လွယ်လွယ်လေးဖြင့်ဖမ်းမိ
Vol. 86 Ch. 1209
အခန်း (၁၂၀၉) လွယ်လွယ်လေးဖြင့်ဖမ်းမိ
ရန်ကျောက်ကဲက မီးခိုးရောင်ဝတ် တာအိုဆရာအား တိုက်ခိုက်လိုက်သည့်အခါ ထိုသူက ဒေါသထွက်ခြင်းထက် အံ့အားသင့်သွားဟန် ရှိသည်။
အဘယ်ကြောင့်ဆိုသော် ရန်ကျောက်ကဲ၏တိုက်ကွက်ကို သူ မခုခံနိုင်သောကြောင့် ဖြစ်သည်။
“သူက စောမင်ကျန့်ကိုရှာဖွေနေတယ်ဆိုရင်တောင်... ဒီ ခွန်ဖိန်သတ္တဝါက လူသားတစ်ဝက်ပုံစံ ဘယ်တုန်းကလုပ်နိုင်သွားတာလဲ”
အတွေးနှင့်အတူ မီးခိုးရောင်ဝတ်တာအိုဆရာ ဒေါထွက်လာပြီး ကောင်းကင်ထက်သို့ ပျံတက်သွားသည်။
“နတ်မိစ္ဆာဘုရင် အဋ္ဌမအဆင့်လောက်ပဲရှိသေးတဲ့ ဘာမဟုတ်တဲ့ကောင်က ငါ့လိုလူကို စိန်ခေါ်ရဲတယ်ပေါ့လေ”
“မင်း အတော်သတ္တိကောင်းနေပါလား”
မီးခိုးရောင်ဝတ်တာအိုဆရာက ရေနဂါးတစ်ကောင်ဖြစ်ပြီး တကယ့်နဂါးအစစ် မဟုတ်ပေ။ သူက နတ်မိစ္ဆာဘုရင် ဒဿမအဆင့်ရောက်ရှိနေပြီဖြစ်ရာ နဂါးအစစ်ရုပ်ခန္ဓာပိုင်ဆိုင်ရန် ခြေတစ်လှမ်းခန့်သာ လိုတော့သည်။
ခွန်ဖိန်သတ္တဝါက မည်မျှ စွမ်းရည်ထက်မြက်သည် ဆိုစေကာမူ သူတို့နှစ်ယောက်ကြား ကျင့်ကြံခြင်းအဆင့်ကွာခြားဆဲ ဖြစ်သည်။
နတ်မိစ္ဆာဘုရင် နဝမအဆင့်နှင့် နတ်မိစ္ဆာဘုရင် ဒဿမအဆင့်တို့သည်ပင် မမြင်ရသော ချောက်နက်ကြီးတစ်ခုပမာ ကြီးမားသောကွာဟချက် ရှိပေသည်။
သို့ဖြစ်ရာ နတ်မိစ္ဆာဘုရင် အဋ္ဌမအဆင့်သာရှိသေးသော ခွန်ဖိန်သတ္တဝါက နတ်မိစ္ဆာဘုရင် ဒဿမအဆင့်ရှိသော ရေနဂါးကို မည်သို့ အနိုင်ယူနိုင်ပါမည်နည်း။
မီးခိုးရောင်ဝတ်တာအိုဆရာမှာ မထီမဲ့မြင်ပြုခံရသလို အရှက်ခွဲခံရသည်ဟုလည်း ခံစားရကာ အော်ဟစ်လိုက်သည်။
“မင်း လုပ်ရဲသလား”
