သေလူများ ပြန်ရောက်လာခြင်း
Vol. 91 Ch. 1256
ထိုစဉ် ဝေ့ယန်ကျစ်က သေဆုံးသွားပြီ ဖြစ်၏။ ထိုစဉ် အဆုံးမဲ့မျိုးနွယ်၏ မိုးကောင်းကင်တာအိုကလည်း ပြိုလဲပျက်စီးသွားသည်။ ထိုအခိုက်အတန့်၌ စကြဝဠာတစ်ခုလုံးရှိ အဆုံးမဲ့မျိုးနွယ်ဝင်အားလုံးက စတင်တုန်ယင်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်မှ မမြင်နိုင်ဖွယ် အရှိန်အဝါတစ်ခု ပျောက်ဆုံးသွားသလိုမျိုး ဖြစ်၏။
ဝေ့ယန်ကျစ်က အဆုံးမဲ့မျိုးနွယ်၏ တည်ထောင်သူဘိုးဘေး ဖြစ်၏။ တကယ်တော့ သူက အဆုံးမဲ့မျိုးနွယ် တည်ရှိရခြင်း၏ အကြောင်းအရင်းဟုပင် ဆိုရပေမည်။
အဆုံးမဲ့မျိုးနွယ်၏ မိုးကောင်းကင်တာအိုအတွက်မူ သူကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်၏။ သေချာသည့် အနေအထားအရ ထိုအရာသည် အသုံးချပစ္စည်းတစ်ခု ဖြစ်သလို နတ်ဘုရားလက်နက်တစ်ခုလည်း ဖြစ်ပေသည်။ ထို့ကြောင့် သူ့သေဆုံးမှုက အဆုံးမဲ့မျိုးနွယ်ဝင်အားလုံး၏ စိတ်နှလုံးသားကို တုန်ယင်သွားစေသည်။ မိုးကောင်းကင်တာအို ပြိုလဲသွားမှုက သူတို့အဆုံးမဲ့မျိုးနွယ်ဝင်များထံ ချီးမြှင့်ပေးထားသည့် အထောက်အပံ့အားလုံးကို ဖျက်ဆီးလိုက်သလိုမျိုး ဖြစ်၏။
အဆုံးမဲ့မျိုးနွယ်ဝင်များက နတ်ဘုရားပလ္လင်ပေါ်မှ သေမျိုးဘဝသို့ ကျဆင်းသွားကြသည်။
ဝေ့ယန်ကျစ် သေဆုံးသွားသည်နှင့် နတ်ဘုရားဝိညာဉ်သာ ကျန်ရှိတော့သည့် သူ့ခန္ဓာကိုယ်က တုန်ယင်သွားကာ သူက ပါးစပ်ကို ဟလိုက်သော်လည်း နောက်ကျလွန်းသွားခဲ့သည်။ သူ့ နတ်ဘုရားဝိညာဉ်က ချက်ချင်းဆိုသလို အမှုန့်ဖြစ်သွားပြီး စကြဝဠာထဲ ပျောက်ကွယ်သွား၏။
အဆုံးမဲ့မျိုးနွယ်က နဂိုနှင့် မတူတော့ပေ။
ထိုအခိုက်အတန့်၌ ချန်ရှင်း၏ ဆံပင်က တလူလူလွင့်နေပြီး အဆုံးမဲ့မျိုးနွယ် မိုးကောင်းကင်တာအို ပျက်ဆီးမှုကြောင့် ဖြစ်တည်လာသည့် စည်းမျဉ်းဥပဒေသ ကြိုးမျှင်များစွာက သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားလေသည်။ သူ့ခန္ဓာကိုယ်မှ တုန်လှုပ်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ဝေ့ယန်ကျစ်ထက်ပင် ကြောက်ဖို့ကောင်းသည့် ဖိအားမျိုး ထုတ်လွှတ်လာသည်။
ထိုဖိအားက မမြင်နိုင်သည့် လှိုင်းတွန့်များသဖွယ် ပြောင်းလဲသွားခဲ့၏။
ထိုအရာက အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေ၊ မဟာလက်ဝဲတာအိုနယ်မြေနှင့် မဟာဒိဌိနယ်မြေရှိ ဂိုဏ်းများ၊ မျိုးနွယ်အားလုံးကို လွှမ်းခြုံသွားခဲ့သည်။ ပြောရလျှင် ထိုအရာက ကျောက်ပြားကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။
