အပိုင်း (၄၃၆) – ကျောင်မိသားစုမှ အပြောင်းအလဲများ
Vol. 005 Ch. 436
ကျောင်ရန်နှင့် ကျောင်မာတို့သည် ရှီမာယူယူ ခန္ဓာကိုယ်မှ ထွက်လာသော ကိုယ်ရောင်ကိုယ်ဝါအား အံ့သြသွားကြလေသည်။ ထိုရောင်ဝါသည် တခြား လူသားများ၏ ရောင်ဝါနှင့် မတူပေ။
ရှီမာယူယူသည် သူမ ခန္ဓာကိုယ်တွင် စွမ်းအင်ပြည့်လာကာ စွမ်းအင်များ လှုပ်ရှားနေသည်ကို ခံစားမိပြီး မျက်လုံးပြန်ဖွင့်လိုက်သည်။ ရောင်ဝါများ မှေးမှိန်သွားသောအခါ သူမခန္ဓာကိုယ်သည် တခြားသူများကဲ့သို့ပင် ဖြစ် သွားလေသည်။ သူမသည် သက်ပြင်းရှချကာ ကျောက်တုံးပေါ်မှဆင်းလာပြီး တည်ဆောက်မှုကို ဖွင့်လိုက်သည်။
“ရှင့်ရဲ့ ဒဏ်ရာတွေသက်သာသွားပြီလား ယူယူ” ကျောင်မာ မေးလိုက်သည်။
“အင်း ပိုကောင်းလာတယ်၊ နည်းနည်းတော့ကျန်နေသေးတယ်၊ ငါ အချိန်နည်းနည်းလိုသေးတယ် ဒါပေမဲ့ မကြာခင်သက်သာသွားမှာပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“ဂုဏ်ပြုပါတယ်”
“ကျေးဇူးပါ”
“မင်း သက်သာလာပြီဆိုတော့ ပြန်ဖို့ အားလုံးကို ပြန်ခေါ်လိုက်တော့မယ်” ကျောင်ရန် ပြောလိုက်သည်။
ရှီမာယူယူ မငြင်းဆန်သဖြင့် သူသည် အချက်ပြမီးရှုးထုတ်ကာ ကောင်းကင်သို့ ပစ်လွှတ်လိုက်လေ သည်။ ခဏကြာသောအခါ ကျောင်မိသားစုဝင်များ ပြန်လာသည်။ ဒီတစ်ကြိမ်တွင် သူတို့သည် ချောင်မိသားစု၏ အရေးပါသော လူများကို သုတ်သင်လိုက်နိုင်ရုံသာမက တစ်ခါမှ မရဖူးသော စာချုပ်သားရဲများပင် ဖောဖောသီသီ ရလိုက်လေသည်။ ထိုသည်မှာ သူတို့သည် ကောင်းကင်ကျားအိမ်တော်မှလွဲ၍ ကောင်းကင်ကျားတောင်ကြော တွင် အင်အားအကြီးဆုံးဟု ပြောလို့ရသည်။
သူတို့သည် ဖီးနစ်ကိုစီးကာ သူတို့အိမ်ဘက်သို့ ပျံသန်းကြလေသည်။
လေများ သူမအား ဖြတ်တိုက်သွားသည်ကို ရှီမာယူယူခံစားမိပြီး ခရီးသွားခြင်းသည် အကောင်းဆုံး ဖြစ် သည်ကိုလည်း ခံစားမိလေသည်။
လမ်းခရီးမှာ ပုံမှန်ဆိုလျှင် လတစ်ဝက်ကြာမြင့်သော်လည်း လေပေါ်မှသွားရာ နှစ်ရက်နှင့် ရောက်လေ သည်။ သူတို့ သားရဲပျံဖြင့် ရောက်လာသည်ကို ကြည့်ပြီး ကျောင်မိသားစုဝင်များသည် ဝမ်းသာအားရ ပြေးထွက် ကြည့်ကြလေသည်။