ဤခွန်ဖိန်သတ္တဝါ သူ့ကိုတိုက်ခိုက်ရဲရသည့်အကြောင်းရင်းမှာ သန့်စင်သည့်ခွန်ဖိန်သွေးပိုင်ဆိုင်သောကြောင့်ဖြစ်ပြီး သူက နဂါးအစစ်မဟုတ်ဘဲ နဂါးမျိုးစပ်အဆင့်မျှသာရှိသောကြောင့်ဖြစ်သည်ဟု တွေးမိသည်။
ဟက်ခနဲ တစ်ချက်ရယ်မောလိုက်ပြီး မီးခိုးရောင်ဝတ်တာအိုဆရာက ရန်ကျောက်ကဲအားတိုက်ခိုက်ရန် သူ၏လက်သည်းများကို ဆန့်ထုတ်လိုက်သည်။
“ခွန်ဖိန်လေး... ငါက အခုချိန်မှာ ရေနဂါးတစ်ကောင်ဆိုပေမယ့် နတ်ဘုရားလူသားကပ်ဘေးကိုဖြတ်ကျော်ပြီးရင် တကယ့်နဂါးအစစ် ဖြစ်လာတော့မယ်ဆိုတာ မမေ့ပါနဲ့”
ကြည့်ရသည်မှာ နဂါးအစစ်များက အရည်အချင်းရှိသော ဤရေနဂါးကို များစွာတန်ဖိုးထားပြီး ပံ့ပိုးပေးခဲ့ကြဟန်တူသည်။ မဟုတ်ပါက နဂါးမျိုးနွယ်များ၏အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် သူ့အား မီးလျှံနဂါးကမ္ဘာသို့ စေလွှတ်မည် မဟုတ်ပေ။
အကယ်၍ ဤရေနဂါးက နဂါးအစစ်များနှင့် ပဋိပက္ခဖြစ်မည်ဆိုပါက သူက မျိုးစပ်နဂါးဖြစ်သောကြောင့် အဆိုးဆုံးအခြေအနေ ရင်ဆိုင်ရနိုင်သည်။
သို့သော် သူ၏ရန်သူက အခြားမျိုးနွယ်များဖြစ်နေသရွေ့ နဂါးအစစ်များက သူ့ကို ကျောထောက်နောက်ခံပြုပေးနေမည်မှာ ထင်ရှားသည်။
မီးခိုးရောင်ဝတ်တာအိုဆရာ၏မျက်နှာက တဖြည်းဖြည်းပြင်းထန်လာပြီး သူ၏ ရေနဂါးဦးခေါင်းကြီးကို ထုတ်ဖော်လိုက်သည်။
သို့သော် ခဏအကြာတွင် သူ ထိတ်လန့်သွားရလေသည်။
အကြောင်းမှာ ခွန်ဖိန်သတ္တဝါ၏ လက်ဖဝါးထက်တွင် အလင်းရောင်တစ်ခု တောက်ပလာသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။
ထို့နောက် ခွန်ဖိန်၏လက်များအတွင်းမှ နောက်ထပ်လက်တစ်စုံ ထွက်ပေါ်လာသည်။
ထို အသစ်ထွက်လာသော လက်တစ်စုံမှ မရင်းနှီးသော အငွေ့အသက်ကို မီးခိုးရောင်ဝတ်တာအိုဆရာ အာရုံခံလိုက်မိသည်။
“ဒါက... ဒါက လူသွေးနံ့လား...”
