ရောက်ရှိလာခြင်း
Vol. 91 Ch. 1262
ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီး ပြောသည်က မှန်ကန်ပေသည်။ သူ တစ်ယောက်တည်း သာမကဘဲ ကံကြမ္မာကြယ်၏ ဓမ္မသခင်ကြီး၊ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် စန္ဒာကြယ်ဂိုဏ်းခေါင်းဆောင်ကြီးတို့က ဝမ်ပေါင်လဲ့ ရောက်ရှိလာသည်နှင့် အကြောင်းအရင်းကို ခန့်မှန်းမိလိုက်ကြသည်။
ကျောက်ပြားကမ္ဘာရှိ အင်အားကြီး ပုဂ္ဂိုလ်တိုင်းက တိုက်ပွဲ၏ ရလဒ်နှင့် ပတ်သက်ပြီး စိုးရိမ်နေကြလျှင် အစိုးရိမ်ပူပန်ဆုံးသူက ဝမ်ပေါင်လဲ့သာ ဖြစ်လိမ့်မည်။
အားလုံးက တိုက်ပွဲအဆုံးသတ်ဖို့ရာ စောင့်ဆိုင်းနေကြ၏။ ထိုစွမ်းအားကြီးပုဂ္ဂိုလ်များက တိတ်ဆိတ်နေလျက်သာ စောင့်ဆိုင်းနေကြသော်လည်း ဝမ်ပေါင်လဲ့ကမူ နှစ်များစွာ စောင့်ဆိုင်းနေခဲ့ရပြီး သူ့စိတ်ထဲမှ ပူပန်မှုက ပိုမိုအားကောင်းသည်ထက် အားကောင်းလာသည်။ သူက ထပ်မံ မစောင့်ဆိုင်းနိုင်တော့ပေ။
သူက အကောင်းဆုံးလုပ်ကာ ကြိုးစားကြည့်ချင်သည်။ သူ့အနေဖြင့် တိုက်ပွဲ၏ ဖြစ်စဉ်ကို သွားရောက်ကြည့်ချင်၏။
ဝမ်ပေါင်လဲ့က သူ့လက်ရှိကျင့်ကြံဆင့်ဖြင့် သူသည် အလယ်အလတ် ကြယ်နယ်မြေအဆင့်ရောက်ရှိပြီး အလယ်အလတ် စကြဝဠာအဆင့်ထက် တိုက်ခိုက်ရည် အားကောင်းနေသည်ဆိုလျှင်ပင် သူနှင့် ချန်ရှင်းကြားတွင် ကွာဟချက်အကြီးကြီး ရှိနေသည်။
ဝေ့ယန်ကျစ်နှင့် ပေါင်းစည်းထားသည့် ချန်ရှင်းက ကမ္ဘာမြေတုန်လှုပ်ဖွယ် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်၏။ ထို့ကြောင့် သူ့စွမ်းရည်များကို သိပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က တခြားသူများဆီမှ အထွတ်အထိပ်ရတနာများကို ငှားယူခဲ့သည်။
ရှေးဟောင်းအစိမ်းရောင် ကြေးဓားကြီးက လေဟာနယ်ကို ထိုးဖောက်နိုင်သည်။ ဝိညာဉ်ခုနစ်ပါး ဆူးချွန်တုတ်က ကြယ်စင်များကို ဖျက်ဆီးပြီး အကာအရံများကို ပျက်သုဉ်းသွားစေနိုင်သည်။
ကောင်းကင်ကံကြမ္မာစာအုပ်က အချိန်စည်းမျဉ်းဥပဒေသနှင့် စကြဝဠာ၏ မှတ်ဉာဏ်များ ပါဝင်နေလေ၏။ ထိုအရာက အတွေးအားလုံးကို ဖိနှိပ်ထားနိုင်သည်။
လမင်းနှင့် ကြယ်စင် ပန်းချီကားချပ်က လျှို့ဝှက်ဆန်းကြယ်ကာ နက်နဲလွန်းလှသည်။ ဝမ်ပေါင်လဲ့က ထိုအရာကို ဖွင့်မကြည့်ရသေးသော်လည်း ပန်းချီကားအတွင်း ကိန်းအောင်းနေသည့် တုန်လှုပ်ဖွယ် အငွေ့အသက်ကို ခံစားမိ၏။ အရေးကြီးသည့် အခိုက်အတန့်၌ ထိုအရာက အားလုံးကို စည်းပိတ်နိုင်လိမ့်မည်။
