သားသတ်သမားပေါ်လာပြီ
Vol. 64 Ch. 469.4
နတ်သမီးကျင်းဟုန်သည် သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို ထိတ်လန့်စွာ ထုတ်ယူလိုက်သော်လည်း မြေဒြပ်စင် နတ်ပုတီးစေ့ကို ဘယ်နေရာမှာမှ ရှာမတွေ့သေးချေ။
“ဘယ်ရောက်သွားတာလဲ?”
မိန်းကလေး သုံးယောက်က တညီတညွတ်တည်း အော်မေးလိုက်သည်။
“အဲဒီလို ဖြစ်သွားတာနေမယ်”
လုရွှမ် ခါးသီးတဲ့ အပြုံးနဲ့ ပြောလိုက်ပါ၏။ မြေဒြပ်စင် နတ်ပုတီးစေ့က သူ့ကို အသိအမှတ် မပြုဘူး။ မဟုတ်ရင် သူ့လက်ကနေ နှစ်ခါတိတိ လွတ်သွားမှာ မဟုတ်ဘူးလေ။
အောင့်ယွဲ့က သူမ လက်ဖဝါးများကို ဖြန့်လျက် နှလုံးသားထဲက စွမ်းအင်များကို တဖျပ်ဖျပ် လှုပ်ရှားပေးလိုက်ရာ အနီရောင် မီးဒြပ်စင် နတ်ပုတီးစေ့က သူမလက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။ သူမ တိုးတိုးလေး အော်ပြောလိုက်၏။
"ထွက်လာခဲ့!"
တခဏချင်းတွင် မီးဒြပ်စင် နတ်ပုတီးစေ့၏ အလင်းရောင်သည် ပတ်ဝန်းကျင်ကို အလွန်အမင်း ထွန်းလင်း တောက်ပသွားသည်။
ရှေးဟောင်းလျှပ်စီး မြို့တော်တွင် မန်ဟွမ်နတ်ဘုရားမျှော်စင် မွေးဖွားတော့မည် ဟူသော သတင်းကို သိပြီးနောက် အောင့်ယွဲ့ ခဏလေးတောင် မထိုင်နိုင်တော့ပေ။ ဒြပ်စင်ငါးပါးနတ်ပုတီးစေ့က ရရန် ခဲယဉ်းလှပေသည်။ ဒြပ်စင်ငါးပါးနတ်ပုတီးစေ့ကို မရလျှင် သူမမိသားစုကို ကူညီနိုင်သော အစွမ်း မရှိနိုင်တော့ပေ။
အောင့်ယွဲ့၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အကျပ်ကိုင်မှုများ ထွက်ပေါ်လာပြီး အခန်းထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ လုရွှမ်နှင့် မိန်းကလေး နှစ်ယောက်လည်း တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အရှုံးမပေးချင်စိတ်များ ချက်ချင်း ပေါ်ထွက်လာ၏။
မိန်းကလေး နှစ်ဦးသည် အောင့်ယွဲ့ရဲ့ ပခုံးပေါ်လက်တင်ကာ ဒြပ်စင်ငါးခုရဲ့ စွမ်းအင်များကို အောင့်ယွဲ့ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားစေလိုက်ရာ အနီရောင် မီးတောက်နေသော ပုတီးစေ့မှာ ပို၍ပင် တောက်ပလာခဲ့သည်။
မီးရောင်အောက်တွင် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မမြင်နိုင်တော့တဲ့အထိ တောက်ပသွားကာ မြေပြင်သည် တဖြည်းဖြည်း ပွင့်လင်းလာသည်။