တစ်စုံတစ်ခု မူမမှန်တော့ကြောင်းခံစားလိုက်ရသည်နှင့် ရေနဂါးက ချက်ချင်း နောက်ပြန်ဆုတ်သွားချင်မိသည်။
သို့သော် ခွန်ဖိန်၏လက်တွင်းရှိ အလင်းရောင်မှ ထွက်ပေါ်လာသော လက်များက သူ့ကို မည်သည့်နည်းနှင့်မှ အလွတ်ပေးမည့်ဟန် မရှိပေ။
ရန်ကျောက်ကဲက မီးခိုးရောင်ဝတ်တာအိုဆရာ၏ လက်သည်းများကို ဆုပ်ကိုင်လိုက်ပြီး သူ့ကို အလင်းရောင်အတွင်းသို့ ဆွဲခေါ်သွားသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏အတောင်ပံများက ကျောအနောက်ဘက်တွင်ဖြန့်ကြက်ရင်း သူ၏ခန္ဓာကိုယ်သည်လည်း ခွန်ဖိန်သတ္တဝါအစစ်အမှန်အဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲသွားသည်။
နတ်မိစ္ဆာချီစွမ်းအားများက ရန်ကျောက်ကဲ၏ လူသားသွေးစွမ်းအားနှင့်ရောင်ဝါကို အတိုင်းအတာတစ်ခုအထိ ဖုံးကွယ်ပေးထားသည်။
မီးခိုးရောင်ဝတ်တာအိုဆရာမှာ တစ်ကြိမ်သာအော်ဟစ်ခွင့်ရလိုက်သည်။ ထို့နောက်မှာတော့ ရန်ကျောက်ကဲ၏ လက်အစုံဖြင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ အလင်းရောင်ထဲသို့ ဆွဲသွင်းခံလိုက်ရတော့၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်များကိုဆုပ်ကိုင်လိုက်သည့်အခါ လက်ဖဝါးထက်မှ အလင်းရောင်က ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
ထိုအချိန် မီးခိုးရောင်ဝတ်တာအိုဆရာ ခေါင်းတစ်ခုလုံး ချာချာလည်သွားသလို ခံစားရပြီး သူ့မျက်စိရှေ့မှမြင်ကွင်းသည်လည်း အလင်းတန်းအလွှာများအဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက် သူက မတည်ငြိမ်သော အမှီအခိုကင်းသည့် ဗလာနယ်တစ်ခုအတွင်း ဝင်ရောက်သွားပြီး ထိုနေရာတွင် သူ့ကို ပြုံးလျှက်စိုက်ကြည့်နေသော ရန်ကျောက်ကဲအစစ်အား တွေ့မြင်လိုက်ရလေ၏။
“ဒါက သိုင်းသူတော်စင် နဝမအဆင့်ရှိတဲ့ လူသားတစ်ယောက်ပဲ ၊ ဒါပေမဲ့ ဘာလို့ ဒီလောက်ကြောက်စရာကောင်းနေရတာလဲ”
မီးခိုးရောင်ဝတ်တာအိုဆရာက စိတ်ရှုပ်ထွေးသလို သံသယလည်းဝင်သွားပြီး ရန်ကျောက်ကဲလက်မှ လွတ်မြောက်ရန် ရုန်းကန်လိုက်သည်။
သူ့ကို ဗလာနယ်ထဲသို့ ဆွဲခေါ်နိုင်စွမ်းရှိသည့် ရန်ကျောက်ကဲ၏စွမ်းအားကိုလည်း အံ့အားသင့်သွားရသည်။
ယခုအချိန်တွင် မီးခိုးရောင်ဝတ် တာအိုဆရာသည် ဒေါသနှင့်အရှက်တရားကို မေ့လျော့သွားပြီး ရန်ကျောက်ကဲကိုလည်း တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိတော့ပေ။
သူ့စိတ်ထဲတွင်ရှိနေသည့် တစ်ခုတည်းသောအရာမှာ ဤနေရာမှ အဝေးဆုံးသို့ ထွက်ခွာသွားရန် ဖြစ်သည်။
သို့သော် ရန်ကျောက်ကဲ၏လက်များက တာအိုဆရာ၏လက်ကောက်ဝတ်အား ပြုတ်တူကြီးပမာ ချုပ်နှောင်ထားလေရာ သူ့မှာ မည်မျှပင် ပင်ပင်ပန်ပန်းကြိုးစားပါစေ အနည်းငယ်ပင် မလှုပ်ရှားနိုင်တော့ကြောင်း တွေ့လိုက်ရသည်။