ရှဲ့မျိုးနွယ် အမွေးတိုင်က ရှဲ့မျိုးနွယ် မြင့်တက်လာသလိုမျိုး ကံကြမ္မာအမြောက်အများ ကိန်းအောင်းနေသည်။ ယခုတွင်ပင် ရှဲ့မျိုးနွယ်က အထိအခိုက်မရှိ ကျန်ရှိနေဆဲ ဖြစ်၏။
ကျောက်ပြားကမ္ဘာရှိ အထွတ်အထိပ်ရတနာငါးခုဖြင့် ဝမ်ပေါင်လဲ့က ယုံကြည်ချက်တချို့ ရှိလာခဲ့သည်။ သူက တုံ့ဆိုင်းမနေဘဲ ကြယ်တာရာကောင်းကင်အဆုံးကို ဦးတည်လိုက်၏။
သူ့အနေဖြင့် စကြဝဠာ၏ အဆုံးသတ်ကို ရောက်ဖို့ရာ မဖြစ်နိုင်ပေ။ သူက ကျီယွဲ့ကို ရှာစဉ်အခါက သူ သွားခဲ့သည့်နေရာက အဆုံးဟု ဆိုရပေမည်။ သို့သော်လည်း ဤသည်က ယခု သူ ဦးတည်နေသည့်နေရာ မဟုတ်ပေ။ သူက သမာရိုးကျအာရုံထဲမှ စကြဝဠာ၏ အဆုံးသတ်ကို သွားနေခြင်း မဟုတ်ဘဲ လေဟာနယ် ကြေမွသွားသည့်နေရာဆီ ဦးတည်နေခြင်း ဖြစ်သည်။
သူက ထိုအာကာပြင်ကို ချိုးဖောက်ကာ လေဟာနယ်အတွင်း ဝင်ရောက်ပြီး အဆုံးသတ်ကို ရှာဖွေရမည်။
ထိုအတွေးဖြင့် ဝမ်ပေါင်လဲ့က အရှိန်မြှင့်လိုက်သည်။ ကြယ်တာရာကောင်းကင်က ယခုအခါ သက်ရှိအားလုံးကို သက်ရောက်စေနိုင်သည့် အလင်းပင်လယ် လှိုင်းတွန့်များဖြင့် ပြည့်နှက်နေသည့်အတွက် သက်ရှိများက ကြယ်တာရာထဲ မသွားလာနိုင်တော့ပေ။ ထိုအရာထဲတွင် အဟန့်အတားများဖြင့် ပြည့်နှက်နေသည့်အတွက် ဝမ်ပေါင်လဲ့အတွက်ပင် ကျင့်ကြံဆင့် စွမ်းအားအကုန် ထုတ်ဖော်ထားရသည်။ ယခုအခိုက်အတန့်၌ သူက ယခင်ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီဖြစ်၏။ သူ သွားသည့်နေရာတိုင်း ကြယ်တာရာကောင်းကင်က ကြေမွသွားကာ လေဟာနယ်သာ ချန်ထားခဲ့သည်။
ဝမ်ပေါင်လဲ့က တုံ့ဆိုင်းခြင်းမရှိဘဲ လေဟာနယ်ထဲ ဝင်ရောက်ပျောက်ကွယ်သွား၏။ ဝမ်ပေါင်လဲ့က ဤနေရာရှိ လေဟာနယ်က အစစ်အမှန် မဟုတ်ကြောင်း ခံစားမိလိုက်သည့် အကြောင်းအရင်းက ဤလေဟာနယ်ထဲ ဝင်ရောက်နိုင်သည့်လူများကို ကန့်သတ်မထား၍ ဖြစ်သည်။
တကယ်တော့ စကြဝဠာအဆင့် ကျင့်ကြံသူများက အာကာပြင်ကို ချိုးဖောက်ကာ လေဟာနယ်ဟု ခေါ်ဆိုသည့်နေရာကို ရောက်ရှိနိုင်သည်။ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများပင် ထိုသို့လုပ်ဆောင်နိုင်၏။
ထိုအချက်က ဤကြယ်တာရာကောင်းကင်အောက်ရှိ လေဟာနယ်သည် အဆုံးသတ် မဟုတ်သေးကြောင်း သက်သေပြနိုင်လေ၏။
