တံခါးအပြင်ဘက်
Vol. 91 Ch. 1259
လေဟာနယ်ဆိုတာ ဘာလဲ …
လူအများစုက ထိုအရာကို သိကြသော်လည်း အမှန်တကယ် မြင်တွေ့ပြီး ခံစားဖူးသည့်သူ သိပ်မရှိပေ။ လေဟာနယ်ဆိုတာက မတည်ရှိခြင်း မဟုတ်သလို ဝေဝါးနေခြင်းလည်း မဟုတ်ဘဲ ပုံရိပ်ယောင်တစ်ခုလည်း မဟုတ်ချေ။
လေဟာနယ်ဆိုသည်က ကြယ်တာရာကောင်းကင်၏ အောက်ဆုံးအလွှာတစ်ခု ဖြစ်၏။ ပြောရမည်ဆိုလျှင် အကာအရံတစ်ခုဟု ဆိုရပေမည်။ သို့သော်လည်း ထိုအလွှာက ကြီးမားလွန်းသည့်အတွက် ထိုနေရာထဲ ဝင်ရောက်ပြီးသည့်နောက်တွင်ပင် ဘာမှမမြင်တွေ့နိုင်ပေ။
သို့သော်လည်း ဘာမှမမြင်ရခြင်းက ဘာမှမရှိဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။
ထိုနေရာတွင် တည်ရှိနေသည်က သက်ရှိအားလုံး၏ မှတ်ဉာဏ်များ ဖြစ်၏။ ထိုအရာက အသိစိတ်များကို စုဝေးထားသည့် သမုဒ္ဒရာတစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။ သီအိုရီထဲတွင် တည်ရှိဖူးသမျှ သက်ရှိအားလုံး၏ ဘဝကို မြင်တွေ့နိုင်သည်ဟု ဆိုသည်။ သို့သော်လည်း ဤသည်က သေလူများအတွက်သာ ဖြစ်၏။ သက်ရှိများကမူ သူတို့ကိုယ်ပိုင်အကြောင်း မရှာသရွေ့ မမြင်တွေ့နိုင်ပေ။
သို့သော်လည်း ထိုအရာက သီအိုရီမျှသာ ဖြစ်၏။ အကြောင်းကမူ ထိုနေရာတွင် မှတ်ဉာဏ်များစွာ ရှိနေသည့်အတွက် သက်ရှိများက မှတ်ဉာဏ်များ၏ ပေါင်းစည်းမှုကို တောင့်ခံနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့က အလိုအလျောက် ငြင်းပယ်လိုက်ကြသည်။ ရလဒ်အနေဖြင့် လေဟာနယ်ထဲတွင် ဗလာကျင်းနေလေ၏။
ဤသည်က အလိုအလျောက် ကာကွယ်မှုအပြုအမူတစ်ခုသာ ဖြစ်ပေသည်။
သို့သော်လည်း ချန်ရှင်းကမူ ကွဲပြားသည်။ သူ ရောက်ရှိနေသည့် ကျင့်ကြံဆင့်ကို မသိသော်လည်း ဤလေဟာနယ်ထဲတွင် သူသာ အလိုရှိပါက သက်ရှိအားလုံး၏ မှတ်ဉာဏ်ကို မြင်တွေ့နိုင်ကြောင်း သိထားသည်။
ဤသည်က အရေးမကြီးသေးပေ။ အကြောင်းအရင်းက သူသည် သက်ရှိအားလုံးကို ကြည့်ဖို့ အချိန်နှင့် အားစိုက်ထုတ်မှု မဖြုန်းတီးလိုပေ။ အထူးသဖြင့် ဤနေရာတွင် ဝေ့ယန်ကျစ်၏ အရိပ်အယောင် မရှိသည့်အခါ ဖြစ်၏။
