← Chapters

ထျန်းမျိုးနွယ်စု

Vol. 65 Ch. 485.4

ထျန်းမျိုးနွယ်စု

Vol. 65 Ch. 485.4

အဝေးကြီးမှ အသံတစ်သံ ထွက်လာ၏။ လေထဲမှ လမ်းလျှောက်လာနေတဲ့ ထိုလူဟာ မြေပြင်ထက် ခြေတစ်လှမ်းအကွာအထိ ရောက်လာခဲ့သည်။ ရှေးဟောင်း လျှပ်စီးမြို့တော်မှာ ပျံသန်းလို့ မရပေမယ့် လေထဲမှာ မျောလွင့်နိုင်တာ အတော်လေးတော့ အထင်ကြီးစရာ ကောင်းလှသည်။

စကားလာပြောသူမှာ အလွန်ချောမောသော ယောက်ျားပျို တစ်ယောက်ဖြစ်သည်။ မျက်ခုံးအရိုးက အနည်းငယ် ပိုမြင့်ပြီး မျက်ခုံးမွှေးက ပိုထူသောကြောင့် မျက်လုံးကို အနည်းငယ် အရိပ်ထင်စေသည်။

သူသည် လုရွှမ်နဲ့ သူ့အဖွဲ့ကို ငုံ့ကြည့်ကာ မထီမဲ့မြင် အရိပ်အမြွက်များကို ပြသလာလေသည်။

နောက်ဆုံးတော့ ထိုလူ၏ ခွန်အားသည် သူတော်စင် နယ်ပယ်တွင် အမှန်တကယ် ရှိသော်လည်း သူတော်စင် အဆင့်၉ ပြီးပြည့်စုံသောကာလနှင့် တူ​လေသည်။ သို့သော် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရောင်ဝါသည် အနည်းငယ် မွန်မြတ်သော အသွင်အပြင်ဖြင့် တည်ငြိမ်နေ၏။

ဒီလူက ဘယ်သူလဲ?

လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ထိုအခိုက် အောင့်ယွဲ့က အော်ဟစ်ပြီး

"ဟုတ်တယ်... ငါ့သူငယ်ချင်းတွေပဲ.... အတူတူ အသက်ရှင်ပြီး သေနိုင်တဲ့ သူငယ်ချင်းတွေပါ"

ထိုလူသည် ကျယ်လောင်စွာ ရယ်မောကာ လေထဲတွင်ပင် လျှောက်သွားကာ

"နတ်သမီးအောင့်ယွဲ့ရဲ့ သူငယ်ချင်း ဆိုမှတော့ ရှေးဟောင်းသိုင်းကမ္ဘာက ဒီသခင်လေးထျန်းရွှမ်ရဲ့ သူငယ်ချင်းပဲပေါ့"

ရှေးဟောင်းသိုင်းကမ္ဘာ? ထျန်းရွှမ်? လုရွှမ် မတတ်နိုင်ဘဲ သူ့မျက်လုံးတွေ တောက်ပလာပြီး လှမ်းကြည့်လိုက်ရင်း အရင်တုန်းက သူသတ်ခဲ့တဲ့ ထျန်းဝူကိုတောင် တွေးလိုက်မိသည်။

"ဟေ့ ဒီကသူငယ်ချင်းကို ဘယ်လို ခေါ်ရမလဲ? မင်းခန္ဓာကိုယ်ထဲမှာ ဓားသွားလိုတဲ့ အရိပ်အယောင်မျိုးကို ခံစားရတယ်... မင်းရဲ့ဓားပညာကို မဟာဘွဲ့လို့တောင် မှတ်ယူလို့ ရ​လောက်မယ်နော်"

ထျန်းရွှမ်က အော်ဟစ်လိုက်ပြီး ရုတ်တရက် သူ့ခန္ဓာကိုယ်မှ ဓားသွားလိုသော အရိပ်တစ်ခု ထွက်ပေါ်လာပြီး လုရွှမ်ဆီသို့ ပစ်လွှတ်လိုက်သည်။ သူသည် အလွန်လျင်မြန်ပြီး ပေါ့ပေါ့တန်တန် လှုပ်ရှားသွားရာ လုရွှမ်ရဲ့ မျက်လုံးများထဲ လုံးဝ မ​မြင်လိုက်ရသကဲ့သို့ ဖြစ်နေသည်။

