ပြောင်းစိုက်ထားသည့်ဂျင်ဆင်းသီးသစ်ပင်
Vol. 86 Ch. 1202
အခန်း (၁၂၀၂) ပြောင်းစိုက်ထားသည့်ဂျင်ဆင်းသီးသစ်ပင်
ရွှယ်ချူးချင်၏မျက်ဝန်းများက သူမ၏လက်ကိုဆုပ်ကိုင်ထားသော ရန်တိ၏လက်ဆီသို့ကျရောက်သွားနောက် ရန်ကျောက်ကဲထံလှမ်းကြည့်ရင်း မျက်လုံးများမှေးမှိတ်သွားသည်အထိ ရယ်မောလိုက်သည်။
သူမက...
“ဟုတ်ပါပြီ... ဟုတ်ပါပြီ... ငါတို့ သတိလက်လွတ်ဖြစ်သွားတာ တောင်းပန်ပါတယ်”
သို့သော် သူမက ရန်တိ၏လက်ကို ပို၍ပင် တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်ကို ရန်ကျောက်ကဲ ရှင်းလင်းစွာ တွေ့လိုက်ရသည်။
“တော်ပြီ သည်းမခံနိုင်တော့ဘူး”
လွန်စွာ နှိပ်စက်ညှင်းပန်းသည်ဟု ခံစားရသဖြင့် သူ၏မိဘများ၏ ရင်းနှီးသောအခိုက်အတန့်ကို မျက်ကွယ်ပြုရန်အတွက် ဆန္ဒပြသည့်အနေဖြင့် ရန်ကျောက်ကဲ အခန်းထဲမှ ချက်ချင်းထွက်လာခဲ့သည်။
ရန်ကျောက်ကဲထွက်သွားသည်နှင့် ရွှယ်ချူးချင်က ရန်တိကိုလှည့်ကြည့်ရင်း...
“ကျွန်မ စ နောက် လိုက်တာ အရမ်းများလွန်သွားသလား”
ရန်တိက ပြုံးရင်း...
“သူ့ ဘယ်လိုခံစားရလဲ တွေးမနေနဲ့ ၊ မင်းလည်း တမင်သက်သက် လုပ်လိုက်တာပဲ မဟုတ်ဘူးလား”
ရွှယ်ချူးချင်က...
“အခုချိန်ထိ သားနဲ့ ဘယ်လိုရင်းနှီးအောင်နေရမယ်မှန်း ကျွန်မ မသိသေးဘူး ၊ ပြီးတော့ ငယ်ငယ်ကတည်းက သူ့ကိုထားခဲ့ရတာဆိုတော့ ကျောက်ကဲအတွက် အမြဲတမ်း စိတ်မကောင်းဖြစ်နေရတယ်”
ရန်တိက ပေါ့ပေါ့ပါးပါးပင် သူမ၏လက်ကို ဆုပ်ကိုင်လိုက်ရင်း...
“ပိုကောင်းလာမှာပါ... အရင်တုန်းကဆိုရင် ငါလည်း ဖခင်အသစ်တစ်ယောက်အနေနဲ့ ကလေးတစ်ယောက်ကို ဘယ်လိုပြုစုစောင့်ရှောက်ရမလဲဆိုတာ သိခဲ့တာမဟုတ်ဘူးလေ”
ရွှယ်ချူးချင်က ခေါင်းညိတ်ရင်း...
