ရတာနာသစ်ပင်ထက်သို့ရွာချသည့်မိုးရေစင်
Vol. 86 Ch. 1203
အခန်း (၁၂၀၃) ရတာနာသစ်ပင်ထက်သို့ရွာချသည့်မိုးရေစင်
ရန်ကျောက်ကဲက ရှီကျွင်းနှင့်အတူ ဝါဒတောင်၏ (၈)ခုမြောက်တောင်ဖြစ်သော ပါးကွတောင်ထွတ်သို့ ရောက်ရှိလာသည်။
ဝါဒတောင်၏ တောင်ထွတ် (၈)ခုတွင် အဓိကတောင်ထွတ်ဖြစ်သော ‘မိုးထိတောင်’ က အမြင့်ဆုံး တောင်ထွတ်ဖြစ်သည်။ သို့သော် ယခုအချိန်မှာတော့ မိုးထိတောင်ထွတ်က အထူးခြားဆုံး တောင်ထွတ်တစ်ခု ဟုတ်ပုံမပေါ်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ပါးကွတောင်ထွတ်တွင် အလွန်မြင့်မားသည့် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် ရှိနေသောကြောင့် ဖြစ်၏။
သစ်ကိုင်းထက်မှသစ်ရွက်များက အစိမ်းရောင်မှိန်ဖျော့ဖျော့တောက်ပနေပြီး ပင်စည်ကတော့ အလွန်အမင်းထူးခြားစွာ ရှည်လျားဖြောင့်တန်းနေသည်။
အမှန်တော့ သစ်ပင်ကြီး၏ အစစ်အမှန်အရွယ်အစားက တေါ့မြင်နေရသည်ထက်ပိုပြီး မြင့်မားသည်။ ဤသစ်ပင်ကြီးက မိုးမြေတစ်ခွင် အလွန်ကြီးမားသော ဧရာမသစ်ပင်ကြီးတစ်ပင် ဖြစ်သည်။
ရန်တိက ပါးကွတောင်ထွတ်ပတ်ပတ်လည်ရှိလေထုကိုဖိနှိပ်ပြီး ဤသစ်ပင်ကို အနည်းငယ် သေးငယ်အောင် နှိမ့်ထားခြင်း ဖြစ်သည်။
သို့တိုင် ကြီးမားလှသောသစ်ပင်ကြီးက လူအများ အံ့အားသင့်စရာ ဖြစ်နေဆဲပင်။
သို့ပေသိ ဤရှေးဟောင်းသစ်ပင်ကြီးက ညှိုးခြောက်နေခြင်းမရှိသည့်တိုင် အနည်းငယ် ညှိုးနွမ်းနေဟန် ရှိသည်။ ဤအတိုင်းသာဆက်သွားပါက နောက်ဆုံးတွင် သေဆုံးသွားနိုင်ပေသည်။
“ချင်းယွမ်ဧကရာဇ်က မဟာကပ်ဘေးကြီးမတိုင်ခင်က အိမ်တော်(၅)ပါးကျောင်းတော်ရဲ့ လျှို့ဝှက်နည်းလမ်းတွေကိုသိထားတော့ ဒီသစ်ပင်စိုက်ပျိုးတာမှာ အခက်အခဲ မရှိခဲ့ဘူး ၊ တခြားသူတွေဆိုရင်တော့ ဒီလိုသစ်ပင်မျိုးစိုက်ပျိုးချင်တယ်ဆိုရင် အများကြီးဂရုစိုက်ဖို့လိုတယ်”
စကားဆိုရင်း ရန်ကျောက်ကဲက သစ်ပင်ကြီးအား အကဲခတ်လိုက်သည်။
ရန်တိက လေထုကိုဖိနှိပ်ထားခြင်းကြောင့် သစ်ပင်က ပုံမှန်မဟုတ်ဘဲ ညှိုးလျော်နေသည်မဟုတ်ကြောင်း ထင်ရှားသည်။ ထို့ပြင် ပတ်ဝန်းကျင်ရေမြေ ပြောင်းလဲမှုသည်လည်း အဓိကအကြောင်းရင်း မဟုတ်ပေ။
ပုံရိပ်ယောင်တောင်ထွတ်မှ ထွက်ပြေးသွားသော ချင်းယွမ်ဧကရာဇ်၏တပည့်တစ်ယောက်ကို ဝါဒတောင်က ဖမ်းဆီးခဲ့သော်လည်း ထိုတပည့်သည်လည်း ဤသစ်ပင်ကို မည်သို့စိုက်ပျိုးရမည်ကို မသိရှိခဲ့ပေ။
သူတို့က အမြဲတမ်း ချန်းဧကရာဇ် အမိန့်ပေးသည့်အတိုင်းသာ ပြုလုပ်ကြသူများ ဖြစ်သည်။ အချိန်တန်မှ ချန်းဧကရာဇ်က သစ်ပင်ကိုလောင်းရန်အတွက် စမ်းရေကိုပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုစမ်းရေ မည်သည့်နေရာတွင် သွားရောက်ရှာဖွေရမည်ကို သူတို့ မသိရှိကြပေ။
“ဒီသစ်ပင်စိုက်ပျိုးဖို့အတွက် ဂိုဏ်းချုပ်က ဆရာဦးလေး’ဖုန်း’ ကို အထူးတာဝန်ပေးအပ်ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာကနေ လှမ်းခေါ်ထားတယ်”
ရှီကျွင်းက မြင့်မားသည့်သစ်ပင်ကြီးကိုကြည့်ရင်း စိတ်ရှုတ်ထွေးစွာဖြင့်ဆိုလိုက်သည်။
“ဒါပေမဲ့ ဘာတိုးတက်မှုမှ ရှိမလာဘူး”
ထိုစကားကြားတော့ ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...