လုရွှမ်လည်း သူ့ခန္ဓာကိုယ်ထဲက ဓားတစ်ချောင်းကို ထုတ်ပြီး ထျန်းရွှမ်ဆီသို့ ပစ်ခတ်လိုက်သည်။

ဓားနှစ်ချောင်းသည် တပြိုင်နက်တည်း ထိခတ်သွားသံနဲ့အတူ တိုက်မိသွားပြီးနောက် ဘာမှမဖြစ်သွားသကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။

"ဟမ့်... ဒီလောက်နဲ့များ ငါ..."

သူ့ခန္ဓာကိုယ်က ရုတ်တရက် ယိမ်းထိုးသွားပြီး လေထဲက ပြုတ်ကျသွား​တော့သည်။ ခြေထောက်က သဘာဝအတိုင်း ဘာမှ မထိမိပေမယ့် လှုပ်ရှားမှုက အရမ်းမိုက်နေသေးသည်။

အထူးသဖြင့် လေထဲတွင် လက်ကို ဝှေ့ယမ်းကာ တစ်စုံတစ်ခုကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်ခြင်းမှာ မကူညီနိုင်လောက်အောင် ရယ်စရာ ကောင်း​နေသည်။

လိ​ရှောင်းနဲ့ ရှန်ယီးရှောင်ဟဲက ဒီအခွင့်အရေးကို ဘယ်လိုလုပိ လက်လွှတ်ခံပါ့မလဲ။ သူတို့က တဟားဟား အော်ရယ်တော့၏။

ထျန်းရွှမ်ရဲ့ မျက်နှာသည် နီမြန်းလာပြီး ဒေါသထွက်တော့မည် ဖြစ်သော်လည်း လုရွှမ်ရဲ့ ခန္ဓာကိုယ်က အမြင့်ပေ နှစ်ပေတိတိ လွင့်သွားတာကို မြင်လိုက်ရသည်။

"အိုး မင်းက တကယ် အမြင့်ကို ပျံနိုင်သားပဲ!"

သားသတ်သမားက ဟေးခနဲ အသံထွက်လာပြီး သူ့ခန္ဓာကိုယ်ကလည်း လုရွှမ်နဲ့ ဘေးချင်းကပ်ရပ်ကို လွင့်မျောသွားလေသည်။

"ဒါအမှန်ပဲလေ"

အောင်ရှင်းရဲ့ သဘာဝက အရမ်းရိုင်းပြတတ်ရာ ဒီအခွင့်အရေးကို သူမကလည်း လက်လွတ်မခံချေ။ သူမသည် မူလကတည်းက နဂါးတစ်ကောင် ဖြစ်သည်။ ယခင်က ဒြပ်စင်ငါးပါး ပေါင်းစပ်မှုအတွင်း သူမသည် နဂါးသွေးကြိုး၏ စွမ်းအားကို ထိမိသွားပြီး သူမ၏ စွမ်းရည်များလည်း အလွန်တိုးလာခဲ့သည်။ သူမအတွက်မူ ဒါက ရေပေါ်မှာ လမ်းလျှောက်​နေရခြင်းနှင့် တူ​လေသည်။

သူမသည် စိတ်ထဲကနေ ခေါင်းနှင့်အမြီးကို ခါယမ်းကာ လေထဲတွင် လွင့်မျောနေလိုက်သည်။

"​လေထဲ မျှောရတာ တကယ်ပျော်ဖို့ ကောင်းပေမယ့် စိတ်ဝင်စားစရာတော့ မ​ကောင်းပါဘူး!"

