← Chapters

ကောင်းကင်ဖွင့်ကျမ်းစာ

Vol. 86 Ch. 1205

ကောင်းကင်ဖွင့်ကျမ်းစာ

Vol. 86 Ch. 1205

အခန်း (၁၂၀၅) ကောင်းကင်ဖွင့်ကျမ်းစာ

အားဟူ ၊ ဖုန်းမော့ယန်နှင့် ရှီကျွင်းတို့အားလုံး မျက်နှာအမူအရာများ တည်ကြည်လေးနက်သွားကြသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“အထက်ရပ် ‘ချန်’ က ခန့်မှန်းရခက်တာအမှန်ပဲ ၊ ဒါပေမဲ့ သူက ငါတို့သားအဖနဲ့ ဂိုဏ်းတူအစ်ကို’နျဲ့’ ကိုပဲ အမြဲတမ်း ပစ်မှတ်ထားတာပါ ၊ ငါတို့ဂိုဏ်းက တခြားသူတွေကို အန္တရာယ်ပေးမှာ မဟုတ်ပါဘူး”

တကယ်ဖြစ်မလာသေးသော်လည်း ဤစကားက အပိုစကား မဟုတ်ပေ။

အကယ်၍ ရန်ကျောက်ကဲ ၊ ရန်တိနှင့် နျဲ့ကျင်းရှန်တို့အားလုံး အထက်ဘုံကမ္ဘာမှ ထွက်ခွာသွားပါက ချန်ချန်းဟွာအနေဖြင့် ဝါဒတောင်တွင် ကျန်ရစ်ခဲ့သူများကို တိုက်ခိုက်မည်မဟုတ်ဘဲ သူတို့ (၃)ယောက်ကိုသာ လိုက်လံရှာဖွေမည် ဖြစ်သည်။

ဝါဒတောင်ကိုတိုက်ခိုက်ခြင်းက သူတို့ (၃)ယောက် ပြန်လာစေရန် ပြုလုပ်နိုင်မည်ဆိုလျှင်တောင် ချန်ချန်းဟွာအနေဖြင့် ထိုသို့ပြုလုပ်ရန် (၉၀) ရာနှုန်း ရွေးချယ်မည် မဟုတ်ပေ။

ဤသည်က ချန်ချန်းဟွာက စိတ်ထားမြင့်မြတ်လွန်းနေသောကြောင့် မဟုတ်ပေ။ ထိုသို့ပြုလုပ်ရန် စိတ်မဝင်စားသောကြောင့်သာ ဖြစ်သည်။

ချန်ချန်းဟွာက ကြွက်ကိုဖမ်းသည့်ကြောင်ပမာ သူ စိတ်ဝင်စားသည့်လူများကို လိုက်လံရှာဖွေရသည်ကို သဘောကျပြီး အခွင့်အရေးကိုလည်း အလကားအဖြစ်မခံတတ်ပေ။

ရန်ကျောက်ကဲက...

“တကယ်သတိထားရမှာက သူ့ညီ ‘ချန်ခွန်းဟွာ’ ပဲ”

သူက ဆက်ပြောသည်။

“ငါ ဒီလူကို ခဏခဏ မတွေ့ဖူးပေမယ့် သူ့အပြုံးအောက်မှာ ဓားတစ်လက်ဖုံးကွယ်ထားတယ်လို့ ခံစားရတယ် ၊ ဒီကောင့်ကို ငါတို့ သတိထားရမယ်”

အားဟူ ၊ ဖုန်းမော့ယန်နှင့် ရှီကျွင်းတို့အားလုံး လေးလေးနက်နက် ခေါင်းညိတ်လိုက်ကြသည်။

ရန်ကျောက်ကဲက အားဟူကို လက်လှမ်းပြရင်း...

