အောင့်လင်နဲ့ တိုက်ပွဲ
Vol. 65 Ch. 487.4
"အောင့်လင် မင်း ဘာလုပ်နေတာလဲ!"
အောင့်ထျန်းမှ ထအော်လိုက်သည်။ တတိယဦးလေးလို့တောင် မခေါ်တော့ဘဲ နာမည်ကို တိုက်ရိုက် ခေါ်လိုက်ရာ သူအရမ်း ဒေါသထွက်နေမှန်း သိသာလေသည်။
"သူ့အရည်အချင်းကို စမ်းကြည့်တာပါ... ငါတို့ အောင့်မိသားစုရဲ့ သားမက်ဖြစ်ချင်တဲ့သူက အရည်အချင်း မရှိရင် ဘယ်လိုလုပ်မလဲ!"
အောင့်ထျန်းလည်း ခဏတာမျှ စကားမပြောနိုင် ဖြစ်သွားသည်။ ရှေးဟောင်းသိုင်းကမ္ဘာက ထျန်းမျိုးနွယ်စုလည်း သူတို့ဘေးနားတွင် ရှိနေတာကြောင့် မိသားစုအချင်းချင်း တစ်ယောက်နှင့် တစ်ယောက် ရန်ဖြစ်လိုက်လျှင် ရယ်စရာ ဖြစ်သွားလိမ့်မည်။
"မှန်တယ်!" အသံတစ်ခုက ထွက်ပေါ်လာသည်။
အောင့်ထျန်းလည်း အေးစက်စွာ စိုက်ကြည့်ကာ ရွဲ့စောင်းနေသော လူမိုက်တစ်ယောက်ဟု ထင်သော်လည်း ပြောလာသူက လုရွှမ် ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
“ကျွန်တော့်မှာ အရည်အချင်းမရှိရင် အောင့်ယွဲ့နဲ့ ဘယ်လိုလုပ် ထိုက်တန်ပါ့မလဲ? တတိယဦးလေးက ဒီအငယ်လေးကို အကြံဉာဏ် ပေးချင်တယ် ဆိုရင်တော့ ပြဿနာ မရှိပါဘူး... ကျွန်တော့်မှာလည်း လှည့်ကွက်တစ်ခုလည်း ရှိတယ် တတိယဦးလေးကို အကြံဉာဏ်တချို့ ပေးဖို့ တောင်းဆိုချင်ပါတယ်"
အပြန်အလှန် လိုက်လျောညီထွေ မရှိဘဲ လုပ်လိုက်လျှင် မရိုမသေ ဖြစ်နေပေမည်။ ထိုသူသည် နတ်မီးနယ်ပယ်က အကြီးအကဲ တစ်ယောက်သာ ဖြစ်ရင် လုရွှမ်ဒီလို လုပ်နေမည်မဟုတ်။ ယခုအခါတွင် ကောင်းကင်ဘုံသခင် တစ်ယောက်က သူ့ကို ခိုးဝင် တိုက်ခိုက်ချင်နေပေ၏။ သူက အနိုင်ကျင့်ရဖို့ လွယ်တယ်လို့များ ထင်နေသလား။
လုရွှမ် လက်ရှိအင်အားက လုံလောက်တယ် ဆိုတဲ့အဆင့်နဲ့ ဝေးနေသေးသည်။ သို့သော် ဤနေရာ၌ နတ်မီးနယ်ပယ်က အကြီးအကဲတွေ ရှိကာ သူတို့က အောင့်လင်ကို ဒုတိယသိုင်းကွက် ထုတ်ဖို့ အခွင့်အရေး မပေးချင်မှာ သေချာသည်။
အခုဆိုရင် အခွင့်အရေး ရောက်လာပြီ။ ယွမ်ယန်ဓားကိုးစင်းရဲ့ နံပါတ်၅ဓားကို ခဏလောက်တော့ ကစားနိုင်လောက်သည်။ သူကိုယ်တိုင် ဖန်တီးထားတဲ နံပါတ်ငါးဓားချက်က ကောင်းကင်ဘုံသခင်ကို အနိုင်ယူနိုင်မလား ဆိုတာ စမ်းသပ်ကြည့်ရမည်။
"ဟာဟား.... မင်း ဘယ်လောက်တောင် ဂုဏ်ယူနေတာလဲ? အခုလို ငယ်ငယ်ကတည်းက အရမ်းမောက်မာနေပြီပဲ.... ကောင်းပြီလေ အရည်အချင်းနဲ့ ခွန်အားက အတူတူ မဟုတ်ဘူးဆိုတာကို မင်းနားလည်အောင် ငါပြမယ်"
"ပြပါဦး!"