ဤသည်က သူ့သုံးသပ်မှုကို အတည်ပြုပေးခဲ့သည်။ ဝေ့ယန်ကျစ်က အမှန်တကယ် မသေဆုံးသေးပေ။
ဤသည်က သိပ်တော့ အရေးမကြီးလှပေ။ အကြောင်းအရင်းကမူ ချန်ရှင်းက ဝေ့ယန်ကျစ်၏ အစီအစဉ်ကို သိထားပြီးသား ဖြစ်၏။ ဤသည်က ပွင့်လင်းမြင်သာ လျှို့ဝှက်ကြံစည်မှုတစ်ခု ဖြစ်ကာ သူက သိထားသော်လည်း သွားလိုက်သေးသည်။
အကယ်၍ သူ မသွားဘဲ ကျောက်ပြားကမ္ဘာတွင်လည်း နေနိုင်လေ၏။ သို့သော်လည်း ပုန်းအောင်းနေခြင်းက သူ့အနာဂတ်အတွက် အကူအညီဖြစ်မည် မဟုတ်ပေ။ သူ့ရှာဖွေမည့်လမ်းစဉ်ကိုပါ ပျောက်ဆုံးသွားနိုင်သည်။
အဆုံးသတ်၌ ဖြစ်လာရမည့် ကိစ္စများက မလွှဲမရှောင် ဖြစ်လာမည်သာ ဖြစ်၏။
“ဂိုဏ်းတူညီလေး မင်းက အလင်းရောင် ငါက အမှောင်ထု။ ငါ အောင်မြင်တယ်ဆိုရင် မသေမျိုးရဲ့ လျှို့ဝှက်ချက်က ထာဝရကျန်ရှိနေလိမ့်မယ်။ ငါက အဲဒီဝန်ထုပ်ဝန်ပိုးကို ခံယူမယ်။ တကယ်လို့ ငါ ကျရှုံးသွားမယ်ဆိုရင်လည်း တာအိုအတွက် သေဆုံးရလိမ့်မယ်” ချန်ရှင်းက ရေရွတ်ပြီး ခေါင်းယမ်းလိုက်သည်။
“မင်းရဲ့ ရည်ရွယ်ချက် ပြည့်မြောက်အောင် ကူညီပေးမယ်” သူ့အကြည့်များက ဆုံးဖြတ်ချက်ပြတ်သားမှုများဖြင့် တောက်ပနေသည်။ သူ့အနာဂတ်ကို စောင့်မျှော်နေမိ၏။ သူက ခြေတစ်လှမ်းချင်းစီဖြင့် အတိတ်မှ မှတ်ဉာဏ်များကို ဖြတ်သန်းလာသလိုမျိုး ကြယ်တာရာကောင်းကင်အနက်ပိုင်း လျှောက်လှမ်းလာလိုက်သည်။
ဤသည်က တာအိုရှာဖွေခြင်း လမ်းစဉ် ဖြစ်၏။ ဤသည်က စိတ်နှလုံးသားကို ရှာဖွေသည့် ခရီးလမ်းတစ်ခု ဖြစ်ပေသည်။
သူက ပထမခြေလှမ်းကို လှမ်းလိုက်သည့်အခါ လေထုထဲ လှိုင်းတွန့်များ ပေါ်ထွက်လာ၏။ ထိုလှိုင်းတွန့်များကြား ချန်ရှင်းက ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ပုံရိပ်က မီးလောင်နေသည့် သေမျိုးရွာတစ်ခုအတွင်း ဖြစ်၏။ ထိုနေရာတွင် ၇နှစ်၊ ၈နှစ်အရွယ် ကောင်လေးက စုတ်စုတ်ပြတ်ပြတ် အဝတ်များကို ဝတ်ဆင်ထားကာ သူ့ခန္ဓာကိုယ်က အင်မတန် ပိန်လှီနေပြီး မီးတောက်များရှေ့ ဒူးထောက်ကာ စူးစူးဝါးဝါး အော်ငိုနေသည်။
ထိုငိုသံထဲတွင် ကူကယ်ရာမဲ့မှုနှင့် စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေ၏။ ထို့အပြင် ပေါက်ဖွားလာကာစ အမုန်းတရားလည်း ရှိနေသည်။