“ကြည့်ရတာ ကြယ်တာရာကောင်းကင်အောက်မှာ အလွှာတွေ အများကြီးရှိတဲ့ပုံပဲ” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ ချန်ရှင်း ထွက်ခွာသွားမှုအကြောင်း စဉ်းစားလိုက်သည်။ သူက ချန်ရှင်း အသုံးပြုခဲ့သည့် နည်းလမ်းကို အပြည့်အဝ နားမလည်သော်လည်း သဲလွန်စတချို့ရှိထားသည်။ သူက အဆင့်အတန်းအပေါ် မှီခို၍ မိုးကောင်းကင်တာအို၏ စွမ်းအားနှင့် အမွေအနှစ်ကိုသုံးကာ လေဟာနယ်ကို အမှန်တကယ် ချေမွပစ်ခြင်း ဖြစ်သည်။ ဝမ်ပေါင်လဲ့က ထိုသို့မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် သူ အားကိုးစရာက ခွန်အားသာ ဖြစ်၏။ အတွေးတစ်ချက်ဖြင့် ရှေးဟောင်းအစိမ်းရောင် ကြေးဓားကြီးက သူ့လက်ထဲ ပေါ်ထွက်လာပြီး ထက်ရှသည့် အရှိန်အဝါက ထိုအရာက ထွက်ပေါ်လာ၏။
ထိုဓားချက်တွင် လေဟာနယ်က လှုပ်ခတ်သွားပြီး ဧရာမပုံရိပ်ကြီးတစ်ခု ဝမ်ပေါင်လဲ့ရှေ့ ထွက်ပေါ်လာသည်။ ထိုအရာက ပင်လယ်ပြင်ကို ထက်ပိုင်း ပိုင်းလိုက်သလိုမျိုး ဖြစ်၏။ သူ့ခန္ဓာကိုယ်က လျှပ်တစ်ပြက်အဖြစ် ထိုနေရာဆီ ဝင်ရောက်သွားသည်။
သူ့အရှိန်က ပိုမိုပင် မြန်ဆန်လာ၏။ သူက မည်မျှ ဖြတ်သန်းလာမှန်းပင် မသိတော့ပေ။ သို့သော် ပတ်ဝန်းကျင်က ဗလာကျင်းနေဆဲသာ ဖြစ်၏။
“မလုံလောက်သေးဘူး” ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ လက်တစ်ချက်ဝှေ့ပြီးသည့်နောက်တွင် ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း၏ ဆူးချွန်တုတ်က သူ့လက်ထဲ ပေါ်ထွက်လာသည်။ ထိုစဉ် ထိုဆူးချွန်တုတ်က တောက်ပလာပြီး အောက်ရှိ လေဟာနယ်ကို ရိုက်ချလိုက်သည့်အခါ ဆူဆူညံညံအသံများပင် ထွက်ပေါ်လာ၏။
လေဟာနယ်က ပြိုလဲတော့မည့် အရိပ်အယောင် ပြသလာသည်။ ရှေးဟောင်းအစိမ်းရောင်ကြေးဓားနှင့် ဝိညာဉ်ခုနစ်ပါးဆူးချွန်တုတ်နှင့် ပေါင်းစည်းလိုက်သည့်အခါ လေဟာနယ်က မျက်စိတစ်မှိတ်အတွင်း ဆက်လက် ကျယ်ပြန့်သွားသည်။ ဝမ်ပေါင်လဲ့၏ အရှိန်က ယခင်ထက် ပိုမိုမြန်ဆန်လာ၏။ မြူခိုးနှင့် တူသည့် လေဟာနယ်အလွှာများစွာကို ဖြတ်သန်းလာပြီးသည့်နောက် ဝမ်ပေါင်လဲ့က ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီး၏ အမွှေးတိုင်ကို ထုတ်ယူလိုက်သည်။
ထိုအမွှေးတိုင် လောင်ကျွမ်းသွားသည့်အခါ မမြင်နိုင်ဖွယ် အစောင့်အရှောက်စွမ်းအားက စုဝေးလာပြီး လေဟာနယ်ကို ထိုးခွင်းသွားသည့် ခရမ်းရောင်လှံတစ်ချောင်းအသွင် ပုံသဏ္ဍာန် ပေါ်လာခဲ့သည်။