သူသည် ခန်းမထဲမှ ထွက်လာပြီး မိုးနတ်ဘုရား ဓားကို ဆွဲထုတ်ကာ ဓားဖျားကို အောင့်လင်ဆီသို့ ညွှန်ပြလိုက်သည်။ အားလုံးက လုရွှမ်နဲ့ အောင့်လင်တို့ ပြိုင်နေကြတာကို စောင့်ကြည့်ဖို့ ထွက်လာကြ၏။
အောင့်လင်နှင့် ပတ်သက်ရင်တော့ အောင့်မိသားစုက သဘာဝကျကျ အသိဆုံး ဖြစ်သည်။ အောင့်မိသားစုရဲ့ နတ်မီးနယ်ပယ် အကြီးအကဲများအောက်တွင် သူကနံပါတ်တစ် သခင်ဖြစ်ပြီး ဝိညာဉ်သခင်လည်း ဖြစ်သည်။ သူ့ခွန်အားက သာမန်သခင်ထက် များစွာ သာလွန်ပေသည်။
ဝိညာဉ်သခင်သည် ရှေ့ဆက်တိုးရန် အလွန် ခက်ခဲသော်ငြား အတိအကျ ဆိုရသော် ယခု သူသည် ကောင်းကင်ဘုံသခင် နယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ဘုံသခင် နယ်ပယ်ကို ဖြတ်ကျော်ပြီး နတ်မီးနယ်ပယ်သို့ ခြေတစ်လှမ်း ဝင်ရောက်နေပြီ ဖြစ်သည်။
လုရွှမ်ကတော့ ဒီလူထက် တော်တော်လေး အားနည်းပေ၏။
အထူးသဖြင့် နယ်ပယ် အစွမ်းသတ္တိသည် နည်းပါးလွန်းလှတဲ့ သူတော်စင်အဆင့်သာ ရှိသည်။ သူတို့လို ကျွမ်းကျင်သူတွေဟာ အနည်းဆုံးတော့ ကောင်းကင်ဘုံသခင်ရဲ့ နယ်ပယ်ကိုသာ အာရုံစိုက်ပြီး သူတော်စင်တွေဟာ သူတို့ရဲ့ မျက်စိထဲတောင် ဘောင်မဝင်ချေ။
အခုတော့ သူတော်စင် တစ်ယောက်က ကောင်းကင်ဘုံသခင်ကို အရှက်မရှိ စိန်ခေါ်ချင်နေပြီး ၎င်းက အောင့်မိသားစုမှာ တန်ခိုးအရှိဆုံး ကောင်းကင်ဘုံသခင်လည်း ဖြစ်နေသည်။
ထျန်းရွှမ်မှာ လုရွှမ်ကို မယုံနိုင်စွာ ကြည့်ကာ ရယ်မောလိုက်သည်။ သူရဲ့ အရည်အချင်းကို တကယ်ကို လွန်ကဲစွာ တွက်ဆပြီး ကောင်းကင်ဘုံသခင် ပြီးပြည့်စုံတဲ့ကာလကို ရောက်သွားတဲ့ သခင်နဲ့ ယှဉ်ပြိုင်ချင်နေတာပဲ။ သူ ဘယ်လို သေလို့ သေသွားရမှန်းတောင် မသိဘဲ ဖြစ်နေတော့မည်။
အောင့်ထျန်း စကားပြောချင်ပေမယ့် အောင့်ယွဲ့က သူ့ကို တားလိုက်သည်။ လုရွှမ်က အရမ်းသတိကြီးတဲ့ သူဆိုတာ သူမ ကောင်းကောင်းသိသည်။ သူ သတ္တိရှိရှိ ပြောထွက်လာမှတော့ သူ့မှာ ပိုင်နိုင် သေချာမှု ရှိရမည်။
"ကောင်လေး... စလိုက်ရအောင် ငါ့ကိုစိန်ခေါ်ရဲလောက်အောင် မင်းရဲ့ဓားသိုင်းက ဘယ်လောက်တောင် အစွမ်းထက်တယ် ဆိုတာ ငါကြည့်ချင်တယ်...."