ကျောက်ပြားကမ္ဘာက အမှောင်ဂိုဏ်း ကြီးစိုးစဉ်အချိန်ကို ပြန်ရောက်သွားဟန်ပေါ်သည်။ ယခုအခါ သဘာဝ စည်းမျဉ်းဥပဒေသအားလုံးကို အမှောင်ဂိုဏ်းက ကြီးစိုး၏။
သက်ရှိအားလုံး၏ ကျင့်ကြံဆင့်က များစွာ ပြောင်းလဲခြင်း မရှိသော်လည်း ဤသို့သော ပတ်ဝန်းကျင်အနေအထားမျိုးတွင် သူတို့က ပြောင်းလဲရလိမ့်မည်။ အကယ်၍ သူတို့က စတင်မပြောင်းလဲပါက သူတို့၏ တာအိုအုတ်မြစ်သည် ပြိုလဲသွားနိုင်သည်။
မရဏအငွေ့အသက်များက ကျောက်ပြားကမ္ဘာတစ်ခုလုံးကို ပြည့်နှက်သွား၏။ ပြန်လည်ဝင်စားခြင်း စွမ်းအားကလည်း ယခုအခိုက်အတန့်တွင် အမှောင်ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာသည်။ ကြယ်တာရာကောင်းကင်အထက် သေလူများ၏ ဝိညာဉ်များက ကျောက်ပြားကမ္ဘာအတွင်း ပြန်လည်ပေါ်ထွက်လာ၏။
ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးက ခန္ဓာကိုယ် တုန်တုန်ယင်ယင် ဖြစ်သွားသော်လည်း သူက တိုက်ပွဲတွင် ကူညီပေးခဲ့သူ ဖြစ်၏။ သိသာလှစွာ သူက အမှောင်ဂိုဏ်းမှ ကောင်းချီးကို လက်ခံရရှိလိုက်သည်။ သူ့နဂိုဆုံးရှုံးသွားသည့် ခြေထောက်များက အမှောင်ချီနှင့် ပြန်လည် ဖွဲ့စည်းဖြစ်တည်လာသည်။ တကယ်တော့ သူ့ကျင့်ကြံဆင့်က ပေါက်ကွဲထွက်သွားခဲ့ပြီး အလယ်အလတ် စကြဝဠာအဆင့်မှ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ဤအနေအထားတွင် သူက ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးနှင့်ပင် အတူတူ ဖြစ်၏။
ရွှမ်ဟွားအတွက်လည်း အတူတူသာဖြစ်ပေသည်။ သူက အဆုံးမဲ့မျိုးနွယ်ဝင် တစ်ယောက်ဖြစ်ခဲ့သော်လည်း အမှောင်ချီ၏ ကောင်းချီးကို ခံစားခဲ့ရသည်။ သူ့ဒဏ်ရာများက ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်သွားပြီး ကျင့်ကြံဆင့်ကလည်း တိုးမြင့်လာသည်။ တိရှန်းနှင့် ကွမ်းမင်တို့ကသာ အရှိန်အဝါ အားနည်းသည်ထက် ပိုမိုအားနည်းသွားလေ၏။ သူတို့က ရုန်းကန်ဖို့ အခွင့်အရေးပင် မရပေ။ သူတို့က အမှောင်ချီဖြင့် အတင်းအကြပ် ပြောင်းလဲခံလိုက်ရသည်။
သို့သော်လည်း ချန်ရှင်းကလွဲ၍ ဝမ်ပေါင်လဲ့က အကျိုးအမြတ်များစွာ ရရှိခဲ့သူ ဖြစ်သည်။ ကျောက်ပြားကမ္ဘာတစ်ခုလုံးက အမှောင်ချီဖြင့် ပြည့်နှက်သွားသည့်အခါ ဝမ်ပေါင်လဲ့ သူ့ခန္ဓာကိုယ်ထဲ ကျင့်ကြံထားသည့် အဆုံးမဲ့မျိုးနွယ်၏ မိုးကောင်းကင်တာအိုနှင့်သက်ဆိုင်နေသော စည်းမျဉ်းများက ရုတ်ချည်းဆိုသလို ပြိုလဲသွားသည်။ တစ်ချိန်တည်းဆိုသလို အဆုံးမဲ့မျိုးနွယ်၏ မိုးကောင်းကင်တာအို၏ ပြိုလဲမှုကြောင့် ဖြစ်တည်လာသည့် ကြိုးမျှင်များမှ သစ်သားဓာတ်၊ ရေဓာတ်၊ သတ္တုဓာတ်၊ မီးဓာတ်နှင့် မြေဓာတ်တို့က ဝမ်ပေါင်လဲ့ဆီ ရောက်ရှိလာသည်။
