အပိုင်း (၄၄၆) – သခင်ကြီးရှီမာ
Vol. 005 Ch. 446
မိနစ်ပိုင်းမျှ တွေဝေပြီးနောက် ဆိုင်ရှင်ချူသည် ရှီမာယူယူပြောသည့်စကားကို နားလည်စ ပြုလာသည်။ သူသည် နောက်ရလဒ်နှစ်ခုအတွက် ဈေးမြင့်လိုက်ပြီး လူတွေ၏ အာရုံကို ဆွဲဆောင်လိုက်သည်။
“မလောက်သေးဘူး မဖြစ်သေးဘူး” ဆိုင်ရှင်ချူသည် လောင်းကြေးစာအုပ်အား ခါးသီးစွာ ကြည့်ပြီး အဆက်မပြတ် သက်ပြင်းချမိလေသည်။
အစေခံသည် သူ့အသံမှ မကျေနပ်သည့် အငွေ့အသက်များပါနေသေည်ကို ကြားသောအခါ သူ့အား အောက်ကျို့စွာကြည့်ပြီး ပြောလေသည် “သူဌေး ကျွန်တော်အထင်တော့ ပထမရလဒ်ကိုလည်း ဈေး တင်ရမယ်ထင်တယ်”
“မင်းလိုကောင်ကဘာသိလို့လဲ” ဆိုင်ရှင်ချူသည် သူ့အား ဒေါသဖြစ်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည် “ပထမရလဒ်အတွက်က လူတွေဒီလောက်များနေတာ၊ ကြည့် ၉၉ရာခိုင်နှုန်းက အဲဒါပဲ လောင်းကြတာ၊ သူတို့သာ ကောင်းကင်ကျားအိမ်တော် သတ်တာခံရရင် ငါတို့ အဝတ်တွေရော အကုန်ချွတ်ပေးရလိမ့်မယ်”
“ကျွတ် ကျွန်တော် ဆရာ့ကိုမသိတာကျလို့ သူတို့ဘာမှမဖြစ်ဘူးဆိုတာ ဆရာသေချာနေတာပဲ၊ သူတို့ အန္တရာယ်ဖြစ်မယ်ဆိုရင်တောင် သူတို့နိုင်အောင်လုပ်ပေးမှာမလား” အစေခံသည် သူ့ကို မယုံပဲ ပြောလိုက်သည်။
“မင်းပြောတာလည်းမှန်တာပဲ” ဆိုင်ရှင်ချူသည် ခေတ္တမျှစဉ်းစားကာ ပြောလိုက်လေသည် “ပထမရလဒ် အတွက် ၁၀ဆကနေ အဆ၂၀ပေးမယ်လို့ သတင်းလွှင့်လိုက်”
လောင်းကြေးအပြောင်းအလဲလုပ်ပြီးနောက် နှစ်ရက်အကြာတွင် လူပေါင်းထောင်ချီသည် လောင်းကြေး အတွက်ရောက်လာကြသည်။ ထိုကဲ့သို့ ဖြစ်ပျက်သွားသည်ဟု ရှီမာယူယူ ကြားသောအခါတွင် ဆွံ့အမိသွား သည်။ သူတို့အသက်ရှင်အောင်လုပ်နိုင်တဲ့ စွမ်းရည်ရှိတာကို ဘယ်သူမှမယုံဘူးထင်တယ်။
ထိုအချိန်တွင် ကောင်းကင်ကျားအိမ်တော်တစ်ခုလုံးသည် အစည်းအဝေးထိုင်ကာ ကိစ္စများဆွေးနွေးခဲ့ သည်။ တည်းခိုဆောင်ပိုင်ရှင်ချူကိစ္စ ဖြစ်ပြီးနောက်ပိုင်းတွင် ကောင်းကင်ကျားအိမ်တော် ခေါင်းဆောင်သည် နောက်တွင်သာနေကာ အိမ်တော်ကိစ္စများကို ဒုခေါင်းဆောင်နှင့် အကြီးအကဲများကိုသာ အပ်ထားခဲ့သည်။ ဒီနေ့ သူ ထပ်ပြီး ပေါ်လာသည်မှာ အရေးကြီးကိစ္စဖြစ်သည်ကို ဆိုလိုခြင်းဖြစ်သည်။ ဆွေးနွေးမှုတွင် အားလုံးသည် အိမ်တော်ခေါင်းဆောင် ကျောင်ဟိုင်မိုကို မယုံကြည်စွာ ကြည့်နေခဲ့ကြသည်။ ကျောင်ဟိုင်မိုသည် အသက် ၄၀ အရွယ်ဖြစ်ကာ သာမန် ခန္ဓာကိုယ်ရှိသည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော ပုံစံမျိုးရှိသည်။