“ဟားဟား... အဖေက ဂိုဏ်းတူညီလေး’ဖုန်း’ ကို ခေါ်မယ်ဆိုတာ ငါ သိသားပဲ”
ပါးကွတောင်ထွတ်ဆီသို့ လှမ်းကြည့်လိုက်တော့ သစ်ပင်မြင့်ကြီးအောက်တွင် ရင်းနှီးသောအသွင်အပြင်ရှိသူတစ်ယောက်အား တွေ့လိုက်ရသည်။
ထိုသူက ရန်ကျောက်ကဲ၏ သူငယ်ချင်းလည်းဖြစ် ၊ ဂိုဏ်းတူညီလည်းဖြစ်သော ‘ဖုန်းမော့ယန်’ ပင် ဖြစ်သည်။
ဖုန်းမော့ယန်က ငယ်ရွယ်သေးသော်လည်း အဂ္ဂိရတ်ပညာတွင် အောင်မြင်မှုများစွာ ရရှိထားပြီး ၊ သူ၏အဂ္ဂိရတ်ပညာအဆင့်က ဝါဒတောင် လူငယ်မျိုးဆက်များကြားတွင် ရန်ကျောက်ကဲထက် တစ်ဆင့်သာနိမ့်သည်။
သူ၏ကျင့်ကြံခြင်းအဆင့် မည်မျှပင်ရှိစေကာမူ ဖုန်းမော့ယန်၏ ထူးခြားသော အဂ္ဂိရတ်ပညာက ဝါဒတောင်တစ်ဂိုဏ်းလုံးတွင် ထိပ်တန်းအဆင့် ဖြစ်သည်။
ထို့ပြင် သူက ဆေးပင်များ ၊ သစ်ပင်များစိုက်ပျိုးခြင်းနှင့် ဆေးပင်စုဆောင်းခြင်းများကိုလည်း အတော်လေး အားစိုက်ထုတ်ကာ လုပ်ဆောင်သူ ဖြစ်၏။
သူက ဤနယ်ပယ်တွင် ပါရမီရှိသူဖြစ်ပြီး တစ်နေ့တခြား ပိုပြီးတော်လာခဲ့သည်။
သို့ဖြစ်ရာ ဖုန်းမော့ယန်က ကျင့်ကြံခြင်းအဆင့် အလွန်တရာမြင့်မားခြင်းမရှိသလို အထက်ဘုံကမ္ဘာတွင်လည်း နာမည်ကြီးတစ်ယောက်မဟုတ်သော်လည်း ဝါဒတောင်တပည့်များအလယ်တွင်တော့ အလွန်လူသိများသူ ဖြစ်သည်။
ယခု ဖုန်းမော့ယန်က သူ့အရှေ့မှ ဂျင်ဆင်းသီးသစ်ပင်ကို စူးစိုက်ကြည့်နေသည်။
ရန်ကျောက်ကဲ ရုတ်တရက်ရောက်လာပြီး ဖုန်းမော့ယန်၏ပခုံးအားပုတ်လိုက်သည့်အခါ သူ လန့်သွားပြီး ချက်ချင်းပင် လှည့်ကြည့်လာသည်။
ခဏမျှ အံ့အားသင့်နေပြီးမှ အခြေအနေကို သဘောပေါက်သွားပြီး ရန်ကျောက်ကဲကို နှုတ်ဆက်လိုက်သည်။
“မင်း ပြန်လာပြီလား...”