ထျန်းရွှမ်မှာ အံ့အားသင့်သွားပြီး သူတို့ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ သူ လွင့်မျောနိုင်ဖို့ ဓားကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုခဲ့သော်လည်း ထိုလူများ လွင့်ပျံသွားတာက ဘာကိုသုံးထားလဲ လုံးလုံးနားမလည်နိုင်ပေ။

"လိရှောင်း... ရှန်ယီး ကျင်းဟုန် မင်းတို့မြေကြီးပေါ်မှာ ရပ်နေတာ သိပ်အဆင်မပြေဘူး... အတူတူ မျှောလိုက်ရအောင်"

လုရွှမ်ဆီက အင်အားတစ်ခု တိုးထွက်လာပြီး အောင်ရှင်းရဲ့ ခန္ဓာကိုယ်နဲ့ ချိတ်ဆက်လိုက်သည်။ ဒါက ရွှေဒြပ်စင်နတ်ပုတီးစေ့ရဲ့ စွမ်းအားပင်။

အောင်ရှင်းလည်း ရယ်မောလိုက်ပြီး နတ်သမီးကျင်းဟုန်၏ ခန္ဓာကိုယ်နှင့် ချိတ်ဆက်နိုင်ဖို့ ရေဒြပ်စင် နတ်ပုတီးစေ့ရဲ့ စွမ်းအားများ ထွက်လာသည်။ သားသတ်သမားနဲ့ အောင့်ယွဲ့တို့လည်း မမြင်နိုင်သော စွမ်းအားကို ဆက်လက် လှုံ့ဆော်ခဲ့ပြီးနောက် လိရှောင်း၊ ရှန်ယီးနဲ့ နတ်သမီးရှန်းရှဲ့တို့လည်း သူတို့ခြေထောက်အောက်တွင် စွမ်းအားများ တဟုန်ထိုး တက်လာတာကို ခံစားလိုက်ရပြီး တဖြည်းဖြည်း လေထုထဲ လွင့်မျောသွားကြသည်။

"ကောင်းတယ်ဟေ့! ငါတော့ စိတ်ချမ်းသာသွားပြီ!"

လိရှောင်းက အော်လိုက်သည်။ ထိုအခါ ရှန်ယီးကလည်း

"အမိတ္တဘ... သူတစ်ပါး ကိုးကွယ်ဆည်းကပ်ခြင်းဖြင့် လွင်မျှောခြင်းသည် ကျေနပ်စရာ ကောင်းပေ၏"

နတ်သမီးရှန်းရှဲ့ပင် ရှားရှားပါးပါး ရယ်မောလာပြီး

"လူတွေက ကျွန်မတို့ကို နတ်သမီးလို့ ခေါ်ကြတယ်... ဒါပေမဲ့ လူတွေလို မြေကြီးပေါ်မှာ လမ်းလျှောက်နေရင် ဘယ်လိုလုပ် နတ်သမီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တော့မလဲ"

ထျန်းရွှမ် ရှက်သွားပြီး နတ်သမီးရှန်းရှဲ့က သူ့ကို လှောင်ပြောင်နေတယ် ဆိုတာ သဘာဝကျကျကို ပြောနိုင်ပါ၏။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားပြီး လွင့်မျောနေပါစေ ဒေါသအရမ်း ထွက်နေပေမယ့် အားကိုးရာမဲ့သာ ဖြစ်နေတော့သည်။

"ဟားဟားဟား..."

သူ့ရဲ့ ရှက်ရွံ့သော အသွင်အ​ပြင်ကို ကြည့်ရင်း လူတော်တော်များများက ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

"ဟမ့် ခြကောင်က ငန်းအသားစားချင်ပေမယ့် ငါတို့ နတ်သမီးအောင့်ယွဲ့က သူ့အတွက် ကိုက်ညီမှုရှိမရှိကိုတောင် မစဉ်းစားတတ်ဘူးလား မသိဘူးဟေ့"

