← Chapters

မီးလျှံနဂါးကမ္ဘာ

Vol. 86 Ch. 1207

မီးလျှံနဂါးကမ္ဘာ

Vol. 86 Ch. 1207

အခန်း (၁၂၀၇) မီးလျှံနဂါးကမ္ဘာ

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ခွန်ဖိန်သတ္တဝါကြီးအသွင် ပြောင်းလဲသွားပြီး အတောင်များကိုဖြန့်ကာ ပျံသန်းသွားသည်။

ယခင်က တစ်ခါမှမရောက်ဖူးသော စကြာဝဠာတွင် သူသွားလိုရာသို့ရောက်ရှိရန်မှာ အတော်လေး အချိန်ကြာမြင့်သည်။ သို့သော် ရောက်ခါနီးပြီဖြစ်ကြောင်း ခန့်မှန်းနိုင်၏။

ရန်ကျောက်ကဲ၏ ဦးတည်ရာက စကြာဝဠာ (၂)ခုထိစပ်နေသည့် နေရာမှ ဝဲဂယက်ကြီးတစ်ခုဖြစ်ပြီး သိပ်မဝေးတော့ဟု ထင်မှတ်ရသည်။

မကြာမီ နက်ရှိုင်းသည့် ဗလာနယ်အမှောင်ထုထဲတွင် အနီရောင်အလင်းတန်းတစ်ခုအား ဖြည်းဖြည်းချင်း တွေ့မြင်လာရသည်။

ရန်ကျောက်ကဲက ထိုအနီရောင်အလင်းတန်းဆီသို့ ချဉ်းကပ်လာပြီး ပိုမိုနီးကပ်လာသည်နှင့်အမျှ သူ့အရှေ့တွင် ပြင်းထန်စွာတောက်လောင်နေသော မီးလျှံများကို တွေ့လိုက်ရသည်။

ဤနေရာက သူသွားရောက်လိုသောကမ္ဘာ၏ နယ်နိမိတ်ဖြစ်သည်။ သို့သော် ထိုကမ္ဘာက အတွင်းမှအပြင်သို့ လောင်ကျွမ်းနေဟန် ရှိသည်။

မီးလျှံနဂါးကမ္ဘာ။

မီးလျှံထက်ယံအရှင်သခင်ဟု လူသိများသော ‘စောမင်ကျန့်’ နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ထဲတွင်ရှိနေသော မိစ္ဆာဝိညာဉ် ‘ယဲ့ယန်’ တို့နှစ်ယောက်လုံးက မီးလျှံနဂါးကမ္ဘာမှ လာခဲ့ကြသူများ ဖြစ်သည်။

သူတို့နှစ်ယောက်လုံး ဤ မိစ္ဆာနယ်မြေတွင်မွေးဖွားခဲ့ကြသော်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။

ယဲ့ယန်၏ရုပ်ခန္ဓာဖျက်ဆီးခံရပြီးနောက် သူ၏ဝိညာဉ်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အတွင်းသို့ဝင်ရောက်ကာ ဘဝအသစ်တစ်ခု ပြန်လည်စတင်ခဲ့သည်။ ထို့နောက် ဤကမ္ဘာသို့ပြန်လာပြီး နဂါးမျိုးနွယ်များအားလုံးကို သုတ်သင်ပစ်ခဲ့သည်။

ထိုအချိန်က သူက ထွက်လမ်းကိုပိတ်ဆို့ထားသဖြင့် နဂါးမျိုးနွယ်များ အခြားနေရာသို့ ထွက်ပြေးနိုင်ခြင်း မရှိခဲ့ပေ။ အဆုံးသတ်မှာတော့ နဂါးများက ဤ ဗလာနယ်ဝဲဂယက်ကိုဖြတ်ကျော်ကာ တာအိုစကြာဝဠာသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြသည်။

ယဲ့ယန်က နဂါးမျိုးနွယ်များနောက်သို့ တစ်လျှောက်လုံးလိုက်ပါတိုက်ခိုက်ပြီး နဂါးများစွာ သေဆုံးစေခဲ့သည်။

နောက်ဆုံး ထိုက်ချင်အဆက်အနွယ်မှ တာအိုကျင့်ကြံသူများက နဂါးမျိုးနွယ်များကို ကူညီပြီး ယဲ့ယန်မှာ အသွင်ပြောင်းထားသည့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို အေးစက်သော ရှေးဟောင်း ချောက်နက်ကြီးထဲတွင် စည်းတံဆိပ်ခတ် ချိတ်ပိတ်ထားခဲ့သည်။

