မီးဒြပ်စင် နတ်ပုတီးစေ့ကို သိမ်းဆည်းခြင်း
Vol. 63 Ch. 464.4
အပြာရောင် မီးအဆိပ် အနည်းငယ်သည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးသည်နှင့် အရွတ်များနှင့် သွေးပြန်ကြောများ နောက်သို့ လိုက်ကာ ယွမ်ယန်ကျင့်စဥ်၏ စွမ်းအင်ဖြင့် ပတ်ထားကာ ယောက်ျားဆန်သော်လည်း နူးညံ့သိမ်မွေ့သော စွမ်းအားတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
တည်ငြိမ်သော ချိန်ခွင်လျှာ အပေါ်မှာ လုရွှမ်တစ်ယောက် ငုတ်တုတ်ထိုင်နေသလို ဖြစ်နေသည်။ ဤအရာအားလုံး၏ အခြေခံမှာ လူမဆန်သော နာကျင်မှုကို လုရွှမ် အမြဲလိုလို တွေ့ကြုံခဲ့ရတာကြောင့် ခံနိုင်ရည်ရှိနေခြင်းပင် ဖြစ်သည်။
မီးတောက်လေပွေ၏ အရှိန်က ပိုမို မြန်ဆန်လာသည်နှင့်အမျှ လက်ရှိနေရာသည် အာကာသပျက်ဆီးခြင်း၏ ဗဟိုချက် ဖြစ်လာသကဲ့သို့ ပတ်ဝန်းကျင်ရှိ မီးတောက်များကို တဖြည်းဖြည်း ဆွဲဆောင်အား ကောင်းလာခဲ့သည်။
ဘေးဒုက္ခများကို ခံစားနေရသော ပိုင်ထျန်းရှန်သည် နောက်ဆုံးတွင် ကြိမ်းမောင်းသံများကို ထုတ်လွှတ်လာလေ၏။ သူ့ခြေဖဝါးအောက်ရှိ ကျောက်တုံးမှ ပံ့ပိုးပေးထားသည့် အလင်း အကာအကွယ်သည် သူ့ကို မကာကွယ်နိုင်တော့ဘဲ အပိုင်းပိုင်း ကွဲအက်လာသည်။
သူတို့အုပ်စုထဲက လူတွေဟာ လုရွှမ်တစ်ဝိုက်တွင် လျင်မြန်စွာ လှည့်ပတ်နေသော မီးလေပွေထဲသို့ စုပ်ယူခံလိုက်ရသည်။
မီးတောက်မီးလုံးကြီးထဲသို့ စုပ်ယူခံလိုက်ရသူများမှာ ပြန်လည် မထွက်နိုင်ဘဲ ပင်လယ် ရေဂဲထဲသို့ ပစ်ချခံလိုက်ရသော လှေကဲ့သို့ ကြေမွသွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကျောက်တုံးများ ကွဲအက်ကာ မီးအိုင်အဖြစ်သို့ ပြောင်းလဲသွားပေ၏။
မီးပင်လယ်သည် အာကာသထဲအထိ တဟုန်းဟုန်း တောက်လောင်ကာ လေပြင်းများ တိုက်ခတ်သွားတိုင်း လှိုင်းလုံးကြီး တစ်ခုကဲ့သို့ ဆက်တိုက်ဆိုသလို လွင့်ကျကာ လမ်း၌ ရှိသမျှသော အရာအားလုံးကို ဖျက်စီးသွား၏။
လုရွှမ်ကတော့ လုံ့လစိုက်ထုတ် လေ့ကျင့်နေဆဲဖြစ်ပြီး မှော်ဆန်သည့် နယ်ပယ် တစ်ခုထဲသို့ပင် ရောက်သွားခဲ့သည်။ သူသည် ဤကမ္ဘာကြီး သို့မဟုတ် လက်ရှိအချိန်ကို မသိတော့ဘဲ တိတ်တိတ်ဆိတ်ဆိတ်သာ လေ့ကျင့်နေခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် သူ့နှလုံးသားမှ ပျောက်ကွယ်သွားပြီး စိုးရိမ်စရာ မရှိတော့သည်နှယ့်
