← Chapters

စာအုပ်ဝိညာဥ်

Vol. 64 Ch. 479.4

စာအုပ်ဝိညာဥ်

Vol. 64 Ch. 479.4

ယခုမူ ရှေးဟောင်း လျှပ်စီးမြို့တော်သည် အလွန် အသက်ဝင်​လေနေပြီ။ မန်ဟွမ်နတ်ဘုရားမျှော်စင် မွေးဖွားလာသည့် သတင်းက ရှေးဟောင်း လျှပ်စီးကမ္ဘာကြီး တစ်ခုလုံးကို ရူးသွပ်သွားစေခဲ့သည်။ မန်ဟွမ်နတ်ဘုရားမျှော်စင်ကို မလိုချင်သူ မရှိပေ။ သို့ပါသောကြောင့် ယခုအချိန်တွင် ရှေးဟောင်း လျှပ်စီးမြို့တော်၏ လူဦးရေသည် ဆယ်ဆ တိုးလာခဲ့သည်။

ထို့အပြင် သခင်များ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာကာ ကောင်းကင်တွင် ပျံသန်းနေသော သခင်များ အားလုံးသည် ကောင်းကင်ဘုံသခင်နှင့် အထက်ရှိ သခင်များ ဖြစ်​ကြသည်။

အနားယူခြင်းမရှိဘဲ အဆက်မပြတ် နေရာပြောင်း အစီအရင်ဖြင့် ခရီးဆက်လာရာ အရင်းအမြစ်များစွာကို သုံးစွဲပြီး တစ်လအကြာတွင် ရှေးဟောင်း လျှပ်စီးမြို့တော်သို့ ရောက်လာရှိခဲ့သည်။

တခြားမြို့များနှင့် မတူဘဲ ရှေးဟောင်းလျှပ်စီးမြို့တော်တွင် မြို့ရိုးများ မရှိသော်လည်း အဝေးမှကြည့်လျှင် ၎င်း၏ ကြီးကျယ်ခမ်းနားသော အခင်းအကျင်း အသွင်အပြင်ကို အံ့သြစွာ တွေ့ရလေသည်။

အထပ်မြင့် စံအိမ်တွေ၊ ရတနာမျှော်စင်တွေ၊ ကျင့်ကြံသူတွေနဲ့ မြို့ထဲမှာ အင်မတန် ရှုပ်ထွေးနေသည်။

လမ်းတွေက ကျယ်ဝန်း၍ သန့်ရှင်းသပ်ရပ်ကာ လေထုကလည်း ဝိညာဥ်စွမ်းအင် ကြွယ်ဝပြီး ဓာတ်ငါးပါးတို့၏ စွမ်းအားဖြင့် ပြည့်စုံသည်။ ရံဖန်ရံခါတွင် ဝိညာဉ်စွမ်းအင်များ လျှံထွက်ပေါ်လာပြီး ရှေးဟောင်း လျှပ်စီးမြို့တော်တွင် မသေမျိုး စွမ်းအင်များ တိုးလာသလိုပင် ခံစားရလေ၏။

လူငယ်ငါးဦးကို ရှေးဟောင်းလျှပ်စီး မြို့တော်သို့ တိုက်ရိုက် ပို့ဆောင်နိုင်သော်လည်း သူတို့ကို ချက်ချင်း မှတ်မိသွားမှာ ကြောက်တာကြောင့် အနီးနားရှိ ယိကောမြို့မှာ ဆင်းလိုက်သည်။ ထို့နောက် လွန်းပျံယာဉ်ကို ထုတ်လျက် ပျံသန်းလာကြ၏။

ရုတ်တရက် မိုးကြိုးပစ်ချလိုက်တဲ့ အသံနဲ့အတူ လူလေးဦး၏ ဦးခေါင်းထက်ကို ထိမှန်သွားသည်။ အောင့်ယွဲ့ ချက်ချင်း သဘောပေါက်သွားပြီး

"ဒီမှာ မိုးခြိမ်းသံတွေက တစ်ခါတလေမှ ပေါ်လာတတ်တာ... ငါတို့ရဲ့ ကျင့်ကြံမှုတွေကို အချိန်အကြာကြီး ဖိထားရင် မိုးခြိမ်းသံတွေ ပေါ်လာလိမ့်မယ်.... ဒါကြောင့် အားလုံးက မိုးကြိုးအတိဒုက္ခကြားမှာ ရှင်သန်ဖို့ အဆင်သင့်ပဲ မဟုတ်လား"

ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ကို ပေါင်းစပ်လိုက်သော အခါကတည်းက လူငယ်ငါးဦးသည် ကြီးမားသော ဖိအားကို ခံနိုင်ရည်ရှိနေပြီ ဖြစ်သည်။ နတ်ပုတီးစေ့၏ အသက်စွမ်းအင် တက်ကြွမှု အောက်တွင် သူတို့၏ ခွန်အားသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

ယခုအခါ ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ရှေးဟောင်း လျှပ်စီးမြို့တော်သို့ ရောက်လာတာနဲ့ ဘာအတွေ့အကြုံမှ မယူရသေးဘဲ မိုးကြိုးအတိဒုက္ခကို ဖြတ်ကျော်ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြပေ။

"ကောင်းပြီ... မိုးကြိုး အတိဒုက္ခကနေ လွတ်မြောက်ဖို့ နေရာရှာရအောင်!"

လုရွှမ်က ပြောလိုက်သည်။ အောင့်ယွဲ့ဟာ ဒေသခံ မြွေတစ်ကောင်ဖြစ်ပြီး လူတိုင်းကို တခြားလူတွေ လက်လှမ်းမမီနိုင်တဲ့ နေရာကို အမြန်ပို့ဆောင်ပြီး မိုးကြိုး အတိဒုက္ခကနေ လွတ်မြောက်စေခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း လူငယ်ငါးဦး၏ ခွန်အားသည် အလွန်တိုးမြင့်လာပြီး နတ်မီးနယ်ပယ်က အကြီးအကဲများ၏ ဖိအားကိုပင် ခံနိုင်ရည် ရှိလာကြပေသည်။

ရယ်မောသံများကြားတွင် လူငယ်ငါးဦး မိုးကြိုးအတိဒုက္ခမှ လွတ်မြောက်ခဲ့ပြီး ၎င်းတို့တစ်ဦးစီသည်လည်း ပိုမိုအားကောင်းလာခဲ့သည်။

ရှေးဟောင်းလျှပ်စီး မြို့တော် အပြင်ဘက်က မိုးခြိမ်းသံကို တစ်စုံတစ်ယောက်က သတိပြုမိသည်။ ဒီလောက် သပ်သပ်ရပ်ရပ်နဲ့ မြန်မြန်ဆန်ဆန် ပြီးသွားတာမျိုး တစ်ခါမှမမြင်ဖူးချေ။ ပိုထိတ်လန့်စရာ ကောင်းတာက ရုတ်တရက် စတင်ပြီး ရုတ်ချည်း အဆုံးသတ်သွားတာက သိပ်နားမလည် နိုင်လောက်အောင် ထူးဆန်းလှသည်။

လူတချို့၏ သံသယများကြားတွင် လူငယ်ငါးဦး မြို့ထဲသို့ ဝင်ရောက်လာကြသည်။

သူတို့ ဝင်လာသောအခါ လုရွှမ်သည် သူ့စိတ်ကို အမှန်တကယ် နှိုးဆွပေးနိုင်သည့် နားမလည်နိုင်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ သူ မနေနိုင်ဘဲ အောင့်ယွဲ့ စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်တော့ တခြားလူတွေလည်း ခံစားလိုက်ရတာကို မြင်လိုက်ရသည်။

"ဒါက မန်ဟွမ်နတ်ဘုရားမျှော်စင်ပဲ!"

အောင့်ယွဲ့က တိုးတိုးပြောပြီး လူတိုင်းလည်း တိတ်တိတ်လေး ခေါင်းညိတ်လိုက်ကြသည်။

ရှေးဟောင်း လျှပ်စီးမြို့တော်ကို စောင့်ကြပ်နေတဲ့ အရာက မန်ဟွမ်နတ်ဘုရား မျှော်စင် ဖြစ်နေမယ်လို့ တကယ်ကို မထင်ထားခဲ့ပေ။ ဒီမြို့ဟာ အလွန်အမင်း ထူးခြားနေတာ အံ့သြစရာ မရှိ​တော့ပါဘူး။ ဒီလို သြဇာအာဏာ ရရှိလာတာက မန်ဟွမ်နတ်ဘုရား မျှော်စင်ကြောင့်ပဲ။

