နတ်ဘုရားဖြစ်သွားသူတစ်ယောက်
Vol. 86 Ch. 1204
အခန်း (၁၂၀၄) နတ်ဘုရားဖြစ်သွားသူတစ်ယောက်
သစ်ရွက်များထက်မှ မိုးရေစက်များတွင် အစိမ်းရောင်သစ်ရိပ်က ရောင်ပြန်ဟပ်နေပြီး ကြည်လင်သည့်မြင်ကွင်းကို ဖြစ်ပေါ်စေသည်။
ရှေးဟောင်းသစ်ပင်ကြီး ဘာဖြစ်သွားမည်ကို လူတိုင်းက စောင့်မျှော်နေကြသည်။
ခဏကြာပြီးနောက်...
ဖုန်းမော့ယန်၏ မျက်နှာအမူအရာက အရင်ဆုံး ပြောင်းလဲသွားသည်။
ထို့နောက် လူအုပ်ထဲမှ ကျင့်ကြံခြင်းအဆင့်မြင့်မားသူများ၏ မျက်ဝန်းများသည်လည်း တောက်ပသွားကြသည်။
ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများကတော့ မည်သည့်ထူးခြားချက်မှ မခံစားကြရပေ။ သို့သော် သူတို့ထက်ဝါစဉ်ကြီးသော ဂိုဏ်းတူအစ်ကိုအစ်မများကိုကြည့်ရင်း အခြေအနေကို သံသယမဝင်ရဲကြပေ။
သို့သော် မျက်စိစုံမှိတ်ပြီး မေးခွန်းထုတ်နိုင်သည့် အခြေအနေမဟုတ်လေရာ အားလုံးက စိတ်ရှုပ်ထွေးလျက် ရှိကြသည်။
အချိန်အတန်ကြာပြီးမှ လူတိုင်း မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
“ငါတို့ စိတ်ထင်နေတာလား... တကယ်ကြီးလား”
အားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
“သစ်ပင်ကြီးရဲ့ အသက်ဓာတ်စွမ်းအားတွေ နည်းနည်းပိုများလာသလိုပဲ...”
“ငါတို့တွေ... ဆရာဦးလေး’ရန်’ ကို အရမ်းယုံကြည်လေးစားတဲ့အတွက် ထင်ယောင်ထင်မှား ခံစားနေရတာများလား”
အားလုံး မရေမရာ ဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော်သူတို့ရှေ့မှ ရတနာသစ်ပင်ကြီး၏ ပြောင်းလဲမှုက အရမ်းမထင်ရှားသောကြောင့် ဖြစ်၏။
သို့သော် အမှန်တကယ်လည်း သစ်ပင်မြင့်ကြီးက ပြောင်းလဲသွားခဲ့သည်ပင်။
“ဒါပဲလေ...”
ဖုန်းမော့ယန်က ရန်ကျောက်ကဲကို ချီးကျူးစကားဆိုလိုက်သည်။
ထို့နောက် ရန်ကျောက်ကဲလက်ထဲမှ ကျောက်စိမ်းပုလင်းလေးအားတစ်ချက်ကြည့်ရင်း...
“ကြည့်ရတာ... အဲဒီပုလင်းထဲကိုရေထည့်ပြီး အချိန်အတော်ကြာတဲ့အထိ စောင့်ဖို့လိုတယ် ၊ ပြီးမှ သစ်ပင်ကိုရေလောင်းဖို့ အသုံးပြုရမယ် ၊ ဟုတ်တယ်မလား”
ထိုစကားကြားတော့ လူတိုင်း မှင်တက်သွားကြသည်။
တပည့်တစ်ယောက်က...
“ဆရာဦးလေး’ရန်’ မှာ တကယ်ပဲ ဖြေရှင်းဖို့ နည်းလမ်းရှိနေတာပဲ”
ထိုတပည့်ဘေးမှ အသက်အနည်းငယ်ကြီးဟန်ရှိသော ဝါဒတောင်တပည့်တစ်ယောက်က ဂုဏ်ယူဟန်ဖြင့်...