ရန်ကျောက်ကဲက...
“ခဏပြန်လာတာ... ခရီးပြန်ထွက်ရဦးမှာ...”
ထို့နောက် သူက သစ်ပင်မြင့်ကြီးကိုကြည့်ရင်း...
“ဒီသစ်ပင် တစ်ခုခုမှားနေတယ်လို့ သတင်းကြားလို့ ၊ စစ်ဆေးကြည့်မလားလို့ ၊ ငါ ယူလာတဲ့ ရတနာပစ္စည်းကို အလကား မဖြစ်စေချင်ဘူးလေ”
ရန်ကျောက်ကဲစကားကိုကြားတော့ ဖုန်းမော့ယန်က ကူရာကယ်ရာမဲ့စွာဖြင့်...
“ကောင်းသားပဲ... ဒီသစ်ပင်ကို မင်းယူလာတယ်ဆိုတာ မင်း မှတ်မိသေးတယ်နော်”
ထို့နောက် သူက သူ့အရှေ့မှ သစ်ပင်မြင့်ကြီးကိုကြည့်ရင်း...
“ငါတို့ဂိုဏ်းကလူတွေ ပုံရိပ်ယောင်တောင်ထွတ်မှာရှိတဲ့ရေကိုယူဖို့အတွက် ခွန်လွန်တောင်ကို အကြိမ်ပေါင်းများစွာ သွားခဲ့ကြတယ် ၊ ဒါပေမဲ့ ရေကအလုပ်မဖြစ်ဘူး ၊ ချင်းယွမ်ဧကရာဇ်က ဘယ်နေရာကစမ်းရေနဲ့ သစ်ပင်ရေလောင်းနေတာလဲဆိုတာ ငါ တကယ် မသိဘူး”
“ငါတို့ ရေရှာဖွေမယ့်နယ်မြေကို ချဲ့ထွင်လိုက်မယ်ဆိုရင် ရေအရင်းအမြစ်တွေ အများကြီးရှီတယ် ၊ ဒါပေမဲ့ ဒီရေတွေအားလုံး တစ်ခုပြီးတစ်ခု စမ်းသပ်ကြည့်နေမယ်ဆိုရင်လည်း အချိန်မလုံလောက်ပြန်ဘူး”
ထိုအချိန် ဝါဒတောင်မှ တပည့်များ အနီးအနားသို့ မဝံ့မရဲချဉ်းကပ်လျှက် စုရုံးရောက်ရှိလာပြီး အချင်းချင်း တီးတိုးပြောဆိုနေကြသည်။
“အဲဒါ... ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရားလို့နာမည်ကြီးတဲ့ ဂိုဏ်းတူအစ်ကိုကြီး’ရန်’ မဟုတ်လား”
“ဟုတ်တယ်... ဖြစ်နိုင်တယ် ၊ သူ့ပုံတွေကို အရင်က မြင်ဖူးတယ်”
“မင်းရဲ့ ဖြစ်နိုင်တယ်ဆိုတဲ့စကားက ဘာစကားလဲ ၊ အဲဒါ သေချာပေါက် ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ပဲလေ ၊ သူကလွဲလို့ ဘယ်သူက ဒီလိုရုပ်သွင်မျိုးရှိမှာလဲ”
“သူ့ကြည့်ရတာ ဘာမှလည်းမထူးခြားဘူး ၊ သာမန်ပါပဲ”
“အဲဒါ မင်း သူ့အကြောင်းဘာမှမသိလို့နေမှာပေါ့ ၊ သူက သဘာဝဆန်တယ်လေ ၊ တကယ်ဆိုရင်... အဲဒီသစ်ပင်ကြီးရဲ့ သစ်ရွက်ပေါ်က အလင်းရောင်တွေ ရောင်ပြန်ဟပ်တာနဲ့တင် သာမန်လူဆိုရင် သစ်ပင်ကြီးနားမကပ်နိုင်ဘဲ မူးမေ့လဲသွားနိုင်တယ် ၊ ငါတို့ဆိုရင်လည်း ကျင့်ကြံခြင်းစွမ်းအားတွေ လှည့်ပတ်မထားရင် ဘယ်သူမှ သစ်ပင်ကြီးအနား ကပ်နိုင်မယ်မထင်ဘူး ၊ ကဲ... မင်း သူ့ကို သာမန်လူတစ်ယောက်လို့ပြောဦးမလား...”
