောင်မြိုက်သော အပူရှိန်သည် ကျောက်ဆောင်များမှ အလိုအလျောက် ထွက်ပေါ်လာပြီး သူတို့၏ခန္ဓာကိုယ်ကို စတင်ဝင်ရောက်လာသည့် အပြင် အကာအကွယ် အလင်းမျက်နှာပြင်ကို တဖြည်းဖြည်းချင်း စိမ့်ဝင်လာလေပြီ။
မဟာသူတော်စင် မပြောနှင့် ကောင်းကင်ဘုံသခင် အနည်းဆုံး အဆင့်၆ ထက် ကျော်လွန်သူပင်လျှင် ယခုကမ္ဘာမီးကို ခံနိုင်ရည် မရှိနိုင်ပေ။
ကျောက်တုံးများမှ ဖြာထွက်နေသော မီးအဆိပ်များကို အကာအကွယ် ပေးထားသည့် အလင်းမျက်နှာပြင်သည် မီးအဆိပ်အတောက် အများစုကို ပိတ်ဆို့ထားသော်လည်း အပြင်းအထန် ထိုးဖောက် ဝင်ရောက်သည့်အခါ အနည်းငယ်သာ ခံနိုင်ရည်ရှိတော့သည။
အချိန်သိပ်မကြာဘဲ နောက်ဆုံးတွင် မဟာသူတော်စင် အဆင့်၅ အနိမ့်ဆုံး အဆင့်ရှိသော ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်တွင် အပြာရောင် မီးတောက်တစ်ခု ရုတ်တရက် ပေါ်လာလေသည်။
ထိုသူမှာ စူးစူးဝါးဝါး အော်ဟစ်ပြီး ကျောက်တိုင်ပေါ်ကနေ ပြုတ်ကျသွား၏။
"မဖြစ်ဘူး!"
ပိုင်ထျန်းရှန် လျင်မြန်စွာ အော်လိုက်ပြီး ထိုလူကို ကျောက်တုံးဆီသို့ ပြန်လည် တွန်းပို့လိုက်သည်။
ကျောက်တုံးပေါ်မှာ ရပ်နေချိန်မှာ ပိုင်ထျန်းရှန်က သူတို့ကို ဘာပဲဖြစ်ဖြစ် ကျောက်တုံးပေါ်က ထွက်မသွားဖို့ အကြိမ်ကြိမ် အလေးပေး သတိပေးခဲ့သည်။ မဟုတ်ရင် ကျောက်တုံး ကျိုးကြေသွားတာနဲ့ သေသွားလိမ့်မည်။
တစ်ကိုယ်လုံး မီးလောင်ကျွမ်းသွားသော ကျင့်ကြံသူသည် ဝမ်းနည်းပူဆွေးစွာ စူးစူးဝါးဝါး အော်ဟစ်နေသော်လည်း ကျောက်တုံးကိုတော့ သံမှိုရိုက်ထားသလို ဖက်တွယ်ထားတုန်းပင်။ သို့သော် တဖြည်းဖြည်း ပြာဖြစ်သွားကာ ကျောက်တုံးပေါ်တွင် အဖြူရောင် အရိုးစုတစ်ခုသာ ကျန်ရှိတော့သည်။
တခြားလူတွေလည်း ထိုသနားစရာကောင်းသော မြင်ကွင်းကို ကြည့်ပြီး နှုတ်ခမ်းများ တဆက်ဆက် တုန်လှုပ်လာကြသည်။
သူတို့ရင်ထဲမှာ နောင်တတရားတွေ ဝင်ရောက်လာခဲ့သည်။ သူဘာလို့များ ဒီလိုကိစ္စမျိုးမှာ ပါဝင်ခဲ့မိတာလဲ!
ပိုင်ထျန်းရှန်က တခြားသူတွေရဲ့ မျက်လုံးတွေကို ကြည့်ပြီး ရူးသွပ်နေတဲ့ လူသတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ ကြည့်လိုက်သည်။ သူ့အသံက အေးစက်ပြီး မုန်းတီးစိတ်နဲ့ အော်ဟစ်လာခဲ့သည်။
"မင်းတို့ နောင်တရလား မုန်းနေလား ငါမသိဘူး...သိလည်း ဂရုမစိုက်ဘူး မင်းတို့ရဲ့ ကျောက်တုံးကိုသာ သေချာ ကိုင်ထားကြ မဟုတ်ရင်တော့ မင်းတို့အကုန် သွားသေလိုက်တော့!"