“အဲဒီလို မယုံကြည်တဲ့စကားတွေ မပြောနဲ့လေ ၊ ဂိုဏ်းတူအစ်ကိုကြီး’ရန်’ က အမြဲတမ်း ပြဿနာပေါင်းစုံကို ဖြေရှင်းနိုင်တယ် ၊ သူမဖြေရှင်းနိုင်တဲ့အရာ အများကြီး မရှိဘူး”
လူအုပ်ကြီးအလယ်တွင် အလွန်လှပသောမိန်းကလေးတစ်ယောက်လည်း ရှိနေသည်။ သူမက ပတ်ဝန်းကျင်မှလူများကို အရေးမစိုက်နိုင်အားဘဲ တောက်ပသောမျက်ဝန်းများဖြင့် ရန်ကျောက်ကဲအား စူးစိုက်ကြည့်နေသည်။
သို့သော် ထိုသို့ကြည့်နေသူက သူမ တစ်ယောက်တည်း မဟုတ်ပေ။ သူမနှင့် သက်တူရွယ်တူ မိန်းကလေးတပည့်များအားလုံး သူမကဲ့သို့ပင် ဖြစ်ကြသည်။
လူအများစုသည်လည်း ရန်ကျောက်ကဲအား တိုက်ရိုက်မကြည့်ဝံ့ကြသည့်တိုင် တိတ်တဆိတ်ခိုးကြည့်နေကြလေသည်။
ရန်ကျောက်ကဲအနေဖြင့် လူအများဝိုင်းကြည့်ခြင်းခံရသည်ကို အသားကျနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ သူ၏မျက်နှာအမူအရာက ပြောင်းလဲခြင်းမရှိသော်လည်း စိတ်ထဲမှာတော့ အတော်လေး နေလို့ထိုင်လို့ ကောင်းနေသည်။
သူ့ကိုအာရုံစိုက်နေကြသူများကို ရန်ကျောက်ကဲက အေးဆေးတည်ငြိမ်စွာပင် လျစ်လျူရှုလိုက်ပြီး လက်ထဲတွင်ရှိနေသော ကျောက်စိမ်းပုလင်းလေးကို ခပ်ဆဆ ကိုင်လိုက်သည်။
ထို့နောက် သူက ပြုံးလိုက်ရင်း...
“ဒီကျောက်စိမ်းပုလင်းလေးရဲ့လုပ်ဆောင်ချက်ကို ငါ တွေးနေခဲ့တာကြာပြီ ၊ အခုမှပဲ သိရတော့တယ်”
သူက ဆက်ပြောသည်။
“ဂျင်ဆင်းသီးသစ်ပင်က အိမ်တော်(၅)ပါးကျောင်းတော်ရဲ့ ထိပ်တန်းအဆင့် ရတနာတစ်ပါးပဲ ၊ ဒီတော့ ဒီသစ်ပင်ကိုစိုက်ပျိုးဖို့ လျှို့ဝှက်နည်းလမ်းအချို့ ရှိကိုရှိရမယ်လေ”
ရန်ကျောက်ကဲက ခေါင်းမော့ပြီး မြင့်မားသောသစ်ပင်ကြီးကိုကြည့်ကာ ပြုံးလိုက်သည်။
“ဒီအပင်ကသီးလာတဲ့ ဂျင်ဆင်းသီးကတော့ သေချာပေါက် ကောင်းတဲ့အသီးမျိုး ဖြစ်မှာပဲ ၊ ဒီအပင်က မူလအပင်မဟုတ်ဘဲ ကိုင်းကူးထားတာဆိုပေမယ့် ဘယ်လိုအသီးတွေသီးလာမလဲမြင်ရဖို့ ငါ မျှော်လင့်နေမိတုန်းပ”
ရွှီကျွင်းက မျှော်လင့်ချက်အနည်းငယ်သာရှိသော မျက်နှာထားဖြင့်...
“ပြောကြတာတော့... ဂျင်ဆင်းသီးပင်က တစ်ခါပွင့်ဖို့ အနှစ်သုံးထောင်ကြာမယ် ၊ နောက်ထပ် အနှစ်သုံးထောင်မှ အသီးသီးမယ် ၊ အသီးတွေမှည့်ဖို့ကိုလည်း အနှစ်သုံးထောင်စောင့်ရမယ် ၊ ဒါကိုမြင်ရလောက်အောင် အသက်ရှည်ပါ့မလားတောင် မသိပါဘူး”
ဖုန်းမော့ယန်က...
“ဒီသစ်ပင်ကသစ်သီးတွေက အရမ်းကြီး ဝိညာဉ်စွမ်းအား မများလောက်ဘူး ၊ ဒီတော့ မူရင်းဂျင်ဆင်းသီးသစ်ပင်လောက် ကြာမှာမဟုတ်ဘူး ၊ မြန်မြန်ဆန်ဆန်ပွင့်ပြီး မြန်မြန်ဆန်ဆန် သီးမယ်ထင်တယ်”
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...
