မျက်လုံးဖွင့်လာခြင်း
Vol. 91 Ch. 1263
ထွက်သွားသည်ကို တားဆီးသည်က ကျူးကျော်လာသည့်သူများကိုပါ တားဆီးသည်ဟု ဆိုလိုနေခြင်းလား။
ဝမ်ပေါင်လဲ့က သူ့ရှေ့တွင် ရှိနေသည့် ဧရာမလက်ကြီးကို စိုက်ကြည့်လိုက်သည်။ ထိုအရာ၏ ဖိအားကို ခံစားမိသည်နှင့် သိသိသာသာ နောက်ဆုတ်လိုက်၏။
ထိုလက်ကို ကြည့်ရင်းဖြင့် ရှေးကျသည့် အငွေ့အသက်ကို ခံစားမိလိုက်သည်။ ဝမ်ပေါင်လဲ့၏ အမြင်တွင် ထိုအငွေ့အသက်က ချန်ရှင်းထက်ပင် ကျော်လွန်နေ၏။
သို့သော်လည်း ထိုလက်ကြီးက အမြစ်မဲ့နေသည့် ရေမှော်ပင်လိုမျိုး ဖြစ်နေသည်။ အားကောင်းသည့် အရှိန်အဝါအောက်တွင်ပင် ထိုအရာက အရှိန်အဝါ ကျဆင်းနေသည့် အရိပ်အမြွက်ကို မဖုံးကွယ်နိုင်ပေ။
လော့က ကျရှုံးသွားပြီပဲ…
ဝမ်ပေါင်လဲ့က တွေးလိုက်မိသည်။ အကယ်၍ သူသာ ထိုလက်ကြီးကို ဖျက်ဆီးလိုပါက သူ့အနေနှင့် အားစိုက်ထုတ်မှုနှင့် အချိန်တချို့ကို ထုတ်သုံးလိုက်လျှင် မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။ သို့သော်လည်း ထိုလက်ကြီး မပျက်သုဉ်းခင် သူ ပင်ပန်း၍ သေဆုံးသွားနိုင်ချေရှိ၏။ အကယ်၍ သူသာ ဂရုမစိုက်ပါက သူ့ဝိညာဉ်ပင် အပြီးတိုင် ပျက်သုဉ်းသွားနိုင်သည်။
တစ်ချိန်တည်းဆိုသလို သူ့စွမ်းအားကို ဖြုန်းတီးဖို့ မထိုက်တန်ပေ။ ထိုဧရာမလက်ကြီးက ကျူးကျော်လာသည့် ရန်သူများကိုပင် တားဆီးနိုင်စွမ်း ရှိ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့က နေရာတွင်ရပ်ကာ အတွေးနက်နေမိသည်။
အကောင်းဆုံးနည်းလမ်းက ဧရာမလက်ကြီးဆီမှ သဘောတူညီချက်ကို ရကာ သူ့အား ထွက်သွားခွင့် ရရန် ဖြစ်သည်။
ဂိုဏ်းတူအစ်ကိုကြီးက အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအိုနဲ့ ပေါင်းစည်းပြီးတော့ တာဝန်အမွေအနှစ်ကို လက်ခံခဲ့တာပဲ။ အဲဒီနည်းလမ်းနဲ့ဆိုရင် ငါက အဲဒီလက်ကြီးရဲ့ သဘောတူညီချက်ကို ရနိုင်တယ်။
ဝမ်ပေါင်လဲ့၏ အကြည့်များက တောက်ပလာ၏။ သူက ချန်ရှင်း၏ နည်းလမ်းကို တွေးမိသွားကာ ထိုအရာကို ရဖို့ ရိုးရှင်းသည့်နည်းလမ်းကို အသုံးပြုနိုင်ကြောင်း ထည့်သွင်းစဉ်းစားလိုက်သည်။
ခဏအကြာတွင် ဝမ်ပေါင်လဲ့က ခေါင်းငုံ့လိုက်ပြီး သူ့ရှေ့တွင် ရှိနေသည့် ကောင်းကင်ကံကြမ္မာစာအုပ်ကို ကြည့်လိုက်သည်။
ဝမ်ပေါင်လဲ့က ယခုအခါ ကောင်းကင်ကံကြမ္မာစာအုပ်နှင့် မျောက်ဝံအိုကြီး၊ ကျားလေးနှင့် ကျီယွဲ့တို့၏ ဇစ်မြစ်နှင့် ပတ်သက်ပြီး ရှင်းလင်းလာခဲ့သည်။ အတိအကျပြောရလျှင် သူတို့က ဤနေရာမှ မဟုတ်ပေ။
သူတို့၏ ကံကြမ္မာနှင့် ပုံရိပ်က မူလကျောက်ပြားကမ္ဘာမှ မဟုတ်ပေ။ သို့သော်လည်း အားလုံးက မမလေး၏ အဖေဖြစ်သူက ကျောက်ပြားကမ္ဘာထဲ အက်ကြောင်းတစ်ခု ဖန်တီးပြီး ချိုးဖောက်လာပြီးသည့်နောက်တွင် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