သူ့မျက်လုံးတွေက သွေးတွေလို နီရဲနေပြီး ဒါဟာ သူ့ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ မီးအဆိပ်လား ဒါမှမဟုတ် လက်ရှိအခြေအနေအပေါ် မကျေမနပ် ဖြစ်နေသလား မသိနိုင်ပေ။
လုရွှမ်ရဲ့ စွမ်းဆောင်ရည်က သူမျှော်လင့်ထားတာထက် လုံးဝ ကျော်လွန်သွားပြီ။ သူသည် အရာအားလုံးကို တွက်ချက်ထားပြီးသား ဖြစ်သော်လည်း ထိုကဲ့သို့သော အာကာသ ပျက်သုဉ်းမှုတွင် လုရွှမ်သည် အေးဆေးတည်ငြိမ်စွာ နေနိုင်မည်ဟု မမျှော်လင့်ထားပေ။ ယင်းအစား သူတို့အတွက် ကြီးမားသော အန္တရာယ်ကိုပင် ဖြစ်စေခဲ့သည်။
ကျန်းလီနှင့် ကျန်းလိတို့ ညီအစ်မများသည် မသင်္ကာမှုများနှင့် သူတို့နောက်ကျောကို စိုက်ကြည့်နေသော တခြားသူများ၏ မျက်လုံးများထဲက အေးတိအေးစက် အရိပ်အယောင်များကို ခံစားနေရသည်။ သူတို့မှာ ဒေါသထွက်နေပေမယ့် ယခုအချိန်မှာ ဘာမှ မလုပ်နိုင်တာကြောင့် လွန်ကဲစွာ စိတ်ပျက်နေသလား မပြောတတ်ပေ။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ?
ပိုင်ထျန်းရှန်က ဒီကမ္ဘာက လူတစ်ယောက်မဟုတ်ကြောင်း ဘယ်သူမှ မသိကြပေ။ သူသည် ဝမ့်ကျစ်ကမ္ဘာမှလာကာ အခွင့်အရေးကိုစောင့်ဆိုင်းနေရင်း ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ဤနေရာတွင်ရှိ မီးဒြပ်စင် နတ်ပုတီးစေ့သည့ ကမ္ဘာရတနာများထဲမှ တစ်ခုဖြစ်နိုင်သည်ဟု တခြားသူများက ထင်ကြေး ပေးခဲ့ကြသော်လည်း မီးဒြပ်စင် နတ်ပုတီးစေ့ အပြင် ဤနေရာတွင် ပို၍ထူးကဲသော ရတနာတစ်ခု ရှိကြောင်း သိထားသော သူသည် ကောင်းကင်အခွင့်အလမ်း ဂိုဏ်းမှ လွှတ်လိုက်သော တစ်ဦးတည်းသော လူဖြစ်လေသည်။
မီးဒြပ်စင် နတ်ပုတီးစေ့ကို ဤနေရာသို့ ဆင်းသက်လာရန် ဆွဲဆောင်ခဲ့သော ထိုရတနာသည် ကမ္ဘာ့မီးတောက်ကို တဖြည်းဖြည်း မွေးဖွားပေးခဲ့ပြီး ကမ္ဘာ့မီးနယ်မြေကိုလည်း ဆက်လက်ထွန်းကား လာစေခဲ့သည်။
ဒါတွေ အားလုံးက ထိုရတနာကြောင့်ပဲ ဖြစ်သည်။
သူသည် အရာအားလုံးကို စီမံထားပြီးသားဖြစ်ပြီး လုရွှမ် ရောက်ရှိလာရန် အတွက်ပင် စီစဉ်ခဲ့သည်။ လုရွှမ်အနားက လူတွေရဲ့ နတ်ပုတီးစေ့နှစ်လုံးကို ယူ၍ သူသည် မီးဒြပ်စင် နတ်ပုတီးစေ့ကို ဆွဲထုတ်နိုင်ပါက ထိုရတနာကို ရှာဖွေရန် သဲလွန်စများ ရနိုင်ပြီဟု တွက်ချက်ထားခဲ့သည်။
အာကာသ ပျက်ဆီးခြင်းနဲ့ ပတ်သက်ပြီး ဝမ့်ကျစ်ကမ္ဘာမှာလည်း ဒီလိုမျိုး မကြုံဖူးဘူးလေ။