“အခုဘာတွေဖြစ်နေတာလဲ ဘယ်လိုလုပ် တည်ဆောက်မှုသခင်နဲ့ သားရဲထိန်းကျောင်းသူ သခင်တို့က ပါ လာရတာလဲ” သူ၏ အသံနက်ကြီးသည် ဒေါသများ စွက်နေသည်။ ရှီမာယူယူနှင့် တခြားသူများ ပါလာခြင်း သည် သူ့အတွက် ဒေါသဖြစ်စရာဖြစ်မည်ထင်သည်။
“ကျွန်တော်တို့ သိရသလောက်တော့ အိမ်တော်ခေါင်းဆောင် ကျောင်ရှုရန်က ကျောင်မိသားစု အိမ်တော်ကို သွားစုံစမ်းဖို့သွားရင်းနဲ့ ဖြစ်သွားတာပဲ၊ အိမ်တော် ဒုခေါင်းဆောင် ကျောင်ရှုယုကလည်း သူတို့က ကာကွယ်ရေးအခကြေးငွေနဲ့ ဝင်ကြေးပေးဖို့ ငြင်းရင်းကနေ အသတ်ခံလိုက်ရတာပဲ အဲဒီသခင်ကြီးပေါ် လာတာနဲ့ အသတ်ခံလိုက်ရတာပဲ” အိမ်တော်ခေါင်းဆောင်များထဲမှ တစ်ယောက်က ပြောလိုက်သည်။
“ဒါဆိုရင် သူက ကောင်းကင်ကျားအိမ်တော်ကို အရင် ရန်စပြီး စိန်ခေါ်တာ မဟုတ်ဘူးပေါ့” ကျောင်ဟိုင် မို မေးလိုက်သည်။
အိမ်တော်ခေါင်းဆောင်များသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ အမှန်ကို ဝန်ခံသည့်အနေနှင့် ခေါင်းညိတ်လိုက်ကြသည် “ဟုတ်ပါတယ် အဲလိုပါပဲ”
“ငါတို့ ဒီကိစ္စကို ဝင်မပါရင် အဲနှစ်က ဖြစ်သလိုမျိုး ပြန်ဖြစ်သွားမှာမလား” ကျောင်ဟိုင်မိုသည် အေးစက်စွာ ထပ်မေးလိုက်သည်။ တိတ်ဆိတ်သွားလေသည်။
“ဒါပေမဲ့ အိမ်တော်ခေါင်းဆောင် အဲကလေးနှစ်ယောက်ကို ဒေါ်လေးက အပ်ထားခဲ့တာ။ သူတို့ကို ဂရုစိုက်ပါ့မယ်ဆိုပြီး ကတိပေးထားတာ။ အခု သူတို့က အသတ်ခံလိုက်ရပြီဆိုတော့ သူတို့ကို လွှတ်ပေးဖို့က မှန် ပါ့မလား” အိမ်တော်ဒုခေါင်းဆောင် ကျောင်ဟိုင်မင်က ခံပြင်းစွာ ပြောလေသည်။
“အဲလူက တည်ဆောက်မှုသခင်နဲ့ သားရဲထိန်းကျောင်းမှုသခင်နှစ်ခုလုံးဖြစ်တဲ့ သခင်ကြီးလေ၊ သူ့ကို အလွယ်တကူ ရန်သွားစလို့မရဘူး” ကျောင်ဟိုင်မို ကြိမ်းမောင်းလိုက်သည်။
ကျောင်ဟိုင်မင်သည် သဘောမတူစွာ ပြောလေသည် “ဒါပေမဲ့ ကျွန်တော်တို့ သူတို့ကို သွားစစ်ပြီးပြီလေ သူတို့က အနိမ့်ပိုင်းတိုင်းပြည်ကလူတွေပဲ နောက်ခံကလည်းတောင့်တာမဟုတ်ဘူး၊ သူတို့ ပျောက်သွားတယ် ဆိုရင်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူး”
“ရယ်စရာပဲ” ကျောင်ဟိုင်မိုသည် သူ့ညီအားကြည့်ကာ ပြောလိုက်သည် “မင်းက ဒီနှစ်တွေမှာ ကောင်းကင်ကျား အိမ်တော် ကိစ္စတွေကို စီမံနေလို့ ဂုဏ်ရှိတာတယ်ဆိုပြီး မင်းသတ်ချင်တဲ့လူကို သတ်လို့မရ ဘူး၊ အဲလူက သားရဲထိန်းကျောင်းသူနဲ့ တည်ဆောက်မှုသခင်ပဲ မင်းအဲလူကို မသတ်နိုင်လို့ သူလွတ်သွားမယ်ဆိုရင် ငါတို့ ကောင်းကင်ကျားအိမ်တော်က ဆက်ပြီး ရှိနိုင်မယ်ထင်လား”
