← Chapters

၁၃နှစ်

Vol. 91 Ch. 1261

၁၃နှစ်

Vol. 91 Ch. 1261

ချန်ရှင်းက ထိုကင်းခြေများ၏ အေးစက်စက်ရယ်သံကို နားထောင်ရင်း အမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။ တံခါးဆီ ရောက်ရှိလာသည့်အခါ  အပြင်ဘက်၌ သင်္ဘောပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုပုံရိပ်က သမုဒ္ဒရာလိုမျိုး ကြီးကျယ်ကာ အဆုံးအစ ကင်းမဲ့၏။ ကံဆိုးစွာဖြင့် ထိုအရာ၏ အဆင့်အတန်းက အားကြီးလွန်းသည့်အတွက် နီးကပ်ဖို့ရာ မဖြစ်နိုင်ပေ။ ထို့အပြင် ထိုသူ၏ ပင်မခန္ဓာကိုယ်သာ ဤနေရာဆီ ဝင်ရောက်လိုက်သည်နှင့် ကျောက်ပြားကမ္ဘာတစ်ခုလုံးက ချက်ချင်းဆိုသလို ပြိုလဲသွားကာ အပြီးတိုင် ဖျက်ဆီးခံရလိမ့်မည်။

ကြယ်တာရာကောင်းကင်ထဲ အကြည့်များစွာလည်း စုဝေးနေ၏။ ချန်ရှင်းအတွက် သူတို့က အရေးမကြီးပေ။ သို့သော်လည်း အကြည့်တစ်ခုတွင် စိတ်ရှုပ်ထွေးသည့် ခံစားချက်များ ကိန်းအောင်းနေဟန်ပေါ်သည်။ ချန်ရှင်း၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ ထိုအရာက ကင်းခြေများကြီးပြောသည့် လော့အသစ် ဖြစ်ကြောင်း သိလိုက်သည်။

သို့သော် ထိုအရာက အရေးမကြီးသေးပေ။

နတ်ဧကရာဇ်၏ နတ်ဘုရားအသိစိတ်က ဤနေရာတွင် စောင့်ဆိုင်းနေသည်မှာ ကြာမြင့်လှပြီဖြစ်ကာ စကားများစွာ ပြောခဲ့သည်။ ထိုကိစ္စရပ်က ထိုနတ်ဘုရားအသိစိတ်အတွက် လျို့ဝှက်ချက် မဟုတ်ခြင်း ဖြစ်နိုင်သည်။ မည်သို့ပင် ဆိုစေကာမူ ဤသည်က ချန်ရှင်းအနေနှင့် သူ့အမွေအနှစ်ထဲ လိုအပ်နေသည့် နောက်ဆုံး သတင်းအချက်အလက်တစ်ခုလည်း ဖြစ်၏။

သူက ဝေ့ယန်ကျစ်၏ အစီအစဉ်ကို ယခင်က ခန့်မှန်းကြည့်ခဲ့သည်။ သို့သော် ယခု သူ ကြည့်လိုက်သည့်အခါ သူ တွေးထားသည်နှင့် များစွာ ကွာခြားခြင်း မရှိပေ။ ထိုသူက တမင်အရှုံးခံပြီး သူ့ခန္ဓာကိုယ်နှင့် ပေါင်းစည်းခဲ့ကာ သူ့ကိုယ်ပိုင်စွမ်းအာကို ကျောက်ပြားကမ္ဘာအပြင်ဘက်သို့ ရောက်ရှိစေခြင်း ဖြစ်သည်။ ဤသည်က ဝေ့ယန်ကျစ်၏ ပင်မခန္ဓာကိုယ်မှ နတ်ဘုရားအသိစိတ်ကို ခေါ်ဆောင်လာသလိုမျိုး ဖြစ်၏။

“ဒါပေမဲ့ ဒါကလည်း ငါ့အစီအစဉ်ပဲ။ မင်းက ငါ့ကို ငှားပြီး ပြန်လာသလို။ ငါကလည်း မင်းကို အသုံးချပြီး ငါ့ရဲ့ ရည်မှန်းချက်ကို ရအောင် လုပ်ခဲ့တာ” ချန်ရှင်းက သူ့ဘာသာသူ ရေရွတ်လိုက်သည်။ သူ့မျက်ဝန်းအထက် မဟူရာအလင်းတန်း တစ်ချက် ဖြတ်ပြေးသွား၏။ သူ့ခန္ဓာကိုယ်က ဖျတ်ခနဲလက်သွားကာ ရှေ့တစ်လှမ်းတိုးလာပြီး ကျောက်တံခါးထဲမှ ထွက်လာသည်။ သူက ခြေလှမ်းထွက်လာသည်နှင့် ကျောက်တံခါးကြီးက ဘန်းခနဲ ပိတ်ဆို့သွားသည်။