လုရွှမ်၏ မျက်လုံးများတွင် ကောင်းကင်မီးတောက်၏ အလင်းမှုန်များ ဖြာထွက် တောက်ပနေပြီး နေမင်းမျက်လုံးက အပြည့်အဝ ပွင့်လာကာ ပတ်ဝန်းကျင်ကို ဂရုတစိုက် လေ့လာနေ၏။ ကံမကောင်းစွာဖြင့် မြေဒြပ်စင် နတ်ပုတီးစေ့ရဲ့ အရိပ်အယောင်ကိုပင် မတွေ့ရသေးပေ။
တစ်ဖက်မှာတော့ သားသတ်သမား ထူဖူးသည် နေရာပြောင်း အခင်းအကျင်းထဲမှ ထွက်လာခဲ့ပြီး မျက်လုံးတွေ မှုန်ဝါးသွားခဲ့သည်။ နာမည်ကြီး ချင်းရှန်းမြို့က ဒီလိုမျိုး ဖြစ်လာမယ်လို့ သူ တကယ်ကို မမျှော်လင့်ထားချေ။
သူ့အမြင်မှာ အရာအားလုံးက မြူမှုန်တွေနဲ့ ပြည့်နေ၏။ အသက်ပြင်းပြင်း ရှူလိုက်တော့ ကြွယ်ဝသော မြေဒြပ်စင်ရဲ့ စွမ်းအင် လေထုကို ခံစားလိုက်ရသည်။
ချင်းရှန်းမြို့သည် မြေဒြပ်စင် ကျင့်ကြံသူများ အတွက် နတ်ပြည်လို ဖြစ်နေကြောင်းကို တွေ့ရတော့ သားသတ်သမား ထူဖူးလည်း လွန်စွာ ဝမ်းသာသွားခဲ့သည်။ ဒါက ကောလာဟလထဲက ဖော်ပြချက်နှင့် အနည်းငယ် ကွဲလွဲနေသော်လည်း ကောလဟာလများရဲ့ အထက်ကိုပင် ရောက်နေသေးသည်။
သူ့လက်ထဲတွင် အလင်းရောင် တဖျပ်ဖျပ် တောက်နေသည့် ပုဆိန်ကြီးတစ်ခု ပေါ်လာပြီး ပတ်ဝန်းကျင်က အမှုန်အမွှားများကို ခွဲထုတ်ပစ်လိုက်သည်။ ပြင်းထန်သော ရောင်ဝါဖြင့် အက်ကွဲကြောင်းကို မခံစားရမီတွင် သူသည် ပုဆိန်ကြီးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ မြေဒြပ်စင်စွမ်းအင်များကို ပြင်းပြင်းထန်ထန် စုပ်ယူလိုက်သည်။
သူ့လက်ထဲက ပုဆိန်ကြီးရဲ့ ခိုင်မာမှုကို ခံစားလိုက်ရတော့ သားသတ်သမားက သူ့နှလုံးသားထဲအထိပါ နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူ့ဘဝတွင် သူငယ်ချင်းများစွာ မဖွဲ့ဖူးသော်လည်း လုရွှမ်ကိုတော့ သူ အလေးစားဆုံး ဖြစ်သည်။ ထိုကဲ့သို့သော လူများနှင့် သူငယ်ချင်း ဖြစ်ရခြင်းမှာ သူ့အတွက် ဂုဏ်ယူစရာပင်။
လုရွှမ် နောက်ဆုံးတော့ ရှေးဟောင်းလျှပ်စီးကမ္ဘာကို ရောက်လာတယ် ဆိုလို့ သူလည်းဒီကို လာခဲ့ရတာပဲ ဖြစ်လေ၏။
ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ ရောင်ဝါလဲ? ဘယ်လောက် သန့်စင်တဲ့ တန်ခိုးလဲ?