“တကယ်ပဲ မိစ္တာပျံပဲ”
“လှလိုက်တာ”
“အထွတ်အထိပ်သားရဲနော်”
“မျိုးနွယ်ခေါင်းဆောင်နဲ့ တခြားသူတွေက ဘယ်လိုလုပ် သားရဲပျံ စီးပြီး ပြန်လာနိုင်တာလဲ”
“ကြည့်ဦး သူက သခင်မလေးပခုံးပေါ်တက်သွားတာပဲ”
“အမလေး အဲဒါ သခင်မလေးရဲ့ စာချုပ်သားရဲလား”
“ဟင် ငါတို့ မျိုးနွယ်ခေါင်းဆောင်က သူစိမ်းကိုခေါ်လာသေးတယ်”
“မျိုးနွယ်ခေါင်းဆောင်က သူ့ကို တလေးတစားဆက်ဆံနေပုံထောက်ရင်တော့ သူက ကောင်းကင် ကျားအိမ်တော်က ဖြစ်မယ်ထင်တယ်”
ကျောင်ရှောင်သည် အားလုံးကိုခေါ်လာကာ သူတို့ကို လမ်းပြလေသည်။
“အစ်ကိုကြီး ဘယ်လိုလုပ် ဒီလောက်မြန်မြန်ပြန်လာတာလဲ၊ အားလုံးအဆင်ပြေကြရဲ့လား” ကျောင် ရှောင်သည် ကျောင်ရန်နှင့် တခြားသူများကို ကြည့်ကာ သူတို့စောစောပြန်လာသည်ကို အံ့သြနေလေ သည်။
“ငါတို့အဆင်ပြေတယ်” ကျောင်ရန်သည် ပြုံးပြီးကျောင်ရှောင်အား ပြောလိုက်သည်။
“ချောင်မိသားစုက…” သူတို့ သတ္တုတွင်းတူးတာကို ချောင်မိသားစုက သိတယ်လေ၊ သူတို့အပြန်လမ်းမှာ အနှောင့်ယှက်မခံရဘူးလား။
“ချောင်မိသားစုဝင်တွေက လူတွေလွှတ်လိုက်တယ်၊ ပြီးတော့ သူတို့ခေါင်းဆောင်က ချောင်ဖေပဲ” ကျောင်ရန် ပြောလေသည် “သူက ယုံ့ရှင်းမြို့ဝန်ကိုတောင် ခေါ်လာသေးတယ်”
ကျောင်ရှောင်သည် ကြောက်လန့်တကြားပြောလေသည် “အံ့ဖွယ်ဘုရင်အဆင့် နှစ်ယောက်တောင်လား မင်းတို့ ဘယ်လိုလွတ်လာကြတာလဲ”
“နောက်မှ ရှင်းပြမယ်” ကျောင်ရန်သည် ပြောပြီးနောက် နောက်လှည့်ပြီး ပြောလေသည် “ဒါက ယူယူပါ၊ သူက ငါတို့နဲ့ ခဏနေဖြစ်လိမ့်မယ်၊ ယူယူ ဒါက ငါ့ရဲ့ ညီလေး ၃၊ ကျောင်ယန်ရဲ့ အဖေပဲ”
ကျောင်ရန်၏ အကျင့်ကိုသိသဖြင့် ရှီမာယူယူကို တလေးတစားနှုတ်ဆက်နေသောကြောင့် သာမာန်လူ မဟုတ်သည်ကို ကျောင်ရှောင် အကဲခတ်မိသည်။ ရှီမာယူယူ ခေါင်းညိတ်ကာ နှုတ်ဆက်ခြင်းကို အသိအမှတ်ပြု လိုက်သည်။
“ကျောင်မာ နှစ်ရက်အတွင်း ပင်ပန်းလာတယ်ဆိုတော့ ယူယူကို နားဖို့ ပင်မအိမ်တော်ကို ခေါ်သွား ပေးလိုက်ဦး” ကျောင်ရန် ညွှန်ကြားလေသည်။