ထိုစဉ် နားကွဲလုမတတ် အသံကြီးတစ်ခု ထွက်ပေါ်လာ၏။ အကြည့်များစွာ၏ အောက်တွင် တိုက်ပွဲကြီးတစ်ခု ရုတ်ချည်း ဖြစ်ပျက်လာခဲ့သည်။

ကျောက်ပြားကမ္ဘာရှိ မည်သူကမှ ထိုတိုက်ပွဲကို မမြင်ရပေ။ ကမ္ဘာ့အပြင်ဘက်မှ စောင့်ကြည့်နေသည့် အကြည့်များကသာ တိုက်ပွဲ၏ အသေးစိတ်ကို သိနိုင်ကြ၏။

ကျောက်ပြားကမ္ဘာရှိ လူများကမူ မမြင်ရသော်လည်း ဝမ်ပေါင်လဲ့က ခံစားမိ၏။ သူ တစ်ယောက်တည်းသာ ခံစားမိခြင်းမဟုတ်ဘဲ ကျောက်ပြားကမ္ဘာရှိ လူအားလုံးကလည်း ခံစားမိလိုက်ကြသည်။ အကြောင်းကမူ ကျောက်ပြားကမ္ဘာထဲ အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေဖြစ်စေ သို့မဟုတ် မဟာဒိဋ္ဌိနယ်မြေဖြစ်စေ၊ မဟာလက်ဝဲတာအိုနယ်မြေဖြစ်စေ  ယခုအခိုက်အတန့်၌ ကြယ်တာရာကောင်းကင်က အပြင်းအထန် လှုပ်ခတ်လာသည်။

ထိုလှုပ်ခတ်မှုက စတင်ပျံ့နှံ့လာပြီး အလင်းတန်း ဖြစ်တည်လာ၏။ အရောင်များစွာ စုစည်းထားသည့် အလင်းတန်းက ကြယ်တာရာကောင်းကင်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ သို့သော် အသံမကြားရပေ။ လူတစ်ယောက်၏ ကျင့်ကြံဆင့်က ကြယ်နယ်မြေအဆင့် မရှိသရွေ့ ကြယ်တာရာကောင်းကင်ထဲ၌ ခြေချရဲမည် မဟုတ်ပေ။

သူတို့က ကြယ်တာရာကောင်းကင်ထဲတွင် ခြေချလိုက်သည်နှင့် ချက်ချင်းဆိုသလို ပျက်သုဉ်းသွားကြလိမ့်မည်။

ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများကပင် ကြယ်တာရာကောင်းကင်အထဲ အကွာအဝေး အတိုမျှသာ သွားလာနိုင်သည်။ စကြဝဠာအဆင့် ကျင့်ကြံသူများကသာ စိတ်ကြိုက်သွားလာနိုင်ကြသည်။ သို့သော်လည်း ယခုအခိုက်အတန့်၌ သူတို့က ကြယ်စင်စုထဲ ယခင်ကဲ့သို့ ဖြတ်မသွားနိုင်ကြတော့ပေ။

“ဂိုဏ်းတူအစ်ကိုကြီး” ဝမ်ပေါင်လဲ့က အင်္ဂါဂြိုဟ်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေရင်း ခေါင်းမော့ပြီးနောက် ကြယ်တာရာကောင်းကင်ကြီးကို စိုက်ကြည့်လိုက်သည်။ သူက အလင်းလှိုင်းတွန့်များစွာကို စိုက်ကြည့်လိုက်၏။ နောက်ဆုံးတွင် သူက သက်ပြင်းချကာ မျက်လုံးမှိတ်ပြီး မြေဓာတ်တာအိုမျိုးစေ့နဲ့ ပေါင်းစည်းဖို့ရာ စတင်လုပ်ဆောင်လိုက်သည်။

