← Chapters

မထိုက်တန်သူ

Vol. 008 Ch. 748

မထိုက်တန်သူ

Vol. 008 Ch. 748

“ဆရာ…” ရန်ရှောင်က ဦးညွှတ်ကာ သူ့ရှေ့မှ ထိုင်နေသော လူအား ဦးညွှတ်သည်။ ထိုနေရာတွင် နေရာတိုင်းမှ အလင်းတန်းများ ပျံ့နှံ့နေကာ ထူးခြားသော အငွေ့အသက်များအား ခံစားရသည်။

“ဘာလို့ နှစ်ယောက် ဖြစ်နေရတာလဲ…” ထိုလူက ဩဇာပါသော အသံဖြင့် ပြောသည်။ သူက မျက်လုံးကိုဖွင့်ကာ ရီဖူရှင်းနှင့် လျူကျောင်းအား ကြည့်သည်။ သူတို့နှစ်ယောက်လုံးက သူတို့ထံကို ဆင်းသက်လာသော ဖိအားများအား ခံစားရသည်။

“ဆရာ... သူတို့နှစ်ယောက်လုံးက နတ်နဂါး စစ်တုရင် ကစားကွက်ကို အောင်မြင်ခဲ့ကြပါတယ်… ဒါကြောင့် သူတို့ကို ဆရာ့ဆီ ခေါ်လာခဲ့ပါတယ်…” ရန်ရှောင်က ရှင်းပြသည်။

“ကျွန်တော့်နာမည်က လျူကျောင်းပါ… စီနီယာနဲ့ သိခွင့်ရတာ ဝမ်းသာပါတယ်…” လျူကျောင်းက ဦးညွှတ်ကာ ပြောသည်။

“ကျွန်တော့်နာမည် ရီဖူရှင်းပါ… စီနီယာနဲ့ သိခွင့်ရတာ ဝမ်းသာပါတယ်…” ရီဖူရှင်းကလည်း လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြောသည်။

“ရှီဟွာတောင်က လျူကျောင်း…” ထိုလူကြီးက လျူကျောင်းကို ကြည့်ကာ မေးသည်။ သူက ရှန့်ထိုအဆင့်တွင်ရှိကာ ဂျူနီယာများနှင့် ပတ်သက်၍​ သိပ်မသိသော်လည်း သူက လျူကျောင်းနှင့် ပတ်သက်၍ ကြားဖူးပေသည်။ လျူကျောင်းကား ရှီဟွာတောင်၏ ဂုဏ်ယူရသော သားတော်တစ်ပါး ဖြစ်ကာ အနာဂတ်တွင် ရှန့်ထိုဖြစ်ရန် သေချာသော သူလည်းဖြစ်သည်။ သူကား ရှန့်ထိုများ၏ ပြုစုပျိုးထောင်ခြင်းကို ခံရကာ အရှေ့ဘက် ပြည်နယ် တစ်ခုလုံးတွင် နာမည် ကျော်ကြားပေသည်။

“အမှန်ပဲ…” လျူကျောင်းက ခေါင်းညိတ်သည်။

“မင်းကရော… ဘယ်ကလာတာလဲ…” စစ်တုရင်ရှန့်ထိုက ရီဖူရှင်းအား မေးသည်။

“ကျွန်တော်က မြေရိုင်း ပြည်နယ်တော်ဝင် မြေဖြစ်တဲ့ တော်ဝင်ကျဲ နန်းတော်ကပါ…” ရီဖူရှင်းက ဖြေသည်။

“မြေရိုင်းပြည်နယ်…” စစ်တုရင်ရှန့်ထိုက ရေရွတ်လိုက်သည်။

“ဆရာ… မြေရိုင်းပြည်နယ်မှာ လွန်ခဲ့တဲ့ တစ်နှစ်က ခေါင်းဆောင် အပြောင်းအလဲ ဖြစ်ပါတယ်… ရီဖူရှင်းက နိုဘယ်အဆင့်နဲ့ နန်းတော်သခင် နေရာကို ယူခဲ့ပါတယ်… သူက ခြွင်းချက်မရှိ ပါရမီမြင့်ပြီးတော့ နတ်နဂါး ကစားကွက်ကို ဖြိုဖျက်ရာမှာလည်း တစ်ယောက်တည်းနဲ့ ကစားဟန်ကိုးမျိုးကို တည်ပြီးတော့ ရင်ဆိုင် တိုက်ခိုက် အနိုင်ယူခဲ့ပါတယ်… ” ရန်ရှောင်က ရှင်းပြသည်။