အဝေးတစ်နေရာတွင် သေမျိုးတပ်သားအုပ်စုကို လည်း မြင်တွေ့နိုင်သည်။ သူတို့ဝန်းကျင်တွင် ရက်စက်သည့် လေထုမျိုး ရှိနေပြီး တောင်တန်းများ ကြားတွင် ပျောက်ကွယ်သွား၏။ ထိုတပ်ဖွဲ့က အားကောင်းသည့် အငွေ့အသက်မျိုးရှိထားပြီး သူတို့၏ အလံတွင် အနက်ရောင်မြွေ ပုံရိပ်ကို မြင်တွေ့နိုင်သည်။
ထိုပုံရိပ် ပျောက်ကွယ်သွားသည့်အခါ ချန်ရှင်းက မျက်လုံးမှိတ်ကာ ဒုတိယခြေလှမ်းနှင့် တတိယခြေလှမ်းကို လှမ်းလိုက်သည်။ ပုံရိပ်က တစ်ခုပြီးတစ်ခု ထပ်မံ ပေါ်ထွက်လာ၏။
ဒုတိယပုံရိပ်က သေမျိုးမြို့တော်အတွင်း ဖြစ်သည်။ တော်ဝင်နန်းဆောင်အတွင်း အလောင်းများက တောင်ပုံယာပုံ ဖြစ်နေ၏။ ကျန်ရှိနေသည့် တပ်သားများက လူငယ်လေးတစ်ယောက်ကို ဝိုင်းထားကြသည်။ သို့သော်လည်း အဝိုင်းခံထားရသည့်သူက လူငယ်လေးတစ်ယောက်မျှသာ ဖြစ်သော်လည်း ကြောက်ရွံ့နေသည့်သူများက တပ်သားများသာ ဖြစ်နေသည်။
ထိုလူငယ်လေးက ရှေ့တိုးလာသည့်အခါ အားလုံးက စတင်နောက်ဆုတ်သွားကြသည်။ နောက်ဆုတ်ဖို့ လမ်းမရှိတော့သည့်အခါ ထိုလူငယ်လေးရှေ့တွင် တော်ဝင်နန်းဆောင်၏ ပင်မခန်းမကို မြင်လိုက်ရသည်။ ထိုပုလ္လင်ပေါ်တွင် ထိုင်နေသည့် လူလတ်အရွယ် အမျိုးသားကိုလည်း မြင်လိုက်ရ၏။ ထိုလူ၏ နောက်တွင် သူ့တိုင်းပြည်၏ အမှတ်တံဆိပ် ဖြစ်သည့် အနက်ရောင်မြွေ ပုံစံရှိနေသည်။
နောက်အခိုက်အတန့်၌ ထိုအမှတ်အသားက ပျောက်ကွယ်သွားကာ တပ်မဟာက ပျက်သုဉ်းသွားပြီး ဧကရာဇ်လည်း သေဆုံးသွားခဲ့သည်။
တတိယပုံရိပ်က ကြီးမားသည့် ဂိုဏ်းတစ်ခုတွင် ဖြစ်၏။ ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူအိုကြီးက သူ့ရှေ့တွင် ဒူးထောက်နေသည့် လူငယ်လေးကို ခေါင်းငုံ့ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလာခဲ့သည်။
“မင်းနာမည်က ဘယ်သူလဲ”
“ချန်ရှင်းပါ”