နောက်ပိုင်း ထို အေးစက်သော ရှေးဟောင်းချောက်နက်ကြီးက တာအိုစကြာဝဠာ၏ နဂါးသင်္ချိုင်းဖြစ်လာခဲ့သည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ထိန်းချုပ်နိုင်သည်နှင့် တာအိုစကြာဝဠာသို့ ပြောင်းရွှေ့လာကြသောနဂါးများက မီးလျှံနဂါးကမ္ဘာသို့ ပြန်သွားရန် ကြိုးစားခဲ့ကြသည်။ သို့သော် ထိုနေရာကို အခြားသောမိစ္ဆာများက သိမ်းပိုက်လိုက်ကြပေပြီ။

နဂါးမျိုးနွယ်များမှာ အသေအပျောက်အလွန်များခဲ့ပြီး ကိုယ်ပိုင်ကမ္ဘာလည်း ပျောက်ဆုံးသွားသည်ဖြစ်ရာ သူတို့ထဲမှအချို့ကမျိုစိတ်တူညီသူများနှင့်အတူ အခြားနေရာများသို့ ခိုလှုံရန်သွားခဲ့ကြပြီး အချို့ကတော့ တာအိုစကြာဝဠာတွင် အခြေချရန် ရွေးချယ်ခဲ့ကြသည်။

လွန်ခဲ့သောနှစ်အနည်းငယ်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် ပြန်လည်လွတ်မြောက်လာပြီး တာအိုစကြာဝဠာတွင်နေထိုင်သော နဂါးများကို ထပ်မံသတ်ဖြတ်ခဲ့သည်။

ဖုထင်၏ စကားအရဆိုလျှင် တာအိုစကြာဝဠာတွင်နေထိုင်သော နဂါးများမှာ ထိုအကြောင်းပြချက်ကြောင့် အတင်းအကျပ်ထွက်ခွာသွားရန် ဖိအားပေးခံခဲ့ကြရသည်။

ထိုနဂါးများအနေဖြင့် ဤမိစ္ဆာနယ်မြေသို့ ပြန်ရောက်ကောင်းရောက်နေနိုင်သည်ဟု ရန်ကျောက်ကဲက ကောက်ချက်ချခဲ့သည်။

“အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ပျက်ဆီးမသွားသေးဘူး ၊ ဒါတောင် မင်းတို့တွေ ဒီနေရာမှာနေဖို့ သတ္တိရှိကြသေးတယ်ဆိုတော့.... မင်းတို့တွေက အကြောက်အရွံမရှိတာလား... ဒါမှမဟုတ် တခြားရည်ရည်ရွယ်ချက် ရှိလို့လား”

ရန်ကျောက်ကဲ ထိုသို့စဉ်းစားရင်းတစ်ချက်ရယ်မောလိုက်ပြီး အတောင်များကိုဖွင့်ကာ အောက်ဘက်သို့ ပျံသန်းလိုက်သည်။

သူက ပြင်းထန်သော မီးတောက်မီးလျှံများဖြင့် ဖွဲ့စည်းထားသော နယ်နိမိတ်ကို ဖြတ်ကျော်ပျံသန်းကာ မီးလျှံနဂါးကမ္ဘာထဲသို့ ဝင်ရောက်လာခဲ့သည်။

ဤကမ္ဘာ၏ကောင်းကင်အရောင်က အပြာရောင်မဟုတ်ဘဲ အနီရောင်တောက်နေသည်။

လေထုထဲမှအပူချိန်က မီးလျှံထဲရောက်သွားသည့်ပမာ လူအများကို ခံစားရစေမည် ဖြစ်သည်။

ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ယခုတော့ ရန်ကျောက်ကဲထက် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးနေသော်လည်း သိုင်းသူတော်စင် အဋ္ဌမအဆင့် ၊ အမတကူးပြောင်းခြင်း အလယ်ဆင့်သို့ ရောက်ရှိနေပေပြီ။

သို့သော် မီးလျှံနဂါးကမ္ဘာသို့ ရောက်ရှိလာသည့်အခါ အလွန်တရာသန်မာပါသည်ဆိုသော ‘မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား’ ၏ ရုပ်ခန္ဓာမှာ အသက်ရှူလိုက်တိုင်း ပါးစပ်နှင့်နှာခေါင်းတို့မှ စူးရှသည့် နာကျင်ခြင်းကို ခံစားလိုက်ရသည်။

ထို့နောက် သူက အသက်ရှူခြင်းကို ချိန်ညှိရန် လေထဲတွင် မတ်တတ်ရပ်နေပြီးနောက် ပူပြင်းသောချီစွမ်းအားနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်လိုက်သည်။ ပြီးမှ နေရာမှ ထွက်ခွာသွားလေသည်။