စစ်တုရင်ရှန့်ထိုက ရန်ရှောင်အား ကြည့်သည်။ ကြည့်ရသည်မှာ နံပါတ်၁ တပည့်က ရီဖူရှင်းအား အလွန်အထင်ကြီး လေးစားဟန်ရသည်။ ဆိုလိုသည်က ထိုလူငယ်က အမှန်ပင် ကောင်းမွန်သော အရည်အချင်း များအား ပြသခဲ့ဟန်ရ၏။

“တော်ဝင်ကျဲနန်းတော်ကို နိုဘယ်အဆင့်နဲ့ ဆက်ခံနိုင်တယ် ဆိုတော့ မင်းက အရမ်းကို ပါရမီမြင့်မယ်လို့ ယူဆတယ်… ဘယ်လိုဖြစ်လို့ အရှေ့ဘက်ပြည်နယ် စစ်တုရင်ကျေးရွာကို ရောက်လာရတာလဲ…” စစ်တုရင်ရှန့်ထိုက မေးသည်။

“မြေရိုင်းပြည်နယ်က ရှန့်ထိုတစ်ပါး မမွေးဖွားနိုင်ခဲ့တာ ကြာလို့ အားနည်းတဲ့ ပြည်နယ်အဖြစ် ရပ်တည်ခဲ့တာ ကြာပါပြီ… မြေရိုင်းပြည်နယ်ရဲ့ နန်းတော်သခင် အဖြစ် တင်မြှောက်ခံရပြီး နောက်မှာ ကျွန်တော်က မြေရိုင်းပြည်နယ် အပြင်ဘက်ကို အတွေ့အကြုံရှာပြီး မြေရိုင်းပြည်နယ်ကို တိုးတက်အောင် လုပ်ဖို့ တာဝန်တွေ ထမ်းပိုးထားရပါတယ်…” ရီဖူရှင်းက ရှန့်ထိုတစ်ပါးနှင့် ပြောဆို နေရသည့်တိုင် တည်ငြိမ်စွာ ပြောသည်။

စစ်တုရင်ရှန့်ထိုက ခေါင်းညိတ်ကာ ပြောသည်… “မင်းရဲ့ လုပ်ငန်းတာဝန်တွေက ကြီးမားပြီးတော့ လေးလံလှတယ်.. ခရီးလမ်းကလည်း အရှည်ကြီးပဲ… တကယ်လို့ မင်းသာ ဆန္ဒရှိရင် စစ်တုရင်ကျေးရွာမှာ နေပြီး လေ့ကျင့်နိုင်တယ်… စစ်တုရင် ကျေးရွာမှာ ငါချန်ထားခဲ့တဲ့ အမွေအနှစ်တွေ အများကြီးရှိတယ်… မင်းက တန်ခိုးကျင့်ရာမှာ ကြိုက်သလို အသုံးချလို့ရတယ်…”

ရီဖူရှင်းက ထိတ်လန့်သွားကာ စစ်တုရင်ရှန့်ထိုကို ကြည့်သည်။ သူက စစ်တုရင်ရှန့်ထိုက ဘာကိုဆိုလိုသည်ကို နားလည်သည်။

စစ်တုရင်ရှန့်ထိုက သူ့အား စစ်တုရင်ကျေးရွာတွင် သူ၏ဆယ်ယောက်မြောက် တပည့်အဖြစ် လက်ခံရန် ဆန္ဒရှိသည်။ သည်အခွင့်အရေးကား အမှန်ပင် ကောင်းမွန်လှပေသည်။

“ကျေးဇူးတင်ပါတယ် စီနီယာ… ဒါပေမဲ့ ကျွန်တော်က တော်ဝင်ကျဲနန်းတော်ရဲ့ သခင်ဖြစ်လို့ ဒီမှာ တပည့်တစ်ယောက်အဖြစ် လေ့ကျင့်ရမှာ မသင့်တော်ပါဘူး… စီနီယာက နားလည် စေချင်ပါတယ်… ”

“ဒါ အဆင်ပြေတယ်…” စစ်တုရင်ရှန့်ထိုက ခေါင်းညိတ်သည်… “ငါတို့ကို ခဏလောက် ခွင့်ပြုပါဦး… ”

