နတ်ဧကရာဇ်
Vol. 91 Ch. 1260
ချန်ရှင်းက သူ့ဘဝ၌ နတ်ဧကရာဇ်ဟူသော အသုံးအနှုန်းကို နားလည်ဖို့ရာအတွက် ကွဲပြားသည့် နည်းလမ်းနှစ်ခုကို အသုံးပြုခဲ့ရသည်။ ပထမတစ်ခုက အမှောင်ဂိုဏ်းမှ တာဝန်ကြောင့် ဖြစ်၏။ တာဝန်ထဲတွင် သတင်းအချက်အလက်မြောက်အများ ပါဝင်နေပြီး ထိုအထဲ၌ နတ်ဧကရာဇ်အကြောင်း ဖော်ညွှန်းထားသည်။ အထူးသဖြင့် မိုးကောင်းကင်တာအိုနှင့် ပေါင်းစပ်ပြီးသည့်နောက်တွင် ချန်ရှင်းက ပိုမိုနားလည်လာခဲ့၏။
နတ်ဧကရာဇ်က အဆုံးမဲ့ကမ္ဘာ၏ အစစ်အမှန် အရှင်သခင်တစ်ယောက် ဖြစ်၏။
ကောလဟာလများအရ သူ့စိတ်ဆန္ဒကို အပိုင်း တစ်သိန်းခွဲကာ စကြဝဠာနယ်မြေတစ်သိန်းဆီ ဖြန့်ကျက်ပြီး တာအိုနယ်မြေတစ်သိန်းကို ဖွဲ့စည်းထူထောင်ခဲ့သည်။ တာအိုနယ်မြေတစ်ခုချင်းစီတွင် အဆုံးမဲ့နယ်မြေက သူ့နတ်ဘုရားအသိစိတ်မှ ဖြစ်တည်လာ၏။
ကျောက်ပြားကမ္ဘာရှိ အဆုံးမဲ့မျိုးနွယ်မှာ ပေါ်ထွက်လာတာ မကြာသေးသည့် အဆုံးမဲ့တာအိုနယ်မြေတစ်ခုသာ ဖြစ်၏။ ယခုလေးမှ မွေးဖွားခဲ့သည်ဟုပင် ဆိုနိုင်လေသည်။ သို့သော်လည်း တိုက်ဆိုင်မှုကြောင့် အဆုံးမဲ့နယ်မြေထဲ အပြောင်းအလဲများစွာ ရှိလာခဲ့သည်။
ပထမဦးစွာ လော့နှင့် ကူတို့ကြားမှ တိုက်ပွဲအတွင်း ကူက ဤနေရာဆီ ရောက်လာကာ ပုန်းအောင်းနေခဲ့သည်။ ထို့နောက် လော့က သူ့နောက်ကို လိုက်ဖမ်းရင်း လက်တစ်ဖက်ကို စည်းတံဆိပ်အနေဖြင့် အသုံးပြုပြီး အမှောင်ဂိုဏ်းကို ဖန်တီးကာ သူတို့ကို တာဝန်ချမှတ်ပေးခဲ့သည်။
ဤသည်က ဤနေရာကို ထာဝရပိတ်ဆို့ပြီး မသေမျိုးများ ထွက်မသွားနိုင်အောင် တားဆီးဖို့ ဖြစ်၏။
လော့ သေဆုံးမသွားခဲ့လျှင် ကျောက်ပြားကမ္ဘာ၏ အနေအထားက ယခင်အတိုင်း ရှိနေလိမ့်မည်။ သို့သော်လည်း လော့၏ သေဆုံးမှုက ဤနေရာအား အမြစ်မဲ့ သစ်ပင်လို ပြောင်းလဲစေခဲ့သည်။ အဆုံးမဲ့မျိုးနွယ် မြင့်တက်လာမှု၊ ဝေ့ယန်ကျစ်၏ မူလခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် နိုးထလာသည့် မှတ်ဉာဏ်များ … အမှောင်ဂိုဏ်း၏ တာဝန်မှ အမွေဆက်ခံသူတို့ကြောင့် ပြောင်းလဲသွားခဲ့သည်။