“ငါ့အတွက် တချို့ကိစ္စတွေ ပြင်ဆင်ပေးထားဦး ၊ မကြာခင် ငါ အပြင်ပြန်ထွက်ရဦးမယ်”

“ဟုတ်ကဲ့ပါ သခင်လေး”

ထို့နောက် အားဟူက မျက်နှာငယ်လေးဖြင့်...

“သခင်လေး... ဒီတစ်ခေါက် ကျွန်တော် လိုက်ခဲ့လို့ မရဘူးလား”

ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...

“အရင်တစ်ခေါက်က ခေါ်သွားလို့ရတာကို အချိန်အကန့်အသတ်ရှိတာနဲ့ပဲ မင်း လိုက်ဖို့ နောက်ကျသွားတာ ၊ ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ မင်းကို ခေါ်သွားလို့ မရနိုင်ဘူး”

အားဟူကို ခေါ်မသွားသည်မှာ သူ၏ကျင့်ကြံခြင်းအဆင့်နှင့် မသက်ဆိုင်ပေ။

ရန်ကျောက်ကဲက မီးလျှံထက်ယံအရှင်သခင်ကို သွားရောက်ရှာဖွေမည်ဖြစ်ရာ အမတခုံရုံးနှင့်လည်း ဆက်သွယ်ရမည်ဖြစ်သဖြင့် အားဟူကို ခေါ်မသွားနိုင်ခြင်း ဖြစ်သည်။

တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ကျန့်ဟွမ်မြေကမ္ဘာဧကရာဇ် ပြင်ပဗလာနယ်ထဲတွင် ရှိနေရခြင်းနှင့်ပတ်သက်ပြီး ယခင်ကတော့ ရန်ကျောက်ကဲက ရိုးရှင်းစွာပင် ယူဆခဲ့သည်။

ယခုတော့ သူ၏ယူဆချက် လုံးဝ မဖြစ်နိုင်တော့ပေ။

မီးလျှံထက်ယံအရှင်သခင်သာ အမတခုံရုံးတွင် ပြဿနာရှာခဲ့မည်ဆိုလျှင် ရန်ကျောက်ကဲအနေဖြင့် သူ့ကိုရှာဖွေရန်မှာ အခြေအနေ ပိုမိုရှုပ်ထွေးကုန်မည် ဖြစ်သည်။

ရန်ကျောက်ကဲက မီးလျှံထက်ယံအရှင်သခင်ကို ရှာဖွေရန် ရည်ရွယ်ချက်တစ်ခုတည်းသာ ရှိသော်လည်း အခန့်မသင့်ပါက အမတခုံရုံးမှလူများနှင့် တွေ့ဆုံရန် ဖြစ်နိုင်ခြေရှိနေသေးသည်။

အားဟူတွင် ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ ဆိုသောအမည်နာမမှ သူ့ကိုယ်သူကာကွယ်ရန် အထူးရတနာပစ္စည်းမရှိလေရာ ဤကိစ္စတွင် မပါဝင်ခြင်းက ပိုကောင်းသည်။

ရန်ကျောက်ကဲက ဖုထင်ကြုံတွေ့ရသလိုဖြစ်ရပ်မျိုး အားဟူအား မကြုံတွေ့စေချင်ပေ။

ရန်ကျောက်ကဲ၏မျက်နှာတည်ကြည်လေးနက်နေသည်ကိုကြည့်ရင်း အားဟူက ခပ်တုံးတုံးဟန်မဆောင်တော့ဘဲ လေးနက်စွာဖြင့်...

“ဟုတ်ကဲ့ပါ သခင်လေး... ကျွန်တော် နားလည်ပါပြီ”

ထို့နောက် သူတို့နှစ်ယောက် ဖုန်းမော့ယန်နှင့် ရှီကျွင်းတို့ကို နှုတ်ဆက်စကားဆိုပြီးနောက် ပါးကွတောင်ထွတ်မှ အတူတူ ထွက်ခွာလာခဲ့ကြသည်။

လမ်းတွင် ရန်ကျောက်ကဲက...