ပတ်ဝန်းကျင်အနေအထားက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား အသွင်ပြောင်းထားသော ခွန်ဖိန်သတ္တဝါကို အတော်လေး စိတ်မသက်မသာ ဖြစ်စေသည်။

အဘယ်ကြောင့်ဆိုသော် အတော်လေး ပူပြင်းခြောက်သွေ့သောကြောင့် ဖြစ်၏။ အပူဒဏ်က ပြဿနာမရှိသည့်တိုင် ခြောက်သွေ့မှုက ပို၍မခံနိုင်အောင် ဖြစ်ရသည်။

ရန်ကျောက်ကဲစိတ်ထဲ အတွေးတစ်ခု ပေါ်လာသည်။

“ဒီနေရာကို ဘယ်လိုမိစ္ဆာက သိမ်းပိုက်ထားသလဲဆိုတာ ငါ သိသွားပြီ...”

သူ အတွေးထဲနစ်မြုပ်နေချိန်မှာပင် အဝေးဆီမှ ကောင်းကင်ယံထက်တွင် မီးလျှံပင်လယ်ကြီးတစ်ခုပေါ်လာပြီး မိစ္ဆာတစ်ကောင် သူ၏မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။

ထိုမိစ္ဆာက အရပ် (၆)ပေမြင့်ပြီး အတောင် (၄)ခုပါရှိကာ ခန္ဓာကိုယ်က ထူးဆန်းသော မြွေတစ်ကောင်နှင့် ဆင်တူသည်။

‘ဖေးယီ’ မိစ္ဆာမှလွဲပြီး အခြားမဟုတ်ပေ။

ရှေးဟောင်းကျမ်းစာများတွင် ‘ဖေးယီ’ မိစ္ဆာ အမျိုးအစားနှစ်မျိုး ရှိသည်။

မျိုးစိပ်တစ်ခုမှာ ဦးခေါင်းတစ်လုံးနှင့် ခန္ဓာကိုယ်နှစ်ခုရှိပြီး အခြားမျိုးစိပ်တစ်ခုကတော့ ခြောက်ပေရှည်လျားပြီး အတောင် (၄)ခု ရှိသည်။

မျိုးစိပ်နှစ်ခုလုံးက ကြီးမားသော မြွေကြီးများနှင့်ဆင်တူပြီး ကြီးမားသောမိုးခေါင်မှုကို ဖြစ်ပေါ်နိုင်သလို မီးများကို မှုတ်ထုတ်နိုင်စွမ်းရှိသည်။

ပထမမျိုးစိပ်ကို ခေါင်းတစ်လုံးဖေးယီဟုခေါ်ပြီး ဒုတိယမျိုးစိပ်ကိုတော့ ခြောက်ပေဖေးယီဟု ခေါ်သည်။

ယခု ဤနေရာကိုသိမ်းပိုက်ထားသော မိစ္ဆာများမှာ ခြောက်ပေဖေးယီအုပ်စု ဖြစ်ဖွယ်ရှိသည်။

ဖေးယီမိစ္ဆာက ရန်ကျောက်ကဲကို စူးစိုက်ကြည့်‌နေပြီး ချက်ချင်းမတိုက်ခိုက်သေးဘဲ မေးခွန်းထုတ်လိုက်သည်။

“ခွန်ဖိန်... မင်း ဒီမှာ ဘာလာလုပ်နေတာလဲ”

ဖေးယီမိစ္ဆာပြောသောစကားကိုနားလည်ရန် ရန်ကျောက်ကဲအတွက် ပြဿနာ မရှိပေ။

မဟာကပ်ဘေးကြီးမတိုင်ခင်က ရှေးဟောင်းဘာသာစကားကို လူသားများရော မိစ္ဆာမျိုးနွယ်များပါ အသုံးပြုခဲ့ကြသည်။

ဟုတ်ပေ၏။

နတ်မိစ္ဆာများတွင်လည်း ကိုယ်ပိုင်ဘာသာစကားများ ရှိကြပေသည်။

သို့သော် ရန်ကျောက်ကဲအရှေ့မှ ဖေးယီမိစ္ဆာကတော့ ခွန်ဖိန်တစ်ကောင်က ဖေးယီဘာသာစကားကို နားလည်နိုင်မည်ဟု မျှော်လင့်မထားသည့်အတွက် ရှေးဟောင်းဘုံဘာသားစကားကိုပင်အသုံးပြုကာ မေးမြန်းပြောဆိုခဲ့သည်။

ရန်ကျောက်ကဲက အေးဆေးတည်ငြိမ်စွာဖြင့်...