“ဒီအပင်ကိုပဲကြည့်လိုက် ၊ အခုဆို ပွင့်တောင်နေပြီ... အသီးကဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”
သူတို့ (၃)ယောက် စကားပြောဆိုနေကြစဉ် အဝေးတစ်နေရာမှ အားဟူက တည်ကြည်လေးနက်သောမျက်နှာထားဖြင့် ရောက်လာသည်ကို တွေ့လိုက်ရသည်။
သူက...
“သခင်လေး... သတင်းတစ်ခုရတယ်”
ရန်ကျောက်ကဲက...
“ဘာသတင်းလဲ...”
အားဟူက လေးလံသည့်အသံဖြင့်...
“အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ ရဲ့ သတင်းပဲ ၊ သူက နတ်ဘုရားလူသားကပ်ဘေးကို ကျော်ဖြတ်အောင်မြင်သွားပြီတဲ့...”
ထိုစကားကြားတော့ ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...
“တကယ်လား... နတ်ဘုရားလူသားကပ်ဘေးကို ဖြတ်ကျော်နိုင်ပြီဆိုတော့ နတ်ဘုရားတစ်ပါး ဖြစ်သွားပြီပေါ့”
အားဟူက ခေါင်းခါယမ်းရင်း...
“ဒီသတင်းက အတည်တော့ မပြုရသေးဘူး...”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ သတင်းက ချီလင်ကမ်းပါးကလာတာမဟုတ်ဘူး ၊ မြောက်ဖေးတောင်ထွတ်ကသတင်းရတာ ၊ သတင်းပေးတဲ့သူက လွှမ်းခြုံဧကရာဇ်လို့ပြောတယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲက အံ့အားသင့်ခြင်းမရှိပေ။
သူက ပခုံးတစ်ချက်တွန့်ရင်း...
“ချန်ချန်းဟွာ ကောင်းကင်ဖွင့်ကျမ်းစာကို ရသွားပြီလား မသိဘူး”
ထိုစကားကိုကြားတော့ အားဟူနှင့် အခြားသူများက စူးစမ်းသလို လှမ်းကြည့်ကြသဖြင့် ရန်ကျောက်ကဲက ...
“ချန်ချန်းဟွာရဲ့အကျင့်စရိုက် ဘယ်လိုရှိတယ်ဆိုတာ အသာထား ၊ သူ့အရည်အချင်းနဲ့သိုင်းပညာကိုတော့ ငါတို့တွေ လေးစားရမယ်”
“သူ တခြားသူနဲ့တိုက်ခိုက်တာကို ငါ မြင်ဖူးသလို ငါကိုယ်တိုင်နဲ့လည်း တိုက်ခိုက်ဖူးတယ် ၊ ဒီတော့ သူ နတ်ဘုရားတံခါးကို အချိန်တိုတိုနဲ့ ဖွင့်လှစ်နိုင်တာ အံ့သြစရာ မရှိပါဘူး”
“အစစ်အမှန်နတ်ဘုရားဖြစ်လာတဲ့အချိန်က ကျင့်ကြံသူတစ်ယောက်နဲ့တစ်ယောက် မတူကြဘူး ၊ တစ်ယောက်က နှစ်ပေါင်းတစ်ထောင်မက ကျင့်ကြံခြင်းတစ်ဆို့နေနိုင်သလို တခြားတစ်ယောက်တော့ မြေကြီးပေါ်လမ်းလျှောက်ရသလို အရမ်းလွယ်ကူနေတတ်တယ်”
ရန်ကျောက်ကဲက ဆက်ပြောလိုက်သည်။
“သူ ဘယ်လိုကျော်ဖြတ်နိုင်သွားတာလဲဆိုတာပဲ ငါ သိချင်တာပါ...”
“သူ စုဆောင်းထားတဲ့ ကနဦးကောင်းကင်ကျမ်းစာ (၃)စောင်နဲ့ နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင်ကြောင့်ပဲ နတ်ဘုရားတံခါးကို ဖွင့်လှစ်နိုင်ခဲ့တာလား ၊ ဒါမှမဟုတ် ကောင်းကင်ဖွင့်ကျမ်းစာကြောင့်ပဲ နတ်ဘုရားလူသားကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့တာလား....”