အချိန်က ဖြည်းဖြည်းချင်း ကုန်လွန်သွား၏။

ဆယ်နှစ်တာ ကုန်ဆုံးသွားခဲ့သည်။ ဝမ်ပေါင်လဲ့နှင့် စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးကြားမှ ကတိစကား အချိန်ကျရောက်ဖို့ ၉နှစ်မျှသာ လိုအပ်တော့သည်။

ကြယ်တာရာကောင်းကင်ရှိ အလင်းတန်းက ဆက်လက်လှုပ်ခတ်နေဆဲဖြစ်ကာ ပိုမိုပင် ပြင်းထန်လာခဲ့သည်။ ဧရာမ ဖိနှိပ်စွမ်းအားတစ်ခုက ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများကိုပင် သူတို့ရှိရာ ဂြိုဟ်မှ ထွက်မသွားနိုင်အောင် တားဆီးထား၏။ ကြယ်တာရာကောင်းကင်ကြီး ပြိုလဲတော့မည့် ခံစားချက်က ပထမဦးဆုံးအကြိမ် ထွက်ပေါ်လာကာ သက်ရှိအားလုံးက ဖိနှိပ်ခံရသည့် ခံစားချက်မျိုးကို တွေ့ကြုံခံစားလိုက်ရသည်။

တစ်ချိန်တည်းဆိုသလို အမှောင်ဂိုဏ်းရှိ မိုးကောင်းကင်တာအို၏ စည်းမျဉ်းဥပဒေသများက စတင်လျော့ရဲလာ၏။ ထိုအရာက ဝမ်ပေါင်လဲ့ကို မသက်မသာ ဖြစ်စေသည်။ ကံကောင်းစွာဖြင့် ထိုအရာက သိပ်မကြာလိုက်ပေ။ ဖိနှိပ်စွမ်းအားက အပြီးတိုင် ပျောက်ကွယ်သွားကာ မိုးကောင်းကင်တာအို၏ စွမ်းအားက ဖြည်းဖြည်းချင်း ပုံမှန် ပြန်ဖြစ်သွားသည်။

အလင်းလှိုင်းလုံးများကလည်း အမြန်အဆန် ပြောင်းလဲသွားကြ၏။ အပြာရောင်ကောင်းကင်ကြီးက အလင်းပင်လယ်သဖွယ် ပြောင်းလဲသွားသလိုမျိုး ဖြစ်နေသည်။ အလင်းတန်းများက တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့ကာ ဝါးမျိုနေကြပြီး အရာအားလုံးကို ဖျက်ဆီးပစ်နေသည်။

ဤအချိန်အတွင်း စကြဝဠာအဆင့် ကျင့်ကြံသူများကသာ ကြယ်တာရာကောင်းကင်ထဲ လျှောက်လှမ်းသွားလာနိုင်ကြလိမ့်မည်။ သူတို့ပင် အကွာအဝေးအတိုမျှသာ သွားလာနိုင်ကြလိမ့်မည်။

ထိုဖိနှိပ်ခံထားရသည့် ခံစားချက်က ပျောက်ကွယ်သွားသော်လည်း ဝမ်ပေါင်လဲ့၏ စိတ်မအေးမှုက လျော့ကျမသွားဘဲ ပိုမိုပင် တိုးပွားလာခဲ့သည်။ နောက်ထပ် သုံးနှစ်တာ ကုန်ဆုံးသွားခဲ့ပြီး မြေဓာတ်တာအိုမျိုးစေ့က စတင် ပုံပေါ်လာတော့မည် ဖြစ်၏။ သူ့ပင်မခန္ဓာကိုယ်က သီးသန့်ကျင့်ကြံနေဆဲဖြစ်ကာ သူ့ဓမ္မပုံရိပ်က နေအဖွဲ့အစည်းမှ ထွက်သွားပြီး ကံကြမ္မာကြယ်ဆီ ဦးတည်လိုက်သည်။

ဝမ်ပေါင်လဲ့ ထွက်မသွားခင် ရှေးဟောင်းအစိမ်းရောင်ကြေးဓားကို တစ်ချက် လှမ်းကြည့်လိုက်၏။

ကံကြမ္မာကြယ်ဆီ ရောက်ရှိပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ကံကြမ္မာကြယ် အရှင်သခင်  ယခင်ထိုင်နေခဲ့သည့်နေရာကို ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် သူက မျောက်ဝံအိုကြီးတစ်ကောင်ကို ထပ်မံတွေ့လိုက်ရသည်။