တန်ခိုးကြီးသော စွမ်းအားတစ်ခု သူ့အပေါ်သို့ ရောက်လာသည်။ လုရွှမ်သည် ရွှေဒြပ်စင် နတ်ပုတီးစေ့ရဲ့ စွမ်းအားကို ခံစားလိုက်ရသော်လည်း သူ့ခန္ဓာကိုယ်ထဲက နိယာမများကို ဖိနှိပ်ပစ်လိုက်တာကို ခံစားလိုက်ရပြီး သူ မပျံသန်းနိုင်တော့ကြောင်း နားလည်လိုက်သည်။

လေပြင်းနိယာမနဲ့ ရွေ့လျားလိုသော်ငြား ပျော့ပျောင်းသော တွန်းအားတစ်ခု သူ့ခြေဖဝါးအောက်မှ တက်လာသော်လည်း ခန္ဓာကိုယ်ကို တစ်ပေခန့်သာ ဆန့်ထုတ်နိုင်ခဲ့သည်။

မန်ဟွမ်နတ်ဘုရား မျှော်စင်လို့ကို မပြောရဘူး!

ကျားဖြူလေးဟာ ထွက်လာပြီး အချိန်အတော်ကြာအောင် လုရွှမ်ကို အော်ခေါ်နေခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့လေးယောက်ကတော့ အရမ်းသဘောကျကြသည်။ မြေခွေးငယ်လေးနဲ့ အမြဲ ရန်ဖြစ်နေပေမယ့် လူတိုင်းရဲ့အမြင်မှာတော့ အရမ်းချစ်စရာ ကောင်းတယ်လို့ ခံစားနေရ၏။

ဒြပ်စင်ငါးပါးကို ပိုင်ဆိုင်ပြီး ဖျက်စီးခြင်းနွယ်ပင်ကို သတ်ပစ်လိုက်ပြီးနောက် ၎င်းတို့ငါးဦးသည် ရှေးဟောင်း လျှပ်စီးမြို့တော်တွင်ပင် မိမိကိုယ်ကို ကာကွယ်နိုင်ကြောင်း ဂုဏ်ယူသည့် ယုံကြည်မှုများနှင့် ပြည့်နှက်လာရာ သဘာဝကျကျ ကြောက်ရွံ့စိုးရိမ်မှု မရှိတော့ချေ။

"အောင့်ယွဲ့ မင်းအရင် ပြန်သွားသင့်တယ်... မင်းမိဘတွေကို စိတ်ပူနေတာ ငါသိပါတယ်... ငါတို့ဒီကိုလာတာ ပထမဆုံးအကြိမ် ဆိုတော့ ပတ်ဝန်းကျင်ကို လျှောက်ကြည့်လိုက်ဦးမယ်... ဘာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်ရင် ငါတို့ကို အချိန်မရွေး ဆက်သွယ်လိုက်..."

လုရွှမ် ဟိုးအရင်ကတည်းက အောင့်ယွဲ့ရဲ့ အိမ်ပြန်တဲ့နှလုံးသားကို မြင်လိုက်ရတာကြောင့် သူ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်သည်။ အောင့်ယွဲ့လည်း မငြင်းဘဲ လက်ကိုဝှေ့ယမ်းကာ သူမအိမ်ဆီသို့ ပြေးသွားခဲ့သည်။

ကျင်းဟုန်က အောင်ရှင်းကိုခေါ်၍ သူမအမေကို သွားရှာရန် ထွက်သွားခဲ့သည်။ သူမသည် ထိုနေရာတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို သူ့အမေထံ သတင်းပို့လိုပြီး သူ့အဖေရဲ့ပြာကို ကိုယ်စားပြုသည့် လက်တစ်ဆုပ်စာ ပြာများကို ပူဇော်ကာ သူမအမေကို စိတ်ချမ်းသာစေလိုသည်။

တစ်ဖက်မှာတော့ သားသတ်သမားသည် ရှေးဟောင်း လျှပ်စီးမြို့တော်နှင့် အလွန်ရင်းနှီးနေပြီ ဖြစ်သောကြောင့် သူက လုရွှမ်နဲ့အတူ ရှေးဟောင်း လျှပ်စီးမြို့တော်ကို လိုက်ပြဖို့ လမ်းပြအဖြစ် လျှောက်ထွက်ခဲ့သည်။

လမ်းတစ်လျှောက်မှာ ရွှမ်ခုန်းတောင်မှာ နှုတ်ဆက်ပြီးနောက် ဖြစ်ပျက်ခဲ့တာတွေကို ပြောပြကြသည်။ စိတ်ပျက်စရာ အကြောင်းတွေ ပြောကြတဲ့အခါ အတူတူ သက်ပြင်းချကြပြီး စိတ်လှုပ်ရှားမှုအကြောင်း ပြောတဲ့အခါ အတူတူ ရယ်မောခဲ့ကြသည်။

