ဂိုဏ်းတူအစ်ကိုကြီး
Vol. 91 Ch. 1258
ချန်ရှင်းကို ကြည့်ကာ ဝမ်ပေါင်လဲ့က တိတ်ဆိတ်သွားသည်။ အားလုံးက ကိုယ်ပိုင်တာအို ရှိကြသည့်အတွက် မည်သူကမှ သူတို့ကို တားဆီးပိုင်ခွင့် မရှိပေ။ တာအိုကို ရှာဖွေခြင်းဖြစ်စေ၊ ထိုအရာအတွက် အသက်စွန့်ခြင်းဖြစ်စေ … ကျင့်ကြံသူများအတွက် သူတို့၏ အဆင့်အနေအထားတွင် ဤသည်က လျှောက်လှမ်းရမည့် လမ်းစဉ် သို့မဟုတ် ဘဝ၏ ရည်ရွယ်ချက်သာ ဖြစ်၏။
အဆုံးသတ်၌ သူတို့က ထိုခြေလှမ်းကို လှမ်းရမည်သာ ဖြစ်သည်။ သူတို့က တကယ့်ကမ္ဘာကို မြင်တွေ့ဖို့ အပြင်ဘက်ကို လျှောက်လှမ်းရမည်ဖြစ်ကာ သူတို့နှစ်များစွာ ကျင့်ကြံထားသည့် အရာများကို တွေ့ကြုံခံစားရမည်။ သူတို့ရှာဖွေနေသည့် တာအိုကိုလည်း တွေ့လာရမည်။
ဝမ်ပေါင်လဲ့က ထိုအရာနှင့် ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေ၏။ သို့သော်လည်း အဆုံးသတ်၌ သူက သက်ပြင်းသာချလိုက်သည်။
“ဂိုဏ်းတူညီလေး ငါ့ကို ဂိုဏ်းတူအစ်ကိုကြီးလို့ ခေါ်ပေးလို့ရမလား” ချန်ရှင်းက ဝမ်ပေါင်လဲ့၏ စိတ်ထဲမှ အပြောင်းအလဲကို ခံစားမိကာ ပြောလိုက်သည်။ သူက ညင်သာစွာ ပြုံးလိုက်၏။ ဤတစ်ကြိမ် သူ ထွက်သွားရခြင်းသည် မသေမချာဖြစ်နေသည့်အတွက် သူ သေဆုံးကာ သူ့တာအိုပင် ပျောက်ကွယ်သွားနိုင်ကြောင်း သိထားသည်။ သူက ထိုအရာကို မကြောက်သလို နောင်တလည်း မရပေ။ တစ်ခုတည်းသော နောင်တက သူ့ကို နွေးထွေးကာ အဓိပ္ပာယ်ရှိအောင် ပြုလုပ်ပေးနိုင်သည့် အခေါ်အဝေါ်ကို မကြားရခြင်း ဖြစ်၏။
သူ့ဆရာ သေဆုံးသွားသည့်အခိုက်အတန့်တွင် သူတို့၏ ဆက်ဆံရေးက ပြိုလဲသွားရသည်။
သူက ယခင်က မပြောခဲ့ဖူးသော်လည်း သူ ထွက်မသွားခင် ဂိုဏ်းတူအစ်ကိုကြီးဟူသော စကားကို ကြားချင်မိသည်။
ဝမ်ပေါင်လဲ့က ပါးစပ်ဟလိုက်သော်လည်း ထိုစကားက လည်ပင်း၌ တစ်ဆို့နေဟန်ပေါ်သည်။ အဆုံးသတ်၌ သူက တိတ်ဆိတ်ဖို့သာ ရွေးချယ်လိုက်၏။ သို့သော်လည်း သူက ညာဖက်လက်ကို မြှောက်ကာ သူ့မျက်ခုံးအလယ်ကို ထိလိုက်သည်။
ထိုသို့လုပ်ဆောင်ပြီးသည့်နောက် သူ့ခန္ဓာကိုယ်က တုန်ယင်လာ၏။ ပတ်ဝန်းကျင်မှ အမှောင်ချီများလည်း ပျံ့လွင့်လာကာ ကြယ်တာရာကောင်းကင်က လှုပ်ခတ်သွားသည်။ ဝမ်ပေါင်လဲ့၏ အရှိန်အဝါက ထိုတုန်ခါမှုများကြား ပေါက်ထွက်လာ၏။