ချန်ချန်းဟွာက မူလကောင်းကင်ကျမ်းစာကို ကျင့်ကြံခြင်းအခြေခံအဖြစ် ကျင့်ကြံထားသူဖြစ်လေရာ အခြားသော သိုင်းပညာရပ်များစွာ ထပ်မံကျင့်ကြံရန် အဆင်ပြေလွယ်ကူနေခဲ့သလို အလွန်ထူးခြားသော သိုင်းပညာရပ်များကိုလည်း စုဆောင်းထားနိုင်ခဲ့သည်။
ကောင်းကင်ဖွင့်ကျမ်းစာနှင့် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာမှလွဲပြီး အခြားသော မူလကောင်းကင်ကျမ်းစာများအားလုံးကိုလည်း ချန်ချန်းဟွာက ရရှိထားပြီး ဖြစ်သည်။
ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ၏ ထူးခြားချက်ကြောင့် ထိုကျမ်းစာကို လူတိုင်း လျစ်လျူရှုထားနိုင်သော်လည်း ကောင်းကင်ဖွင့်ကျမ်းစာကတော့ ပျောက်ဆုံးနေသည့် ကျမ်းစာတစ်ခု မဟုတ်ခဲ့ပေ။
သို့သော် အကြောင်းပြချက်အချို့ကြောင့် ချန်ချန်းဟွာသည် ကောင်းကင်ဖွင့်ကျမ်းစာကို ဘယ်သောအခါမှ ရယူနိုင်ခဲ့ခြင်း မရှိပေ။
ထက်မြက်ပြီးစွမ်းအားမြင့်မားသော လူငယ်မျိုးဆက်တစ်ယောက်ဖြစ်ရခြင်းက အမြဲတမ်းကောင်းမွန်ပေသည်။
သို့သော် ချန်ချန်းဟွာတွင် အခြားသူများကို စိတ်နှောက်အယှက်ဖြစ်စေနိုင်သော စရိုက်တစ်ခုရှိသည်။ ထို့ကြောင့် အထက်ဘုံကမ္ဘာမှ တန်ခိုးစွမ်းအားရှင်များက ချန်ချန်းဟွာကို စိုးရိမ်စိတ်ဖြစ်မိပြီး သိသိသာသာရော မသိမသာပါ ထိန်းချုပ်ထားခဲ့ကြသည်။
ဟုတ်ပေ၏။
ထိန်းချုပ်သည်ဆိုခြင်းထက် တိဟွမ်မြေကမ္ဘာဧကရာဇ်အပါအဝင် အထက်ဘုံကမ္ဘာမှ တန်ခိုးစွမ်းအားရှင်များက သူ့ကို စောင့်ကြည့် အကဲခတ်နေကြခြင်း ဖြစ်သည်ဆိုလျှင် ပိုမိုမှန်ကန်သည်။
သို့သော် ယခုအချိန် အခြေအနေများ ပြောင်းလဲသွားခဲ့ပေပြီ။
အဘယ်ကြောင့်ဆိုသော် အထက်ဘုံကမ္ဘာတွင် ပါရမီရှင်အချို့ထွက်ပေါ်လာသည်ဖြစ်ရာ ထိုသူများကို တန်ပြန်တိုက်စစ်ဆင်ရန် အကောင်းဆုံးအချက်မှာ ချန်ချန်းဟွာအား ထိန်းချုပ်ထားမှုကို ဖြေလျှော့ပေးလိုက်ခြင်းပင် ဖြစ်သည်။
ဤသို့ဖြင့် အထက်ဘုံကမ္ဘာတွင် ထွက်ပေါ်လာသော ပါရမီရှင်များနှင့် ချန်ချန်းဟွာတို့က အပြန်အလှန် ခြိမ်းခြောက်မှုများ ဖြစ်လာကြပေမည်။
ထွက်ပေါ်လာသော ပါရမီရှင်များဆိုသည်က အခြားသူများမဟုတ်ပေ။
ရန်ကျောက်ကဲ ၊ ရန်တိ တို့ သားအဖနှင့် သူတို့နှစ်ယောက်ကို အခိုင်အမာ ပံ့ပိုးပေးနေသော နျဲ့ကျင်းရှန်ပင် ဖြစ်၏။
ထိုသို့သော အခြေအနေမျိုးတွင် ချန်ချန်ဟွာကို ဖိနှိပ်ထားသူများက သူ့ကို စတင် ကူညီစပြုလာသည်။ ထို့ကြောင့် ချန်ချန်းဟွာ ကောင်းကင်ဖွင့်ကျမ်းစာ ရရှိသွားမည်ဆိုလျှင် ထူးဆန်းသည်ဟု မဆိုသာပေ။
ဝမ်ကျန်းချန် သေဆုံးသွားပြီ ဖြစ်သလို တိဟွမ်မြေကမ္ဘာဧကရာဇ်သည်လည်း အထက်ဘုံကမ္ဘာတွင် မရှိပေ။ သို့သော် နတ်ဘုရားအနားယူတောင်ကြားမှ ယင်ဟွမ် လျှို့ဝှက်ဧကရာဇ် ရှိနေသေးသည်။
နတ်ဘုရားအနားယူတောင်ကြားသို့ ရန်ကျောက်ကဲကိုယ်တိုင်ရောက်ရှိပြီး ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်နှင့် ကိုယ်တိုင်ကိုယ်ကျ ဆုံတွေ့ခဲ့ပြီးသည့်နောက် သိုသိုသိပ်သိပ်နေထိုင်ဟန်ဆောင်နေသော ထိုဧကရာဇ်တွင် များပြား လှစွာသော လျှို့ဝှက်အကြံအစည်များရှိနေမည်ကို သဘောပေါက်ခဲ့သည်။
ထို့ကြောင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ချန်ချန်းဟွာ ကောင်းကင်ဖွင့်ကျမ်းစာ အချိန်မီရရှိစေရန် ကူညီပေးမည်ဖြစ်ရာ အံ့သြစရာကိစ္စ မဟုတ်ပေ။
ဖုန်းမော့ယန်က...