ဒါပြီးရင် လွတ်မြောက်သူတွေ အတွက် မျှော်လင့်ချက် တလက်လက် တောက်ပနေပြီး ရှင်သန်ဖို့ အခွင့်အလမ်းက စောစောစီးစီး ရောက်မယ်လို့ သူ တွက်ဆထားရင်း လုရွှမ် ရောက်လာမယ့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
သို့သော် အရာအားလုံးကို ကြံစည် စီစဉ်ထားပြီးတဲ့ နောက်မှာတော့ လုရွှမ်ဟာ အရာအားလုံးကို ဖျက်စီးသွားခဲ့သည်။
ဒီလို ကံကောင်းမှုမျိုး ရှိနေတဲ့လူက သူတော်စင်အဆင့် ကောင်လေးတစ်ယောက် ဖြစ်လာနိုင်ပါ့မလား။
လုရွှမ်၏ စိတ်သည် ကျင့်ကြံမှုအတွင်း ငြိမ်သက် အေးချမ်းစွာ နစ်မြုပ်နေခဲ့သည်။ သူသည် သူ့ပတ်ဝန်းကျင် အခြေအနေကို ဂရုမစိုက်ဘဲ အရာအားလုံးကို သူ့နှလုံးသားထဲတွင် သိမ်းဆည်းထားသည်။ အန္တရာယ်တစ်ခုခု ရှိလာပါက ခန္ဓာကိုယ်က အလိုလို တုံ့ပြန်လာပါလိမ့်မည်။
ခန္ဓာကိုယ်ထဲရှိ ယွမ်ယန်ကျင့်စဥ်၏ နယ်ပယ်သည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ မီးလေပွေ အလယ်တွင် လုရွှမ်က တင်ပျဥ်ခွေ ထိုင်နေပြီး သူ့ ပတ်ပတ်လည်တွင် ကမ္ဘာ့မီးတောက်များက လည်ပတ်နေသည်။ ၎င်းတို့သည် ကြီးမားသော မီးအဆိပ်ကို ယူဆောင်လာပြီး လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲကို အဆက်မပြတ် ကျူးကျော် ဝင်ရောက်လာခဲ့သည်။
ဘယ်သူမဆို ရှင်းရှင်းလင်းလင်းသာ မြင်နိုင်ခဲ့လျှင် လုရွှမ်သည် ယခုအချိန်တွင် လုံးဝ အပြာရောင် လူသားအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဆိုတာကို မြင်ရပေလိမ့်မည်။ အပြာရောင် အလင်း အနည်းငယ်သည် သူ့ကိုယ်ထဲသို့ ဆက်လက် တိုးဝင်နေသည်။
လုရွှမ်၏ မျက်နှာသည် ရံဖန်ရံခါ တုန်ခါသွားကာ ပြင်းထန်စွာ နာကျင်နေမှန်း သိသာသည်။
ဒါပေမဲ့ မီးအဆိပ် သူ့ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုကိုတော့ များစွာ အထောက်အကူ ပြုပါ၏။ မီးခိုးပြာ အနည်းငယ်ကို သန့်စင်ပြီးနောက် ခန္ဓာကိုယ်မှ စွန့်ထုတ်လိုက်သည်။
ကြွက်သားများ ပိုမိုကျစ်လစ်လာကာ ခန္ဓာကိုယ်ထဲက သွေးပြန်ကြောများ ပိုမိုနက်ရှိုင်းလာတဲ့ အတွက် ကိုယ်ခန္ဓာသည်လည်း ပိုမိုကြံ့ခိုင်လာပါ၏။
ယွမ်ယန်ကျင့်စဥ်သည် လူ့ခန္ဓာကိုယ်ကို အာဟာရ ဖြည့်ပေးနိုင်စွမ်း ရှိသည်။ မီးအဆိပ်များသည် ခန္ဓာကိုယ်တွင်းသို့ လျင်မြန်စွာ မြန်မြန်ဆန်ဆန် ဝင်ရောက်လာတာကြောင့် ခန္ဓာကိုယ် အတွင်းမှာ မီးအဆိပ်များ ပိုများလာသည်။