“အနာဂတ်ကျရင် မင်းကို ချန်ရှင်းကျစ်လို့ ခေါ်မယ်။ ငါက မင်း ဆရာပဲ” လူအိုကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့စကားများက လူငယ်လေးက ကြားလိုက်ရသည့်အခါ ခေါင်းမော့ကြည့်လိုက်သည်။ သူက သူ့ရှေ့တွင်ရှိနေသည့် လူအိုကြီးနှင့် လူအိုကြီးရှေ့တွင် ရှိနေသည့် တောင်ဂိတ်ပေါက်ဝကို လှမ်းကြည့်လိုက်သည်။ ထိုဧရာမကျောက်တုံးကြီးပေါ်တွင် စာလုံးနှစ်လုံးကို ရေးသားထားလေ၏။
အမှောင်ဂိုဏ်း
“ဆရာ” ချန်ရှင်းက တတိယခြေလှမ်း လှမ်းပြီးသည့်နောက်တွင် မျက်လုံးကို ဖွင့်ကာ သူ့ခြေထောက်အောက်မှ ပုံရိပ်ကို ကြည့်လိုက်သည်။ အတော်ကြာမြင့်ပြီးသည့်နောက်တွင် သူက ၄လှမ်း၊ ၅လှမ်းနှင့် ၆လှမ်းမြောက်တို့ကို လှမ်းလိုက်သည်။
ထိုခြေလှမ်းသုံးလှမ်းအတွင်း သူက အမှောင်ဂိုဏ်းတွင် ရှိနေသည့် အချိန်များကို မြင်လိုက်ရသည်။ သူ့ဆရာက ရုတ်တရက် ခေါ်ဆောင်လာသည့် သူ့ဂိုဏ်းတူညီလေးကိုပင် မြင်လိုက်ရ၏။
ထိုအချိန်တွင် သူက သူ့ဂိုဏ်းတူညီလေးဆီမှ ထူးကဲသည့် အတက်အကျ လှိုင်းတချို့ကို ခံစားမိလိုက်သည်။ ထိုအတက်အကျလှိုင်းက သူနှင့် အတော်လေး ဆင်တူနေ၏။ သူက နောက်ထပ် သူ့ကိုယ်သူ မြင်လိုက်ရသလိုမျိုး ဖြစ်နေသည်။
“သူက အလင်းရောင် … ငါက အမှောင်ထု။ ဆရာ အမှောင်ဂိုဏ်းရဲ့ တာဝန်က မသေမျိုးတွေ ခေါ်သွားမှုကို တားဆီးဖို့ပဲ။ ဒါပေမဲ့ တည်ရှိမှုတွေအားလုံးကို ထွက်မသွားအောင် တားဆီးဖို့အဖြစ် ပြောင်းလဲသွားခဲ့တယ်”
“ဒီလိုပုံစံမျိုးက ကာကွယ်မှုတစ်ခု ဖြစ်သလို ပြောစရာမလိုဘဲ အလိုလိုနားလည်ထားတဲ့ သဘောတူညီမှုတစ်ခု”
“အဲဒီသဘောတူညီမှုက ကျွန်တော့်အတွက်လည်း ဟုတ်သလို ဂိုဏ်းတူညီလေးအတွက်လည်း ဟုတ်တယ်”
“အကြောင်းအရင်းက သူကလည်း မသေမျိုးဆီက အမွေအနှစ်ကို လက်ခံရရှိခဲ့သလို ကျွန်တော်ကလည်း မသေမျိုးရဲ့ အမွေအနှစ်ကို ခက်ခံရရှိခဲ့တယ်။ အဲဒီအမွေအနှစ်ကတော့ မတူညီကြဘူး။
ခင်ဗျားကလည်း ကျွန်တော်လိုပဲ။ ခင်ဗျားက ဒီတာဝန်ကို ငြီးငွေ့နေတာ။ အဆုံးသတ်မှာ ကျွန်တော်ကို ကူညီပေးဖို့ သဘောတူခဲ့တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ခင်ဗျားရဲ့ အသိစိတ်နှစ်ခုက ဖျက်ဆီးခံလိုက်ရတာပဲ။ ဂိုဏ်းတူညီလေးက အဲဒီကိစ္စကို မသိသေးဘူး။ ကျွန်တော် သူ့ကို မထိခိုက်စေချင်ဘူး” သူက ခေါင်းငုံ့ကာ ဆက်လက်လျှောက်လှမ်းလိုက်သည်။