“ငါတို့ မိသားစုရဲ့ မိတ်ဆွေတစ်ယောက်ကိုရှာဖို့ ဒီကိုရောက်လာတာပါ”

သူက ဆက်ပြောသည်။

“ငါတို့မိသားစုရဲ့ အကြီးအကဲတစ်ယောက်က နဂါးမျိုးနွယ် အကြီးအကဲတစ်ယောက်နဲ့ အတော်လေး ခင်မင်တယ် ၊ ငါ ဒီခရီးကိုထွက်လာတာ အဲဒီနဂါးမျိုးနွယ်အကြီးအကဲဆီကို သွားရောက်လည်ပတ်ချင်လို့ပါ”

“ပြီးတော့... ဘာလို့ ဒီနေရာမှာ ခြောက်ပေဖေးယီပေါ်လာရသလဲဆိုတာ ငါ သိချင်မိတယ်”

ဖေးယီမိစ္ဆာက သံသယအပြည့် မျက်ဝန်းများဖြင့် ရန်ကျောက်ကဲကိုကြည့်ရင်း...

“ဒီနေရာမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်း တကယ် မသိဘူးလား”

ရန်ကျောက်ကဲက မသိချင်ယောင်ဆောင်ပြီး ဖေးယီမိစ္ဆာ၏မေးခွန်းကို မဖြေဘဲ ပြန်မေးခွန်းထုတ်လိုက်သည်။

“ဒီနေရာက မီးလျှံနဂါးကမ္ဘာ မဟုတ်လား”

ဖေးယီမိစ္ဆာက ဒေါသထွက်ရမည့်အစား ရန်ကျောက်ကဲကို ရွံလျှာဟန်ဖြင့် ကြည့်လိုက်ရင်း...

“ဟုတ်ပါတယ်... လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဒီနေရာက မီးလျှံနဂါးကမ္ဘာပါ...”

ရန်ကျောက်ကဲက အံ့အားသင့်သွားဟန်ဖြင့်...

“လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဟုတ်လား... ဒီမှာ ဘာတွေများ ဖြစ်ခဲ့တာလဲ”

ထို့နောက် သူက အလွန်ရိုသေလေးစားဟန်ဖြင့်....

“ငါတို့မျိုးနွယ်တွေက အထူးအကြောင်းတစ်ခုကြောင့် ပြင်ပလောကနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ကြတယ် ၊ ငါတောင် ပြင်ပလောကထဲ ထွက်လာတာ သိပ်မကြာသေးဘူး”

“ဒါတောင် နဂါးမျိုးနွယ်အကြီးအကဲကိုရှာဖွေဖို့ ငါတို့မျိုးနွယ် အကြီးအကဲက အမိန့်ပေးလိုက်လို့ ဒီနေရာကို ရောက်လာခဲ့တာ”

“ဒါကြောင့် ဒီမှာ ဘာတွေဖြစ်သွားလဲ ငါတကယ်မသိဘူး ၊ ကျေးဇူးပြုပြီး ငါ့ဘက်ကရိုင်းပျမိတာရှိရင် ခွင့်လွှတ်ပြီး ပြောပြပေးစေချင်ပါတယ်”

ခွန်ဖိန်က အမြဲတမ်း နတ်မိစ္ဆာမျိုးနွယ်များထဲတွင် စွမ်းအားကြီးမားသော မျိုးနွယ်စုတစ်ခု ဖြစ်သည်။

ယခု ရန်ကျောက်ကဲက ဖေးယီမိစ္ဆာကို ရိုသေလေးစားစွာ ဆက်ဆံလိုက်သည့်အခါ ထိုမိစ္ဆာ အတော်လေး ကျေနပ်သွားသည်။ ထို့ကြောင့် သူက ရန်ကျောက်ကဲအတွက် ခက်ခဲအောင်မလုပ်တော့ရန် ဆုံးဖြတ်လိုက်၏။

“အဲဒီနဂါးတွေအားလုံး လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်က အသတ်ခံလိုက်ရပြီ”

သူက ဆက်ပြောသည်။

“အသက်ရှင်ကျန်ရစ်တဲ့သူ အနည်းငယ်ရှိပေမယ့် အဲဒီသူတွေလည်း သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့တယ်”

“ငါတို့မျိုးနွယ်တွေက ဒီကမ္ဘာကိုသိမ်းပိုက်ပြီး အင်အားတည်ဆောက်နေတာ ၊ အခု ဒီကမ္ဘာကို မီးလျှံနဂါးကမ္ဘာလို့ မခေါ်တော့ဘူး ၊ ‘ထိုက်ဟွာနတ်ဘုံငယ်’ လို့ခေါ်တယ်”

ထိုစကားများကိုကြားတော့ ရန်ကျောက်ကဲ တွေးလိုက်သည်။

“ကြည့်ရတာ ဒီစကြာဝဠာရဲ့အချိန်စီးဆင်းမှုက တာအိုစကြာဝဠာထက်ပိုပြီး မြန်ဆန်တယ် ထင်တယ်”

တွေးရင်းဖြင့်ပင် သူက ဒေါသတကြီးဟန်ပန်ဖြင့်...