ထိုဆူဆူညံညံအသံများကြား လေဟာနယ်ပြိုလဲမှုက ပြင်းထန်လာသည်။
ဝမ်ပေါင်လဲ့က အထွတ်အထိပ် ရတနာသုံးခုကို တစ်ခုပြီး တစ်ခု အသုံးပြုရင်း အချိန်က ဖြည်းဖြည်းချင်းစီ ကုန်ဆုံးသွားလေ၏။
မျက်စိတစ်မှိတ်အတွင်း နှစ်နှစ်တာ ကုန်ဆုံးသွားခဲ့သည်။
ချန်ရှင်းအတွင်း ခြေတစ်လှမ်းမျှသာဖြစ်ပြီး သက်ရှိအားလုံး၏ အသိစိတ်စုဝေးရာပင်လယ်ထဲ ရောက်ရှိသွားခဲ့သည်။ သို့သော်လည်း ဝမ်ပေါင်လဲ့အတွက်မူ ထိုသို့မလုပ်ဆောင်နိုင်ပေ။ သူက အထွတ်အထိပ် ရတနာသုံးခုအပေါ် မှီခိုခဲ့ရသည်။ နှစ်နှစ်ကြာမြင့်ပြီးသည့်နောက်တွင် ကောင်းကင်တစ်ခုလုံးကို လှုပ်ခတ်သွားစေသည့် ဆူဆူညံညံ အသံတစ်ခု ထွက်ပေါ်လာကာ ဝမ်ပေါင်လဲ့က ထိုလေဟာနယ်ကို နောက်ဆုံးတွင် ချိုးဖောက်နိုင်ခဲ့ပြီ ဖြစ်၏။
နောက်အခိုက်အတန့်၌ ဝမ်ပေါင်လဲ့က ကျောက်ပြားကမ္ဘာ၏ အတွင်းတွင် ရှိသည့် တကယ့်လေဟာနယ် အဆုံးသတ်သို့ ရောက်ရှိလာခဲ့သည်။ ဘေးပတ်လည်ကို ကြည့်ပြီးသည့်နောက်တွင် သူ့ဘေးတွင်ဘာမှ မတွေ့ရပေ။ ထိုနေရာတွင် ပိတ်မဲနေပြီး သူ့အာရုံထဲတွင် ဝမ်ပေါင်လဲ့က သက်ရှိအားလုံး၏ မှတ်ဉာဏ်ကို မြင်လိုက်ရဟန်ပေါ်သည်။
သူက ထိုအရာကို မကြည့်ပေ။ ဝမ်ပေါင်လဲ့က ထိုနေရာထဲ လျှောက်လှမ်းလာသည်နှင့် မှတ်ဉာဏ်မြောက်များစွာက အဖက်ဖက်မှ တိုးဝင်လာသည်။ ထိုအရာက လွှမ်းမိုးမှုအား ကြီးလှ၏။ အကယ်၍ ဝမ်ပေါင်လဲ့၏ ရောက်ရှိလာမှုက ဝဲကတော့တစ်ခု ဖြစ်စေခဲ့သည်ဆိုလျှင် သူ လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ မှတ်ဉာဏ်များက သူ့ဆီ ဆက်လက်တိုးဝင်လာသည်။
ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်က ထူးကဲနေသော်လည်း မှတ်ဉာဏ်များ တိုးဝင်လာသည်နှင့် သူက သက်ရောက်ခံလိုက်ရသည်။ သူ့ဝိညာဉ်ပင် ဖျက်ဆီးခံရနိုင်ချေရှိ၏။
ဝမ်ပေါင်လဲ့ တစ်ယောက်တည်းသာ သက်ရောက်ခံရခြင်း မဟုတ်ပေ။ လူအားလုံးက သက်ရောက်ခံရလိမ့်မည်။ ကျောက်ပြားကမ္ဘာရှိ လူအားလုံးအနက် ချန်ရှင်းတစ်ယောက်ကသာ ခြွင်းချက် ဖြစ်၏။
ဤသည်က လော့ ချန်ထားခဲ့သည့် နောက်ဆုံးစည်းတံဆိပ်လည်း ဖြစ်ပေသည်။