အောင့်လင်က အော်လိုက်သည်။ လူတိုင်းကတော့ သူတော်စင် တစ်ယောက်ဆီက စိန်ခေါ်ခြင်းကို ခံရတာကို နည်းနည်းမှ မရှက်ဘူးလားဟု တွေးမိလေ၏။
လုရွှမ် သူ့စိတ်ခံစားချက်ကို ချိန်ညှိပြီးနောက် သူ့ခန္ဓာကိုယ်မှ ဖိအားတစ်ခု ထိုးထွက်လာသည်။ ထိုဖိအားသည် သာမန်သူတော်စင်များထက် ပိုမိုမြင့်မားနေပြီး နတ်ဘုရား၏ အရိပ်အယောင်များလည်း ရှိနေသည်။
အောင့်လင် ဟမ့်ကနဲ အသံပြုလိုက်သည်။ ဖိအားတွေ ထုတ်နေတော့ရော ဘာဖြစ်လဲ? ပုရွက်ဆိတ်တွေက သစ်ပင်ကို လှုပ်ချင်ပေမယ့် မလှုပ်တာကြောင့် ဘာပြန်ပြောရမှန်း မသိတဲ့ပုံ ပေါက်နေတာပဲ မဟုတ်ဘူးလား။
စိမ်းပြာနဂါးရဲ့ နှလုံးခုန်သံသည် ပြင်းထန်စွာ ခုန်နေပြီး သန့်ရှင်းစင်ကြယ်သော စွမ်းအားသည် တဟုန်ထိုး ပြေးထွက်လာကာ ခန္ဓာကိုယ်အနှံ့ ပျံ့လွင့်သွားသည်။
နောက်ကျောမှာရှိတဲ့ နဂါးအရိုးကြီးတွေက တဆတ်ဆတ် တုန်ခါပြီး အသံတွေက နဂါးဟောက်သံတွေလို ထွက်ပေါ်လာရာ လူတိုင်းလည်း ထိုအသံကို ကြားတဲ့အခါ လုရွှမ် လူမဟုတ်တော့ဘဲ နဂါးတစ်ကောင် ရောက်နေသလားဟူ၍ ပြန်ကြည့်နေကြသည်။
ကြီးမားပြီး အားကြီးသော စွမ်းအားကြီးမှာ သူ့အသက်ရှုမှတစ်ဆင့် ထွက်ပေါ်လာသည်။
အောင့်လင်မှာ မသိစိတ်ထဲ အနည်းငယ် တင်းကျပ်လာသည်။ သူသည် ဖိအားများကို ခံစားနေပြီး သူ့နှလုံးသားထဲတွင် ဟစ်အော်နေသော်လည်း အပြင်မှာတော့ လက်သီးများကိုသာ တိတ်တဆိတ် ဆုပ်ထားမိသည်။
ထိုအချိန်တွင် ကြည့်ရှုသူအားလုံးက အလေးအနက် ထားလာကြသည်။ ၎င်းတို့သည် ယခင်က ဇာတ်ပွဲကြည့်နေရသကဲ့သို့ အနည်းနှင့်အများ ခံစားခဲ့ရသော်ငြား ယခုအခါ လုရွှမ်ရဲ့ရောင်ဝါကို ခံစားလိုက်ရတာကြောင့် တစ်ချက် လွတ်သွားတာနဲ့ ဘာမှမသိလိုက်မှာ ကြောက်လာကြ၏။
ချွင်း!
ဓားတစ်ချောင်း ပြေးထွက်လာပြီ!
လုရွှမ်လက်ထဲက မိုးနတ်ဘုရားဓားဟာ ရုတ်တရက် လွင့်ပျံသွားပြီး လုရွှမ်ရဲ့ ခန္ဓာကိုယ်ဟာလည်း လွင့်ပျံသွားသည်။
ဘာလဲ?
လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို လူတိုင်း ထိတ်လန့်စွာ ကြည့်နေကြသည်။ ရှေးဟောင်းလျှပ်စီး မြို့တော်ထဲတွင် လေထဲပျံသန်းနိုင်မှုကို ပိတ်ပင်ထားတဲ့ စွမ်းအား တစ်ခုရှိကြောင်း သိထားရမည်။
တချို့လူတွေက သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ခွန်အားကိုသုံးပြီး ရုန်းထွက်နိုင်ပေမယ့် အဲဒါက မျောနေရုံလောက်ပဲ ဖြစ်ကာ ပျံသန်းနေတာ မဟုတ်ဘူး ဆိုတာ သေချာလေ၏။
ယခုမူ တစ်စုံတစ်ယောက် အမှန်တကယ် ပျံသန်းနိုင်ခဲ့ပြီး ၎င်းမှာလည်း လုရွှမ် ဖြစ်နေသည်။
လုရွှမ်သည် ကောင်းကင်သို့ ပျံတက်သွားပြီး မိုးနတ်ဘုရား ဓားသွားကို လေထဲတွင် ဖမ်းဆုပ်လိုက်သည်။ ဓားစွမ်းအင်သည် ကောင်းကင်သို့ ပျံတက်သွားပြီး ဓား၏ ရည်ရွယ်ချက်မှာ အံ့အားသင့်စရာ ကောင်းလောက်အောင် ကောင်းလွန်းနေသည်။
နောက်တစ်ခုကတော့ မိုးကြိုးတိမ်များသည် အောင့်အိမ်တော်အထက် ကောင်းကသ်ဆီသို့ လျင်မြန်စွာ စုရုံးလာပြီး နတ်မိုးခြိမ်းသံက တရွေ့ရွေ့နဲ့ အားပြင်းလာသည်။ ဝိညာဥ်စွမ်းအင် စီးကြောင်းများက မြေအောက်မှ ထိုးထွက်လာကာ လုရွှမ် လက်ထဲက မိုးနတ်ဘုရားဓားထဲ ပေါင်းစပ်သွားသည်။
မိုးနတ်ဘုရားဓားမှာ ပိုကြီးလာပြီး အလင်းကလည်း ပိုမိုအားကောင်းလာ၏။ အလင်းရောင်သည် စူးရှလွန်းသဖြင့် လူတိုင်းရဲ့ နှလုံးသားထဲသို့ စူးဝင်လုနီးပါး ဖြစ်နေသည်။
အောင့်လင်ရဲ့ နှလုံးက ရုတ်တရက် လှုပ်ရှားသွားပြီး သူ့ပတ်ဝန်းကျင်ကို အခင်းအကျင်းများဖြင့် ကန့်သတ်ချက်လိုက်ကာ လက်ရှိနေရာက မြင်ကွင်းကို ဖုံးကွယ်ထားလိုက်သည်။
တစ်ချိန်တည်းမှာပင် လုရွှမ်လက်ထဲက မိုးနတ်ဘုရားဓားမှ သေခြင်းစွမ်းအင် စီးကြောင်းများက လုရွှမ်ရဲ့ ကိုယ်ခန္ဓာထဲသို့ တက်ကြွစွာ စီးဆင်းသွားကြသည်။
အားလုံး အသက်ရှူသံတွေ မျိုသိပ်ထားရပြီး ဘယ်သူမှ စကားမပြောရဲကြချေ။ ရှေးဟောင်းသိုင်းကမ္ဘာမှ နတ်မီးနယ်ပယ် သခင်သုံးယောက်ပင် မယုံနိုင်စွာ မျက်လုံးတွေ ပြူးကျယ်သွားကြသည်။
အစပိုင်းမှာတော့ ဒီဓားသိုင်းပညာက သူတို့ရဲ့ ကောင်းကင်ဓားကိုးစင်းကို ကူးယူထားတယ်လို့ ထင်ခဲ့ကြ၏။ သို့သော် ယခုအချိန်တွင် ရောင်ဝါ ထွက်လာသည်နှင့် မတူတော့ပေ။ အဘယ်ကြောင့်ဆိုသော် ထျန်းမျိုးနွယ်မှ လူ သုံးဦးသာ ဓားကိုးစင်းသိုင်းရဲ့ ပဉ္စမဓားကို ယခုအချိန်အထိ လေ့ကျင့်ထားနိုင်သောကြောင့်ပင်။