“နဂါးမျိုးနွယ်တွေကို ဘယ်သူကများ ဒီလိုလုပ်လိုက်တာလဲ”

တစ်ချိန်တည်းပင် သူက ဖေးယီမိစ္ဆာကို ရန်လိုစွာဖြင့် စူးစိုက်ကြည့်လိုက်သည်။

ရန်ကျောက်ကဲအကြည့်ကိုမြင်တော့ ဖေးယီမိစ္ဆာက ပြုံးလိုက်ရင်း...

“ငါ့ကို ဒီလိုလာမကြည့်နဲ့ ၊ အဲဒါ သူတို့အတွင်းရေးကိစ္စကြောင့် ဖြစ်ရတာပဲ”

သူက ဆက်ပြောသည်။

“ကြားတာတော့ နဂါးမျိုးနွယ်တွေထဲမှာ လူသားနဲ့မျိုးစပ်ထားတဲ့ ကလေးနှစ်ယောက်ရှိတယ်တဲ့ ၊ အဲဒီ သွေးနှောကလေးတွေက တခြားနဂါးတွေ အနိုင်ကျင့်တာကို ခံခဲ့ရတယ် ၊ နောက်ပိုင်း အဲဒီ သွေးနှောကလေးနှစ်ယောက်က အစွမ်းထက်တဲ့ ဆရာသခင်တွေဆီမှာ သိုင်းပညာသင်ယူခဲ့ပြီး နဂါးမျိုးနွယ်တွေကို လက်စားချေဖို့ ပြန်လာခဲ့တာ”

“ဘာပဲဖြစ်ဖြစ် မီးလျှံနဂါးကမ္ဘာက အရမ်းကောင်းတဲ့ နေရာတစ်ခုပဲလေ ၊ အလကား ဒီအတိုင်းကြီးထားရမှာ နှမျောစရာ ၊ ဒါကြောင့် ငါတို့ မျိုးနွယ်တွေက ဒီကမ္ဘာကို သိမ်းပိုက်လိုက်ကြတာ”

ရန်ကျောက်ကဲက အလွန်တရာ ဒေါသထွက်သွားဟန်ဆောင်လိုက်ပြီး...

“အဲဒီ သွေးနှောကလေးတွေ အခု ဘယ်မှာလဲ”

ဖေးယီမိစ္ဆာက ခေါင်းခါယမ်းရင်း...

“ဒါတော့ ငါလည်းမသိဘူး ၊ အဲဒီ သွေးနှောနှစ်ယောက်ကိုရှာနေတဲ့ တခြားနတ်မိစ္ဆာတွေလည်းရှိတယ်လို့ သတင်ကြားတယ် ၊ ဒါပေမဲ့ ငါတော့ အဲဒီနတ်မိစ္ဆာတွေကို မတွေ့မိပါဘူး”

ရန်ကျောက်ကဲက ဖေးယီမိစ္ဆာကို တည်ငြိမ်စွာကြည့်လိုက်ပြီး...

“ဒီနေရာကို တခြားနတ်မိစ္ဆာတွေ လာသေးတာလား”

ဖေးယီမိစ္ဆာက ရန်ကျောက်ကဲမေးခွန်းနှင့်ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေကြောင်း အာရုံခံလိုက်မိပြီး...

“ငါတော့ ဒီလောက်ပဲ သိတယ်”

ရုတ်တရက် သူ့မျက်လုံးများရှေ့တွင် အလင်းရောင်တစ်ချက်လင်းလက်သွားပြီး ရန်ကျောက်ကဲ သူ့အနားသို့ ရောက်ရှိလာသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်ကိုဆန့်ထုတ်လိုက်ပြီး ဖေးယီမိစ္ဆာ၏ လည်ပင်းကို တင်းကျပ်စွာ ဖြစ်ညှစ်လိုက်၏။

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ပြောစမ်း... အဲဒီ သွေးနှောနှစ်ယောက်ကိုလာရှာတဲ့ တခြားနတ်မိစ္ဆာတွေ ဘယ်မှာလဲ”

All Chapters