“အားဟူ... ငါ ဂိုဏ်းကလူတွေကို ပစ္စည်းတွေစုဆောင်းခိုင်းထားတယ် ၊ အဲဒီပစ္စည်းတွေအသုံးပြုပြီး ငါ ညွှန်ကြားတဲ့အတိုင်း ကိစ္စတစ်ခု လုပ်ပေးပါ”

အားဟူက...

“ဟုတ်ကဲ့ပါ သခင်လေး...”

ထို့နောက် အားဟူက လက်သီးတစ်ချက်ဆုပ်လိုက်ရင်း...

“သခင်လေး... ဒီတစ်ခေါက် ကျွန်တော်တို့ ဘယ်သူနဲ့တိုက်ရမှာလဲ”

ရန်ကျောက်ကဲက...

“မင်းပဲပြောတာ ချန်ချန်းဟွာဆို... မဟုတ်ဘူးလား”

ထိုစကားကြားတော့ အားဟူ မင်တက်သွားသည်။

ခဏမျှစဉ်းစားပြီးမှ သူက သတိပြန်ဝင်လာပြီး...

“သခင်လေးက ရန်သူကို လမ်းလွှဲဖို့ ကြိုးစားနေတာလား”

မူလကောင်းကင်ကျမ်းစာက ရန်ကျောက်ကဲအား ခြေရာခံနိုင်မည် မဟုတ်သော်လည်း ရန်ကျောက်ကဲပတ်ဝန်းကျင်မှ လူများစွာကို ခြေရာခံနိုင်မည် ဖြစ်သည်။

အားဟူက ရန်ကျောက်ကဲ၏ကိုယ်ပိုင်အစေခံဖြစ်လေရာ ချန်ချန်းဟွာအနေဖြင့် စောင့်ကြည့်ရန် အလွန်အသုံးဝင်သည်။

သို့ပေသိ ရန်ကျောက်ကဲနှင့် အားဟူတို့သည်လည်း ဤအချက်ကို အာရုံခံမိသည်ဆိုလျှင် ချန်ချန်းဟွာတို့အုပ်စုသည်လည်း သေချာပေါက် တွေးတောမိကြပေလိမ့်မည်။

ထို့ကြောင့် ရန်ကျောက်ကဲအား ထောင်ချောက်ဆင်၍မရနိုင်ကြောင်း ချန်ချန်းဟွာ သေချာပေါက် သိရှိပေမည်။

သို့ဖြစ်ရာ ချန်ချန်းဟွာအနေဖြင့် ရန်ကျောက်ကဲပတ်ဝန်းကျင်မှလူများကို စူးစမ်းသိရှိနိုင်သည့်တိုင် သူရရှိသော သတင်းအချက်အလက်များကို အပြည့်အဝ ယုံကြည်မည် မဟုတ်ပေ။

ချန်ချန်းဟွာတို့အုပ်စုအနေဖြင့် ရန်ကျောက်ကဲနှင့် တိုက်ရိုက်ပတ်သက်သည့် အသုံးဝင်သော သတင်းအချက်အလက်များအစား သွယ်ဝိုက်သည့် သတင်းအနည်းငယ်ကိုသာ ရရှိနိုင်သည်။

“သခင်လေးက တကယ်အမြင်ရှိတာပဲ”

အားဟူက ချီးမွမ်းစကားဆိုလိုက်ရင်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မျက်နှာတစ်ချက်ပျက်သွားသည်။

“ချန်ချန်းဟွာက စိတ်စေရာကောင်းကင်ကျမ်းစာကျင့်ကြံထားတယ်လို့ သခင်လေးပြောဖူးတယ်နော် ၊ သူက ကျွန်တော့်ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားတယ်ဆိုတော့ ကျွန်တော်ကနေတဆင့် သခင်လေး အကြံအစည်တွေကို ဖောက်ထွင်းသိရှိဖို့ လွယ်ကူနေမှာ မဟုတ်ဘူးလား”

ရန်ကျောက်ကဲက ပေါ့ပါးစွာပင် လက်တစ်ဖက်ဝှေ့ယမ်းရင်း...