“အမှန်ပါပဲ.. စီနိယာ…” ရီဖူရှင်းက ခေါင်းညိတ်ကာ နောက်ဆုတ်ပြီး ထိုနေရာမှ ထွက်ခွာလာသည်။

ရီဖူရှင်းက တရွေ့ရွေ့ ပျောက်ကွယ်သွားသော ရီဖူရှင်း၏ပုံရိပ်အား ကြည့်ကာ သက်ပြင်းချသည်။ သည်လူငယ်လေးအား သူက ဤမျှသာ ကူညီနိုင်၏။

သို့သော်လည်း သည်အဆုံးသတ်ကို ရန်ရှောင်က မျှော်လင့်ထားပြီး ဖြစ်သည်။ လျူကျောင်းကား ရှီဟွာတောင် ရှန့်ထိုသုံးပါးကိုယ်တိုင် လက်ထပ် သင်ပေးရသူဖြစ်သည်။ ရှီဟွာတောင်တွင် သူ၏အဆင့်အတန်းကား အရှေ့ဘက် ပြည်နယ်တစ်ခုလုံး မည်သူမှ မရရှိသော အဆင့်အတန်းမျိုး ဖြစ်သည်။ ပါရမီအပြင် လျူကျောင်း၏ အဆက်အသွယ်နှင့် အထောက်အပံ့များက ရီဖူရှင်း မည်သို့မှ ယှဉ်သာစရာ မရှိပေ။

ရီဖူရှင်းကား အလွန်အမင်း ပါရမီမြင့်ကာ မြေရိုင်းပြည်နယ် တော်ဝင်မြေ၏ ခေါင်းဆောင် ဖြစ်သည့်တိုင် မည်သူမဆို လျူကျောင်းကိုသာ ရွေးချယ် ကြမည်ဖြစ်သည်။

လျူကျောင်းကား ထိုဖြစ်စဉ် တစ်လျှောက်လုံးတွင် တည်ငြိမ်သည်။ သူ့အတွက် သည်ဆုံးဖြတ်ချက်က အံ့အားသင့်စရာ မဟုတ်ပေ။ ရီဖူရှင်း၏ပါရမီကို လျူကျောင်းကလည်း လေးစားသော်လည်း ထိုအရာက ဘာကိုမှ မပြောင်းလဲနိုင်ပေ။

ရီဖူရှင်းက စစ်တုရင် ကျေးရွာ၏ အထွတ်အထိပ် နယ်မြေမှ ဆင်းလာကာ ကောင်းကင်အား မော့ကြည့်ပြီး သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ သည်ခရီးတွင် သူက သိပ်မမျှော်လင့် ထားသော်လည်း ဤမျှ ကြိုးစားပြီး လက်ဗလာဖြင့် ပြန်ရခြင်းအပေါ် စိတ်မပျက်ဟု ပြောပါက လိမ်ရာကျပေမည်။ သို့သော်လည်း သူ၏စိတ်ပျက်ခြင်းက စစ်တုရင်ရှန့်ထို၏ ရတနာကို ရခြင်းမရခြင်းနှင့် မဆိုင်ပေ။

သူက မြေရိုင်းပြည်နယ်၏ ခေါင်းဆောင်တစ်ယောက် အနေဖြင့် စစ်တုရန်ရှန့်ထို၏ မျက်လုံးထဲတွင် လျူကျောင်းနှင့် ယှဉ်ပါက လုံလောက်ခြင်း မရှိပေ။ စစ်တုရင်ရှန့်ထို ပြောသလိုပင် သူ့အတွက် အခက်အခဲ အတားအဆီးများက ကြီးမားကာ ခရီးလမ်းက ကြမ်းတမ်း ရှည်လျားပေသည်။

ရီဖူရှင်းက သူ၏စိတ်အခြေအနေကို ကောင်းကောင်း ပြင်ဆင်ပြီးနောက် လှေကားအတိုင်း ဆင်းလာခဲ့သည်။ သူက အကောင်းဆုံး ကြိုးစားခဲ့သော်လည်း လက်ဗလာဖြင့် ပြန်လာခဲ့ရသည်။ သို့သော်လည်း သူတွေ့ခဲ့သောသူက အမှန်ပင် စစ်တုရင်ရှန့်ထို၏ ရုပ်ခန္ဓာ အစစ်အမှန် မဟုတ်ကြောင်း သတိထားမိခဲ့သည်။ စစ်တုရင်ကျေးရွာက လျှို့ဝှက်ချက်တစ်ခု ရှိပေသည်။