သူက ခြေလှမ်းတစ်လှမ်းချင်းစီဖြင့် ဝိညာဉ်များစွာကြား ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။ သူက ဝိညာဉ်တစ်ခုကို မြင်သည့်အခါ အကြည့်များက တောက်ပသွားမိ၏။ အမှောင်ဂိုဏ်း ဖျက်ဆီးခံလိုက်ရသည့်အခါ သူ့လက်များက သွေးများ စွန်းထင်းနေခဲ့သည်။
ဤသည်က ထူးဆန်းသော်လည်း ရင်းနှီးလှ၏။
တခြားသော ပုံရိပ်များစွာလည်း ရှိနေသည်။ သူက နတ်ဧကရာဇ်ကို သတ်ဖြတ်လိုက်ခြင်း၊ ဝေ့ယန်ကျစ်ကို သတ်ဖြတ်ခဲ့ခြင်းနှင့် တခြားသော အသင်္ချေမျိုးနွယ်များကို သတ်ဖြတ်ပစ်ခဲ့သည်။ ချန်ရှင်းက ဆက်လက်လျှောက်လှမ်းနေရင်း သူ့တစ်ဘဝလုံးက သူ့ခြေထောက်အောက်တွင် ပုံရိပ်ပြန်လည်ထင်ဟပ်လာ၏။ ထူးဆန်းလှစွာ သူ မြင်လိုက်ရသည့် နောက်ဆုံးပုံရိပ်က ဝမ်ပေါင်လဲ့သည် သူ့ကို အော်ကာ ပြောနေသည့် မြင်ကွင်း ဖြစ်၏။
“ဂိုဏ်းတူအစ်ကိုကြီး သေချာပေါက် အသက်ရှင်ရက် ပြန်လာခဲ့ပါ”
“ငါ ပြန်လာမှာပါ” သူက ရေရွတ်လိုက်သည်။ လေဟာနယ်၏ အဆုံးသတ်သို့ ရောက်ရှိပြီးသည့်နောက်တွင် ချန်ရှင်းက နောက်ဆုံးတစ်လှမ်း လှမ်းလိုက်သည့်အချိန် လေဟာနယ်တစ်ခုလုံးက လှုပ်ခတ်သွား၏။ မဖော်ပြနိုင်လောက်ဖွယ် ဖိအားတစ်ခုက ကျဆင်းလာကာ ချန်ရှင်းရှေ့တွင် ဧရာမလက်ကြီးတစ်ခု ပေါ်ထွက်လာပြီး သူ့ကို ရှေ့မတိုးနိုင်အောင် တားဆီးထားသည်။
ထိုလက်ကြီးက ကျောက်ပြားကမ္ဘာ၏ အလိုဆန္ဒ ဖြစ်၏။ ဤသည်က လော့၏ လက်မှ သဏ္ဍာန်ပြမှုလည်း ဖြစ်ပေသည်။
ထိုလက်ဝါးကြီးဆီမှ ပြင်းထန်သည့် အမှောင်ချီလက်များ ထွက်ပေါ်နေသည်။
“ကျုပ်က လက်ရှိအမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအို၊ ဒီမျိုးဆက်ရဲ့ အမှောင်ဧကရာဇ် ဖြစ်ပြီးတော့ ကျောက်ပြားကမ္ဘာထဲမှာ အမြင့်ဆုံးစိတ်ဆန္ဒကမ္ဘာကို ပိုင်ဆိုင်ထားသူပဲ” သူ့ပါးစပ်မှ ထိုစကားများ ထွက်ပေါ်လာသည်နှင့် အမှောင်ချီများက ထွက်ပေါ်လာခဲ့သည်။ သူ့ဦးခေါင်းအထက် အနက်ရောင်ငါးက တဖျတ်ဖျတ် ကူးခတ်နေရင်း လက်ကြီးကို စိုက်ကြည့်လိုက်၏။