သားသတ်သမားက ရုတ်တရက် မျက်လုံးဖွင့်ပြီး ရှေ့ကို လှမ်းကြည့်လိုက်သည်။
အလင်းတန်းတစ်ခုသည် မြေပြင်မှ လွင့်ပျံလာပြီး အဝေးသို့ ပျံတက်သွားသည်။ ဘာလဲဆိုတာ မသိပေမယ့် ရတနာတစ်ခုဆိုတာ သေချာတာကြောင့် စဉ်းစားမနေဘဲ သားသတ်သမားသည် လေထဲသို့ခုန်ဆင်းကာ အလင်းဘောလုံး နောက်သို့ လိုက်သွားခဲ့သည်။
အလင်းရဲ့ အရှိန်သည် အလွန် မလျင်မြန်သော်လည်း နှေးနေတာလည်း မဟုတ်ပေ။ အလင်းရဲ့ မှော်စွမ်းအက်ကို သိသိသာသာ သတိပြုမိသော လမ်းတစ်လျှောက်တွင် လူများစွာတို့သည် စုရုံးပြီး အလင်းနောက်သို့ အုပ်စုလိုက် လိုက်ကြတော့သည်။
ထို့နောက် အလင်းဘောလုံးသည် တည်းခိုခန်းငယ် တစ်ခုထဲသို့ ပြုတ်ကျပြီး ပျောက်ကွယ်သွားခဲ့သည်။
ခဏလောက် ရှာဖွေပြီးတဲ့ နောက်မှာတော့ အလင်းဘောလုံးရဲ့ အရိပ်တစ်ခုကိုပဲ တွေ့လိုက်ရသည်။ အားလုံး စိတ်ဆိုးသွားတဲ့ အချိန်မှာတော့ အလင်းဘောလုံးလေးဟာ မြေပြင်ကနေ ပြန်တက်လာတာကို တွေ့လိုက်ရပြန်၏။
သားသတ်သမားလည်း အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ သူသည် သူ့လက်ထဲမှ ပုဆိန်ကြီးကို ပြင်းပြင်းထန်ထန် လှုပ်ခါလိုက်ရာ ကြီးမားသော စွမ်းအားလှိုင်းများ အရပ်ရပ်သို့ ပြန့်နှံ့သွားသည်။ သူသည် သူ့လက်ဖဝါးဖြင့် ရှေ့သို့ လှမ်းတက်ကာ သူ့လက်ဝါးဖြင့် အလင်းဘောလုံးကို ဆုပ်ကိုင်လိုက်သည်။
အလင်းဘောလုံးက သူ့လက်ဖဝါးထဲသို့ တိုက်ရိုက် နှစ်မြုပ်သွားပြီးနောက် သူ၏ ဒန်တန်ထဲအထိ ရောက်ရှိသွားခဲ့သည်။ ခိုင်ခံ့သော မြေစွမ်းအားသည် သူ့ခန္ဓာကိုယ်ကို အားပြည့်လာစေကာ ခဏအတွင်း သူ၏ ခွန်အားများ အလွန်တိုးလာတာကို အံ့သြစွာ ခံစားလိုက်ရသည်။
သူတို့ပတ်ဝန်းကျင်က လူတွေ အားလုံးမှာ အော်ဟစ်ပြီး မီးခိုးတွေထဲကနေ တစ်ယောက်ပြီး တစ်ယောက် ဓားအလင်းများကို သားသတ်သမား ထူဖူးထံသို့ ပစ်လွှတ်လိုက်ကြ၏။
သားသတ်သမားက ဟမ့်ကနဲ မထီမဲ့မြင်ပြုကာ ပုဆိန်ကို တစ်ချက် ပြန်ကိုင်လိုက်သည်နှင့် အလင်းရောင်က ချက်ချင်း ဖြာထွက် လင်းလက်လာပြီး သူ့လက်ထဲမှာ မြေဒြပ်စင် စွမ်းအားတွေက ပုဆိန်ထဲ ပြည့်လျှံလာလေသည်။
သူ့လက်ထဲက ပုဆိန်ကြီးဟာ ရုတ်တရက် အလွန်လေးလံလာသည်။ နောက်တစ်ကြိမ် အားထပ်သုံး၍ ဝေ့ယမ်းလိုက်တဲ့အခါ လေက ဟိန်းဟောက်ပြီး တစ်ဖက်လူတွေရဲ့ လက်နက်စွမ်းအင်ကို ထိမှန်သွားသလို ပြိုင်ဘက်တွေရဲ့ ခွန်အားကိုလည်း ကလေးတစ်ယောက်လို ခံစားရပြီး သူ့ကို ခြိမ်းခြောက်မှု လုံးဝ မဖြစ်စေနိုင်သလိုပင်။
သို့သော် အပြင်မှာ ဝိုင်းရံထားတဲ့ လူတွေက အရမ်းများနေပြီး သူတစ်ယောက်တည်း တိုက်ခိုက်ဖို့က မဖြစ်နိုင်ပေ။ မရေမတွက်နိုင်တဲ့ လက်နက်တွေနဲ့ တိုက်ခိုက်မှုတွေက သူ့ကို တရစပ် တိုက်ခိုက်လာခဲ့သည်။ သားသတ်သမားက ပုဆိန်ကို အပြစ်ကင်းစင်စွာ လှုပ်ရှားနေပေမယ့် အခြေအနေက ပိုပိုပြီး ရှက်စရာကောင်းလာခဲ့သည်။
ကံကောင်း ထောက်မစွာနဲ့ သူ့ပုဆိန်ကြီးက သာလွန်ကောင်းမွန်နေ၏။ မဟုတ်ပါက လူတိုင်း၏ တိုက်ခိုက်မှုအောက်တွင် သူ့ခန္ဓာကိုယ်ပင် အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားလိမ့်မည်။
သားသတ်သမားကို ဝိုင်းထားသူများသည် ပုဆိန်ရဲ့ ထူးကဲသော စွမ်းအားကို လျင်မြန်စွာ သတိထားမိသွားသည်။ တချို့လူများကလည်း သားသတ်သမား ထူဖူး၏ အထောက်အထားကို တဖြည်းဖြည်း မှတ်မိလာကြသည်။
"သူက လူသတ်သမား ထူဖူးပဲ... ဒဏ္ဍာရီဆန်ဆန် အင်အားကြီး ပါရမီရှင်ငါးယောက်ထဲက တစ်ယောက်!!"