“မင်း ရောက်လာပြီပဲ” မျောက်ဝံအိုကြီးက ကံကြမ္မာစာအုပ်ရှေ့တွင်ထိုင်ရင်း မျက်လုံးဖွင့်ကာ ရှေးကျသည့် အသံမျိုးဖြင့် ပြောလာခဲ့သည်။

“လူကြီးမင်း ကျွန်တော် ဒီစာအုပ်ကို ခဏငှားချင်လို့ပါ” ဝမ်ပေါင်လဲ့က အရိုအသေပေးကာ တောင်းဆိုလိုက်သည်။

မျောက်ဝံအိုကြီးက တိတ်ဆိတ်နေ၏။ ခဏအကြာတွင် သူက လက်ဝှေ့လိုက်သည့်အချိန် ကံကြမ္မာစာအုပ်က ဝမ်ပေါင်လဲ့ဆီ ပျံသန်းရောက်ရှိလာသည်။ ဝမ်ပေါင်လဲ့က ထိုအရာကို လက်နှစ်ဖက်ဖြင့် ခံယူပြီးသည့်နောက် အရိုအသေပေးလိုက်သည်.။ ထို့နောက် သူက ထွက်ခွာသွားလိုက်သည်။ သူက မဟာလက်ဝဲတာအိုနယ်မြေမှ ထွက်လာပြီး မဟာဒိဋ္ဌိနယ်မြေရှိ ကြယ်တာရာကောင်းကင်ထဲမှ အမည်မသိနေရာတစ်ခုမှ အကြည့်ကို ခံစားမိလိုက်သည်။

 သူက ထိုအရာသည် စန္ဒာကြယ်ဂိုဏ်းမှ ဖြစ်ကြောင်း သိလိုက်သည်။ သူတို့၏ သဘောတူညီချက် အချိန်ရောက်ဖို့ ၆နှစ်မျှ လိုအပ်နေသေး၏။ စောစောစီးစီး သွားရောက်တွေ့ဆုံခြင်းက အကျိုးမရှိပေ။ သို့သော်လည်း ဝမ်ပေါင်လဲ့က လက်နှစ်ဖက်ယှက်ကာ ထိုဦးတည်ရာဘက်ကို ဦးညွှတ်လိုက်သည်။

“စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီး  ခင်ဗျားရဲ့ ဂိုဏ်းက အထွတ်အထိပ်ရတနာကို ငှားချင်လို့ပါ”

စိတ်မှတဆင့် သတင်းစကားပို့ဆောင်ပြီးသည့်နောက်တွင် စန္ဒာကြယ်ဂိုဏ်းမှ အလင်းတန်း ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့ဆီ ဦးတည်လာသည်။ အဆုံးသတ်တွင် ထိုအရာက သူ့ရှေ့၌ စာလိပ်တစ်ခု ပေါ်ထွက်လာ၏။

 သူက ထိုအရာကို ဖွင့်မကြည့်ပေ။ စာလိပ်မှ ထွက်ပေါ်နေသည့် အငွေ့အသက်က သူ့ကိုပင် ဖယ်ရှားနိုင်လောက်သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့က သိမ်းဆည်းလိုက်ပြီး လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လိုက်သည်။ ထို့နောက် သူက ထွက်သွား၏။

သူက ဝိညာဉ်ခုနစ်ပါးတာအိုနယ်မြေဆီ ရောက်ရှိလာကာ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် တွေ့ဆုံခဲ့သည်။

ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက် ဝမ်ပေါင်လဲ့ ထွက်သွားသည့်အခါ သူ့ဘေးတွင် ဧရာမ ဆူးချွန်တုတ်ကြီး တစ်ပါတည်း ပါလာခဲ့သည်။ ထိုအရာက ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ တိုက်ခိုက်ရေး လက်နက် ဖြစ်၏။ ထိုအရာက အင်မတန် အားကောင်းလှသည်။ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ ကျင့်ကြံဆင့်ဖြင့် သန့်စင်ပြီးသည့်နောက်တွင် ကြောက်မက်ဖွယ်ကောင်းသည့် အနေအထားတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်၏။