“စိတ်စေရာကောင်းကင်ကျမ်းစာက လူတွေရဲ့ ယာယီအတွေးတွေကိုပဲ သိရှိနိုင်တာ ၊ မှတ်ဉာဏ်တွေအားလုံးကို သိနိုင်တာ မဟုတ်ဘူး”

သူက ဆက်ပြောသည်။

“သူလုပ်နိုင်တယ်ဆိုရင်တောင်မှ... မင်းရဲ့ မှတ်ဉာဏ်တွေကိုပဲ မြင်ရမှာ ၊ ငါနဲ့ပတ်သက်တာတွေကို မြင်ရမှာ မဟုတ်ဘူး ၊ ပြီးတော့ ငါ မင်းကို ပြောထားတဲ့ ကိစ္စတွေက အလိမ်အညာတွေလည်း ဖြစ်နိုင်တာပဲလေ”

“ဒီတော့ မင်း စိတ်အေးအေးနဲ့သာ ငါပြောတဲ့အတိုင်း လုပ်စမ်းပါ ၊ ဒါပေမဲ့ သိုသိုသိပ်သိပ်လုပ်ဖို့တော့ မမေ့နဲ့ ၊ ငါ ပြောခဲ့သလိုပဲ... ‘ချန်’ အိမ်တော်ရဲ့ ဒုတိယသားက ရင်ဆိုင်ဖို့ သိပ်မလွယ်ဘူး ၊ ချန်ချန်းဟွာက မင်းကို စိတ်မဝင်စားပေမယ့် ချန်ခွန်းဟွာကတော့ စိတ်ဝင်စားနိုင်တယ် ၊ ပြီးတော့ ငါတို့ဂိုဏ်းက တခြားတပည့်တွေကိုလည်း ဒီအကြောင်းပြောပြဖို့ မမေ့ပါနဲ့”

အားဟူက အလျင်အမြန်ပင် ခေါင်းညိတ်ရင်း...

“ဟုတ်ကဲ့ပါ သခင်လေး ၊ ကျွန်တော် မှတ်ထားပါ့မယ်”

ထို့နောက် ရန်ကျောက်ကဲ တောင်ပေါ်တွင် ခပ်ကြာကြာမနေဘဲ ပြန်ထွက်သွားခဲ့သည်။

အမှန်တော့ အလွန်ထူးခြားပြီး အဓိပ္ပါယ်ရှိသည့် ကိစ္စတစ်ခုသာမရှိပါက သူ့အနေဖြင့် တောင်ပေါ်တွင် ဤမျှအချိန်ကြာကြာ နေထိုင်မည် မဟုတ်ပေ။

‘ကောင်းကင်ဖွင့်ကျမ်းစာ’ ကို နားလည်ရန် ကြိုးစားရမည်ဖြစ်သောကြောင့်သာ နေထိုင်ခဲ့ခြင်း ဖြစ်၏။

နက္ခတ်ဧကရာဇ် ဝါဒတောင်တွင်နေထိုင်စဉ်က ကနဦးကောင်းကင်ကျမ်းစာ (၃)စောင်တွင် ဒုတိယကျမ်းစာဖြစ်သော ‘ကောင်းကင်ဖွင့်ကျမ်းစာ’ အား ရန်တိထံသို့ ပေးအပ်ခဲ့သည်။

ထိုအတွက် ရန်ကျောက်ကဲနှင့် ရန်တိတို့နှစ်ယောက်လုံး သူ့အား အလွန်အမင်း ကျေးဇူးတင်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော ဤသို့သောအခွင့်အရေးက ရတောင့်ရခဲ ရှားပါးလွန်းသောကြောင့် ဖြစ်၏။