ဓာတ်ငါးပါး စည်းမျဉ်းဥပေဒေသက မိုးကောင်းကင်တာအို၏ လုပ်ပိုင်ခွင့် ဖြစ်၏။ ပေါင်းစည်းပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ သစ်သားဓာတ်တာအိုနှင့် ရေဓာတ်တာအိုတို့က ယခင်နှင့်မတူဘဲ သိသိသာသာ တိုးတက်လာသည်။ ယခင်က သူက မဟာလက်ဝဲတာအိုနယ်မြေရှိ သစ်သားဓာတ်တာအိုနှင့် ရေဓာတ်တာအိုတို့ကိုသာ ထိန်းချုပ်နိုင်ခဲ့သည်။ ယခုအခါ သူက ကျောက်ပြားကမ္ဘာတစ်ခုလုံးရှိ ထိုဓာတ်သဘာဝ စွမ်းအားများကို ထိန်းချုပ်နိုင်ပြီ ဖြစ်၏။
ကျန်သည့် တာအိုသုံးခုအတွက်မူ ဝမ်ပေါင်လဲ့က တာအိုမျိုးစေ့ မဖွဲ့စည်းရသေးသော်လည်း လုပ်ပိုင်ခွင့်က ရရှိထားပြီးသား ဖြစ်၏။ အရင်ဦးစွာ သူက လုပ်ပိုင်ခွင့် ရရှိခဲ့ခြင်းဟု ဆိုရပေမည်။
ထိုတာအိုသုံးခု၌ တာအိုမျိုးစေ့ဖွဲ့စည်းမှု ဖြစ်စဉ်က ယခင်ကထက် ချောမွေ့သွားသည်ဟု ဆိုရပေမည်။
သူက အဆုံးမဲ့ကုန်းမြေဆီ ဦးတည်နေသည့် ရထားလုံးအပေါ် တက်လိုက်မိသလိုမျိုး ဖြစ်၏။ လက်မှတ်အတွက်မူ သူက နောက်မှ ပေးချေနိုင်သည်။
ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်ကလည်း အလယ်အလတ် ကြယ်နယ်မြေအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သူ့ခန္ဓာကိုယ်တွင် ရှိနေသည့် အမှောင်မီးတောက်က ချက်ချင်းဆိုသလို ပျံ့နှံ့လာသည်။
သူ့ဘေးတွင်ရှိနေသည့် ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးကပင် ဘေးဖယ်လိုက်ရသည်။ သူက နှောင်းပိုင်း စကြဝဠာအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသော်လည်း အမှောင်မီးတောက်ကို ကြောက်ရွံ့ကာ အလျင်အမြန် ရှောင်ရှားလိုက်သည်။
အမှောင်မီးတောက်က ကျောက်ပြားကမ္ဘာ၏ နယ်နိမိတ်အတွင်း အထွတ်အထိပ်ပညာရပ် တစ်ခု ဖြစ်သည်။
သို့သော်လည်း သူတို့နှင့်ယှဉ်ပါက ချန်ရှင်း၏ ကျင့်ကြံဆင့်သည် အမှန်တကယ် မြင့်တက်သွားခြင်း ဖြစ်၏။ သူက အဆုံးမဲ့မျိုးနွယ်၏ မိုးကောင်းကင်တာအိုအပါအဝင် စည်းမျဉ်းများထဲ ဓာတ်ငါးပါးကလွဲ၍ ကျန်စည်းမျဉ်းအားလုံးကို ဝါးမျိုခဲ့သည့်အတွက် အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုကလည်း သိသိသာသာ အားကောင်းလာသည်။
ဓာတ်ငါးပါးမရှိဘဲဖြင့်ပင် အတော်လေး အားကောင်းနေ၏။