ထိုအရာ ထွက်ပေါ်လာသည်နှင့် သူ့ယခင်ဘဝမှ ပုံရိပ်များက အနောက်ဖက်တွင် ပေါ်ထွက်လာသည်။ ပထမဦးစွာ ရှင်းဟော်နတ်ဘုရားမျိုးနွယ်၏ တုန်လှုပ်ဖွယ်စွမ်းအား ဖြစ်၏။ ထို့နောက် ဖုတ်ကောင်၏ လွှမ်းမိုးနိုင်သည့် အငွေ့အသက်၊ နတ်ဆိုးဓား၊ အငြိုးကြီး ကျင့်ကြံသူနှင့် အဖြူရောင်သမင်ငယ်လေးတို့ ဖြစ်သည်။ ထိုပုံရိပ်များက ဝမ်ပေါင်လဲ့ အနောက်ဖက်တွင် ပေါ်ထွက်လာ၏။ သူတို့က မိုးမြေကြားတွင် ရပ်တည်ကာ ဤအရှိန်အဝါက ကြောက်ခမန်းလိလိ ဖြစ်နေသည်။ တစ်ခုချင်းစီက အရှိန်အဝါအမြောက်အများ ပါဝင်နေလေ၏။
သူတို့တစ်ခုချင်းစီက ကောင်းကင်ကို ဖြိုခွင်းကာ လမ်းတွင် ရှိသမျှအရာအားလုံးကို ဖိနှိပ်ထားဟန်ပေါ်သည်။
ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်က တိုးမြင့်လာပြီး ဓာတ်ငါးပါးက နက်ရှိုင်းလာကာ ယခင်ဘဝမှ အရှိန်များကလည်း အားကောင်းလာသည်။ ထိုအခိုက်အတန့်၌ မိုးမြေက တုန်ခါသွားပြီး ဝမ်ပေါင်လဲ့က လက်ကိုမြှောက်ကာ လက်ဝါးကို ဖြည်းဖြည်းချင်း ဖိလိုက်သည်။
သူ့လှုပ်ရှားမှုများက နှေးကွေးနေပြီး သူ့အတွက် ထိုသို့လုပ်ဆောင်ဖို့ရာ အင်မတန် ခက်ခဲနေဟန်ပေါ်သည်။ ဝမ်ပေါင်လဲ့၏ လက်က တစ်ခုနှင့်တစ်ခု ထိတွေ့သွားသည့်အခါ သူ့ယခင်ဘဝရှိ အရိပ်အားလုံးကလည်း အတူတကွ ပေါင်းစည်းသွားခဲ့သည်။ ထိုအရိပ်အလယ်တွင် သူတို့က အနက်ရောင် သစ်သားပြားအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဤသည်က ယခင်က ပေါ်ထွက်လာဖူးသည့် အနက်ရောင်သစ်သားပြားနှင့် ကွဲပြား၏။ ဝမ်ပေါင်လဲ့ ထုတ်ဖော်ခဲ့ဖူးသည့် ပင်မခန္ဓာက ပုံရိပ်ယောင်အရိပ်မျှသာ ဖြစ်ခဲ့သည်။ ဤတစ်ကြိမ်ကမူ ပုံရိပ်ယောင် မဟုတ်ဘဲ အစစ်အမှန် ဖြစ်၏။
သို့သော်လည်း ဝမ်ပေါင်လဲ့၏ လက်ရှိကျင့်ကြံဆင့်က ထူးကဲသော်လည်း အနက်ရောင်သစ်သားပြား၏ တကယ့်အသွင်အပြင်ကို ထုတ်ဖော်နိုင်လောက်အောင် မတည်ငြိမ်သေးပေ။ ထို့ကြောင့် အနက်ရောင်သစ်သားပြား၏ ၁၀ ရာခိုင်နှုန်းကသာ အစစ်အမှန်ဖြစ်ပြီး ကျန်ရှိနေသည့် ၉၀ရာခိုင်နှုန်းက ပုံရိပ်ယောင် ဖြစ်၏။
အနက်ရောင်သစ်သားပြား ပေါ်ထွက်လာသည်နှင့် ၁၀ ရာခိုင်နှုန်းသာ အစစ်အမှန်ဖြစ်နေလျှင်ပင် ကြောက်ခမန်းလိလိ အရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။ ထိုအရှိန်အဝါ၏ သက်ရောက်မှုက ကြီးမားလွန်းသည့်အတွက် ကျောက်ပြားကမ္ဘာတစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးကလည်း စိတ်ထဲ တုန်ယင်သွားကာ အမူအရာ ပြောင်းလဲသွား၏။