ရီဖူရှင်း ဆင်းလာသည်ကို အားလုံးက မြင်သည်။ ကျောက်စီရီက မဲ့ပြုံးပြုံးသည်။ အရာအားလုံးက သူတို့ တွေးထင်သည့်အတိုင်း ဖြစ်လာသည်။

ဝမ်ရှင်းနှင့် တခြားလူများ အားလုံးက တိတ်တခိုး သက်ပြင်းချကြသည်။ သူက အရာအားလုံးကို ပေးဆပ်ခဲ့သော်လည်း လုံလောက်ခြင်း မရှိခဲ့ပေ။ ထိုအရာကပင် စစ်မှန်ခြင်း တရားဖြစ်ကာ ရက်စက်သည့် အမှန်တရားလည်း ဖြစ်သည်။

ရီဖူရှင်းက လှေကားထစ်အတိုင်း ဆင်းလာကာ ဝမ်ရှင်းနှင့် တခြားလူများကို ကြည့်သည်။

တခြားလူများကလည်း အခြေအနေကို နားလည်ကြသည်။ ဟွာဂျီယူက ရှေ့ကို တက်သွားကာ ရီဖူရှင်း၏လက်ကို ဆွဲကိုင်သည်။ သူမကလည်း စိတ်ပျက်ရသည်။ သူမက ရီဖူရှင်း လုပ်ဆောင်ခဲ့သည် များအား အသိဆုံးဖြစ်သည်။ သူ၏ ကြိုးစားအားထုတ်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ အားလုံးက သည်ကာလ တစ်လျှောက်လုံး အမြင့်ဆုံးတွင် ရှိနေခဲ့သည်။ သို့သော်လည်း အရှေ့ဘက် ပြည်နယ်ရှန့်ထို၏ မျက်လုံးထဲတွင် ရီဖူရှင်းကား ရှန့်ထိုများကိုယ်တိုင် သင်ကြားပေးခြင်း ခံရသူနှင့် မယှဉ်သာပေ။

“နင် ဘယ်လောက်တော်လဲ သူတို့ သိလာလိမ့်မယ်…” ဟွာဂျီယူက တီးတိုးပြောသည်။ သူ့အား နှိပ်သိမ့်ရန် ဘာပြောရမည်ကို သူမ မသိပေ။ သို့သော်လည်း မကြာခင် ရီဖူရှင်းကား ပြည်နယ်ကိုးခုတွင် အထွန်းတောက်ဆုံး အလင်းရောင် ဖြစ်လာလိမ့်မည်။ သူမက ကျော်ကြားမှုအတွက် ဆန္ဒနှင့် အလိုလောဘ မရှိသော်လည်း သူ့အား ဤသို့ စိတ်ဓာတ် ကျသည့်ပုံစံ မမြင်တွေ့လိုပေ။

“သူတို့သိတော့ရော ဘာလုပ်ရမှာလဲ…” ရီဖူရှင်းက ဟွာဂျီယူ၏ ဆံပင်များအား ဖွကာ ပြောသည်… “အရူးမလေး…”

“အစ်ကိုရီ…” ကျင့်ကုန်းစီက ရီဖူရှင်းထံကို လျှောက်လာကာ မေးသည်… “ဒါဆို ဆရာက လျူကျောင်းကို ရွေးလိုက်တာပေါ့… ”

“ခင်ဗျား ဆရာရဲ့ ရွေးချယ်မှုက ဖြစ်သင့်ပါတယ်…” ရီဖူရှင်းက ပြုံးလျက်ပြောသည်… “ဒီအတောအတွင်း ငါတို့ကို ဂရုစိုက်ပေးလို့ ကျေးဇူးပါပဲ…”

ကျင့်ကုန်းစီကား ဆွံ့အရသည်။ စစ်တုရင်ကျေးရွာမှ လူများအားလုံးက ရီဖူရှင်း မည်မျှ ကောင်းမွန်စွာ ကစားခဲ့သည်ကို မြင်ကြရသည်။ ရီဖူရှင်း၏ စစ်တုရင်ပညာကား လျူကျောင်းနဲ့ တန်းတူရှိပေသည်။ အမှန်အားဖြင့် ကျင့်ကုန်းစီ၏ မျက်လုံးထဲတွင် ရီဖူရှင်းကပင် ပိုမို သာလွန်ပေသည်။ သို့သော်လည်း သူ့ဆရာက လျူကျောင်းကို ရွေးချယ်ခြင်းမှာ ပုံမှန်သာ ဖြစ်သည်ဟု ယူဆ၏။