ထို့အပြင် ထိုအားကောင်းမှုက ကျောက်ပြားကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ မိုးကောင်းကင်တာအိုနှင့် ပေါင်းစည်းထားသည့် ချန်ရှင်း သို့မဟုတ် မိုးကောင်းကင်တာအိုဟု ဆိုနိုင်သည့်သူက တောင်များကို ဖြိုခွင်းကာ ပင်လယ်ကို ပြောင်းပြန်လှန်သည့် အရှိန်အဝါကို ထုတ်လွှတ်လာသည်။
သူ့ကျင့်ကြံဆင့်က အံ့မခန်းအနေအထားသို့ ရောက်ရှိနေပြီ ဖြစ်၏။ ယခုအခါတွင်သူ့အရှိန်အဝါတစ်ခုတည်းဖြင့် ကောင်းကင်ကို လှုပ်ခတ်သွားစေနိုင်သည်။ သူ့ကျင့်ကြံဆင့်က အထွတ်အထိပ် စကြဝဠာအဆင့်မှ အဆင့်တက်လှမ်းသွားဟန်ပေါ်သည်။
ကမ္ဘာမြေတုန်လှုပ်ဖွယ် အသံကျယ်ကြီးက ချန်ရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သက်ရှိအားလုံး၏ စိတ်ထဲ ပဲ့တင်ထွက်သွားသည်။
ကျောက်ပြားကမ္ဘာ၏ နယ်နိမိတ်ထက် ကျော်လွန်နေသည့် စွမ်းအားမျိုးက ချန်ရှင်းဆီမှ မွေးဖွားလာသလိုမျိုး ဖြစ်၏။
သို့သော်လည်း ဤသို့သော အဆင့်တက်လှမ်းမှုက မလွယ်ကူမှန်း သိသာလှသည်။ ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာပြီးသည့်နောက်တွင် ချန်ရှင်း၏ အရှိန်အဝါက အပြင်းအထန် ထွက်ပေါ်လာကာ ကျောက်ပြားကမ္ဘာတစ်ခုလုံးကို ဆူဆူညံညံအသံများဖြင့် ဖုံးလွှမ်းသွားစေသည်။
ချန်ရှင်း၏ မျက်ဝန်းအထက် အလင်းတန်းတစ်ချက် ဖြတ်ပြေးသွား၏။ ယခင်ကြိုးပမ်းမှုများ ကျရှုံးခဲ့သော်လည်း သူက အတားအဆီးကို ချိုးဖောက်ဖို့ စွမ်းအင်အလုံအလောက် မရှိသေးသည့်အတွက် နားလည်လေသည်။ သူက အဆုံးမဲ့မျိုးနွယ်၏ မိုးကောင်းကင်တာအိုကို အပြီးတိုင် စုပ်ယူလိုက်သရွေ့ အဆင့်တက်လှမ်းဖို့က ခက်ခဲမည် မဟုတ်ပေ။
“စကြဝဠာအဆင့်ပြီးရင် ဘာလာတာလဲ” ချန်ရှင်းက သူ့ဘာသာသူ ရေရွတ်လိုက်သည်။ သူက ထပ်မံ မကြိုးစားတော့ဘဲ ဝမ်ပေါင်လဲ့ကို လှည့်ကြည့်လိုက်၏။
ဝမ်ပေါင်လဲ့က ထိုအသံကျယ်ကြီးကြောင့် တုန်လှုပ်နေသူ ဖြစ်သည်။ ယခုအခိုက်အတန့်တွင် သူက ချန်ရှင်း၏ အကြည့်ဖြင့် ဆုံသွားလေ၏။
ဝမ်ပေါင်လဲ့က တိတ်ဆိတ်စွာဖြင့် ခေါင်းငုံ့ကာ ကောင်းကင်ကို ဦးညွှတ်လိုက်သည်။ သူက ဘာမှမပြောသလို ချန်ရှင်းကလည်း ဘာမှမပြောပေ။ သို့သော်လည်း သူ့မျက်ဝန်းအထက် ညင်သာသည့် အရိပ်အယောင်တို့ ရှိနေသည်။