ရလဒ်အနေဖြင့် ချန်ရှင်းနှင့် ဝမ်ပေါင်လဲ့၏ ဆရာကြားတွင် ပဋိပက္ခ ဖြစ်လာခဲ့သည်။ ရလဒ်အနေဖြင့် အမှောင်ဂိုဏ်းက ဖျက်ဆီးခံလိုက်ရပြီး အဆုံးမဲ့မျိုးနွယ်က ကျောက်ပြားကမ္ဘာကို ထိန်းချုပ်ခွင့်ရရှိသွားခဲ့သည်။
အကယ်၍ ချန်ရှင်းကြောင့်သာ မဟုတ်လျှင် သို့မဟုတ် ဝမ်ပေါင်လဲ့ကသာ မနိုးထလာခဲ့လျှင် သို့မဟုတ် သူက နိုးထလာခဲ့လျှင်ပင် ပူးကပ်ခြင်းခံခဲ့ရလျှင် ကျောက်ပြားကမ္ဘာက တခြားသောနယ်မြေသောင်းချီဖြင့် အတူတူသာ ဖြစ်နေလိမ့်မည်။ အဆုံးသတ်၌ အဆုံးမဲ့မျိုးနွယ်က စည်ပင်ကြွယ်ဝလာပြီး အထွတ်အထိပ်သို့ ရောက်ရှိသွားကာ အဆုံးမဲ့သားတော်(ဝေ့ယန်ကျစ်) တစ်သိန်းလုံး အပြည့်အဝ နိုးထလာလိမ့်မည်။ သူတို့အားလုံးက နိဗာနသဖွယ် ဖြစ်၏။ သူတို့က တာအိုနယ်မြေတစ်ခုလုံးကို စုပ်ယူကာ တာအိုသစ်သီးအဖြစ် ပြောင်းလဲပစ်ကာ လေဟာနယ်ကို ချိုးဖောက်ပြီး ဧကရာဇ်၏ အစစ်အမှန်အသွင်ဆီ ပြန်လည်ရောက်ရှိသွားကြလိမ့်မည်။
သို့သော် ဤအဆုံးမဲ့တာအိုနယ်မြေနှင့် ပတ်သက်ပြီးတစ်စုံတစ်ခု မှားယွင်းနေခဲ့၏။
ဤသည်က ချန်ရှင်းသည် အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုဆီမှ ရရှိထားသည့် သတင်းအချက်အလက် ဖြစ်၏။ သူ့အတွက် ထိုအရာကို ရရှိနိုင်သည့် နောက်နည်းလမ်းက မသေမျိုးတစ်ယောက်၏ အမွေအနှစ်ဆီမှ ဖြစ်သည်။
မသေမျိုး၏ အမွေအနှစ်က တစ်ခုတည်း မဟုတ်ဘဲ နှစ်ခု ဖြစ်၏။ ကူက ကျောက်ပြားကမ္ဘာဆီ ပြေးလာပြီးသည့်နောက်တွင် လော့က သူ့ကို ရှာတွေ့သွားမည်ကို ရှောင်လွှဲမရနိုင်ကြောင်း သိထားသည်။ ထို့ကြောင့် သူက အဆုံးမဲ့မျိုးနွယ်ထဲ ဝင်ရောက်လိုက်သည်နှင့် သူ၏ နတ်ဘုရားအာရုံကို ဖြတ်တောက်ကာ သူ ရရှိထားသည့် မသေမျိုးအမွေအနှစ်ကို အလင်းနှင့် အမှောင်အဖြစ် ခွဲခြားလိုက်သည်။
သူနှင့်အတူ အလင်းကို သယ်ဆောင်ထားခဲ့သည်။ အမှောင်ကမူ ပြန်လည်ဝင်စားခြင်းဆီ ဝင်ရောက်သွားခဲ့ကာ မသေမျိုးစည်းချက်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