အရှိန်အဝါနှစ်ခုက တူညီသည့် အရင်းအမြစ်မှ ဖြစ်ဟန်ပေါ်သည်။ အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် လက်ကြီးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။ ဤသို့ဖြင့် ရှေးဟောင်းကျောက်တံခါးကြီးက ချန်ရှင်းရှေ့တွင် ပေါ်ထွက်လာသည်။
ချန်ရှင်းက တံခါးရှေ့တွင် အချိန်အတော်ကြာ ရပ်နေလိုက်သည်။ အဆုံးသတ်တွင် သူက လက်ကို ဝှေ့ကာ တံခါးကို ဖွင့်စေလိုက်၏။ ချန်ရှင်းက တံခါးကြားမှ ကျယ်ပြန့်လှသည့် ဗလာနတ္ထိကို မြင်လိုက်ရသည်။
မြင်ကွင်းတွင် ဘာမှရှိမနေပေ။ တစ်စုံတစ်ယောက်က အပြင်ဘက်မှ ထိုအက်ကြောင်းကို အတင်းအကြပ် ဖွင့်လှစ်ထားသလိုမျိုး ဖြစ်နေသည်။
“ကျောက်ပြားကမ္ဘာကို သုံးလွှာ ခွဲခြားထားတယ်။ ပထမအလွှာက ပင်မကမ္ဘာ။ ပြောရမယ်ဆိုရင် စကြဝဠာပေါ့။ ဒုတိယအလွှာက ကျောက်ပြားကမ္ဘာရဲ့ အတွင်းကမ္ဘာ။ ဒီတံခါးရဲ့ နောက်ကွယ်ကနေရာပေါ့။ ငါက ပင်မကမ္ဘာနဲ့ အတွင်းကမ္ဘာကြားမှာ ရောက်နေတာ။ တတိယအလွှာအတွက်တော့ အဲဒီအက်ကြောင်းက ပြင်ပကမ္ဘာဖြစ်ပြီးတော့ တတိယအလွှာပဲ…”
ချန်ရှင်းက မျက်မှောင်ကြုတ်ကာ တံခါးတွင် ရပ်နေလေသည်။ ရုတ်ချည်းဆိုသလို သူက ဧရာမသွေးနီရောင် ပုံရိပ်တစ်ခု ဖြတ်သန်းသွားသည်ကို မြင်လိုက်ရသည်။ သေချာကြည့်ပါက သူတို့သည် သက်ရှိတစ်ကောင်၏ လက်တံများ ဖြစ်ကြောင်း မြင်ရလိမ့်မည်။
သို့သော်လည်း ထိုသက်ရှိက ကြီးမားလွန်းသည့်အတွက် သူ့မုတ်ဆိတ်မွေး တစ်ခုတည်းကပင် အံ့ဩဖို့ကောင်းနေပြီ ဖြစ်သည်။
ချက်ချင်းဆိုသလို သွေးနီရောင်အရိပ်များက ဖြတ်သန်းသွားပြီး စူးစူးရှရှ အော်သံများကိုပင် ကြားလိုက်ရသည်။
ထိုအော်သံများက ဝိညာဉ်ကို ထိုးဖောက်ပြီး အရာအားလုံးကို ပြိုလဲသွားစေကာ သက်ရှိအားလုံးကို ခြိမ်းခြောက်ဖို့ လုံလောက်ပေသည်။ အကယ်၍ စကြဝဠာအဆင့်အောက်ရှိ ကျင့်ကြံသူတစ်ယောက်သာ ထိုအသံကို ကြားပါက သူတို့၏ အသွေးအသားက ပြိုလဲသွားပြီး ဝိညာဉ်က ကြေမွသွားလိမ့်မည်။
“မင်းက ဝေ့ယန်ကျစ် ရှာနေတဲ့သူလား”
“ခင်ဗျားက ကျုပ်ရဲ့ ဂိုဏ်းတူညီလေးကို ပူးကပ်ဖို့ ကြိုးစားခဲ့တဲ့သူလား … အစစ်အမှန် ဧကရာဇ်”