ဤကမ္ဘာတွင် သိုင်းပညာအမွေဆက်ခံသောဓလေ့တုံးတမ်းက သွေးသွားတော်စပ်မှုများထက် ပိုပြီးပြင်းထန်သည်။

ဆရာဖြစ်သူထံမှ ခွင့်ပြုချက်မရရှိဘဲ ဆရာဖြစ်သူ သင်ပြပေးသည့် ပညာရပ်များကို မိသားစုကိုပြန်လည်သင်ပြပေးရဲသော တပည့်ဆို၍ တစ်ယောက်မှ မရှိကြပေ။

အချိန်အများစုတွင် မိသားစု ၊ မိတ်ဆွေသူငယ်ချင်း ၊ လင်နှင့်မယားတို့၏ သံယောဇဉ်သည်ပင် ဤသိုင်းပညာဓလေ့ထုံးတမ်း၏ စည်းကမ်းနှင့် ခိုင်မာမှုကို မထိခိုက်နိုင်ကြပေ။

ရန်တိက ဖုထင်ကို အနက်ရောင်ပိုးသားဧကရာဇ်၏အန္တရာယ်မှ ကာကွယ်ပေးခဲ့သည်။

သို့သော် မည်မျှပင် ကျေးဇူးကြွေးတင်နေပါစေ ဖုထင်က မြောက်ဖေးတောင်ထွတ်မှ သိုင်းပညာရပ်များကို အလကားပေးအပ်ပြီး ကျေးဇူးဆပ်မည် မဟုတ်ပေ။

ယခု သူမက ထိုက်ချင်အဆက်အနွယ်သိုင်းပညာရပ်များကို ဝါဒတောင်သို့ ပေးအပ်ရသည့်အကြောင်းရင်းမှာ ထိုက်ယိဟွာတိမ်တိုက်အတွင်းသို့ ဝင်ရောက်ခွင့်ရပြီး ထိုက်ယိလက်သီးသိုင်းကို သင်ယူခွင့်ရရှိခဲ့သောကြောင့် အပေးအယူသဘော ပြုလုပ်ခြင်း ဖြစ်သည်။

မဟုတ်ပါက မည်မျှပင် ကျေးဇူးကြီးသူဖြစ်ပါစေ သူမက အခြားနည်းလမ်းဖြင့် ကျေးဇူးဆပ်ရန်သာ ကြိုးစားပေလိမ့်မည်။

ထိုက်ယိလက်သီးသိုင်းဖြင့် လဲလှယ်ခြင်းသာမဟုတ်ပါက ရန်ကျောက်ကဲနှင့် ရန်တိတို့ကလည်း မြောက်ဖေးတောင်ထွတ်မှသိုင်းပညာများကို ကြုံရာကျပန်း တောင်းဆိုမည် မဟုတ်ပေ။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ တိချင်းလျန်က ရွှမ်ဟွမ်ဧကရီနှင့် ဂိုဏ်းတူညီအစ်မများ ဖြစ်သည်။ ထိုအချက်က အငြင်းပွားမှုကို နှိုးဆွရန်လွယ်ကူသော်လည်း လူအများက မျက်ကွယ်ပြုထားကြသည်။

သို့ပေသိ နက္ခတ်ဧကရာဇ်အနေဖြင့် သိုင်းပညာအဆက်အနွယ်အရ ဝါဒတောင်နှင့် ပတ်သက်မှု မရှိပေ။

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ချန်ချန်းဟွာအား ကောင်းကင်ဖွင့်ကျမ်းစာပေးအပ်စဉ်က မည်သို့သောအကြောင်းပြချက်ဖြင့် ပေးအပ်ကြောင်း မသိနိုင်ပေ။