“ဒါပေမဲ့ သူတို့က..” ကျောင်ဟိုင်မင်သည် စကားပြောရန် ပြင်လိုက်သော်လည်း သူ့အစ်ကိုသည် ဝါးစား မတတ်ကြည့်နေသဖြင့် ပါးစပ်ပိတ်သွားလေသည်။
“သူတို့အင်အားတွေက သိပ်မကောင်းဘူးလို့ မင်းပြောချင်တာလား” ကျောင်ဟိုင်မို မေးလိုက်သည်။ ကျောင်ဟိုင်မင်သည် တိတ်ဆိတ်စွာဖြင့် ဝန်ခံလိုက်သည်။
“ဟင် တည်ဆောက်မှုသခင်က ဘယ်လောက်တောင်အားကောင်းလဲ မင်းသိလား” ကျောင်ဟိုင်မို အေးစက်စွာပြောလေသည်။ “မင်းက သူတို့ရဲ့ အပေါ်ယံမျက်နှာပြင်ကိုပဲတွေ့ရတာ အားကောင်းတဲ့ တည် ဆောက်မှုတွေရဲ့ အန္တရာယ်ကို တွေ့ဖူးတာမဟုတ်ဘူး ပြီးတော့ သူတို့အားမနည်းဘူးဆိုတာ သိသာနေတာ သူတို့က စိတ်ပါရင် ကောင်းကင်ကျားအိမ်တော်က ခေါင်းဆောင်တွေအားလုံးကိုတောင် ရှင်းပစ်နိုင်တယ် ဒါမှမဟုတ်ရင် မင်းက တည်ဆောက်မှုတွေ ဘယ်လို အလုပ်လုပ်လဲဆိုတာ သိချင်တာလား”
“ကျွန်တော်…” ကျောင်ဟိုင်မင်သည် တည်ဆောက်မှုသခင်များ၏ စွမ်းအင်များကို သေချာစွာ သိ သော်လည်း သူချစ်ရသော သူများအတွက် လက်စားချေချင်သေးသည်။
“မင်းလက်စားချေမယ့် အကြံကို ပြန်ရုတ်သိမ်းရင်ကောင်းမယ်၊ အခုချိန်ကစပြီး မင်း လက်စားချေဖို့ အကြောင်းကို တွေးခွင့်တောင်မရှိဘူး၊ အခု မင်းသူတို့ကို ရိုရိုသေသေနဲ့ ဆက်ဆံရမယ်၊ မဟုတ်ရင် ကောင်းကင် ကျားအိမ်တော် တစ်ခုခုဖြစ်လာရင် ငါမင်းကို မညှာဘူး နားလည်လား”
“နားလည်ပါတယ်” သူသည် ခံပြင်းသော်လည်း သဘောတူခြင်းအပြင် မတတ်နိုင်ပေ။
“အိမ်တော်ခေါင်းဆောင် ကျွန်တော်တို့အခုဘာလုပ်ကြမလဲ” အိမ်တော်ခေါင်းဆောင်များထဲမှ တစ်ယောက်က မေးလိုက်သည်။
“ကျွန်တော်တို့က သူတို့ကို နှစ်ခါတောင်ရန်စပြီးပြီဆိုတော့ ထပ်ပြီး ရန်မစသင့်ဘူး၊ ကျွန်တော်တို့ သွားပြီး တောင်းပန်ရသင့်တယ်၊ သူတို့နဲ့ ဆက်ဆံရေးကောင်းအောင် လုပ်နိုင်မယ်ဆိုရင် ကောင်းမယ် မဟုတ်ရင် ကျွန်တော်တို့ကြားက ရန်ငြိုးတွေဖျောက်ဖို့ ကြိုးစားနေရဦးမယ်”
“ဒါဆို ဘယ်သူလုပ်မှာလဲ”
ကျောင်ဟိုင်မိုသည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည် “ငါသွားမယ်”
“အိမ်တော်ခေါင်းဆောင်ကလား” အိမ်တော်ခေါင်းဆောင်များသည် ကျောင်ဟိုင်မိုအား အံ့သြစွာ ကြည့် လိုက်ကြသည်။ သူက ဆင်းတွေ့တော့မှာလား။
“ကောင်းကင်ကျားအိမ်တော်ရဲ့ ဖြတ်လမ်းတည်ဆောက်မှုပျက်သွားပြီးကတည်းက အပြင်လောကနဲ့ ပိုပိုပြီး အဆက်အသွယ်နည်းလာတယ် ငါတို့က ငါ့တို့ကမ္ဘာမှာပဲ ပိတ်မိပြီး အပြင်လောကကို မသိတော့ဘူး” ကျောင်ဟိုင်မိုပြောလိုက်သည် “တည်ဆောက်မှုသခင်ပဲဖြစ်ဖြစ် သားရဲထိန်းကျောင်းသူသခင်ပဲဖြစ်ဖြစ် ရာထူးမြင့် တာပဲ၊ အဲလူက နှစ်ခုလုံးဖြစ်နေတယ်၊ လောကအမြင့်မှာဆိုရင်တောင် အဲလူက ဂုဏ်ယူစရာဖြစ်မှာပဲ အခု အဲလို လူကို ငါတို့သိပြီဆိုတော့ ငါတို့ပြန်ပြီး ပေါင်းရမှာပဲ သူတို့က ဧည့်သည်တည်းခိုဆောင်မှာပဲလား”