“အမှန်ပဲ... အဲဒီလိုတွေးကြည့်လိုက်တော့ ဂိုဏ်းတူအစ်ကိုကြီး’ရန်’ က တကယ်အစွမ်းထက်တာပဲ”
“ဒါပေါ့... သူက သိုင်းသူတော်စင် နဝမအဆင့်ရောက်ကတည်းက ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရားဆိုပြီး နာမည်ကြီးနေတာ ၊ ဒဏ္ဍာရီဆန်တဲ့ အစစ်အမှန်နတ်ဘုရားတွေတောင် သူ့ကို နိုင်အောင် မတိုက်ခိုက်နိုင်ခဲ့ဘူး”
“ဒါဖြင့် ဆရာဦးလေး’ရန်’ က ဒီကို ဘာလာလုပ်တာလဲ ၊ သစ်ပင်အတွက်လား”
“သူလည်း ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး”
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ သူ့မှာ စဉ်းစားထားတဲ့နည်းလမ်းတစ်ခုခု ရှိမယ်ထင်တဘ်”
“ဟေ့... ဂိုဏ်းတူအစ်ကို... စိတ်တော့မရှိနဲ့ ၊ ငါက ဆရာဦးလေး’ရန်’ ကို အရမ်းလေးစားပါတယ် ၊ ဒါပေမဲ့ သစ်ပင်စိုက်တယ်ဆိုတာ ကျင့်ကြံခြင်းအဆင့်မြင့်မားတာနဲ့ ဘာမှမဆိုင်ဘူး ၊ ဒီအပင်ရှင်သန်နိုင်အောင် ဘယ်လိုစမ်းရေမျိုးလောင်းပေးရမယ်ဆိုတာ သူ ဘယ်လိုလုပ်သိနိုင်မှာလဲ”
“ငတုံးကောင်... မင်းက ငါ့ကိုနိုင်အောင်ပြောနေတာလား ၊ ဒီနေ့ ငါတို့ဆရာကိုယ်စား မင်းကို သင်ခန်းစာတစ်ခုပေးလိုက်မယ်”
တပည့်များအားလုံးက စိတ်ခံစားချက်များစွာဖြင့် ဆွေးနွေးပြောဆိုနေကြသော်လည်း အနားသို့တိုးကပ်လာရန် သတ္တိမရှိကြပေ။
ရန်ကျောက်ကဲက တတိယမျိုးဆက်တပည့်တစ်ယောက် ဖြစ်သော်လည်း ဝါဒတောင်၏လူငယ်မျိုးဆက်များက သူ့ကို တပည့်တစ်ယောက်အဖြစ် မမှတ်ယူကြပေ။
အထူးသဖြင့် အငယ်တန်းကျင့်ကြံသူများနှင့် ဝါဒတောင်၏တပည့်အသစ်များအတွက် ရန်ကျောက်ကဲဆိုသည်က သူတို့နှင့် ကမ္ဘာတစ်ခုတည်းတွင်နေထိုင်သော နတ်ဘုရားတစ်ပါးပမာ ဖြစ်သည်။
ထို့ကြောင့် ရန်ကျောက်ကဲနှင့် အေးဆေးစွာ စကားပြောဆိုနေသော ဖုန်းမော့ယန်နှင့် ရှီကျွင်းတို့ကို အားကျစွာ ငေးမောကြည့်နေကြသည်။
သူတို့ကတော့ မည်မျှပင် စကားပြောဆိုချင်ပါစေ ရှေ့သို့မတိုးဝံ့ကြပေ။
ရန်ကျောက်ကဲက ဖုန်းမော့ယန်ကို ကြည့်ရင်း...
“ငါ့မှာနည်းလမ်းတစ်ခုရှိတယ် ၊ စမ်းကြည့်ရအောင်...”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုအရာက သေးငယ်ပြီး အနုစိတ်သော ကျောက်စိမ်းပုလင်းလေးတစ်လုံး ဖြစ်၏။
ဖုန်းမော့ယန်က ရန်ကျောက်ကဲလက်ထဲမှ ကျောက်စိမ်းပုလင်းအား စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။
“အဲဒါ ဘာလဲ...”