နှစ်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် မသေမျိုး၏ အမှောင်အမွေအနှစ်က ချန်ရှင်းထံတွင် နိုးထလာသည်။ ထို့ကြောင့်သာ သူက အနက်ရောင်မြွေ တိုင်းပြည်ကို အချိန်တိုအတွင်း ဖျက်ဆီးနိုင်ခဲ့ပြီး လက်စားချေခဲ့နိုင်ခြင်း ဖြစ်၏။ မင်ခွန်းကျစ်က သဲလွန်စတွေ့ကာ သူ့ကို တပည့်အဖြစ် လက်မခံခင်အထိ ဖြစ်သည်။
အမှောင်မသေမျိုး၏ အမွေအနှစ်ရှိ မှတ်ဉာဏ်အတွက် အမှောင်ဂိုဏ်း ပျက်သုဉ်းသွားပြီးသည့်နောက်တွင် နိုးထလာခဲ့သည်။ ချန်ရှင်းက မှတ်ဉာဏ်များစွာနှင့် နောင်တများစွာ ပြည့်နှက်နေခဲ့၏။
ထို့ကြောင့် သူက သူ ဘယ်သူလဲ သိလိုက်ရသည်။
ထိုအခိုက်အတန့်၌ သူက ကျောက်ပြားကမ္ဘာ၏ ဇစ်မြစ်ကိုလည်း သိလိုက်ရသည်။
ထိုအခိုက်အတန့်တွင် သူက သူ့ဆရာ၏ အခြေအနေကိုလည်း မှန်းဆမိလိုက်၏။ သူ့ဆရာက ဧကရာဇ်ဂုဏ်ပုဒ် ခေါ်ညွှန်းလိုသည်မှာ သူ့ကို မဟုတ်ဘဲ တခြားသူကို ဖြစ်၏။
သူ အသက်ဝင်နိုးထလာသည့် မသေမျိုးအမွေအနှစ်တွင် သူ့မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်း ရှိနေလေသည်။ ထိုမှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းအတွင်း လော့နှင့် ကူတို့က စကြဝဠာတစ်ခုဆီ သွားခဲ့ဖူး၏။ ထိုစကြဝဠာက တောက်ခုံမူလစကြဝဠာဟု ခေါ်ဆိုသည်။
တောက်ခုံမူလစကြဝဠာက အင်မတန် ကြီးမား၏။ ရှေးခေတ်အချိန်ကတည်းက စွမ်းအားကြီးပုဂ္ဂိုလ် စုစုပေါင်း ၁၀၈ ယောက်ရှိခဲ့သည်။ တစ်ယောက်ချင်းစီက ကောင်းကင်တုန်လှုပ်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားပြီး သူတို့၏ ကိုယ်ပိုင်ကမ္ဘာကိုပင် ဖွဲ့စည်းနိုင်ကြသည်။ သူတို့ ၁၀၈ ယောက်ထဲမှ တစ်ယောက်က မူလစကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ခဲ့သည့်အတွက် ဧကရာဇ်ဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။
ထိုဧကရာဇ်က ပြိုင်ဘက်ကင်းလှ၏။ သူ့ကို ကြက်တူရွေးတစ်ကောင်က အဖော်ပြုပေးပြီး နယ်မြေတစ်ခုလုံးကို သိမ်းပိုက်ခဲ့သည်။ ဧကရာဇ်၏ အမိန့်အောက်တွင် တောက်ခုံမူလစကြဝဠာကို အဆုံးမဲ့တာအိုနယ်မြေဟု ပြောင်းလဲခဲ့သည်။