“ခွန်ဖိန်နဲ့လူသား ပူးပေါင်းကြံစည်တာလား... မင်းရဲ့အကြံအစည်က ဘာများလဲ”
လွတ်လမ်းမရှိကြောင်းသိသည်နှင့် မီးခိုးရောင်ဝတ်တာအိုဆရာက သူ၏နဂါးလက်သည်းများကို ထုတ်ဖော်ကာ ရန်ကျောက်ကဲမျက်နှာအား ကုတ်ခြစ်ချလိုက်သည်။
ရန်ကျောက်ကဲကတော့ သူ့ကိုယ်သူကာကွယ်ရန် ရည်ရွယ်ချက် မရှိသည့်အလား ဘယ်ဘက်လက်အားနောက်သို့ပစ်ထားသည်။
သို့သော် မီးခိုးရောင်ဝတ်တာအိုဆရာကို ဆုပ်ကိုင်ထားသည့် သူ၏ညာဘက်လက်က ရုတ်တရက် လှုပ်ရှားသွားသည်။
ရလဒ်အနေဖြင့် မီးခိုးရောင်ဝတ်တာအိုဆရာ၏ ခန္ဓာကိုယ်မှာ လေထဲသို့ပျံတက်သွားပြီး သူ၏ဦးခေါင်းက လေးလံလာကာ ခြေထောက်က ပေါ့ပါးသွားကြောင်း ခံစားလိုက်ရသည်။
ရန်ကျောက်ကဲက သူ၏လက်ကိုထပ်မံလှုပ်ရှားလိုက်ရာ မီးခိုးရောင် ဝတ်တာအိုဆရာမှာ အရိုးများ အက်ကွဲသွားလုမတတ် ဖြစ်သွားရသည်။
ထိုခဏတွင် မီးခိုးရောင်ဝတ်တာအိုဆရာ၏ လူသားအသွင်လုံးဝပျောက်ဆုံးသွားပြီး အနက်ရောင်မီးခိုးငွေ့များအလယ်တွင် သူ၏ ရေနဂါးရုပ်သွင်ထွက်ပေါ်လာသည်။
သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးက ရန်ကျောက်ကဲလက်ထဲတွင် လျှော်ကြိုးတစ်ချောက်းပမာ ကျုံ့ဝင်သွား၏။
ရန်ကျောက်ကဲ နောက်ဆုံးအကြိမ် ညာဘက်လက်ကို လှုပ်ခါလိုက်သည့်အခါ ရေနဂါး၏ခန္ဓာကိုယ်ထဲမှ ချီစွမ်းအားနှင့်သွေးစွမ်းအားများ လှုပ်ခါသွားပြီး အစစ်အမှန်ကြယ်တာရာချီစွမ်းအားများပင် လွင့်ပြယ်သွားသည့်အလား ခံစားလိုက်ရသည်။
ထို့နောက်မှာတော့ ရေနဂါး၏ခန္ဓာကိုယ်မှ အရိုးတိုင်းက ပုံပျက်သွားပြီး မြွေသေတစ်ကောင်ပမာ ပျော့ပြောင်းသွားသည်။
ထို့နောက် ရန်ကျောက်ကဲက သူ၏ဘယ်ဘက်လက်ကို ဖြည်းညင်းစွာဆန့်တန်းလိုက်ပြီး ရေနဂါး၏လည်ပင်းကို ဖြစ်ညှစ်လိုက်ကာ ပြုံးလျှက် စကားဆိုလိုက်သည်။
“ဘယ်လိုလဲ... အခု စကားပြောလို့ရပြီလား”
သူက ဆက်မေးမြန်းလိုက်၏။
“မင်း ဘာလို့ဒီကိုရောက်လာတာလဲ ၊ ဒီနေရာပိုင်ရှင်ကရော ဒီနေရာက ထွက်သွားပြီလား”
ယခု ရေနဂါးမှာ မျက်ဖြူစိုက်နေပြီဖြစ်သည်။
သူ့အရှေ့မှ အလင်းရောင်များစီးဆင်းနေသည့် ဗလာနယ်ကိုကြည့်ရင်း စိတ်ပျက်ခြင်းကို နက်နဲစွာခံစားနေရသည်။
ဤသို့သောနေရာမျိုးတွင် သူ သေဆုံးသွားခဲ့လျှင် မည်သူမှ သူ့ကို ရှာဖွေတွေ့ရှိနိုင်တော့မည် မဟုတ်ပေ။
အနည်းဆုံးတော့ သူ သေဆုံးသွားကြောင်းကို အခြားသူများ ချက်ချင်းသိနိုင်မည် မဟုတ်ပေ။ နဂါးမျိုးနွယ်မှ တန်ခိုးစွမ်းအားရှင်များ သူ့အခြေအနေကို သိရှိသည့်အချိန်တွင် ရန်ကျောက်ကဲ အချိန်ကြာမြင့်စွာကတည်းကပင် အဝေးတစ်နေရာသို့ ရောက်ရှိသွားပြီး ဖြစ်ပေလိမ့်မည်။
ရေနဂါးက ကူရာကယ်ရာမဲ့စွာဖြင့်...