စန္ဒာကြယ်ဂိုဏ်းရှိ ရေတံခွန်ရှေ့ ကျင့်ကြံနေသည့် စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးကလည်း မျက်လုံးပွင့်လာကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“အချိန် ပြည့်ခါနီးပြီ” ထိုခေါင်းဆောင်ကြီးက ရေရွတ်လိုက်၏။
ဝမ်ပေါင်လဲ့၏ အနောက်ဖက်ရှိ အရှိန်အဝါက ပိုမိုကြီးကျယ်လာ၏။ ထိုအရာက သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အရင်းအမြစ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ကျောက်ပြားတစ်ခုလုံးကို ဆက်တိုက် လှုပ်ခါနေစေဟန်ပေါ်သည်။ အားလုံးကလည်း သူတို့၏ စိတ်ထဲမှ ကိုးကွယ်လိုသည့် ဆန္ဒကို ခံစားမိလိုက်ကြ၏။
ချန်ရှင်းက ပထမဦးဆုံး တုံ့ပြန်ခဲ့သူ ဖြစ်၏။ သူ့လို အားကောင်းသည့်သူကပင် နောက်ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူ့အကြည့်များက တောက်ပနေပြီး ဝမ်ပေါင်လဲ့ကို ကြည့်ကာ အနက်ရောင်သစ်သားပြားကိုလည်း ကြည့်လိုက်သည်။
သူက သူ့ဂိုဏ်းတူညီလေး၏ နောက်ခံနှင့် ဇစ်မြစ်ကို သိထားသော်လည်း ထိုအရာကို ကိုယ်တိုင်မြင်တွေ့သည့်အခါ စိတ်ခံစားချက်များစွာ ရောပြွန်းနေသည်။
သူ့အနေနှင့် ဝမ်ပေါင်လဲ့ ဘာလုပ်လိုမှန်း မှန်းဆမိလိုက်သည့်အတွက် သူ့အမူအရာက ချက်ချင်းဆိုသလို ရှုပ်ထွေးလာ၏။
“ဂိုဏ်းတူညီလေး မင်း …”
သို့သော်လည်း သူ့စကားမဆုံးခင် ဝမ်ပေါင်လဲ့က သူ့လက်ကို ဖြည်ချလိုက်သည်။ သူက ညာဖက်လက်ကို မြှောက်ပြီး သူ့အနောက်ဖက်တွင်ရှိနေသည့် အနက်ရောင်သစ်သားပြားကို ဖိလိုက်သည်။ သူက ဘာစကားမှမပြောဘဲ သူ့နဖူးအထက် သွေးကြောများ ထင်းထွက်လာကာ ထိုအရာကို ခက်ခက်ခဲခဲ ဆွဲယူလိုက်သည်။
အသံကျယ်ကြီးနှင့်အတူ ဆယ်ရာခိုင်နှုန်း အစစ်အမှန်ဖြစ်သည့် အနက်ရောင်သစ်သားပြားထဲမှ အစိတ်အပိုင်းတစ်ခုက ဝမ်ပေါင်လဲ့၏ အလိုဆန္ဒဖြင့် ကျိုးသွားခဲ့သည်။ သူက လက်တစ်ချောင်းအရွယ် သစ်သားပြားလေးကို ချိုးခဲ့သည်။
ထိုအရာက အနက်ရောင်သစ်သားပြား၏ တစ်ရာပုံ တစ်ပုံမျှသာ ဖြစ်သော်လည်း အဆင့်အတန်း မြင့်မားမှုကြောင့် အစိတ်အပိုင်းတစ်ခုသာ ဖြစ်နေလျှင်ပင် အထွတ်အထိပ် ရတနာတစ်ခု ဖြစ်နေဆဲ ဖြစ်၏။