“ဒီ ‘ချန်’ မျိုးနွယ်က နဂိုကတည်းက တန်ခိုးစွမ်းအား မြင့်မားတဲ့သူတစ်ယောက်ပဲ ၊ သူ နတ်ဘုရားတံခါးကိုဖွင့်လှစ်နိုင်ပြီဆိုတော့ ငါတို့တွေအနေနဲ့ သူ့ကို သာမန် အစစ်အမှန်နတ်ဘုရားတစ်ပါးလို့ ယူဆလို့ မရဘူး”
ဖုန်းမော့ယန်က အထက်ဘုံကမ္ဘာသို့ရောက်ရှိသည်မှာ မကြာသေးသော်လည်း ချန်ချန်းဟွာ၏အမည်ကို ကြားသိဖူးနေသည်။ ထို့ပြင် ဤ အထက်ရပ် ထိပ်တန်းအရှင်သခင်က ဝါဒတောင်နှင့် ဆက်ဆံရေးမကောင်းသည်ကိုလည်း သိရှိပြီးသားပင်။
“သူသာ ကောင်းကင်ကျမ်းစာ (၉)စောင်လုံးကို ရရှိသွားမယ်ဆိုရင် တန်ခိုးစွမ်းအားက နှစ်ဆမြင့်တက်သွားလိမ့်မယ်”
ဖုန်းမော့ယန်က ဝါဒတောင် ပင်မတိုက်ရိုက်တပည့်တစ်ယောက်ဖြစ်ပြီး ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာကို လေ့လာနေသူ ဖြစ်သည်။
အားဟူက ရန်ကျောက်ကဲကိုကြည့်ရင်း...
“သခင်လေး... သူက တခြားကောင်းကင်ကျမ်းစာ (၉)ဆောင်ကနေ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ခြေရာခံပြီး ကောက်ချက်ချသွားတာမျိုး ဖြစ်နိုင်မလား”
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“အနည်းအကျဉ်းတော့ သူ နားလည်သွားနိုင်တယ် ၊ ဒါပေမဲ့ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာတစ်ခုလုံးကို ကောက်ချချနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ချန်ချန်းဟွာ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာတစ်ခုလုံးအား သိရှိသွားမည်ဆိုလျှင်လည်း သူ့အတွက် အသုံးဝင်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုကျမ်းစာကို ရန်ကျောက်ကဲက ကျင့်ကြံထားပြီးဖြစ်သောကြောင့်ပင်။
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...
“ဘာပဲဖြစ်ဖြစ် ချန်ချန်းဟွာ နတ်ဘုရားဖြစ်သွားပြီဆိုတော့ သူက တကယ်စွမ်းအားကြီးတဲ့ ပြိုင်ဘက်တစ်ယောက် ဖြစ်လာတယ်ဆိုတာ ဝန်ခံရမှာပဲ”
သူက ဆက်ပြောသည်။
“ပြီးတော့ သူ့မှာ အမတမှော်ဝင်ပစ္စည်းတစ်ခုလည်း ရှိနေသေးတယ်”
ပိုပြီးအရေးကြီးသည်မှာ ချန်ချန်းဟွာက အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်နိုင်သူဖြစ်သဖြင့် ယခင်ကထက်ပိုပြီး အကွက်ချ ကြံစည်လာမည်ဖြစ်သလို စွမ်းအားလည်း အလွန်အမင်းကြီးထွားလာမည် ဖြစ်လေတော့၏။