ထိုအထွတ်အထိပ် ရတနာတချို့ဖြင့် ဝမ်ပေါင်လဲ့က မဟာဒိဋ္ဌိနယ်မြေမှ ထွက်လာလိုက်သည်။ ဤတစ်ကြိမ် သူက အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေဆီ ဦးတည်လိုက်၏။ ပြောရလျှင် တစ်ခါမှ မသွားဖူးသည့် ရှဲ့မျိုးနွယ်ဆီ ဖြစ်သည်။

သူ ရှဲ့မျိုးနွယ်ဆီ ရောက်ရှိလာသည့်အခါ အစိမ်းရောင် ဝတ်စုံဝတ်ဆင်ထားသည့် ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးက သူ့ကို ကြိုတင်စောင့်ဆိုင်းနေလေ၏။ သူ့ဘေးတွင် ရှဲ့ဟေးရန် ရှိနေသည်။

ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီး၏ အထောက်အပံ့ဖြင့် ရှဲ့ဟေးရန်က ကြယ်တာရာကောင်းကင်ထဲ ဝင်ရောက်နိုင်ခဲ့သည်။ သူက ဝမ်ပေါင်လဲ့ကို မြင်သည့်အခါ မျက်ဝန်း၌ စိတ်ခံစားချက်များ ပြည့်နှက်လာပြီး သက်ပြင်းသာချလိုက်၏။ ထို့နောက် သူက လက်နှစ်ဖက်ယှက်ကာ ဝမ်ပေါင်လဲ့ကို ဦးညွှတ်လိုက်သည်။

ဝမ်ပေါင်လဲ့ကလည်း တူညီစွာ လုပ်ဆောင်လိုက်၏။ အချင်းချင်းနှုတ်ဆက်ပြီးသည့်နောက်တွင် သူက ရှဲ့မျိုးနွယ်၏ ခေါင်းဆောင်ကြီးကို ကြည့်လိုက်သည်။

ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးက ဝမ်ပေါင်လဲ့ ထင်ထားသည်နှင့် ကွဲပြားနေ၏။ သူက လူလတ်အရွယ် အမျိုးသားတစ်ယောက်နှင့် တူနေသည်။ ဝမ်ပေါင်လဲ့၏ အကြည့်နှင့် တွေ့ဆုံပြီးသည့်နောက်တွင် ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးက ပြောလာခဲ့သည်။

“တာအိုရောင်းရင်းက ဘာလို့ ရောက်လာတာလဲဆိုတာကို သိထားပြီးသားပါ” ဤသို့ဖြင့် သူက လက်ကိုဝှေ့ကာ တစ်ဝက်တစ်ပျက် လောင်ကျွမ်းနေသည့် ခရမ်းရောင်အမွှေးတိုင်ကို ထုတ်ကာ ပေးလိုက်သည်။

ထိုအမွှေးတိုင်မှ ထုတ်လွှတ်နေသည့် ဖိအားက ဆူးချွန်တုတ်ထက်ပင် သာလွန်နေသည်။ ထိုအရာက ကောင်းကင်ကံကြမ္မာစာအုပ်လောက် အားကောင်းခြင်း မရှိသော်လည်း များစွာကွာဟချက် မရှိပေ။

ဝမ်ပေါင်လဲ့က လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ လက်ခံယူပြီးသည့်နောက်တွင် ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးထံ ထပ်မံ ဦးညွှတ်လိုက်သည်။ ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးနှင့် ရှဲ့ဟေးရန်တို့၏ အကြည့်အောက်တွင် သူက လှည့်ကာ ထွက်ခွာသွား၏။

သူ့ပုံရိပ် ပျောက်ကွယ်သွားသည့်အခါ ရှဲ့ဟေးရန်က သက်ပြင်းချလိုက်သည်။

“အတိတ်ကို ပြန်တွေးကြည့်ရင် တစ်ဘဝလောက် ကြာမြင့်နေသလိုပဲ။ ခေါင်းဆောင်ကြီး ကျွန်တော်တို့မျိုးနွယ်ရဲ့ အထွတ်အထိပ်ရတနာကို ဝမ်ပေါင်လဲ့က ဘာလို့ဌားသွားတာလဲ ”

“သူက လေဟာနယ်ထဲ သွားပြီး ကြည့်ချင်နေတာ” ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးက ကြယ်တာရာကောင်းကင်ကို ကြည့်လိုက်ပြီးသည့်နောက် ဖြည်းဖြည်းချင်း ပြောလိုက်၏။

All Chapters