အနယ်နယ် အရပ်ရပ်မှ ကျွမ်းကျင်သူများလည်း ရောက်ရှိလာတာကြောင့် ယခုအခါ ရှေးဟောင်း လျှပ်စီးမြို့တော်၏ လေထုသည် တစ်ချိန်ကထက် အလွန်တင်းမာခဲ့သည်။ လမ်းမပေါ်တွင် လမ်းလျှောက်နေသူများပင် တစ်စုံတစ်ဦးကို မတော်တဆ ဝင်တိုက်မိမည်ကို စိုးရိမ်၍ သတိကြီးစွာဖြင့် လျှောက်နေကြသည်။ လုရွှမ်နဲ့ ထူဖူးတို့ရဲ့ လွတ်လပ်ပြီး ရိုးရှင်းသော အသွင်အပြင်က လူအများရဲ့ အာရုံကို စွဲဆောင်သွားနိုင်ခဲ့သည်။

သူတို့နှစ်ယောက်ဟာ လမ်းလျှောက်လာရင်း စာကြည့်တိုက်ဘက်ကို ရောက်လာခဲ့ရာ သားသတ်သမားက ရုတ်တရက် ပြုံးပြီး ပြောလေ၏။

"လုရွှမ်.... ရှေးဟောင်း လျှပ်စီးမြို့တော်ကို ရှေးဟောင်း လျှပ်စီးကမ္ဘာရဲ့ နံပါတ်တစ်မြို့လို့ လူသိများတယ်...အဲဒါက သူ့ရဲ့ ခွန်အားကြောင့်တင် မကဘူး... အကြောင်း အမျိုးမျိုးကြောင့်လည်း ပါတယ်... အကြောင်းတစ်ခုက်ု မင်းတွေးနေသရွေ့ ရှာတွေ့နိုင်တယ်"

သူက ဆန့်ကျင်ဘက် စာကြည့်တိုက်ကို လက်ညှိုးထိုးပြပြီး

“အဲဒီ စာကြည့်တိုက်က အချက်အလက် မျိုးစုံကို မှတ်တမ်းတင်တာ... အဓိက အဖြစ်အပျက်တွေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်ကျော်က ဖြစ်ပျက်ခဲ့တာတွေအထိ မှတ်တမ်းတွေ ရှိတော့ လူတော်တော်များများက စာကြည့်တိုက်ကို ဝင်ချင်ကြတယ်.... အထူးသဖြင့် ဒီကောင်းကင်ဘုံလို ကမ္ဘာစာကြည့်တိုက်ကို ကြိုက်ကြတယ်လေ... စာကြည့်တိုက်ထဲမှာ လူတချို့က အံ့သြစရာကောင်းတဲ့ အရာတစ်ခုကို ခဏခဏ တွေ့နေရတတ်တယ်”

"အံ့ဩစရာကောင်းတဲ့ အရာတစ်ခုလား?"

လုရွှမ် ရုတ်တရက် စိတ်ဝင်စားလာသည်။

ရှေးဟောင်းလျှပ်စီးကမ္ဘာကို ရောက်လာသောအခါ လုရွှမ်သည် ယခင်က သူသင်ယူခဲ့သည့် အရာများစွာဟာ ချို့တဲ့နေကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် တခြားသူများ၏ သိုလှောင်လက်စွပ်များကို လုယူနေရခြင်း ဖြစ်သည်။ သူလိုချင်တာက ပစ္စည်းတချို့တင်မကဘဲ အတွင်းက လျှို့ဝှက်ချက်များနှင့် အသိပညာများလည်း ပါဝင်သည်။

ယင်းသည် ဝိညာဉ်ရေး အလေ့အကျင့်အတွက် အမှန်တကယ် အကျိုးရှိ​လေသည်။

ဒီမြို့ဘက်ကို ထွက်လာသည့် ကာလအတွင်း ဆရာကြီးထန်းကျီး၏ လက်စွပ်ထဲတွင် ပါရှိသော ကောင်းကင်အခွင့်အလမ်း ဂိုဏ်းနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များကို လေ့လာရန် အချိန်ယူခဲ့သည်။ ထို့နောက် အသိဉာဏ်ပညာက အလွန်တိုးပွားလာကာ တစ်ချိန်က သူ မသိခဲ့သော အရာများစွာကို ယခုအခါ ရှင်းရှင်းလင်းလင်း သဘောပေါက်ပြီး အချိန်အတော်ကြာအောင် ဒုက္ခပေးခဲ့သော ပြဿနာများစွာသည်လည်း ရုတ်တရက် ပြေလည်သွားခဲ့သည်။