ရှန်ယီးရှောင်ဟဲက အော်လိုက်သည်။

ဒီအချိန်မှာ သူတို့ ဘယ်လောက် အတွေ့အကြုံရှိလဲ ဆိုတာ သိနိုင်ပါပြီ။ ရှေးဟောင်းသိုင်းကမ္ဘာက လူများသည် အောင့်အိမ်တော်သို့ အမှန်တကယ် လာရောက်ကြတာဟာ ထျန်းရွှမ်က အောင့်ယွဲ့ကို လာရောက် တောင်းရမ်းတယ်ဆိုတာ သိသာထင်ရှားလှပါ၏။ ၎င်းတို့သည် အောင့်ယွဲ့ကို ထျန်းရွှမ်ရဲ့ ဇနီးအဖြစ် တင်တောင်းသည့် အခြေအနေကို အခွင့်ကောင်းယူကာ ဤအခွင့်အရေးကို အသုံးချလိုတာ ထင်ရှားပေသည်။

"ဟင့် သူတို့ ထျန်းမိသားစုရဲ့ အသန်မာဆုံး ပါရမီရှင် ထျန်းဝူက ခေါင်းဖြတ်ခံလိုက်ရတယ်လို့ ငါကြားတယ်...မဟုတ်ရင် ဒီကိုလာတာက ထျန်းဝူ ဖြစ်နေမှာ... ထျန်းရွှမ်ရဲ့ အလှည့်ကျ ဇာတ်ကို ထောက်ဖို့ အခွင့်အရေးတောင် ရမှာ မဟုတ်ဘူး"

လုရွှမ်ရဲ့ မျက်နှာမှာ အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။

သူလည်း အောင့်ယွဲ့ကို တစ်ချက် ကြည့်လိုက်၏။ အောင့်ယွဲ့၏ မျက်လုံးများသည် နူးညံ့မှုနှင့် ပြည့်နှက်နေပြီး ၎င်းတို့တွင် နှစ်သိမ့်မှု အရိပ်အမြွက်များပါ ဝှက်ထားသောကြောင့် လုရွှမ်မှာ ပို၍ပင် အားတုံ့အားနာဖြင့် နေရခက်သွားသည်။

"ကောင်းပါပြီ... ပါးစပ်ပိတ်ထားတော့! လုရွှမ်က သူ့နှလုံးသားထဲမှာ သူချစ်တဲ့လူ ရှိနေပြီသား... သူ့ဘဝနဲ့သူ ရှင်သန်လိမ့်မယ်"

အောင့်ယွဲ့က ဝင်အော်ဟစ်လိုက်သည်။ သို့သော်လည်း လိရှောင်းနဲ့ ရှန်ယီးရှောင်ဟဲက အားမနာဘဲ ဆက်ပြောနေဦးမည်။ မထင်မှတ်ဘဲ လိရှောင်းက ပါးစပ်မပိတ်သေးဘဲ။

"ယောက်ျားတစ်ယောက်မှာ မယား သုံးယောက်နဲ့ မောင်းမမိဿံ လေးယောက်​လောက် ရှိတာက သာမာန်ပဲလေ!"

လိရှောင်း ရုတ်တရက် သူ့လက်မောင်းကို တစ်စုံတစ်ယောက်က ဆွဲထုတ်လိုက်သလို ခံစားလိုက်ရသည်။ ထိုအခိုက် ရှန်ယီးက လက်ဝါးကြီးနဲ့ ပါးစပ်လာပိတ်ပြီး လုရွှမ်ဘက်သို့ မျက်စာပစ်ပြလိုက်၏။ သို့နှင့် လိရှောင်းလည်း ပါးစပ်ပိတ်ပြီး သက်ပြင်းချလိုက်သည်။

လုရွှမ်က အသက်ပြင်းပြင်း ရှူလိုက်ကာ။

"အောင့်ယွဲ့နဲ့ ငါက သေရေးရှင်ရေး ကိစ္စတွေကို အတူမျှဝေခဲ့ဖူးလို့ ငါ့နှလုံးသားက သဘာဝအတိုင်း သူမကို သဘောကျပါတယ်... မင်းတို့ ငါ တစ်ခါသေပြီးပြီဆိုတာ မသိနိုင်သလို လူဝင်စားလား ဆိုတာလည်း မသိနိုင်ဘူး ငါလည်း ဒုတိယဘ၀ ရှိနေမယ်လို့ မသိဘူး... ဒါပေမဲ့ သူမကတော့ ဒါတွေအားလုံးကို အရင်ကတည်းက မှန်းဆထားပြီးသား...ငါ့ကို အလှမ်းဝေးတဲ့ တစ်နေရာကနေ စောင့်မျှော်နေတာ... ငါ သူမကို လက်မလျှော့ဘူး... ဒါကြောင့် သူမကို တစ်ကြိမ်လောက် စောင့်ပြီး သွားတွေ့နိုင်တောင် သွားတွေ့မှာပဲ"