သို့သော် ဝမ်ပေါင်လဲ့က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လာသည်။ ထိုမှတ်ဉာဏ်များ စီးဝင်လာသည်နှင့် သူက သူ့နတ်ဘုရားအသိစိတ်ကို ပိတ်ဆို့ကာ ကံကြမ္မာစာအုပ်ကို ထုတ်ယူလိုက်သည်။ ရှေ့တစ်ခုက အသုံးမဝင်သော်လည်း နောက်တစ်ခုကမူ ထူးကဲသည့် သက်ရောက်မှုမျိုး ဖြစ်ပေသည်။ ထိုအရာ ပေါ်ထွက်လာသည်နှင့် ထိုအရာက ဝမ်ပေါင်လဲ့၏ ကိုယ်စား နေရာဝင်ကာ လေဟာနယ်မှ မှတ်ဉာဏ်အားလုံးကို စုပ်ယူသွားခဲ့သည်။
ကံကြမ္မာစာအုပ်က အရာအားလုံးကို မှတ်တမ်းတင်ထားဖို့ ရည်ရွယ်ထား၏။ ထိုအရာကို ထုတ်ယူလိုက်သည့်အခါ ပြင်းထန်သွားပြီး အလင်းတန်းများက တောက်ပလာပြီးသည့်နောက်တွင် အရာအားလုံးက ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။ ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်၏။ သူက လက်ထဲတွင် ကံကြမ္မာစာအုပ်ကို ကိုင်စွဲပြီး ရှေ့တစ်လှမ်းစီ လျှောက်လှမ်းလာသည်။
ကံကြမ္မာစာအုပ်၏ တည်ရှိမှုကြောင့် သူ့ခြေထောက်အောက်တွင် ဘာမှပေါ်ထွက်မလာခဲ့ပေ။ သို့သော်လည်း ခြေလှမ်း၉လှမ်း လှမ်းပြီးသည့်နောက်တွင် သူ့ရှေ့တွင်ရှိသည့် လေဟာနယ်ထဲ ဧရာမရှေးဟောင်း ကျောက်တံခါးကြီး ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။
တံခါးကြီးက ပိတ်ဆို့ထားပြီး မဖွင့်ရသေးပေ။ ထို့ကြောင့် သူက ကျောက်တံခါးကြီးအနောက်ရှိ အရာကို မမြင်ရသေးပေ။ သို့သော်လည်း သူက ကျောက်တံခါးကြီးကို မြင်လိုက်သည်နှင့် ဝမ်ပေါင်လဲ့၏ စိတ်ထဲ ချက်ချင်းဆိုသလို တုန်လှုပ်သွားမိသည်။ သူက ချက်ချင်းဆိုသလို သတိထားမိသွားသည်။
“ဒီကျောက်တံခါးကြီးရဲ့ အနောက်ဖက်က ဂိုဏ်းတူအစ်ကိုကြီး တိုက်ခိုက်နေတဲ့ နေရာပဲ ဖြစ်လိမ့်မယ်”
ဂိုဏ်းတူအစ်ကိုကြီးရဲ့ ရန်သူကတော့…
ဝမ်ပေါင်လဲ့၏ စိတ်ထဲ လှုပ်ခတ်သွားပြီး ကံကြမ္မာကြယ်တွင် မြင်ခဲ့သည့်အရာကို ပြန်လည်တွေးတောမိသွားသည်။
ကင်းခြေများတစ်ကောင်က ကျောက်ပြားကမ္ဘာကို ရစ်ပတ်နေခြင်း ဖြစ်၏။
ဝမ်ပေါင်လဲ့က တိတ်ဆိတ်လျက်ဖြင့် အကြည့်တစ်ချက် တောက်ပသွားသည်။ သူက ရှေ့တိုးတော့မည့်ဆဲဆဲတွင် နတ်ဘုရားအသိစိတ်က သူ့ရှေ့တွင် မုန်တိုင်းသဖွယ် ပေါ်ထွက်လာ၏။
“ရပ်လိုက်”
နတ်ဘုရားအသိစိတ် ပေါ်ထွက်လာသည့်အခါ အရာအားလုံးကို ဗလာနတ္ထိအဖြစ် ပြောင်းလဲပစ်နိုင်သည့် ဧရာမလက်ကြီးက ဝမ်ပေါင်လဲ့ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။ ထိုအရာက လော့၏ လက် ဖြစ်၏။