ကူနှင့် လော့တို့က သူတို့၏ ကိုယ်ပိုင်သက်ဆိုင်ရာနေရာများတွင် အထွတ်အထိပ်သို့ ရောက်ရှိပြီးသည့်နောက် တာအိုကို စတင်ရှာဖွေကြသည်။ သို့သော်လည်း သူတို့က ဤနေရာတွင် ဖိနှိပ်ခံလိုက်ရသည်။ နှစ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် ဧကရာဇ်က သူ့ကျင့်ကြံဆင့်၌ နောက်ဆုံးအဆင့်ကို တက်လှမ်းဖို့ ကြိုးစားခဲ့စဉ် တန်ပြန်သက်ရောက်မှုကို ခံစားခဲ့ရသည်။ အနက်ရောင်သစ်သားပြားက တစ်နေရာမှ ထွက်ပေါ်လာပြီး သူ့နဖူးကို ထိုးစိုက်သွားခဲ့၏။ ထိုစဉ် သူ့ကျင့်ကြံဆင့်က သွေဖွယ်သွားကာ ဖရိုဖရဲ ဖြစ်သွားခဲ့သည်။ ထို့ကြောင့် နှစ်များစွာ အုပ်စိုးခဲ့သည့် တောက်ခုံမူလစကြဝဠာက စတင်လျော့ရဲလာသည်။
ကူနှင့် လော့တို့က ဤမူလစကြဝဠာတွင် တာအိုအဆင့်ထိ မရောက်သေးသော်လည်း အခြေအနေ လျော့ရဲသွားသည်နှင့် သူတို့က ကျင့်ကြံဆင့်ကို ထုတ်သုံးကာ လွတ်မြောက်ခဲ့ကြသည်။ သို့သော်လည်း သူတို့ လွတ်မြောက်လာပြီးသည့်နောက်တွင် ဧကရာဇ်၏ တန်ပြန်သက်ရောက်မှုကြောင့်လား သို့မဟုတ် တိုက်ဆိုင်မှုကြောင့်လား မသိသော်လည်း နှစ်ဦးသားက မသေမျိုး၏ အမွေအနှစ်ကို လက်ခံရရှိလိုက်ကြသည်။ ထို့နောက် နှစ်ဦးသားကြား ကမ္ဘာမြေတုန်လုမတတ် တိုက်ပွဲတစ်ခု ဖြစ်ပွားသွား၏။
ထို့နောက် ကူက စည်းပိတ်ခံလိုက်ရပြီး လော့က မသေမျိုး၏ အမွေအနှစ်အများစုကို ရရှိသွားခဲ့သည်။ ထိုအရာက မပြီးပြည့်စုံသေးသော်လည်း လော့၏ ယခင်ကျင့်ကြံဆင့်ထက် ကျော်လွန်သွားခဲ့၏။
ချန်ရှင်းအနေဖြင့် လော့က ဘယ်နေရာ ရောက်သွားမှန်း မသိပေ။
ချန်ရှင်းအနေဖြင့် ထိုသူက နတ်ဧကရာဇ်နှင့် တိုက်ခိုက်ဖို့ မူလစကြဝဠာဆီ ပြန်သွားလား မသိရပေ။ သို့သော်လည်း မသေမျိုး၏ အမွေအနှစ်မှ မသေမျိုးအများစုနှင့် ပေါင်းစည်းထားခဲ့သည့် ထိုလော့သည် စကြဝဠာသွေးဟု ခေါ်ဆိုသည့် အစစ်အမှန်ရတနာတစ်ခုကို ဖွဲ့စည်းနိုင်ကြောင်း သိထားသည်။ ထိုသို့သော ရတနာမျိုးက တခြားအဆင့်တစ်ခုဟု ဆိုရပေမည်။
ထိုရတနာကို အဆင့်တူသူ ရရှိပါက ကုသရေးဆေးဝါးအဖြစ်သာ အသုံးပြုနိုင်လိမ့်မည်။