"သူအရမ်း အစွမ်းထက်နေတာ မဆန်းတော့ပါဘူး... သူတော်စင် အဆင့်၅နဲ့တောင် လူပေါင်းများစွာရဲ့ တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိနေတာပဲ"
"ပုဆိန်က ဘာကြီးလဲဟ!"
"အဲ့ဒါက ရွှမ်ခုန်းတောင်က အဘိုးကြီးရွှမ်ဟွမ်ဆီက ရလာတဲ့ ပုဆိန်ကြီး မဟုတ်ဘူးလား?"
"ဟားဟား... အခု ဒီပုဆိန်ကြီးရဲ့ ပိုင်ရှင်က ပြောင်းလဲသွားတော့မှာပါ"
လူတွေက အရူးအမူး အော်ဟစ်နေကြသည်။ အစောက အလင်းဘောလုံးက ဘာလဲဆိုတာ ဘယ်သူမှ မတွေးနိုင်လိုက်ပေ။ နောက်ဆုံးမှာတော့ ဒဏ္ဍာရီထဲက ဒြပ်စင်ငါးပါးနတ်ပုတီးစေ့လို ကမ္ဘာ့ရတနာများရဲ့ တည်ရှိမှု အကြောင်းကို ဘယ်သူမှ အိပ်မက်မမက်ဝံ့ပေ။
အဲဒါက ကောင်းကင်ဘုံသခင်နဲ့ နတ်မီးနယ်ပယ်က အကြီးအကဲတွေတောင် လိုချင်တပ်မက်ရတဲ့ အရာမို့ သဘာဝကျကျ သူတို့သိပ်ပြီး မတွေးဝံ့ကြပါဘူး။ သူတို့အမြင်အရတော့ သားသတ်သမားရဲ့ လက်ထဲက ပုဆိန်ကြီးဟာ ပိုတန်ဖိုးကြီးလေ၏။ အဲဒါက အဘိုးကြီးရွှမ်ဟွမ် ကိုယ်တိုင်က မှော်ပညာနဲ့ သန့်စင်ထားတဲ့ လက်နက်တစ်ခု ဖြစ်ပေသည်။
၎င်းသည် နတ်မီးတောက်ကို အသုံးပြု သန့်စင်ထားသည့် လက်နက် မဟုတ်သော်လည်း အနည်းဆုံး ကောင်းကင်ဘုံသခင် အဆင့်ရှိ မှော်လက်နက်ထဲက ထိပ်တန်းရတနာ တစ်ခုဖြစ်သည်။
သားသတ်သမားသည် တဖြည်းဖြည်း အင်အား ကျဆင်းလာခဲ့သည်။ သူ၏ ဒန်တန်မှ မြေကြီးဒြပ်စင် စွမ်းအားများ အဆက်မပြတ် စီးဆင်းနေသဖြင့် တန်ပြန်တိုက်ခိုက်ခြင်း မပြုနိုင်သော်လည်း သူသည် သူ့ကိုယ်သူ ခဏတာ ကာကွယ်နိုင်သေးသည်။
ဒါပေမဲ့ စိတ်ထဲမှာတော့ တိတ်တိတ်လေး စိတ်ပူနေမိ၏။ ဒီလိုဆက်သွားနေရင် အလုပ် မဖြစ်နိုင်တော့ချေ။
အစောက အဝါရောင် နတ်ပုတီးစေ့က ဆိုတာ ဘာလဲဆိုတာကို တခြားသူတွေက မသိကြပေမယ့် သူ့ခန္ဓာကိုယ်ထဲကို ပေါင်းစည်းလိုက်တဲ့ အခါမှာတော့ သူ တုန်လှုပ် ခြောက်ခြားသွားပြီး အလွန် ပျော်ရွှင်သွားခဲ့သည်။
ဒါကြီးက ကောင်းကင်က ဆင်းလာတဲ့ အံ့သြစရာကောင်းတဲ့ အခွင့်အရေး တစ်ခုလိုပင်။ ဘာပဲဖြစ်ဖြစ် သူဒီကနေ လွတ်မြောက်မှ ရလိမ့်မယ်။
"ပေါ်လာခဲ့!"