“ကျောက်ကဲက နေ့တိုင်း ဝါဒတောင်တစ်ခုလုံးမှာ ပြေးလွှားလှုပ်ရှားနေရတာ အရမ်းပင်ပန်းလိမ့်မယ် ၊ ဒါကြောင့် ရှင်လည်း ကျွန်မကိုပဲ အမြဲတမ်း အဖော်ပြုပေးနေစရာ မလိုပါဘူး ၊ ကျောက်ကဲကို ကူညီစရာရှိရင် ကူညီလိုက်ပါနော်”
သူမက ဆက်ပြောသည်။
“နတ်ဘုရားအနားယူတောင်ကြားဝင်ပေါက်ကို နက္ခတ်ဧကရာဇ်က ပိတ်ဆို့ထားတယ်ဆိုတော့ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်လည်း အပြင်ထွက်လို့ရမှာ မဟုတ်တော့ဘူး ၊ ဒါက အထက်ဘုံကမ္ဘာမှာရှိနေတဲ့ ကျွန်မတို့ရဲ့ ရန်သူအားလုံးကို ခြိမ်းခြောက်ရာလည်းကျတယ်”
နက္ခတ်ဧကရာဇ်အတွက်တော့ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏ တာအိုနယ်မြေကို ပိတ်ဆို့ရန် အလွန်လွယ်ကူသည်။ ယင်ဟွမ်ဧကရာဇ်သည်လည်း ထိုအကြောင်းနှင့်ပတ်သက်ပြီး ဘာမှ တစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်း မရှိပေ။
ထိုအကြောင်းကြောင့်ပင် နက္ခတ်ဧကရာဇ်နှင့် ဝါဒတောင်၏ သြဇာလွှမ်းမိုးမှုကို ပိုမိုချဲ့တွင်နိုင်မည် ဖြစ်သည်။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ထွက်ပေါ်လာခြင်း သို့မဟုတ် တိဟွမ်မြေကမ္ဘာဧကရာဇ် အထက်ဘုံကမ္ဘာသို့ ပြန်ရောက်မလာသေးဘူးဆိုလျှင် ဝါဒတောင်ကို ခြိမ်းခြောက်မည့်သူများအနေဖြင့် နှစ်ကြိမ်ပြန်စဉ်းစားရပေမည်။
ထို့ပြင် နက္ခတ်ဧကရာဇ်က နတ်ဘုရားအနားယူတောင်ကြားကို စောင့်ကြည့်နေသည်ဆိုသော်လည်း သူ ထွက်ခွာလာချင်သည့်အချိန်တိုင်း ထွက်ခွာလာနိုင်သည်။
နက်ရှိုင်းနတ်ဘုရားတစ်ပါးလည်းဖြစ် ၊ ဧကရာဇ်တစ်ပါးလည်းဖြစ်သူ နက္ခတ်ဧကရာဇ်အနေဖြင့် အထက်ဘုံကမ္ဘာ၏ နယ်မြေကျယ်ဝန်းမှုကို ထည့်သွင်းစကားပြောမည် မဟုတ်ပေ။
တစ်စက္ကန့်အတွင်း သွားလိုသည့်နေရာသို့ သွားနိုင်သည်ဆိုလျှင် ချဲ့ကားပြောရာရောက်နိုင်သော်လည်း နက္ခတ်ဧကရာဇ်အနေဖြင့် သူသွားချင်သည့်နေရာသို့ သွားရောက်ရန်အတွက် အချိန်အများကြီး ယူစရာမလိုပေ။
ထို့ကြောင့် ရွှယ်ချူးချင်က “ဒါက အထက်ဘုံကမ္ဘာမှာရှိနေတဲ့ ကျွန်မတို့ရဲ့ ရန်သူအားလုံးကို ခြိမ်းခြောက်ရာလည်းကျတယ်” ဟု ဆိုခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် ချင်းယွမ်ဧကရာဇ်နှင့် အထက်ရပ်ထိပ်တန်းအရှင်သခင်တို့ အထက်ဘုံကမ္ဘာတွင် မရှိကြသော်လည်း သူတို့အနေဖြင့် နက္ခတ်ဧကရာဇ်၏ စောင့်ကြည့်မှုအောက်တွင် အရမ်းကာရော လှုပ်ရှားရဲကြမည် မဟုတ်ပေ။
ဟုတ်ပေ၏။
သူတို့ရောက်လာသဖြင့် နက္ခတ်ဧကရာဇ်က သူတို့နှင့် ရင်ဆိုင်သည့်အခါ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကတော့ လွတ်မြောက်သွားနိုင်သည်။
မည်သို့ပင်ဖြစ်စေ နက္ခတ်ဧကရာဇ်၏စောင့်ကြည့်မှုအဟန့်အတားကတော့ လျော့နည်းသွားမည် မဟုတ်ပေ။
မိန်းမပျိုဧကရာဇ်က လုံးဝ ထွက်ပေါ်လာခြင်း မရှိတော့ပေ။