အချိန်မည်မျှ ကြာသွားသည် မသိသော်လည်း လုရွှမ်သည် ရုတ်တရက် သူ့ခန္ဓာကိုယ်မှ အလင်းတစ်ချက် လင်းထိန်သွားသလို ခံစားလိုက်ရပြီး နောက်ဆုံးတွင် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။
အနီးနား ပတ်ဝန်းကျင်သည် အနီရောင် တောက်လောင်နေသော်လည်း မီးတောက် မဟုတ်တော့ဘဲ ကြည်လင်အေးချမ်းသော နေရာတစ်ခုလို ဖြစ်နေသည်။
လေထုက သန့်ရှင်းပြီး ဝိညာဉ်စွမ်းအင်များ ကြွယ်ဝပေါများနေသော်လည်း မီးတောက်များကတော့ မြေအောက်၌ တဟုန်ထိုး တောက်လောင်နေသေးသည်။ အက်ကွဲနေသော မြေကြီးအက်ကြောင်းထဲမှ အပြာနုရောင် မီးခိုးငွေ့များ ထွက်ပေါ်လာပြီး လေထဲတွင် တဝဲလည်လည် ဖြစ်နေပြီးနောက် တိတ်တဆိတ် ကွယ်ပျောက်သွားသည်။
လုရွှမ် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများမှာ အစောကတည်းက မရှိတော့ပေ။ သူ့တစ်ကိုယ်လုံးမှာ ဖြူစင်နေပြီး မှော်လက်နက်ကဲ့သို့ အဖြူရောင် အလင်းများပင် ထွန်းလင်းတောက်ပ နေသေးသည်။
လက်ဖဝါးကို ဝေ့ယမ်းလိုက်ရာ ပေါက်ကွဲသံကြီး ထွက်လာသည်။ ခိုင်ခံ့သော ကျောက်တုံးကို စိုက်ကြည့်၍ လက်သီးဖြင့် ထပ်မံ ထိုးလိုက်ရာ ပေါက်ကွဲသံနှင့်အတူ ကျောက်တုံးမှာ အပျက်အစီးများ အဖြစ် ကွဲထွက်သွားခဲ့သည်။
လုရွှမ် ပြုံးလိုက်သည်။ အရင်က ဒီကျောက်တုံးတွေကို အောင်ရှင်းရဲ့ နဂါး လက်သည်းတွေနဲ့ စမ်းကြည့်ဖူးကာ သဲလွန်စတွေတောင် မကျန်နိုင်ခဲ့ပေမယ့် တကယ်တမ်းတော့ သူ့လက်သီး တစ်ချက်တည်းနဲ့ ကွဲသွားခဲ့သည်။
ကာယကြံ့ခိုင်မှုက အနည်းဆုံး ၃၀% တိုးမြှင့်သွားပြီ။
ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များကို ခံစားကြည့်လိုက်တဲ့အခါ ယွမ်ယန်ကျင့်စဥ်၏ အဆင့်သည် အလွန်တိုးတက်ခြင်း မရှိပေ။ သို့သော် ကျင့်စဥ်ကို အသက်သွင်းလိုက်တာနဲ့ စွမ်းအင် စီးဆင်းမှုက ပိုမြန်လာပြီး ပူလောင်တဲ့ အသက်ရှုသံတွေ ပါနေတော့ အရမ်းသက်တောင့်သက်သာ ရှိလှသည်။
ယင်စွမ်းအင်ကိုးစင်းကတော့ သူ့ရဲ့ဒန်တန် အတွင်းတွင် စုပြုံနေဆဲပင်။ ယခုတစ်ကြိမ်တွင် ၎င်းသည် ဆိုးရွားစွာ ပျက်စီးသွားခဲ့ပြီမို့ မူလစွမ်းအင်ကို ပြန်လည်ရရှိရန် အချိန်အတော် ကြာတော့မည်။
လုရွှမ် လေထုရဲ့ ရုတ်ရုတ်သဲသဲ အသံနှင့်အတူ သူ့စိတ်ထဲကလည်း တစ်ခုခုကို ခံစားလိုက်ရသည်။ လျင်မြန်စွာ မျှော်ကြည့်လိုက်တော့ ရောင်စုံတိမ်များ လွင့်ပျံလာတာကို တွေ့လိုက်ရပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
မိုးကြိုးအတိ ဒုက္ခကို ကျော်လွှားဖို့ အချိန်တန်ပြီ။