“ဟုတ်ပါတယ်၊ ရှီမာယူယူနဲ့ ဘေဂုံထန်ပဲထွက်လာပြီး တခြားသူတွေက အဲကနေထွက်မလာကြပါဘူး” တစ်စုံတစ်ယောက်က ဖြေလိုက်သည်။
“ဂိုဒေါင်ကို သွားပြီး ရတနာတွေ သွားယူလိုက်” ကျောင်ဟိုင်မို အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ အိမ်တော်ခေါင်းဆောင်”
ကောင်းကင်ကျားအိမ်တော်မှ လူများသည် အိမ်တော်ခေါင်းဆောင်ကိုယ်တိုင် ရှီမာယူယူအား သွား တောင်းပန်မည်ဟု ကြားသောအခါ အံ့သြကြသည်။ သူတို့သည် ရှီမာယူယူနှင့်အဖွဲ့ကို ဖမ်းရန် အမိန့်ကို စောင့် ဆိုင်းနေကြသည်။ အခုတော့ သူတို့ကို တရိုတသေဆက်ဆံရန် အမိန့်သာလက်ခံရရှိခဲ့သည်။ သို့သော် သူသည် မဟာမြို့အား ရှုပ်ထွေးအောင် ပြုလုပ်သူဖြစ်သည်။ ကောင်းကင်ကျားအိမ်တော်မှ အဓိကလူသည် ဧည့်သည် တည်းခိုဆောင်တွင် ပေါ်လာသည်ကိုတွေ့သောအခါ အားလုံးသည် အကဲခတ်နေကြသည်။
“အိမ်တော်ခေါင်းဆောင်ရောက်နေတယ်” ဆိုင်ရှင်ချူသည် ကျောင်ဟိုင်မိုအား ပြုံးပြီး ကြည့်နေလေ သည်။ ဆိုင်ရှင်ချူသည် အရင်ကအတိုင်းပဲ ဖြစ်နေသည်ကို ကျောင်ဟိုင်မို တွေ့လိုက်ရသည်။ သူ့ကိုယ်ရောင်ဝါ မှာ ပိုသန်မာလာခြင်း၊ ခန္ဓာကိုယ်မှ အနာရွတ်ရှိနေခြင်းမှလွဲပြီး အရင်အတိုင်းပဲဖြစ်သည်။ သူပြုံးပြီး နှုတ်ဆက် လေ သည် “ဆိုင်ရှင်ချူ ဒီနှစ်တွေမှာ ကျန်းမာပါရဲ့လား”
ဆိုင်ရှင်ချူသည် ပျော်ရွှင်စွာ ပြုံးပြကာ ပြန်ဖြေလေသည် “ကောင်းပါတယ်၊ ခင်ဗျားတို့လူတွေ ကျွန်တော့် စားပွဲတွေ ချိုးသွားပြီး အခုထိတော့ လျော်ကြေးမရသေးဘူး…”
“သူ့ပစ္စည်းတွေအတွက် လျော်ကြေးမပေးရသေးဘူးလား” ကျောင်ဟိုင်မိုသည် ဘေးတွင် ရပ်နေသော ကျောင်ဟိုင်မင်အား စိုက်ကြည့်လိုက်သည်။ ကျောင်ဟိုင်မင်သည် ကောင်တာသို့လာကာ မသဲမကွဲဖြင့် မေး လေသည် “ဘယ်လောက်လဲ”
“မများပါဘူး အလယ်အလတ်ကျောက် တစ်သောင်းပါပဲ” ဆိုင်ရှင်ချူသည် ပြောနေချိန်တွင် မျက်လုံး များ အရောင်တောက်နေလေသည်။
ကျောင်ဟိုင်မင်သည် ဒေါသမီးတောက်သွားသော်လည်း ကျောက်များပေးကာ ကျောင်ဟိုင်မို၏ ဘေး တွင် သွားရပ်နေလေသည်။
“ဆိုင်ရှင်ချူ သခင်ကြီးရှီမာ အထဲမှာရှိသေးလား” ကျောင်ဟိုင်မို မေးလိုက်သည်။
ဆိုင်ရှင်ချူသည် မျက်တောင်ခတ်ကာ သူ့နှလုံးခုန်သံများ မြန်လာသည်။
သခင်ကြီးလို့ သူပြောလိုက်တာလား။