“ဟုတ်ကဲ့ပါ အဖေ” ကျောင်မာ ပြောလိုက်သည် “ယူယူ နားဖို့ခေါ်သွားပေးပါမယ်”
“ဒါဆို သွားလိုက်ပါဦးမယ်” ပြောပြီးနောက် ရှီမာယူယူသည် ကျောင်မာနောက်လိုက်သွားကာ ကျောင် မိသားစုအိမ်သို့ ဝင်သွားလေသည်။
ရှီမာယူယူနှင့် ကျောင်မာထွက်သွားသည်ကို ကြည့်ပြီး ကျောင်ရှောင်သည် သူ့အစ်ကိုဘက်လှည့်ကာ သံသယဖြင့် မေးလေသည် “အစ်ကိုကြီး ဒီယူယူက ဘယ်သူလဲ၊ သူ့ကို ပင်မအိမ်တော်ကိုတောင်ခေါ်သွားပြီး နေ ခိုင်းတယ်ဆိုတော့ အဲအိမ်ကအဆင့်မြင့်တဲ့သူတွေပဲ နေဖို့လေ၊ အကြောင်းပြချက်မခိုင်လုံဘူးဆိုရင် အကြီးအကဲ တွေက အစ်ကို့ကို ပြောလို့ပြီးတော့မှာမဟုတ်ဘူး”
“ငါသူ့ကို အဲမှာနေခိုင်းတယ်ဆိုကတည်းက သူက အဲအချက်တွေနဲ့ ပြည့်စုံလို့ပဲ” ကျောင်ရန် ပြောလိုက် သည်။ “ကျောင်မာ ပခုံးပေါ်က ငှက်ကိုတွေ့လိုက်လား”
“အစ်ကိုတို့ ပြန်လာတော့ စီးလာတဲ့ငှက်ကိုပြောတာလား” ကျောင်ရှောင် မေးလိုက်သည်။ သူ ထွက်လာ သောအခါ သူတို့သည် သားရဲပျံစီးလာသည်ဟု ကြားခဲ့သည်။ သူတို့သည် ထိုငှက်အကြောင်းပြောခြင်းဖြစ်ရမည်။
“ဟုတ်တယ်၊ အဲဒါ အဆင့်၃အထွတ်အထိပ်သားရဲပဲ၊ အခု အဲငှက်က ကျောင်မာရဲ့ စာချုပ်သားရဲပဲ” ကျောင်ရန် ပြောလိုက်သည်။ သူတို့သည် ကျောင်မာ၏ စာချုပ်သားရဲဖြစ်သည်ဟု ခန့်ပြီးဖြစ်သော်လည်း ထိုငှက် သည် အဆင့်၃ အထွတ်အထိပ်သားရဲဖြစ်ရမည်ဟု မထင်ခဲ့မိပေ။ အဆင့်၃ အထွတ်အထိတ်သားရဲသည် အံ့ဖွယ် အရှင် နီးပါးအဆင့်လောက်ရှိသည်။ ထိုအားသည် သူတို့တစ်အိမ်လုံးနှင့်ပင် ယှဉ်မရပေ။
“အစ်ကိုပြောတာက…” ကျောင်ရှောင်သည် ရပ်တန့်သွားကာ ရှီမာယူယူ၏ သရုပ်မှန်ကို ခန့်မှန်းနေလေ သည်။
“ဟုတ်တယ် သူက သားရဲထိန်းကျောင်းသူပဲ” ကျောင်ရန် ပြောလိုက်သည် “ပြီးတော့ သူက ကျောင်မာ အတွက် သားရဲထိန်းကျောင်းပေးရုံတင်မဟုတ်ဘူး၊ ကျွန်တော်တို့ မိသားစုတွက် သားရဲအကောင် ၂၀နီးပါးလောက် ကို ထိန်းကျောင်းပေးသေးတယ်”