ထိုသုံးယောက်ကလည်း ဆုံးသွားကြပြီ။
ဒီဓားသိုင်းပညာနဲ့ ကောင်းကင်ဓားကိုးစင်း သိုင်းကြားက ဆက်စပ်မှုကိုတောင် သူတို့ မပြောနိုင်တော့ပေ။
ထျန်းရွှမ်အား လူငယ်ဂိုဏ်းဝင်အဖြစ် လေးစားရတဲ့ အကြောင်းရင်းမှာ သူ့ရဲ့ဓားသိုင်းပညာ ကျွမ်းကျင်မှုကြောင့်ပဲ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် လုရွှမ်ဓားရောင်ဝါကို ရင်ဆိုင်လိုက်ရရာ ထျန်းရွှမ် နှလုံးသားထဲတွင် ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။ မြေကြီးပေါ် ဗုန်းကနဲ လဲကျချင်စိတ် ပေါက်လာသလို ပင်ပန်းနွမ်းနယ်လာပြီး သူ့ရည်မှန်းချက် ပျောက်ဆုံးသွားသလို ဖြစ်လာ၏။
ဒီအချိန်မှာတော့ လူတိုင်းက ကောင်းကင်မှာ လွင့်မျောနေတဲ့ လုရွှမ် ကြည့်နေတာကြောင့် ဘယ်သူမှ သူ့ကို ဂရုမစိုက်ပါဘူး။
"ယွမ်ယန်ဓားကိုးစင်းရဲ့ နံပါတ်ငါးဓားချက် ကမ္ဘာ့ကိုဖျက်!"
မိုးနတ်ဘုရားဓားသည် နောက်ဆုံးတွင် အလွန်လျင်မြန်သော အရှိန်ဖြင့် ခုတ်လှဲလာခဲ့သည်။ ထို့အချိန်မှပင် လူတိုင်းသည် ဓားဆင်းသက်လာတာကို မြင်လိုက်ရပြီး သူတို့ရဲ့ မျက်လုံးများက အောင့်လင်ဘက်သို့ တစ်ပြိုင်နက်တည်း လှည့်သွားကြသည်။
သို့သော် ယခုအချိန်တွင် အောင့်လင်၏ မျက်လုံးများသည် အလွန်တရာမှ တုန်လှုပ်နေပြီး သူ့ခန္ဓာကိုယ်သည် ကောင်းကင်က အခင်းအကျင်း အလင်းအလွှာများဖြင့် ဖုံးလွှမ်းထားကာ ဝင်လာသော ဓားစွမ်းအင်များကို ခုခံထားသည်။
ကြီးမားသော သေခြင်းစွမ်းအင်ကို ခံစားလိုက်ရတဲ့အခါ ဤဓားကို ခုခံလို့ မရနိုင်၊ တိုက်ခိုက်နိုင်ရုံသာမက သူ့ဘက်က ခုခံနိုင်စွမ်းလည်း မရှိတော့တာကို သိလိုက်သည်။
သေခြင်းတရားရဲ့ စွမ်းအင်သည် အနက်ရောင် တိမ်တိုက်တစ်ခုကဲ့သို့ စုဝေးလာသည်။ စွမ်းအင်များက ကောင်းကင်ယံက အခင်းအကျင်း တည်ထားသော သလင်းကျောက်များကို တစ်လုံးပြီးတစ်လုံး ပြုတ်ကျသွားစေသည်။
မိုးရွာနေသလို ထိုးကျလာသော ထိုတိမ်တိုက်များသည် အရှိန်ပြင်းစွာ ဟိန်းဟောက်နေ၏။ သလင်းကျောက်များ မြေပြင်ပေါ်သို့ ကျသွားတဲ့ အခိုက်မှာတော့ ပြာများအဖြစ်သို့ တိုက်ရိုက်ပဲ ပြောင်းလဲသွားသည်။
အောင့်လင်မှာ ၎င်းကိုမြင်သောအခါ အလွန်တရာ စိတ်မကောင်း ဖြစ်မိသွားသည်။ ထိုသလင်းကျောက်များက နှစ်ပေါင်းများအတွင်း သူစုဆောင်းထားခဲ့သော မှော်လက်နက်များပဲ ဖြစ်သည်။