“ဂိုဏ်းတူညီလေး ငါ့တစ်ဘဝလုံးက သတ်ဖြတ်နေခဲ့ရတာ။ ငါ မှန်လား မှားလား မသိတဲ့အရာတွေလည်း အများကြီး လုပ်ခဲ့တယ်။ ငါက သတ်ဖြတ်ငွေ့တွေ ပြင်းထန်နေတဲ့ ဘဝမှာ နေထိုင်ခဲ့ရပြီးတော့ နောင်ရမိတယ်။ ငါ အခု အရမ်းပင်ပန်းနေပြီ။ အဆုံးမဲ့မျိုးနွယ်ရဲ့ မိုးကောင်းကင်တာအိုရဲ့ ရည်ရွယ်ချက်က ငါ့ခန္ဓာကိုယ်ကို ငှားဖို့အပြင် ဘာမှမဟုတ်မှန်း သိတယ်။ ပူးကပ်ခြင်းပဲ ဖြစ်ဖြစ်၊ တခြားအစီအစဉ်ပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ အကြောင်းအရင်းက ငါလည်း သူ့ကို အသုံးချပြီး ငါ့တာအိုကို သိချင်လို့ပဲ။ တစ်ချိန်တည်းဆိုသလို အမှောင်ဂိုဏ်းကလည်း ငါ ပြီးမြောက်ရမဲ့ တာဝန်တစ်ခုပဲ။ ဆရာ မသေခင်မှာ ပြောခဲ့တဲ့စကားတွေကို မမေ့သေးဘူး။
ပြီးတော့ ငါ မင်းရဲ့ ဇစ်မြစ်ကိုလည်း သိတယ်။ မင်း ထွက်သွားဖို့ ကံကြမ္မာဖန်မှတော့ ငါ့ရဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ သုံးပြီးတော့ မင်းကို ထွက်သွားဖို့ တားဆီးနေတဲ့အရာတွေကို ပိတ်ဆို့ပေးမယ်။ အဲဒီနည်းလမ်းနဲ့ဆိုရင် ငါတို့ရဲ့ ကြိုးစားမှုတွေက အလကား မဖြစ်တော့ဘူး။
ငါ လုပ်နိုင်ပါ့မလားတော့ မသိဘူး။ ဒါပေမဲ့ အဆုံးသတ်မှာ ငါ ကျရှုံးသွားတယ်ဆိုရင်တောင် မင်းကို ဒီနေရာကနေ ထွက်သွားဖို့ အခွင့်အရေးတစ်ခုတော့ ပေးနိုင်မယ် ထင်တယ်။
မင်းက ငါ့အတွက် အဆုံးမဲ့မျိုးနွယ်ကို ရန်စပြီးတော့ အဆုံးမဲ့မျိုးနွယ် မိုးကောင်းကင်တာအိုရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပြသခဲ့တယ်။ ငါလည်း ကျောက်ပြားကမ္ဘာရဲ့ အပြင်ဘက်မှာရှိတဲ့ အတားအဆီးတွေနဲ့ နည်းလမ်းတွေကို မင်းကို မြင်တွေ့ခွင့်ပေးမယ်။ ဒါက ငါတို့ရဲ့ ထာဝရနှုတ်ဆက်မှု ဖြစ်သွားနိုင်တယ်။” ချန်ရှင်းက သူ့ဘာသာသူ ရေရွတ်လိုက်သည်။
သူ့စကားများက ချန်ရှင်း၏ နှလုံးသားထဲမှ ပဲ့တင်ထွက်သွားခြင်း ဖြစ်၏။ သူက ကျယ်လောင်စွာ မပြောလိုက်ပေ။ သူက သူ့စိတ်ထဲ၌သာ ပဲ့တင်ထွက်နေလေသည်။ သူက ဝမ်ပေါင်လဲ့ကို ကြည့်ရင်း သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။
အပြုံးက နောင်တနှင့် စွဲလမ်းမှုတို့ မပါဝင်ပေ။ သူက ခေါင်းလှည့်ကာ ကြယ်တာရာကောင်းကင် အနက်ပိုင်းကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူက မျက်လုံးကို မှိတ်ကာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက အကောင်းဆုံးကြိုးစားကာ သူ ဝါးမျိုလိုက်သည့် အဆုံးမဲ့မျိုးနွယ်၏ မိုးကောင်းကင်တာအို စွမ်းအားကို ချေဖျက်ရဦးမည် ဖြစ်၏။
“ငါ ပြီးဆုံးသွားတဲ့အခါ အဲဒီနေ့ရက် ရောက်လာပါလိမ့်မယ်။ ငါ ချန်ရှင်းက အဆင့်တက်လှမ်းပြီးတော့ ငါ့ရဲ့ တာအိုကို ရှာဖွေမယ်”