“တကယ်လား” ကျောင်ရှောင်နှင့် တခြားသော မိသားစု အကြီးအကဲများသည် အံ့အားသင့်ကြလေ သည်။
“အမှန်ပဲ” ကျောင်ရန်သည် ပြုံးပြီး ပြောလိုက်သည် “မင်းရဲ့ ဝိညာဉ်သားရဲကို ခေါ်ထုတ်လိုက်”
“ဟုတ်ကဲ့ပါ မျိုးနွယ်ခေါင်းဆောင်” မိသားစု၏ လူငယ်များသည် ဝိညာဉ်သားရဲများခေါ်ထုတ်လိုက်ရာ တခြား သော မိသားစုဝင်များသည် အံ့သြသွားသဖြင့် ထခုန်မိကြလေသည်။
“အကုန်လုံးက အထွတ်အထိတ်အဆင့်မဟုတ်ရင် အံ့ဖွယ်အဆင့် ၉သားရဲတွေပဲ” ကျောင်မိသားစု အကြီး အကဲများသည် အော်မိကြလေသည်။
“အဲဒါတင်မဟုတ်ဘူး အနောက်ကိုကြည့်လိုက်” ကျောင်ရန်သည် လက်ကိုဝေ့ရမ်းလိုက်ရာ လူငယ်များ ဘေးဖယ်ပေးလိုက်ချိန်တွင် အထွတ်အထိပ်သားရဲလေးကောင် ထည့်ထားသော လှောင်အိမ်အား တွေ့လေ သည်။
“အဲဒါတွေက…” ဒုတိယအကြီးအကဲ သည် ထိန်းကျောင်းပြီးထားသော အထွတ်အထိပ်သားရဲများကို ကြည်ကာ သူတို့အတွက် ပြင်ဆင်ထားသည်ဟု ခန့်မှန်းပြီးနောက် မယုံနိုင်ဖြစ်လေသည်။
“အဲဒါတွေ အကုန်လုံးကို ယူယူထိန်းကျောင်းပေးထားတာ၊ အဲဒါတွေကို လူကြီးမင်းတို့အတွက် ချန်ထား ပေးထားတာ” ကျောင်ရန် ပြောလိုက်သည်။
“အဲလောက် သားရဲအများကြီးထိန်းကျောင်းဖို့အတွက် သူ့ကို ဘယ်လောက်ပေးလိုက်ရတာလဲ” အကြီးအကဲ နံပါတ်၃ သည် စိုးရိမ်သွားသည်။ ဒီလောက် သားရဲအများကြီး ထိန်းကျောင်းဖို့ဆိုရင် သူတို့ မိသားစု စည်းစိမ်အကုန်ပေးလိုက်ရမှာမဟုတ်ဘူးလား။
“သားရဲတစ်ကောင်ကို အလယ်အလတ်ကျောက် တစ်ထောင်” ကျောင်ရန် ပြန်ဖြေလေသည်။
“အလယ်အလတ်ကျောက် တစ်ထောင်ပဲလား” ကျောင်ရှောင်သည် ထပ်မေးလေသည်။ “အဲဒါက ဘယ်လောက်မှ တန်ကြေးရှိတာမဟုတ်ဘူး သူက ဘာလို့ ငါတို့ကို ကူညီရတာလဲ”
“ဘာလို့လဲဆိုတော့ သူ့ကို ကျွန်တော်တို့က သဲကန္တာရထဲက ကယ်ခဲ့တာလေ” ကျောင်ရန် ပြန်ဖြေသည်။ သူသည် ရှီမာယူယူနှင့် တွေ့ခဲ့ရပုံနှင့် အဖြစ်အပျက်များကို ရှင်းပြလေသည်။ ကျောင်မိသားစုဝင်များသည် နားထောင်ရင်း အံ့သြကြလေသည်။
“သူက တည်ဆောက်မှုသခင်ရောပေါ့”