“စိတ်မကောင်းပါဘူး…” ကျင့်ကုန်းစီကလည်း သိပ်မျက်နှာ မကောင်းပေ… “ခင်ဗျားက တကယ်ပဲ ကောင်းကောင်း လုပ်ခဲ့တယ်…”

“ဘာကို စိတ်မကောင်း ဖြစ်နေတာလဲ…” ရီဖူရှင်းက ပြုံးလျက်ပြောသည်… “မင်းကိုယ်တိုင်လည်း ကောင်းတာပဲ… စစ်တုရင်ရှန့်ထိုရဲ့ တပည့်တွေ အကုန်လုံးက ထူးခြား ထက်မြက်ကြတယ်…”

“အစ်ကိုရီ… ခင်ဗျားက အမြန်မလိုရင် ဒီမှာ နည်းနည်း ကြာကြာနေပါဦး.. ဒီနေ့မှာ ယွီကျင့်အိမ်တော်ထဲ ဧည့်ခံပွဲတစ်ခု လုပ်လိမ့်မယ်.. ကျုပ်က ခင်ဗျားနဲ့ သိကျွမ်းခွင့် ရတဲ့အတွက် ဂုဏ်ယူစွာနဲ့ အတူသောက်ချင်တယ်…” ကျင့်ကုန်းစီက ပြောသည်။

ရီဖူရှင်းက ကျင့်ကုန်းစီအား ကြည့်သည်။ ကိစ္စရပ်များ ပြီးဆုံးပြီးနောက် သူက မကြာခင် ထွက်သွားတော့မည်ဟု တွေးထားခဲ့သည်။ သူက သည်နေရာတွင် စစ်တုရင်ပညာကို ကောင်းကောင်း လေ့လာ သင်ကြားခဲ့ရကာ ခရီးက အကျိုး များခဲ့ပေသည်။ သူက စစ်တုရင်ရှန့်ထို၏ ရတနာကို ပိုင်ဆိုင်ခွင့်မရခြင်းက သူနှင့် စစ်တုရင် ရှန့်ထိုတို့အကြား ရေစက်မရှိဟုသာ သတ်မှတ် ရပေတော့မည်။ ထို့ကြောင့် သူက သည်နေရာတွင် ဆက်နေရန် အကြောင်းပြချက် မရှိတော့ဘဲ ပြန်ရန် ဖြစ်လာသည်။ သို့သော်လည်း ကျင့်ကုန်းစီကား အမှန်ပင် လူကောင်းဖြစ်ကာ သူ့ကို ကောင်းမွန်စွာ ကူညီဧည့်ခံခဲ့သည်။ ထို့ကြောင့် သူက ဤသို့ ဖိတ်ခေါ်လာသောအခါ မငြင်းဆန်နိုင်တော့ပေ။ ရီဖူရှင်းက ပြောသည်… “ကောင်းပြီ…”

“ကောင်းပြီ…” ကျင့်ကုန်းစီက ခေါင်းညိတ်သည်… “ဒါဆို မင်းက သူတို့ ထွက်လာတာကို ငါနဲ့အတူ ဒီမှာ စောင့်နေမှာလား…” ကျင့်ကုန်းစီက မေးသည်။

“ယွီကျင့်အိမ်တော်ကို ငါအရင် ပြန်နှင့်လိုက်မယ်… မင်းကတော့ မင်းအစ်ကိုတွေကို ဒီမှာပဲ စောင့်နေလိုက်လေ…” ရီဖူရှင်းက ပြောသည်။

“ရတယ်… ငါကလည်း ဒီမှာ ဘာမှ လုပ်စရာ မရှိဘူးဆိုတော့ အတူတူပြန်ရအောင်…” ကျင့်ကုန်းစီက ထူးမခြားနားစွာ ပြောသည်… “အစ်မ၃.. ကျွန်တော်တို့ ပြန်ပြီ…”

“အင်း…” နံပါတ်၃တပည့်က ပြုံးလျက် ပြောသည်။ သူမနှင့် နံပါတ်၁တပည့် ရန်ရှောင်တို့က ကျင့်ကုန်းစီကို လွန်စွာ ချစ်ခင်ကြပေသည်။ မည်သို့ဆိုစေ သူကလည်း အငယ်ဆုံး မဟုတ်ပါလား။

***

All Chapters