အထက်ဘုံကမ္ဘာမှ လူအနည်းငယ်သာလျှင် အေးစိမ့်စမ်းချောင်းနယ်မြေတွင် ဖြစ်ပျက်ခဲ့သည်များနှင့် သူမ ဘယ်ဆီရောက်နေသည်ကို သိရှိကြသည်။
ထို့ကြောင့် မိန်းမပျိုဧကရာဇ်က နက္ခတ်ဧကရာဇ်ဘက်မှ ထောက်ခံမည်ဟုသာ လူအများစုက ယူဆထားကြပြီး ဤသည်ကလည်း မမြင်နိုင်သည့် အဟန့်အတားတစ်ခုပဲ ဖြစ်သည်။
ရန်ကျောက်ကဲနှင့် ဝါဒတောင်တို့က လူအများ၏ ဤမှားယွင်းသောအယူအဆကို ပြုပြုပေးရန် ရည်ရွယ်ချက် မရှိပေ။
အတိုချုပ်ဆိုရသော တိဟွမ်မြေကမ္ဘာဧကရာဇ်က ပြန်မလာသေးသလို ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်သည်လည်း ပိတ်ဆို့ခံထားရပြီး နက္ခတ်ဧကရာဇ်က ဝါဒတောင်နှင့် မဟာမိတ်ဖြစ်သည်။
သို့ဖြစ်ရာ ရန်ကျောက်ကဲနှင့် ဝါဒတောင်အနေဖြင့် လောလောဆယ်တွင် ကိစ္စရပ်အတော်များများကို လွတ်လပ်စွာ လုပ်ဆောင်နိုင်သည်။
ရန်ကျောက်ကဲအနေဖြင့် လွတ်လပ်စွာသွားလာနိုင်ရုံသာမက ရန်တိနှင့် နျဲ့ကျင်းရှန်တို့သည်လည်း အထိန်းအကွပ်မဲ့စွာ လှုပ်ရှားနိုင်သည်။
သူတို့အနေဖြင့် လွတ်လွတ်လပ်လပ် နေချင်သလိုနေနိုင်ပြီး အချိန်မရွေး တောင်ပေါ်မှ ထွက်ခွာသွားနိုင်သည်။
ဝါဒတောင် အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်သို့ ရွှေ့ပြောင်းသွားပြီးကတည်းက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသတွင် အကာအကွယ် အားနည်းသွားသည်။
နက္ခတ်ဧကရာဇ် ပြန်မလာခင်က တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘နျဲ့ကျင်းရှန်’ က ကျူတောပင်လယ်ဒေသနှင့် တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်ကြားတွင်ရှိသော စက်ဝန်းတောင်တွင်နေထိုင်ပြီး နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို ရယူရန် ချင်းယွမ်ဧကရာဇ် ပြန်လာမည်ကို တားဆီးထားခဲ့သည်။
သို့သော် ယခုအခြေအနေအရဆိုလျှင်တော့ ရန်တိရော နျဲ့ကျင်းရှန်ပါ ထိုနေရာမှ ထွက်ခွာသွားလျှင်ပင် အရေးမကြီးတော့ပေ။
တိဟွမ်မြေကမ္ဘာဧကရာဇ် အထက်ဘုံကမ္ဘာသို့ ပြန်မလာမချင်း ချင်းယွမ်ဧကရာဇ်သည်လည်း အလျင်စလို လှုပ်ရှားမည် မဟုတ်ပေ။
ရန်တိက တည်ငြိမ်စွာဖြင့်...
“အမှန်ပဲ... အခု ပိုပြီး သက်သောင့်သက်သာရှိသလို ခံစားရတယ် ၊ ဒါပေမဲ့ ပြင်ဆင်စရာတွေလည်း အများကြီး ရှိသေးတယ်”
***
“သည်းမခံနိုင်ဘူး... လုံးဝ သည်းမခံနိုင်ဘူး”
ရန်ကျောက်ကဲ မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။
သူ့ပုံစံကိုကြည့်ရင်း အားဟူက စပ်စုလိုက်၏။
“သခင်လေး... ဘာဖြစ်လို့လဲ”
“ဟမ်...”
ထို့နောက် ရန်ကျောက်ကဲက လမ်းလျှောက်ခြင်းအားရပ်တန့်လိုက်ပြီး အားဟူကို ခြေဆုံးခေါင်းဆုံးအကဲခတ်ရင်း ရုတ်တရက် ရယ်မောလိုက်သည်။
“ဟုတ်ပါ့ ... ငါ့ထက်သနားစရာကောင်းတဲ့လူတစ်ယောက် ဒီမှာ ရှိနေတာပဲ”
အားဟူက အူကြောင်ကြောင်ဖြင့်...
“ဟမ်...”
ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...