မိုးကြိုးအတိဒုက္ခများ တစ်ခုပြီးတစ်ခု ကျရောက်လာစဥ် လုရွှမ်သည် ဇာတ်ပွဲကြည့်နေသလိုမျိုး နတ်မိုးခြိမ်းသံကို ကြည့်နေပြီး သူ့ခန္ဓာကိုယ်ကတော့ လေထဲတွင် လွင့်ပျံနေသည်။ မိုးကြိုးများ သူ့ရုပ်ခန္ဓာကို ထိမိသွားသောအခါ အံ့သြစရာ ကောင်းလောက်အောင် အဖြူကွက်များသာ ချန်ထားခဲ့နိုင်သည်။ ဒါ့အပြင် ရုပ်ခန္ဓာအပေါ် ဖြာထွက်သွားသော လျှပ်စီးကြောင်းကတစ်ဆင့် ထုံကျင်သော ခံစားမှုတစ်ခုသာ ဖြစ်ပေါ်လာခဲ့သည်။
အဆက်မပြတ် ကျဆင်းလာသော မိုးကြိုး အတိဒုက္ခများအတွင်း လုရွှမ်သည် မလှုပ်ရှားဘဲ ရပ်တန့်နေခဲ့သည်။
မိုးကြိုးတိမ်တိုက်များ လွင့်စင်သွားပြီးနောက် လုရွှမ်သည် သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ်လေး ဖြစ်သွားအောင် ဝတ်ဆင်လိုက်သည်။ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ အရင်က အသက်စွမ်းအင် အငွေ့အသက်တွေ ပြန်လည် ရှင်သန်လာတာကို တွေ့လိုက်ရသည်။ လုရွှမ် သူရိတ်သိမ်းခဲ့သော မျိုးစေ့တချို့ကို ပစ်ချပြီးနောက် တိရိစ္ဆာန်များကိုလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ လွှတ်ပေးလိုက်သည်။
အစောက ကြောက်စရာကောင်းတဲ့ ဖြစ်စဉ်တစ်ခုလုံး ငြိမ်းချမ်းသွားခဲ့သည်။ တစ်ယောက်ပြီး တစ်ယောက် ကျေးဇူးတင်စကား ဆိုပြီးနောက် သားရဲတို့သည် တစ်စုပြီးတစ်စု ထွက်ခွာသွားကြသည်။
မိန်းကလေး သုံးယောက်ကို ကြည့်လိုက်တော့ သူမတို့ မျက်လုံးတွေ နီရဲလာတာကို တွေ့ရ၏။
အောင့်ယွဲ့ သူမရင်ခွင်ထဲတွင် နွေးထွေးမှုကို ရုတ်ခြည်း ခံစားလိုက်ရသည်။ ရှေ့မှမြေခွေးလေးသည် သူမရင်ခွင်ထဲသို့ ပြေးဝင်လာကာ ၎င်း၏အမြီးကြီးအား လှလှပပ ဝေ့ယမ်းလိုက်ပြီးနောက် နှစ်ကြိမ်တိုင်တိုင် အူ၍ အိပ်ပျော်သွားလေသည်။
ယခုအချိန်တွင် အောင့်ယွဲ့သည် မြေခွေးလေးရဲ့ အသံကို နားလည်ပြီးမို့ သူလေးက သူမနောက်သို့ လိုက်ချင်ကြောင်း သဘောပေါက်သွား၏။
နောက်ဆုံးတွင် မျောက်ဝံအိုကြီး ထွက်လာပြီး သူ့ခြေလှမ်းများက တုန်လှုပ်သွား၏။ ၎င်းသည် အဘိုးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး လုရွှမ်အား လေးလေးစားစား ဦးညွှတ်လိုက်ပေသည်။
"သခင်လေးလုရွှမ် ငါ့မျိုးနွယ်ကို ကာကွယ်ပေးခဲ့တဲ့ မင်းရဲ့ မဟာကရုဏာကို ဘယ်တော့မှ မမေ့ပါဘူး... ဒီမျောက်ဝံအိုကြီး ငယ်ငယ်က မှော်ဆန်တဲ့ နေရာတစ်ခုကို ရောက်ဖူးတယ်... ကျေးဇူးပြုပြီး ငါနဲ့ လိုက်ခဲ့ပါ"