“ဧကရာဇ်” ချန်ရှင်းက ကျောက်တံခါးအပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ သူ့အကြည့်များက တောက်ပနေ၏။ သူ့အနေဖြင့် ထိုသွေးနီရောင်ပုံရိပ်ကြီးကို ခန့်မှန်းကြည့်ဖို့ မခက်ခဲလှပေ။ သူ ရရှိထားသည့် အမွေအနှစ်အရ ဖြစ်စေ၊ သို့မဟုတ် ထိုသွေးနီရောင် ကင်းခြေများမှ ထုတ်လွှတ်နေသည့် အရှိန်အဝါအရဖြစ်စေ အရာအားလုံးကို နားလည်ဖို့ လုံလောက်နေလေပြီ။
ချန်ရှင်းက စကားပြောလိုက်သည်နှင့် သွေးနီရောင်ကင်းခြေများက မြန်မြန်ဆန်ဆန် လှုပ်ရှားလာသည်။ နောက်အခိုက်အတန့်၌ ဧရာမမျက်လုံးကြီးက ကျောက်တံခါးအပြင်ဘက်တွင် ပေါ်ထွက်လာသည်။ ထိုအရာက ကျောက်တံခါးမှတဆင့် ချန်ရှင်းကို စိုက်ကြည့်လာခဲ့သည်။
ထိုမျက်လုံးက အဝါနှင့်အနက်ရောင် ဖြစ်ပြီး ရက်စက်မှုနှင့် အေးစက်မှုတို့ ကိန်းအောင်းနေသည်။ ထို့အပြင် ထိုမျက်လုံးကြီးက ကြီးမားလွန်းသည့်အတွက် ကျောက်တံခါး၏ တစ်စိတ်တစ်ပိုင်းကိုသာ မြင်နေရသည်။ အကယ်၍ ကျောက်တံခါး အပြင်ဘက်ရှိ လူတစ်ယောက်က လေဟာနယ်ထဲကို ကြည့်လိုက်ပါက ဧရာမကင်းခြေများကို မြင်ရလိမ့်မည်။ ထိုကင်းခြေများကြီးက မည်မျှ ရှည်လျားကြောင်း ပြောဖို့ရာပင် အခက်တွေ့လှ၏။
ယခုအခါ လေဟာနယ်ထဲ ရစ်ခွေနေသည်။
သွေးနီရောင် ကင်းခြေများ၏ ခန္ဓာကိုယ်က လေဟာနယ်ကိုပင် သွေးနီရောင် ပြောင်းလဲသွားစေသည်။ ထိုအရာ၏ အရှိန်အဝါက နေရာတစ်ခုလုံးကို ပြည့်နှက်နေ၏။ ယခုအခိုက်အတန့်တွင် သွေးနီရောင် ကင်းခြေများကြီးက ကျောက်တံခါးနှင့် မျက်နှာချင်းဆိုင်လျက်ရှိနေသည်။
“မင်း ထွက်လာရဲလား” ချန်ရှင်း၏ နတ်ဘုရားဝိညာဉ်ဆီ ဝင်ရောက်လာသည့် အံ့ဖွယ်နတ်ဘုရားအာရုံက ပျံ့နှံ့လာသည်။
“ခင်ဗျားရဲ့ အစစ်အမှန်ကိုယ် လာရင်တော့ ကျုပ်တုံ့ဆိုင်းနေမိမှာပေါ့။ ဒါပေမဲ့ လက်ရှိကိုယ်က ခင်ဗျားက စိတ်ဝိညာဉ်အသိစိတ်တစ်ခုပဲ။ ဒီလိုဆိုရင် ဘာလို့ မလာရဲရမှာလဲ” ချန်ရှင်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
ကျောက်တံခါးအပြင်ဘက်တွင် သွေးနီရောင် ကင်းခြေများကြီးက ချန်ရှင်းကို စိုက်ကြည့်နေ၏။ ခဏကြာပြီးသည့်နောက်တွင် ရယ်မောသံ ထွက်ပေါ်လာသည်။