“ကောင်းတယ် အားဟူ... ဆက်လုပ် ၊ မင်းကို အားကိုးပါတယ်”
ထိုစကားကြားတော့ အားဟူက ပို၍ပင် စိတ်ရှုပ်ထွေးသွားပြီး...
“သခင်လေးအတွက်ဆို ဘာမဆိုလုပ်ပေးနိုင်ပါတယ် ၊ ဒါပေမဲ့ အခုက ဘာပြောနေမှန်း မသိဘူး”
ရန်ကျောက်ကဲက ပြုံးလျှက်ပင် မည်သည့်စကားမှမဆိုတော့ဘဲ လက်နှစ်ဖက်နောက်ပစ်ကာ အေးအေးလူလူပင် ထွက်ခွာသွားသည်။
“ကိုယ့်ထက်ပိုပြီး အဖြစ်ဆိုးတဲ့သူကိုတွေ့ရတာ အမြဲတမ်း ခံစားလို့ကောင်းတာ အမှန်ပဲ”
ရန်ကျောက်ကဲ တွေးလိုက်သည်။
“ငါက လောလောဆယ်မှာ တစ်ကိုယ်တည်းဆိုပေမယ့် တစ်သက်လုံးလူပျိုကြီးလုပ်မယ့်လူမှ မဟုတ်တာ ၊ ဖြေသာပါတယ်လေ”
ထိုစကားများကို စိတ်ထဲမှ ထပ်ခါထပ်ခါရေရွတ်ရင်း သူ စိတ်ပျက်လက်ပျက်ဖြင့် တွေးလိုက်မိသည်။
“လူဆိုးမလေး ‘ယွင်ရှန်း’ ... မင်းကို ငါ ပြန်ဖမ်းတဲ့အထိ စောင့်လိုက် ၊ အဲဒီအချိန်ကျ လုံးဝ ညှာတာမှာ မဟုတ်ဘူး”
ထို့နောက် ရန်ကျောက်ကဲ တောင်ပေါ်လမ်းများအတိုင်း လမ်းလျှောက်လာခဲ့သည်။
ယခု တည်ဆောက်ထားသော ဝါဒတောင်မှာ ရန်တိက တောင်များနှင့် ပင်လယ်များကို ရွှေ့ပြောင်းပြီး မြေပြင်အနေအထား ပြုပြင်ကာ တည်ဆောက်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် ဤနေရာ၏ တည်ဆောက်ပုံက အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် ကျူတောပင်လယ်ဒေသမှ ဝါဒတောင်နှင့် တသွေမတိမ်း ဆင်တူသည်။
ထို့ကြောင့် လမ်းများအားလုံးကို ရင်းနှီးနေသော ရန်ကျောက်ကဲအနေဖြင့် မည်သည့်အခက်အခဲမှ မရှိဘဲ ရှီကျွင်းနေထိုင်ရာနေရာသို့ ရောက်ရှိလာခဲ့သည်။
ရှီကျွင်းတို့သားအမိက ခွန်လွန်တောင် ၊ ကျောက်စိမ်းကျောက်ဆောင်မှ ဝါဒတောင်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်၏။
“ဆရာဦးလေး’ရန်’...”
တစ်နေရာသို့ထွက်ခွာရန် ဟန်ပြင်နေသော ရှီကျွင်းက ရန်ကျောက်ကဲရောက်လာသည်ကိုတွေ့တော့ ခဏမျှ အံ့အားသင့်သွားသည်။ ထို့နောက်အလွန်တရာ ဝမ်းသာသွားလေသည်။
ရန်ကျောက်ကဲကတော့ ရှီကျွင်းကို စူးစူးစိုက်စိုက် အကဲခတ်နေသည်။
နက္ခတ်ဧကရာဇ်က ရှီကျွင်းတို့သားအမိ၏အခြေအနေကို စစ်ဆေးကြည့်ပြီးပြီဖြစ်သည်။ သူက ရှီကျွင်းတို့သားအမိခန္ဓာကိုယ်အားအသုံးပြုပြီး လူပြန်ဝင်စားရန်ရည်ရွယ်ထားသည့် နတ်ဆိုးများအကြောင်းကိုလည်း ပြောပြခဲ့သည်။
ရလဒ်က အတော်လေး ကြောက်စရာကောင်းလှသည်။
“ကျွင်းအာကို ခြိမ်းခြောက်နေတဲ့နတ်ဆိုးက ကောင်းကင်ဘုံအရှင်အဆင့်ရှိတဲ့ နတ်ဆိုးတစ်ယောက်ပဲ...”