ထင်ရှားသည်မှာ ဤသူသည် သူ၏ကြင်နာမှုကို ပြန်ဆပ်လိုသောကြောင့် ပြောလာခြင်းပဲ ဖြစ်သည်။ လုရွှမ် အလွန်ပျော်သွားပြီး မိန်းကလေး သုံးယောက်လည်း စိတ်လှုပ်ရှားသွားသည်။
မျက်လုံး ဖွင့်ကြည့်ပြီးနောက် လုရွှမ် ပိုင်ထျန်းရှန်ကို မတွေ့ခဲ့ပေ။ ရှင်းနေသည်မှာ ထိုလူများသည် ယခင်အာကာသ ပျက်ဆီးမှုအတွင်း သေဆုံးသွားတာ ဖြစ်နိုင်၏။ သို့သော် သူတို့ အဘယ်ကြောင့် ဒီနေရာကို ရောက်လာကြတယ် ဆိုတာကိုတော့ သူသိပ်နားမလည်ပေ။
ဒါက သူတို့အတွက် ထာဝရနောင်တ ဖြစ်သွားမှာကိုပင် ကြောက်ရ၏။
တွေးကြည့်တော့လည်း ဒါဟာ ထိုပိုင်ထျန်းရှန်နဲ့ ထိုက်တန်တဲ့ အရာပါပဲ။ ဘာပဲဖြစ်ဖြစ် ပိုင်ထျန်းရှန်ဟာ ဒီနေရာမှာ လေထုပျက်သုန်းတော့မယ့် အကြောင်းကို ထိုးထွင်း သိမြင်ထားတာတောင် သူ ဒီကို လာဖို့ သတ္တိရှိနေတုန်းပဲမို့ သတ္တိကတော့ မဆိုးလှပေ။
ဒီမျောက်ဝံက ဒီမှာကြီးပြင်းလာတာ နှစ်အတော်ကြာနေပြီမို့ ဒီနေရာနဲ့ ပတ်သက်တဲ့ အရာအားလုံးကို သူသိထားလောက်သည်။
မျောက်အုပ်စုနဲ့အတူ ထွက်လာရင်း လုရွှမ်သည် မျောက်ဝံအိုကြီးဆီက ပုံပြင်ကို နားထောင်လိုက်ရာမှ ကမ္ဘာ့မီးနယ်မြေရဲ့ အူတိုင်တွင် ဤကဲ့သို့ လေထုပျက်စီးခြင်းမျိုး အကြိမ်များစွာ ဖြစ်ပွားခဲ့ဖူးကြောင်း သဘောပေါက်သွားသည်။
အနှစ်တစ်ထောင်တိုင်းမှာ တစ်ကြိမ် ဖြစ်ပေါ်လာတတ်ပြီး အဲဒါက ဒီမှာရှိတဲ့ သတ္တဝါတွေ အတွက် ကပ်ဆိုးတစ်ခုပဲ ဖြစ်လေ၏။
ဤတစ်ကြိမ်တွင် သတ္တဝါအများစု သို့မဟုတ် အားလုံးနီးပါးသည် လုရွှမ်ရဲ့ ကျေးဇူးကြောင့် အသက်ရှင်ကျန်ရစ်ခဲ့သည်။
မျောက်ဝံအိုကြီးက သူ့မြေးတွေကို သူတို့ရဲ့ မျောက်တောင်တန်း၏ ခြေရင်းဆီ ပြန်ပို့လိုက်သည်။ မှော်ဆန်တဲ့ နေရာတစ်ခုက ပျက်သုဉ်းသွားပြီ ဆိုပေမယ့် အရင်ကလို တစ်နေရာတည်းမှာ တစ်ပုံတည်းတူအောင် ပြန်တည်ဆောက်ရမည်လေ။
"သတိထားပါ"
မျောက်ဝံအိုကြီးက လုရွှမ်နဲ့ တခြားလူများကို မီးလောင်ကျွမ်းမှု များစွာကို ရှောင်ရှားရန် ဦးစွာသတိပေးခဲ့သည်။
ဤတစ်ကြိမ်တွင် ဂရုတစိုက် အာရုံစိုက်ကြည့်ပြီးနောက် အရှေ့က မြင်ကွင်းဟာ ကွက်လပ်တစ်ခုလို ပြောင်းလဲသွားတာကို ခံစားလိုက်ရသည်။ သူ မျောက်ဝံအိုကြီးကို တစ်ချက် ကြည့်လိုက်တော့ သေချာသည်မှာ ထိုသူ၏ မျက်နှာပေါ်တွင်လည်း အလားတူ အမူအရာ ရှိနေသည်။
ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက်တွင် တောက်ပသော အဖြူရောင် ကျောက်ပြားတစ်ခုက သူတို့ရှေ့တွင် ပေါ်လာ၏။