“မင်းက ငါ့ရဲ့ နောက်ခံကို သိတာနဲ့ လာဖို့ ရွေးချယ်ခဲ့တယ်။ ငါ့ရဲ့ ပြန့်ကျဲနေတဲ့ မျိုးစေ့တွေက ဒီနေရာကနေ တာအိုသစ်သီး မဖွဲ့စည်းနိုင်တာ မထူးဆန်းတော့ပါဘူး”
“လော့က ငါ တွေ့ဖူးသမျှထဲမှာ အားအကောင်းဆုံး ကျင့်ကြံသူလို့ ပြောရမယ်။ သူက မသေမျိုးတွေဆီကနေ အမွေအနှစ်တွေ ရလာခဲ့တယ်။ ငါ့ကြောင့် ရှုံးနိမ့်သွားပြီး သူ့ စကြဝဠာသွေးလည်း ယူခံလိုက်ရပေမဲ့ သူက ဒဏ်ရာအပြင်းအထန်နဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့သေးတယ်။ ကံဆိုးတာက သူက ပျောက်ကွယ်သွားတုန်းပဲ။
အဲ့လိုဆိုရင်တောင် သူက ငါ့ကို ဒုက္ခပေးဖို့ ပြဿနာတွေ ချန်ထားခဲ့သေးတယ်။ နမူနာအနေနဲ့ဆိုရင် အပြင်ဘက်ကနေ ဝင်မလာနိုင်တဲ့ တစ်ယောက်။ ဒီနေရာကို အဝေးကနေ စိုက်ကြည့်နေတဲ့ တစ်ယောက်၊ ဒီကိုလာပြီးတော့မှ ဒီနေရာက သူ့ရဲ့ ညာဖက်လက်နဲ့ ဖွဲ့စည်းထားတဲ့ နေရာဆိုတာကို သိရတယ်။
ဒါတွေအားလုံးက ငါ့ရဲ့ သံသယတွေ အားလုံးကို ဖြေရှင်းပေးပြီးသွားပြီ။ တာအိုသစ်သီး ၉၉၉၉၉ က ဖွဲ့တည်လာပြီးတော့ ဒီတစ်ခုကပဲ ကျန်နေတာ။ ကျန်တဲ့ကမ္ဘာတွေ အကုန်လုံးက တာအိုသစ်သီးဖြစ်လာပြီးတော့ သစ်သားအဆီအနှစ်က ဖိနှိပ်ခံထားရပြီး ပျက်စီးနေတယ်။ ဒီကမ္ဘာတစ်ခုတည်းကပဲ ငါ ကိုယ်တိုင်လာပြီး စစ်ဆေးကြည့်ဖို့ လိုတာ။
မင်းလိုမျိုး ကျင့်ကြံသူကို တွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး။ မင်းက လော့ရဲ့ တာဝန်ကို ထမ်းဆောင်ထားတာပဲ။ ပြီးတော့ မသေမျိုးရဲ့ အမွေအနှစ် တစ်စိတ်တစ်ပိုင်းကိုလည်း ရရှိလာသေးတယ်။ တကယ်လို့ မင်းသာ ဆက်ပြီးတော့ ကြီးထွားလာရင် နောက်ထပ် လော့တစ်ယောက် ဖြစ်လာလိမ့်မယ်။
ငါ့ရဲ့ အစစ်အမှန်ကိုယ်က လော့အနေနဲ့ ကျရှုံးသွားပေမဲ့ သူ့ရဲ့ မူလကြယ်ရဲ့ ထူးကဲမှုကြောင့် နောက်ထပ် လော့တစ်ယောက် ပေါ်ထွက်လာနိုင်တယ်ဆိုတာကို သိတယ်။ သူက ဒီနေရာကို ကြည့်နေတယ်။ မင်းတို့နှစ်ယောက်သာ တွေ့သွားရင် ဘယ်လိုဖြစ်သွားမလဲ” သူက အေးစက်စွာ ရယ်မောလိုက်သည်။