“အစ်မ ယွီကျန်းကို ခြိမ်းခြောက်နေတဲ့နတ်ဆိုးကတော့ ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ နက္ခတ်ဧကရာဇ်တောင် မခန့်မှန်းနိုင်ဘူး”
ရန်ကျောက်ကဲ တွေးလိုက်သည်။
နက္ခတ်ဧကရာဇ်သည်ပင် ဤနတ်ဆိုး မည်မျှတန်ခိုးစွမ်းအားကြီးမားကြောင်း မသိရှိနိုင်ခြင်းက အရိပ်အမြွက် သိသာထင်ရှားနေပြီ ဖြစ်၏။ ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် ထိုနတ်ဆိုးကိုရှာဖွေရာတွင် အတော်လေး ဘောင်ကျဉ်းသွားပေသည်။
ရန်ကျောက်ကဲက မျက်နှာအမူအရာပြောင်းလဲခြင်းမရှိဘဲ ရှီကျွင်းကို ပြုံးပြရင်း...
“ငါက ခရီးခဏခဏထွက်နေတဲ့သူဆိုတော့... တောင်ပေါ်ပြန်ရောက်တုန်း ဟိုဟိုဒီဒီ လျှောက်လည်နေတာလေ...”
သူက ဆက်ပြီး မေးခွန်းထုတ်လိုက်သည်။
“ဒါနဲ့ မင်း အခု ဘယ်သွားမလို့လဲ...”
ရှီကျွင်းက...
“ဆရာဦးလေးနဲ့ ပတ်သက်တဲ့ကိစ္စတစ်ခု သွားလုပ်မလို့လေ”
သူက ဆက်ပြောသည်။
“ဆရာဦးလေး ပုံရိပ်ယောင်တောင်ထွတ်ကို တိုက်ခိုက်ပြီးတဲ့နောက် ယူလာတဲ့သစ်ပင်ကို အခု ပါးကွတောင်ထွတ်မှာ စိုက်ထားတယ်”
“ဒါပေမဲ့ ဒီနေရာမှာ စပြီးစိုက်ကတည်းက ကောင်းကောင်းကြီးထွားမလာဘူး ၊ ညှိုးခြောက်သွားတာမဟုတ်ပေမယ့် အတော်လေးနွမ်းနေတယ် ၊ ဘာလုပ်ရမလဲဆိုတာ ခေါင်းတောင်ကိုက်နေပြီ”
ပြောရင်း ရှီကျွင်းက ကြွေအိုးလေးတစ်လုံးကို ထုတ်ယူလိုက်သည်။
“အခု နွေဦးစမ်းချောင်းက ရေနည်းနည်းရှိနေတာ သတိရလို့ အဲဒီသစ်ပင်ကိုသွားလောင်းပေးမလားလို့ စဉ်းစားနေတာ”
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...
“ဒီမှာ ပြောင်းစိုက်ထားတဲ့ ဂျင်ဆင်းသီးပင်လား...”
ရှီကျွင်းက ခေါင်းညိတ်ရင်း...
“ဟုတ်တယ်... အဲဒါက ဂျင်ဆင်းသီးပင်အစစ်မဟုတ်ပေမယ့် ဝိညာဉ်စွမ်းအား အရမ်းကောင်းတယ် ၊ အဲဒီအပင်က သီးလာတဲ့အသီးကလည်း အတော်လေး ထူးခြားမှာပဲ ၊ အပင်သေသွားရင် နှမျောစရာကြီး”
အချိန်ခဏမျှစဉ်းစားပြီးနောက် ရန်ကျောက်ကဲက ရုတ်တရက် ပြုံးလိုက်ရင်း...
“စိတ်မပူနဲ့ ... စိတ်မပူနဲ့ ... ၊ ငါ့မှာအကြံတစ်ခုရှိတယ် ၊ စမ်းကြည့်ရအောင်”
ထိုစကားကိုကြားသည့်အခါ ရှီကျွင်းမျက်ဝန်းများ တောက်ပသွားသည်။
ရန်ကျောက်ကဲက ရယ်မောရင်း...
“လာ ... ငါ့နောက်လိုက်ခဲ့ ၊ မင်းရဲ့ နွေဦးစမ်းရေကိုလည်း ယူခဲ့နော် ၊ လုပ်ကြည့်ကြတာပေါ့”