သားသတ်သမားက မပြောပြခဲ့ရင်တောင် လုရွှမ်ကတော့ အတတ်နိုင်ဆုံး သင်ယူဖို့ အချိန်ရှာနေဦးမှာပင်။

ဒါတွေအားလုံးဟာ ကျင့်ကြံမှုရဲ့ အခြေခံအုတ်မြစ်တွေထဲ ပါဝင်လေသည်။ အနာဂတ် အောင်မြင်မှုတွေ ဘယ်လောက် မြင့်မားလာမယ် ဆိုတာက ကိုယ့်ရဲ့တိုက်ခိုက်ရေး စွမ်းရည် ဘယ်လောက် ပြင်းထန်သလဲ ဒါမှမဟုတ် ဉာဏ်စွမ်းရည် ဘယ်လောက် မြင့်မားသလဲဆိုတဲ့ အပေါ်မှာ မူတည်တာ မဟုတ်ဘဲ နယ်ပယ်​တွေ အကြောင်း နားလည်မှုပေါ်မှာလည်း မူတည်ပါသေးသည်။ ဤစာအုပ်များထဲ မှတ်တမ်းတင်ထားသည့် အရာများသည် အနာဂတ် ကျင်ကြံမှုလမ်းကြောင်း တိုးတက်မှုအတွက် အခြေခံများ ဖြစ်သည်။

ထူဖူးနှင့်အတူ စာကြည့်တိုက်ထဲသို့ လှမ်းဝင်လိုက်ရာ လန်းဆန်းသော လေထုကို ပထမဆုံး ရှူရှိုက်မိလိုက်သည်။ ဝိညာဥ်လေထုက စိတ်ကို အေးချမ်းစေသလို ယခင်က တိုက်ပွဲ အကျိုးသက်ရောက်မှုကို ရုတ်ခြည်း သက်သာစေသည်။

လုရွှမ် တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး ဒီစာကြည့်တိုက်ရဲ့ နောက်ကွယ်မှာ ကျွမ်းကျင်ပညာရှင် တစ်ယောက် ရှိရမယ်လို့ တွေးလိုက်သည်။

ဧည့်ကြိုနေရာ ရောက်တော့ စားပွဲ အကြီးကြီးမှာ မိန်းကလေးတစ်ယောက်ပဲ ရှိကာ သူမအစွမ်းက သူတော်စင်တစ်ပိုင်းပဲ ရှိလေသည်။ အနည်းဆုံးတော့ သူတော်စင်တွေ၊ မဟာသူတော်စင်တွေနဲ့ ကောင်းကင်ဘုံသခင်လို ဖောက်သည်တွေကြားမှာ မိန်းကလေးရဲ့ ကျင့်ကြံမှုက တကယ်ကို နိမ့်လွန်း၏။

သို့သော် အကြည့် အနည်းငယ် အကြာတွင် လုရွှမ်သည် ထိုလူများဟာ ကလေးမလေးအပေါ် အလွန်ယဉ်ကျေး​နေကြောင်း တွေ့လိုက်ရသည်။

တချို့ ကောင်းကင်ဘုံသခင်များပင် ပါဝင်လေ၏။ ကလေးမလေးအား ရံဖန်ရံခါ မေးခွန်းအနည်းငယ် မေးကြပြီး သူမက မဆိုင်းမတွ တစ်လုံးပြီးတစ်လုံး ဖြေကြားသည်။

"ဟားဟား...မအံ့သြပါနဲ့ အဲဒါ စာအုပ်ဝိညာဉ်လေ"

ထူဖူးက လုရွှမ်ရဲ့ အံ့သြသွားမှုကို မြင်သောအခါ ရယ်မောရင်း ဆိုလိုက်သည်။

"စာအုပ်ဝိညာဉ်?"

လုရွှမ် အံ့အားသင့်စွာ အော်လိုက်မိသည်။ အဲဒီလို သတ္တဝါမျိုးကို သူ တစ်ခါမျှ မကြားဖူးပေ။

All Chapters