ထိုပုဂ္ဂိုလ်က အင်မတန် အားကောင်းလွန်းလှပြီး ကျောက်ပြားကမ္ဘာကပင် တောင့်မခံနိုင်ပေ။ ထို့ကြောင့် သူသည် ကိုယ်တိုင်မလာရောက်ရခြင်း ဖြစ်သည်။ ဝင်ရောက်လိုက်သည်နှင့် ကျောက်ပြားကမ္ဘာက ပြိုလဲသွားလိမ့်မည်။ သို့သော် ဝမ်ရီရီ၏ ပြန်လည်ကယ်တင်မှုကလည်း ကျရှုံးသွားမည်ဖြစ်ကာ ထိုပုဂ္ဂိုလ်က ထိုအရာကို သည်းမခံနိုင်ပေ။ ထို့ကြောင့် သူသည် ကမ္ဘာထဲ မဝင်မိအောင် ကိုယ့်ကိုယ်ကို ချုပ်တည်းထားခြင်းဖြစ်၏။
ထိုအစား သူသည် အချိန်တာအိုကို အသုံးပြုကာ ဝမ်ရီရီကို ပို့ဆောင်ပေးခဲ့သည်။ သူ့အချိန်ပညာရပ်၏ လွှမ်းမိုးမှုအောက်တွင် သူက ကျောက်ပြားကမ္ဘာ၏ ကံကြမ္မာကို သေချာသည့် အနေအထားတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ ထိုအရာက စကြဝဠာအထက် ပိုင်ဆိုင်သည့် လုပ်ပိုင်ခွင့်တချို့ကို ရယူကာ ဝမ်ရီရီဆီ ပေးခဲ့၏။
ထိုအရာက ဝမ်ရီရီအား ကျောက်ပြားကမ္ဘာထဲ အောင်အောင်မြင်မြင် စေလွှတ်နိုင်ခဲ့သည်။ အထဲတွင်ရှိသည့် ကြယ်တာရာကောင်းကင်ကမ္ဘာကလည်း ပြောင်းလဲသွားခဲ့၏။ အစောပိုင်း အဆုံးမဲ့မျိုးနွယ်က ရှင်းထုတ်ခံလိုက်ရသည်။ ထိုအခိုက်အတန့်တွင် သက်ရှိများက ဖြစ်ပေါ်လာခဲ့၏။ ကျောက်ပြားကမ္ဘာနှင့် ပေါင်းစည်းသွားပြီး ကျောက်ပြားကမ္ဘာ၏ ဇစ်မြစ်ကို ရရှိပြီးသည့်နောက်တွင် သူတို့က ကံကြမ္မာကောင်း ပညာရပ်များအဖြစ် ပြောင်းလဲသွားကြသည်။ ထို့အပြင် ပန်းချီကားချပ်လိုမျိုး ဖြစ်၏။ ပထမဆေးစက်ကျရာက လူအားလုံး၏ ပထမသက်ရှိ ဖြစ်ပေါ်လာစေခဲ့သည်။
ထိုအရာထဲတွင် မျောက်ဝံအိုကြီး၊ ကျားလေး၊ မြေခွေးလေး၊ သမင်ဖြူလေး အစရှိသဖြင့် ပါဝင်၏။
ထို့ကြောင့် အမြင်တစ်ခုမှကြည့်လျှင် မမလေး ဝမ်ရီရီက ဤနေရာမှ ထွက်သွားဖို့ အခွင့်အရေးနှင့် အနေထားကို ပိုင်ဆိုင်ထားလေသည်။ အကြောင်းအရင်းကမူ သူမက မည်မျှပင်ပြန်လည်ဝင်စားစေကာမူ သူမက ကျောက်ပြားကမ္ဘာကို ဖန်တီးထားသည့် လုပ်ပိုင်ခွင့်ကို ပိုင်ဆိုင်နေဆဲ ဖြစ်၏။
ထိုအာဏာက ပျောက်ကွယ်သွားခဲ့လျှင်ပင် အဆုံးသတ်၌ မမလေး၏ အနေအထားက လုံလောက်နေဆဲ ဖြစ်သည်။ ဝမ်ပေါင်လဲ့က အတွေးများကို စုစည်းကာ ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ချက်ချလိုက်သည်။ သူက ခေါင်းကိုငုံ့ထားပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။
ခဏအကြာတွင် သက်ပြင်းချသံထွက်ပေါ်လာပြီး အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် မမလေးက ဝမ်ပေါင်လဲ့ဘေးတွင် ပေါ်ထွက်လာသည်။ သူမက ကောင်းကင်အထက် ဧရာမလက်ကြီးကို ကြည့်ရင်း ဝမ်ပေါင်လဲ့ကို ထပ်မံကြည့်လိုက်သည်။ ထို့နောက် သူမက ခေတ္တမျှ တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ပြောလိုက်သည်။