ထိုကျောက်တုံးကြီးကို မြင်လိုက်ရသောအခါ လုရွှမ် မထိန်းနိုင်ဘဲ တုန်လှုပ်သွားခဲ့သည်။ တိမ်ပင်လယ် နယ်မြေရှိ ကောင်းကင်ပြင် ကွဲအက်နေသော ထျန်းဝိုက်စွေ့ ကမ္ဘာကြီးတွင် ဤကျောက်တုံးမျိုးကို သူမြင်ဖူးသည်။ ၎င်းမှာ လေပွေနိယာမစွမ်းအင် ကျောက်ပြား ဖြစ်လေသည်။
သို့သော် ထိုကျောက်တုံးကြီးနှင့် နှိုင်းယှဉ်ကြည့်လျှင် လက်ရှိ ဤကျောက်တုံးကြီးတွင် ပါရှိသော ကြောက်မက်ဖွယ် စွမ်းအင်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
"နှစ်တွေကြာလာတော့ အရာအားလုံးက ပြောင်းလဲသွားကြတယ်.... ဒါပေမဲ့ ဒီကျောက်တုံးကြီးတစ်ခုပဲ ပြောင်းလဲမသွားတာ"
မျောက်ဝံအိုကြီးက ပြောလိုက်သည်။
နတ်သမီးကျင်းဟုန်ရဲ့ မျက်လုံးများ တောက်ပလာပြီး သူမက အော်လိုက်သည်။
"ကျောက်တုံးရဲ့ ထိပ်ကို ကြည့်လိုက်!"
မီးတောက်တွေကြောင့် နီရဲနေတဲ့ ပုတီးစေ့လေး တစ်လုံးဟာ ကျောက်ပြားထိပ်၌ ရပ်တည်နေကာ တောက်ပသော အလင်းရောင်များကို ဖြာထွက်စေလျက် ရှိသည်။
"အောင့်ယွဲ့... မင်းဘာလို့ လာမစမ်းကြည့်တာလဲ?"
လုရွှမ်က ပြောလိုက်၏။
ဒီစကားကိုသာ တခြားသူတွေကြားရင် သူတို့ အကြိမ်ကြိမ် သက်ပြင်းချမိမှာ သေချာပါ၏။ ဒါက ကမ္ဘာ့ရတနာတစ်ခု ဖြစ်ပေမယ့် လုရွှမ်က ဒါကို တကယ်ပဲ လွယ်လွယ်နဲ့ စွန့်လွှတ်လိုက်လေသည်။
အောင့်ယွဲ့လည်း ခေါင်းညိတ်၍ မီးဒြပ်စင် နတ်ပုတီးစေ့ရှေ့ ဦးညွှတ်ရန် ရှေ့တိုးလာခဲ့သည်။ အမှန်တော့ ဤအရာသည် လောကရတနာ တစ်ခုဖြစ်ပြီး လောကရတနာက မိမိအား အသိအမှတ်ပြုရန် လိုအပ်သောကြောင့် သူမသည် သဘာဝကျကျ အများကြီး မမျှော်လင့်ရဲချေ။
သူမ လက်ဖဝါးဖြင့် ဆန့်ထုတ်လိုက်ပြီး မီးဒြပ်စင် နတ်ပုတီးစေ့ကို သူမလက်ထဲတွင် ညင်သာစွာ ဆုပ်ကိုင်ထားသည်။ မီးဒြပ်စင် နတ်ပုတီးစေ့သည် အောင့်ယွဲ့ရဲ့ လက်ဖဝါးတွင် နှစ်ကြိမ်ခန့် လူးလှိမ့်ကာ သူမခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။
"ညီမလေးအောင့်ယွဲ့ကို ဂုဏ်ပြုပါတယ်..."
နတ်သမီးကျင်းဟုန် နှင့် အောင်ရှင်းတို့သည် အောင့်ယွဲ့က ရတနာက အသိအမှတ် ပြုလိုက်ပြီဖြစ်ကြောင်း နားလည်တာကြောင့် ဂုဏ်ပြုစကား ဆိုလိုက်သည်။ အောင့်ယွဲ့ကတော့ ဒါက တကယ် ဖြစ်နေတယ် ဆိုတာကို မယုံနိုင်သေးပေ။ သူမက သူမရဲ့ အမိုက်စားရုပ်သွင်ကို ထိန်းမထားနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။