အနက်ရောင် သစ်သားပြားအတွက်မူ ပြင်ပစွမ်းအားဖြင့် မဖျက်ဆီးနိုင်ပေ။ သူကိုယ်တိုင်ကသာ ဖျက်ဆီးနိုင်၏။ ဖျက်ဆီးလိုက်သည့် အကျိုးသက်ရောက်မှုကလည်း မနည်းလှပေ။ ထို့ကြောင့် နောက်အခိုက်အတန့်၌ ဝမ်ပေါင်လဲ့၏ အရှိန်အဝါက သိသိသာသာ လှုပ်ခတ်သွားကာ သူ့မျက်နှာက ဖြူဖျော့သွားသည်။
သို့သော်လည်း သက်ရောက်မှုက ထာဝရအတွက် မဟုတ်ပေ။ သစ်သားတွင် ပြန်လည်ကုစားနိုင်သည့် စွမ်းရည် ရှိ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့က အချိန်ယူသရွေ့ ပြန်လည်ကောင်းမွန်နိုင်ချေ ရှိသည်။
ယခုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့က အနက်ရောင်သစ်သားပြားကို ဆွဲယူလိုက်သည်။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းကိုမော့ကာ ချန်ရှင်းကို ကြည့်ပြီး ပေးလိုက်သည်။
ဤသည်က ဝမ်ပေါင်လဲ့ လုပ်လိုသည့် တစ်ခုတည်းသောအရာ ဖြစ်၏။ သူက ချန်ရှင်း ဒီအတိုင်းထွက်သွားမည်ကို ကြည့်မနေနိုင်ပေ။ အပြင်ဘက်တွင်ရှိသည့် အန္တရာယ်များကို ခံစားမိ၏။ ထို့နောက် သူက သူ့နဂိုအနက်ရောင် သစ်သားပြားအပိုင်း တစ်ခုကို ပေးလိုက်ခြင်း ဖြစ်သည်။
ထိုဖြစ်စဉ်၏ အဓိကအသုံးပြုမှုက ကံကြမ္မာကို ဖိနှိပ်ထားဖို့ ဖြစ်၏။ ထိုဖိနှိပ်မှုက ခန္ဓာကိုယ်အပေါ် အသုံးပြုပါက ဝိညာဉ်ကို ဖိနှိပ်သလို ခံစားရသော်လည်း လက်တွေ့တွင်မူ ကာကွယ်ပေးထားခြင်း ဖြစ်၏။
အကယ်၍ အဆုံးသတ်၌ သူ ကျရှုံးသွားခဲ့လျှင်ပင် ထိုအရာကြောင့် အစစ်အမှန်စိတ်ဝိညာဉ်က တည်ရှိနေမည်ဖြစ်ကာ ပြန်လည်ဝင်စားနိုင်မည့် အခွင့်အရေး ရလာနိုင်သည်။
ချန်ရှင်းက လက်ကို ဝှေ့လိုက်ပြီး မယူဘဲ ဝမ်ပေါင်လဲ့ထံ ပြန်ပေးလိုက်၏။
“ဂိုဏ်းတူညီလေး ငါ မလိုချင်ဘူး”
“ကျွန်တော်က ပေးတာ မဟုတ်ဘူး။ ငှားတာ။ ကျွန်တော်ကို ပြန်ပေးဖို့ မှတ်ထား” ဝမ်ပေါင်လဲ့က လက်ဝှေ့လိုက်သည့်အချိန် အနက်ရောင် တုတ်ချောင်းလေးက
ချန်ရှင်းဆီ တဖန် ပျံသန်းသွားသည်။
ချန်ရှင်းက တိတ်ဆိတ်သွားမိ၏။ အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် သူက လှုပ်ရှားလိုက်သည်။ သူက သစ်သားချောင်းလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်မိသည်။ ထို့နောက် သူက ခေါင်းကို မော့ကာ ဝမ်ပေါင်လဲ့ကို ကြည့်ပြီး ရုတ်တရက် ပြောလိုက်၏။