“ဒီနေရာရဲ့ပိုင်ရှင်က သဲလွန်စတစ်ခုခုချန်ခဲ့လားဆိုတာရှာဖွေဖို့ အမိန့်ပေးလိုက်လို့ ငါက အမိန့်အတိုင်းလုပ်ရတဲ့သူပါ”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ အခုချိန်ထိ ဘာသဲလွန်စမှ မတွေ့သေးဘူး ၊ သဲလွန်စကျန်ခဲ့တာ ဖြစ်နိုင်ပါ့မလားတောင် မသိဘူး ...”
ရန်ကျောက်ကဲက...
“ဒီအချိန်ကျမှပြန်လာဖို့ မင်း ဘာလို့ရွေးချယ်ခဲ့တာလဲ”
ရေနဂါးက...
“ဒီနေရာရဲ့ပိုင်ရှင်က အရမ်းလျှို့ဝှက်တယ် ၊ မကြာခင်က သူပြန်ရောက်လာတယ်ဆိုပေမယ့် သူ့လှုပ်ရှားမှုက အရိပ်တစ်ခုလိုပဲ ၊ ဒါကြောင့် ငါ့မျိုးနွယ်တွေက ဒီနေရာကိုစစ်ဆေးဖို့ ငါ့ကိုလွှတ်လိုက်တာပါ”
“ဒီနေရာကပိုင်ရှင်က ထွက်ခွာသွားတာ နှစ်ပေါင်းထောင်နဲ့ချီကြာနေပြီ ၊ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်က တစ်ခေါက်ပြန်ရောက်လာခဲ့တယ် ၊ အဲဒါအကြောင်းရှိရမယ်လေ ၊ ဒါကြောင့် ငါတို့မျိုးနွယ်ကလူတွေက သူ ဒီနေရာမှာ တစ်ခုခုများထားခဲ့မလားဆိုတာကို သံသယဝင်နေတာ”
ထို့နောက် ရန်ကျောက်ကဲက အချိန်စီးဆင်းမှုနှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းကာ အချိန်ကို တွက်ချက်ခန့်မှန်းလိုက်သည်။
မီးလျှံထက်ယံအရှင်သခင်က မီးလျှံနဂါးကမ္ဘာမှ ထွက်ခွာလာပြီးနောက်သိပ်မကြာမီ တာအိုစကြာဝဠာတွင် ထွက်ပေါ်လာခဲ့သည်။
အခြားစကားဖြင့်ဆိုရသော် စောမင်ကျန့်သည် နှစ်ထောင်ပေါင်းများစွာ ပြန်မလာခဲ့သော သူ၏မွေးရပ်မြေကို မကြာခင်က ပြန်လာခဲ့သည်မှာ ထင်ရှားသည်။
သူ ဤသို့ပြန်လာသည်မှာ တိကျသည့် အကြောင်းကိစ္စတစ်ခုကြောင့် ဖြစ်နိုင်သည်။
သို့ဆိုလျှင် ထိုအကြောင်းကိစ္စက ဘာများလဲ။
ယခုအချိန်တွင် လူတိုင်းက မီးလျှံနဂါးကမ္ဘာကို အာရုံစိုက်နေကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ရန်ကျောက်ကဲက ဖမ်းဆီးထားသောရေနဂါးထံမှ သတင်းအချက်အလက်များ သိရှိပြီးသည်နှင့် ထူးကဲယန်စည်းတံဆိပ်ဖြင့် ထိုရေနဂါးကို ဖိနှိပ်ပြီး ခန္ဓာကိုယ်ထဲမှ သွေးစွမ်းအားနှင့် ချီစွမ်းအားများကို ခွဲထုတ်လိုက်သည်။
ထို့နောက် ရေနဂါးအား ပန်ပန်ဆီသို့ပေးလိုက်သည်။