"ပေါ်လာခဲ့!"
"ပေါ်လာခဲ့!"
နတ်သမီးအောင့်ယွဲ့က သုံးကြိမ်ဆက်တိုက် အော်လိုက်ပြီး သူမသည် ခံနိုင်ရည်ရှိနိုင်တဲ့ အကန့်အသတ်နဲ့ မီးဒြပ်စင် နတ်ပုတီးစေ့ကို တွန်းထုတ်လိုက်ပေမယ့် မြေဒြပ်စင် နတ်ပုတီးစေ့ကတော့ မပေါ်သေးချေ။
လုရွှမ် အောင့်ယွဲ့ကို လျင်မြန်စွာ ပြေးထူပေးလိုက်သည်။ သူမ ဆက်လက် ဆုပ်ကိုင်ထား ပါက မီးဒြပ်စင် နတ်ပုတီးစေ့ရဲ့ စွမ်းအင်က သူမခန္ဓာကိုယ်ကို ပျက်စီးစေလိမ့်မည်။
လုရွှမ် ယွမ်ယန်စွမ်းအင်ကို သူမခန္ဓာကိုယ်ထဲကို အာဟာရ ဖြည့်သွင်းကာ ဂရုတစိုက် ကုသပေးလိုက်သည်။ နတ်သမီးကျင်းဟုန်လည်း သစ်သားဒြပ်စင် နတ်ပုတီးစေ့ရဲ့ အသက်ဝင် စွမ်းအင်ကို အောင့်ယွဲ့ရဲ့ ခန္ဓာကိုယ်ထဲသို့ ဂရုတစိုက် ပေးပို့ခဲ့သည်။
"အောင့်ယွဲ့.... ဒါဆို ငါတို့ ဒီတစ်ခါကျရှုံးရင်လည်း ..."
"ဟေး... အပြင်မှာ ရန်ဖြစ်နေကြတာပဲ!"
အောင်ရှင်းရဲ့ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
"အနည်းဆုံး လူတစ်ထောင်လောက် ရှိတယ်... သူတို့က လူတစ်ယောက်တည်းကို ဝင်တိုက်ခိုက်နေကြတာ... အိုး အဲဒီလူက သူတို့ကို ပိုက်ဆံတွေ အများကြီး အကြွေးတင်နေလို့များလား?"
လုရွှမ်၏ မျက်လုံးများ ရုတ်တရက် လင်းလတ်သွားသည်။ သူများကို ပိုက်ဆံ အကြွေးတင်နေတာလား? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သာမန်လူက ကျောက်စိမ်းကို သယ်ထားလိုက်တာနဲ့ အပြစ်ရှိတဲ့လူ ဖြစ်သွားပြီ။ အဲဒီလူမှာ သေချာပေါက်ပြန် ကောင်းတာတစ်ခုခု ရှိနေတာ ဖြစ်ရမည်။
ဘယ်လိုပစ္စည်း ရှိနေတာများလဲ?
သူတို့ အခုလေးတင်ပဲ မြေဒြပ်စင် နတ်ပုတီးစေ့ကို ဆုံးရှုံးလိုက်ရတယ်!
လုရွှမ် အခန်းရဲ့ အခင်းအကျင်းကို ရုတ်သိမ်းလိုက်ပြီး အပြင်ကို ပြေးထွက်လာခဲ့သည်။ အပြင်က မြင်ကွင်းကို ကြည့်လိုက်တော့ အားလုံးက တုန်လှုပ်သွားကြသည်။ ခဏအတွင်းမှာပဲ လူတွေက ထောင်သောင်းချီနေပြီ။