“ဂိုဏ်းတူညီလေး ငါ ထွက်သွားပြီးတဲ့နောက်မှာ တစ်ရက် ကောင်းကင်ကြီးက သွေးနီရောင်ပြောင်းသွားခဲ့ရင် အဲဒါက ငါ ကျရှုံးသွားပြီလို့ ဆိုလိုတာပဲ။ သွေးနီရောင် ကောင်းကင်ကြီးက ငါ့ရဲ့ တာအိုသွေးနဲ့ ဖွဲ့စည်းထားတာ။ အဲဒီထဲမှာ ငါ့ရဲ့ နတ်ဘုရားအသိစိတ်တချို့ ရှိလိမ့်မယ်။ အဲဒီနတ်ဘုရားအသိစိတ်ထဲမှာ ငါ မင်းကို ပြောမဲ့စကားတွေကို ခံစားမိလိမ့်မယ်”
“ဂိုဏ်းတူညီလေး နှုတ်ဆက်ပါတယ် … ”
“ဂိုဏ်းတူညီလေး ကျောက်ပြားကမ္ဘာက ယင်ယန်လိုမျိုး သေဆုံးမှုနဲ့ ရှင်သန်မှုဆိုတာ ရှိတယ်။ အရင်က ကမ္ဘာမှာရှိတဲ့ အရာအားလုံးက အဲ့လိုပဲ။ အလင်းရှိရင် အမှောင်ထုဆိုတာလည်း ရှိမှာပဲ။ ဆရာက မင်းနဲ့ ငါ့ကိုပဲ ဘာလို့ တပည့်အဖြစ် လက်ခံခဲ့လဲဆိုတာကို သိလား။
ငါ အောင်မြင်နိုင်တဲ့အရာ တချို့ရှိနေလို့ မင်းက အဲဒါကို သိဖို့ မလိုသလို ဝန်ထုပ်ဝန်ပိုးထမ်းဖို့လည်း မလိုဘူး။ ကျရှုံးသွားရင် မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးက အရည်အချင်း မပြည့်မှီလို့ပေါ့ကွာ။ အဲဒီအခါကျ မင်းဘာသာမင်း ဆက်လက် လျှောက်လှမ်းရလိမ့်မယ်”
“ဂိုဏ်းတူညီလေး နှုတ်ဆက်ပါတယ် … ” ချန်ရှင်းက ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သည်။ သူက တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသော်လည်း အသက်ရှိုက်စာအနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် ထိုအရာကို မမြင်ရသည့်အတွက် နောက်ဆုံးတွင် ထွက်သွားတော့သည်။
သူ့ပုံရိပ်က ဝေဝါးသွားတော့မည့်ဆဲဆဲတွင် …
“ဂိုဏ်းတူအစ်ကိုကြီး အသက်ရှင်ရက် ပြန်လာခဲ့ပါ” ဝမ်ပေါင်လဲ့က ခေါင်းကို မော့ကာ သူ့ဘဝတွင် အကြီးမားဆုံး ခွန်အားကို အသုံးပြုလျက် ကျယ်လောင်စွာ ပြောလိုက်သည်။
ချန်ရှင်း၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူ စောင့်ဆိုင်းနေရသည့် အခေါ်အဝေါ်ကို နောက်ဆုံးတွင် ကြားခဲ့ရလေပြီ။ သူက နောက်ပြန်လှည့်မကြည့်သော်လည်း သူ့ရယ်သံကြီးက လေထုထဲ ထွက်ပေါ်လာ၏။ သူ့ရယ်သံထဲတွင် နောင်တ မရှိဘဲ ပျော်ရွှင်မှုနှင့်သာ ပြည့်နှက်နေ၏။
ထို့နောက် သူက ခြေတစ်လှမ်းချင်းစီဖြင့် လေဟာနယ်ထဲ လျှောက်လှမ်းသွားတော့သည်။