အောင့်ယွဲ့က လုရွှမ်ရဲ့စကားကို ရပ်​စေလိုက်ပြီး

"ရှင် ဘာမှ ပြောစရာ မလိုပါဘူး ကျွန်မ သိပါတယ်...ဒါပြီးရင် သူမကိုတွေ့ဖို့ ကျွန်မရှင်နဲ့အတူ လိုက်ခဲ့မယ်!"

လိရှောင်းနှင့် ရှန်ယီးရှောင်ဟဲတို့ရဲ့ မျက်နှာများပေါ်တွင် တင်းမာသော အမူအရာများ ရှိ​နေ​ကြပြီး အချင်းချင်း မကျေမနပ် ဖြစ်နေကြသည်။

"မင်းလို ဘုန်းကြီးတစ်ပါးက သူများရဲ့ အိမ်ထောင်ရေးကို တနေကုန် စိတ်ပူနေတယ်ပေါ့?"

"မင်းကရော? မင်းက တစ်နေ့လုံး ကိုယ့်ကိုကိုယ် စိတ်ပူမနေဘဲ တခြားသူတွေကိုပဲ စိတ်ပူနေတာ.... မင်းကြိုက်တဲ့လူကို ရှာမတွေ့ပါစေနဲ့"

သူတို့နှစ်ယောက်ဟာ နောက်ပြောင်ပြီး အဆင်မပြေတဲ့ ပတ်ဝန်းကျင် လေထုကို ဖယ်ထုတ်ချင်နေတာကို သိလိုက်ရတော့ လုရွှမ်လည်း ပြုံးပြီး သူတို့နှစ်ယောက်ရဲ့ လက်မောင်းကို လက်သီးနဲ့ ထိုးလိုက်သည်။

"ကောင်းပြီ အဲ့လိုလုပ်မနေကြတော့နဲ့... တကယ်တမ်းက ဒီကိစ္စက အတုလို့ ငါထင်တယ်... ဒါ့အပြင် နတ်သမီးအောင့်ယွဲ့လို လှတဲ့လူကို ဘယ်သူက စွန့်လွှတ်နိုင်မှာလဲ? ထျန်းရွှမ်က အစွမ်းထက်ပါတယ်... ဒါပေမဲ့ ထျန်းဝူကိုတောင် ငါ သတ်လိုက်ပြီဆိုတော့ သူက ဘာလုပ်နိုင်မှာလဲ? သူငါ့လူကို ဓားပြတိုက်ချင်ရင်တော့ ငါ့ဆီက အသတ်ခံရဖို့ ပြင်ဆင်ထားရမှာပဲ"

ဤစကားများ ထွက်လာသည်နှင့် တပြိုင်နက် လူတိုင်း လုရွှမ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။ ထျန်းဝူဟာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့ပေမယ့် လုရွှမ် တကယ်ပဲ သူ့ကို သတ်ခဲ့မယ်လို့ မထင်ထားခဲ့ချေ။

လုရွှမ်သည် ထျန်းဝူနှင့် တိကျိုတို့ကြားက အဖြစ်အပျက်ကို ပြောပြခဲ့ရာတွင် ထျန်းဝူတစ်ယောက် ကံမကောင်းလိုက်ကြောင်း ရုတ်တရက် သိလိုက်ရသည်။

လုရွှမ်ရဲ့ ဓားပညာက ထျန်းဝူရဲ့ ကောင်းကင်ဓားကိုးစင်းသိုင်းနဲ့ ခပ်ဆင်ဆင် တူနေတယ်လို့ အမြဲတမ်း ခံစားနေခဲ့ရတာ အံ့သြစရာ​တော့ မဟုတ်တော့ပေ။

All Chapters