ထိုရေနဂါးအား စားပစ်မည်လား ဆော့စရာအဖြစ် ကစားဖြစ်ပစ်မည်လား ဆိုသည်ကတော့ ပန်ပန်၏ သဘောအတိုင်းပင် ဖြစ်သည်။
ယခု မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက တောင်ကြားအတွင်သို့ ဆင်းသက်လာပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
မီးလျှံ ထက်ယံအရှင်သခင်ကဲ့သို့ အစွမ်းထက် တန်ခိုးစွမ်းအားရှင်တစ်ဘောက်က ဖုံးကွယ်ထားသည့်အရာတစ်ခုကို အခြားသူများရှာဖွေရန်မှာ အမှန်တကယ် ခက်ခဲလွန်းသည်။
သို့သော် ထိပ်တန်းအဆင့် နတ်မိစ္ဆာတန်ခိုးစွမ်းအားရှင်များရောက်လာလျှင် မည်သို့ရှိမည်နည်း။
ရန်ကျောက်ကဲ စဉ်းစားလိုက်သည်။
“ဒါပေမဲ့ ဘယ်သူမှ သဲလွန်စမတွေ့သေးဘူး ၊ ဘာလို့ဒီလိုဖြစ်ရတာလဲ”
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား တောင်ကြားထဲတွင် လမ်းလျှောက်လာရင်း သူ့အရှေ့တွင် ကြီးမားသော ဂူဗိမာန်တစ်ခုကို တွေ့လိုက်ရသည်။
သူလှမ်းကြည့်လိုက်တော့ ဂူဗိမာန်ထက်တွင်ရေးထိုးထားသော နာမည်နှစ်ခုအား တွေ့လိုက်ရ၏။
“မီးလျှံထက်ယံအရှင်သခင်ရဲ့မိဘတွေကို ဒီနေရာမှာ မြှုပ်နှံသင်္ဂြိုဟ် ထားတာလား...”
နေနှင့်လေ၏ထိတွေ့မှုမှကာကွယ်ရန်အတွက် ရိုးရှင်းသော အစီအရင်များပြုလုပ်ထားသည်မှလွဲပြီး ဤနေရာတွင် အထူးကာကွယ်မှုများ မရှိခဲ့ပေ။
ကြည့်ရသည်မှာ မီးလျှံနဂါးကမ္ဘာကို သိမ်းပိုက်ထားသည့် ဖေးယီမိစ္ဆာများက ဤအစီအရင်များကို ပြုလုပ်ပေးခဲ့ဟန် တူသည်။
သို့ရာတွင် မည်သည့်အရံအတားမှ မရှိစေကာမူ ဤ ဂူဗိမာန်ကို မည်သူက ထိဝံ့ပါမည်နည်း။
ဤနေရာမှ အရာများက ဖုံးကွယ်ထားခြင်းမရှိလေရာ ရေနဂါးသည်လည်း အရာအားလုံးကို မြင်နိုင်စွမ်းရှိမည် အမှန်ပင်။ ထို့ကြောင့် သူ့အနေဖြင့် ဂူဗိမာန်ကိုဖျက်ဆီးပြီး မီးလျှံထက်ယံအရှင်သခင်ဖြင့် ရန်ငြိုးဖွဲ့ရန် လိုအပ်မည် မထင်ပေ။
မီးလျှံထက်ယံအရှင်သခင်က ဒေါသကြီးသည်ဟု သတင်းကြီးသလို သူ၏မိဘများ၏ ဂူဗိမာန်တွင် မည်သည့်အရာကိုမှ ဖုံးကွယ်ထားရန် မဖြစ်နိုင်ကြောင်း ရန်ကျောက်ကဲ တွေးမိသည်။
ထို့နောက်...
ရန်ကျောက်ကဲက ပတ်ဝန်းကျင်အား အကဲခတ်လိုက်လေရာ သက်ကယ်အိမ်လေးတစ်လုံးကို တွေ့လိုက်ရလေ၏။