“ဟုတ်တယ် သူကြောင့်သာမဟုတ်ရင် ကျွန်တော်တို့ ယုံ့ရှင်းမြို့အပြင်မှ အသတ်ခံရပြီးလောက်ပြီ” ကျောင်ရန်ပြောလေသည်။ ထိုနေ့က အဖြစ်အပျက်များကို ပြန်တွေးလိုက်လျှင် အံ့ဖွယ်ဘုရင်များသည် တစ်ယောက်နှင့် တစ်ယောက် ကြောက်မက်ဖွယ် သတ်ဖြတ်ကြသည့် မြင်ကွင်းအား ပြန်မြင်ယောင်လာသည်။
“သူက တည်ဆောက်မှုသခင်ရော သားရဲထိန်းကျောင်းသူသခင်ရောဟုတ်တယ်၊ ပြီးတော့ ကျွန်တော်တို့ မိသားစုကို ကူညီနိုင်တဲ့ အစွမ်းအစရှိတယ်၊ အဲတော့ သူ့ကို ပင်မအိမ်တော်မှာ ထားတာက လုပ်သင့်တယ်လို့ ထင် တယ်” ကျောင်ရန် ပြောလိုက်သည်။
“အခု ကျွန်တော်တို့ မိသားစုက တိုးတက်လာပြီ အစ်ကို ၃၊ အကြီးအကဲတို့ ဝိညာဉ်သားရဲတွေနဲ့ စာချုပ် ချုပ လိုက်တော့၊ အံ့သြစရာဖြစ်သွားလိမ့်မယ်” ကျောင်ရန် ပြောလိုက်သည်။
“ကောင်းပြီ သွားရအောင်” အကြီးအကဲပြောလိုက်သည်။
“ကောင်းပြီ ယူယူက တိတ်ဆိတ်တာကို ကြိုက်တယ် သူ့ကို ဘယ်သူမှ မနှောင့်ယှက်နိုင်အောင် လုပ် ထားပေးပါ” ကျောင်ရန် ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့ပါ မျိုးနွယ်ခေါင်းဆောင်”
ရှီမာယူယူ ပင်မအိမ်တော်သို့ ရောက်သောအခါ ထိုနေရာသည် လူတိုင်းအတွက်မဟုတ်ပဲ ထိုနေရာရှိ ပစ္စည်းများသည် တခြားနေရာများထက် ပိုကောင်းသည်ကို ရှီမာယူယူတွေ့လိုက်ရသည်။ ကျောင်မာသည် သူ တစ်ယောက်တည်းရှိချင်သည်ကို သိသဖြင့် လျင်မြန်စွာပင် ထွက်ခွာလေသည်။
ရှီမာယူယူ တံခါးပိတ်ပြီးောနက် ဝိညာဉ်အရည်ထုတ်ကာ အနည်းငယ် သောက်လိုက်ပြီး စတင် လေ့ကျင့် တော့သည်။
ရှီမာယူယူသည် မိသားစုတစ်ခုလုံးကို ပြောင်းလဲပေးလိုက်သဖြင့် အားလုံးသည် အလွန်ကျေနပ် ပျော်ရွှင် ကြကာ အောင်ပွဲခံကြလေသည်။ သို့သော် ရှီမာယူယူ တိတ်ဆိတ်မှုကို နှစ်သက်သည်ကို သိကြသဖြင့် အိမ်တော် တွင်သာ အောင်ပွဲခံကြကာ ပင်မအိမ်တော်သို့ အသံများ မလွင့်အောင် လုပ်ကြလေသည်။
ရှီမာယူယူသည် ပင်မအိမ်တော်သို့ ဝင်သွားသည်မှာ သုံးရက်ရှိပြီဖြစ်သည်။ ထို့နောက် သူမ ထွက်လာ သောအခါ ကျောင်မိသားစုတွင် မဖိတ်ခေါ်ထားသော ဧည့်သည်ရောက်နေလေသည်။