သို့သော် နက္ခတ်ဧကရာဇ်ကတော့ သူ၏မိတ်ဆွေ ‘ရန်ရှင်းထန်’ နှင့် ခင်မင်မှုကို အမှတ်ရပြီး ‘ရန်’ အိမ်တော်အတွက် ရှားပါးသော ‘ကောင်းကင်ဖွင့်ကျမ်းစာ’ ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကျောက်ကဲ တောင်ပေါ်သို့ပြန်ရောက်သည်နှင့် ရန်တိက ‘ကောင်းကင်ဖွင့်ကျမ်းစာ’ ကို ချက်ချင်း သင်ပြပေးခဲ့သည်။

ကောင်းကင်ဖွင့်ကျမ်းစာက ကနဦးကောင်းကင်ကျမ်းစာ (၃)စောင်တွင် ဒုတိယမြောက်ကျမ်းစာဖြစ်သည်။ သို့သော် ဤကျမ်းစာထဲတွင် ပါဝင်သည့်သိုင်းပညာရပ်က တကယ့်တိုက်ပွဲများတွင် အဖျက်စွမ်းအား အကြီးဆုံးဖြစ်ပြီး မူလကောင်းကင်ကျမ်းစာနှင့် စက်ဝန်းသံသရာ ကောင်းကင်ကျမ်းစာထက်ပင် ပိုမိုအားကောင်းသည်။

သို့သော် ‘ကောင်းကင်ဖွင့်ကျမ်းစာ’ ကို လူတိုင်း မကျင့်ကြံနိုင်ကြပေ။

လူအများစုက မိုးနှင့်မြေအားပိုင်းခြားသိမြင်ခြင်းဟူသောအယူအဆကို ခံယူနိုင်ခြင်း မရှိကြပေ။ နားလည်နိုင်စွမ်းမရှိပါက သူတို့၏ဝိညာဉ်များပင် အက်ကွဲသွားနိုင်သည်။

ဤကျမ်းစာကို ကျင့်ကြံရာတွင် လူတစ်ယောက်၏ ကျင့်ကြံခြင်းနှင့်ပတ်သက်သော နားလည်မှုနှင့်သာသက်ဆိုင်ပြီး ကျင့်ကြံခြင်းအဆင့်နှင့် သက်ဆိုင်ခြင်း မရှိပေ။

နတ်ဘုရားတံခါးကိုဖွင့်လှစ်ပြီးသော အစစ်အမှန်နတ်ဘုရားများသည်ပင် ထိုကျမ်းစာကို နားလည်နိုင်စွမ်းမရှိပါက ကိုယ့်ကိုယ်ကိုယ်ဒုက္ခပေးသလို ဖြစ်နိုင်သည်။

ကောင်းကင်ဖွင့်ကျမ်းစာကို အတူတကွ လေ့လာခဲ့ကြသော ခွန်လွန်အထင်ကရ (၉)ပါးသည်ပင် သူတို့၏သိုင်းပညာအမွေကို ဆက်ခံသည့်တပည့်တိုင်းအား ‘ကောင်းကင်ဖွင့်ကျမ်းစာ’ ကို သင်ပြမပေးခဲ့ပေ။ တပည့်များစွာထဲမှ လက်ရွေးစင် အနည်းငယ်ကိုသာ သင်ပြပေးခဲ့ကြသည်။

လင်ပေါင်ဓားသိုင်း (၄)မျိုးတွင် တန်ခိုးအကြီးမားဆုံးဖြစ်သည့် ‘နတ်ဘုရားသုတ်သင်ဓားသိုင်း’ သည်လည်း အလားတူအခြေအနေပင် ဖြစ်သည်။

အတိုချုပ်ပြောရလျှင်...

ထိုကဲ့သို့သော သိုင်းပညာရပ်များက ရှားပါးသလို အလွန်ထူးခြားလှသည်။ သို့သော် ကျင့်ကြံရန်လည်း ခက်ခဲသည်။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲအတွက်တော့ ပြဿနာရှိလှသည် မဟုတ်ပေ။

All Chapters