ဖုန်းမော့ယန်နှင့် ရှီကျွင်း (၂)ယောက်လုံးက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
ရန်ကျောက်ကဲက ပုလင်းလေးကို လေထုထဲသို့အသာပစ်မြှောက်ရင်း သူ၏လက်ဖြင့် ပြန်လည်ဖမ်းယူလိုက်သည်။
“ကျူတောပင်လယ်ဒေသက ဝါဒတောင်ဖွင့်ပွဲအခမ်းအနားမှာ ချင်းယွမ်ဧကရာဇ် လာပြီးတိုက်ခိုက်တော့ ဆရာဦးလေး’ယွဲ့’ ရဲ့ဓားဝိညာဉ်ကိုအသုံးပြုပြီး ငါသူ့ကို ဒဏ်ရာရသွားအောင် တိုက်ခိုက်လိုက်တယ် ၊ အဲဒီတုန်းက သူ ကျန်ခဲ့တဲ့ ပစ္စည်းလေးပဲ”
ထူးခြားမှုသိပ်မရှိသော်လည်း ချင်းယွမ်ဧကရာဇ် ခန္ဓာကိုယ်ထက်တွင်ဆောင်ထားသည်ကိုကြည့်ခြင်းအားဖြင့် အသုံးဝင်မှုကို လျှော့တွက်၍မရနိုင်ပေ။
ဖုန်းမော့ယန်မျက်လုံးများ တောက်ပသွားပြီး...
“တကယ်လား... မင်းထင်တာက...”
ရန်ကျောက်ကဲက...
“စမ်းကြည့်တာပေါ့... ခွန်လွန်တောင်ကရေတွေကို အထူးတလယ်သွားယူနေဖို့ လိုအပ်မယ် မထင်ပါဘူး”
ထို့နောက် သူက ရှီကျွင်းဘက်သို့လှည့်လိုက်ပြီး...
“ကျွင်းအာ... မင်းယူလာတဲ့စမ်းရေ ငါ့ကိုပေး...”
စိတ်လှုပ်ရှားနေသော ရှီကျွင်းက ကြွေအိုးလေးကို ရန်ကျောက်ကဲထံသို့ ပေးလိုက်သည်။
ရန်ကျောက်ကဲက ကြွေအိုးထှဲရေကို ကျောက်စိမ်းပုလင်းလေးအတွင်းသို့ လောင်းထည့်လိုက်သည်။
ရှီကျွင်း၏ ကြွေအိုးက အရိပ်ကျုံ့အိတ်ကဲ့သို့ပင် သက်ရောက်မှုရှိပြီး သေးငယ်သည့်တိုင် ရေကန်များနှင့် သမုဒ္ဒရာများကဲ့သို့ များပြားလှစွာသောရေများကို ထည့်သွင်းထားနိုင်စွမ်း ရှိသည်။
ရန်ကျောက်ကဲ၏လက်ထဲမှ ကျောက်စိမ်းပုလင်းလေးသည်လည်း အလားတူလုပ်ဆောင်ချက်မျိုးရှိသည်ဖြစ်ရာ ကြွေအိုးထဲမှရေများကို အတွင်းသို့လောင်းထည့်လိုက်သော်လည်း ဖိတ်ဆင်ကျဆင်းသွားခြင်း မရှိပေ။
ရန်ကျောက်ကဲက ရည်ရွယ်ချက်ရှိရှိဖြင့် ကြွေအိုးထဲမှရေများကို အကုန်မသုံးဘဲ ချန်ထားလိုက်သည်။
ကျောက်စိမ်းပုလင်းထဲသို့ ရေတစ်ဝက်ခန့်ထည့်ပြီးသည်နှင့် ရပ်တန့်လိုက်ပြီး ပုလင်းအဖုံးကိုပိတ်လိုက်ကာ ပုလင်းငယ်အား လှုပ်ခါလိုက်သည်။
နေရာရှိလူတိုင်း အသက်ပင်မရှူရဲ ဖြစ်နေကြသည်။
ခဏအကြာတွင် ရန်ကျောက်ကဲက ကျော်ကစိမ်းပုလင်းလေးကို ကောင်းကင်ထက်သို့ ပစ်တင်လိုက်သည်။
သူ၏ထိန်းချုပ်မှုအောက်တွင် ကျောက်စိမ်းပုလင်းလေးက ပျံတက်သွားပြီး သစ်ပင်မြင့်ကြီးထိပ်သို့ ရောက်ရှိသွားကာ မိုးရေစက်များ ရွာချသွန်းလောင်းလိုက်တော့သည်။
စမ်းရေက သစ်ပင်မြင့်ကြီး၏ သစ်ရွက်များထက်သို့ အဆက်မပြတ် ရွာကျလာသည့်တစ်ခဏတွင် သစ်ပင်အမြစ်များလည်းထွက်ပေါ်လာပြီး မြေကြီးထဲတွင် အမြစ်စွဲသွားလေတော့၏။