“မင်း သေချာလား”
“ကျွန်တော် သေချာတယ်။ ကျေးဇူးပြုပြီးတော့ ကူညီပေးပါ” ဝမ်ပေါင်လဲ့၏ အမူအရာက အလေးအနက်ဖြစ်နေပြီး လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လိုက်သည်။
“ဒါပေမဲ့ ငါ အများဆုံးတတ်နိုင်တာက ကျောက်တံခါးမှာ “အဟ” တစ်ခုကို ဖွင့်ဖို့ပဲ။ အချိန်ကလည်း တိုတောင်းလိမ့်မယ်” မမလေးက ပြောလိုက်သည်။
ဝမ်ပေါင်လဲ့က စကားတစ်ခွန်းမှမပြောပေ။
ခဏအကြာတွင် မမလေးက သက်ပြင်းချလိုက်၏။ သူမ၏ အကြည့်များက ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေ၏။ သူမက ဝမ်ပေါင်လဲ့ကို ဆက်လက်မဖျောင်းဖျတော့ပေ။ ထိုအစား သူမက လက်ကိုမြှောက်ကာ ဧရာမလက်ကြီးကို ကြည့်လိုက်၏။ တစ်ချိန်တည်းဆိုသလို သူမက လက်ကိုဝှေ့ယမ်းလိုက်သည့်အခါ သူမရှေ့တွင် ကံကြမ္မာစာအုပ်က ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် ကံကြမ္မာစာအုပ်က စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်လာဟန်ပေါ်သည်။ မမလေးက လက်ကိုမြှောက်ကာ စာအုပ်ကို ညင်သာစွာ ပွတ်သပ်လိုက်၏။
“မတွေ့ရတာကြာပြီ”
ကံကြမ္မာစာအုပ်က စတင်အသံမြည်လာကာ အလင်းတန်းများစွာ ထွက်ပေါ်လာ၏။ ရုတ်ချည်းဆိုသလို ကံကြမ္မာစာအုပ်မှ စုတ်တံတစ်ခုပေါ်ထွက်လာပြီး မမလေး၏ လက်ထဲ ကျရောက်လာသည်။
ထိုစုတ်တံက တစ်ခါက ကံကြမ္မာစုတ်တံဖြစ်ပြီး ဓမ္မသခင်ကြီးပင် အသုံးမပြုနိုင်ခဲ့ပေ။ ကျောက်ပြားကမ္ဘာတစ်ခုလုံးတွင် မမလေးကသာ ထိုစုတ်တံကို ဆင့်ခေါ်နိုင်လိမ့်မည်။ အကြောင်းအရင်းကမူ ထိုအရာတွင် ပါဝင်နေသည့် ကံကြမ္မာစွမ်းအားကြောင့်သာမကဘဲ သူ့အဖေ၏ အမှတ်အသားကြောင့်ပါ ဖြစ်၏။
“ဒီကျောက်ပြားကမ္ဘာရဲ့ ကြယ်တာရာကောင်းကင်ကမ္ဘာထဲမှာ ငါ မင်းကို ကူညီနိုင်တဲ့ စွမ်းရည် များများစားစား မရှိဘူး။ နည်းနည်းလေးပဲ ကူညီနိုင်တယ်။ မင်းက ငါ့ကို တောင်းဆိုမှတော့ ငါ မင်းကို ကူညီပေးမယ်” မမလေးက အလေးအနက် ပြောလိုက်သည်။ သူမက လက်ကိုဝေ့ကာ စုတ်တံဖြင့် ရေးဆွဲလိုက်သည်။
ထိုစုတ်တံဆွဲချက်အောက်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှ အရှိန်အဝါက သိသိသာသာ ပြောင်းလဲသွား၏။ အရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့သည်။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က ယခုအခါ အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအို အငွေ့အသက်များ ပေါ်ထွက်လာသည်။ သူ့အသက်စောင့်စွမ်းအင်များကပင် ပြောင်းလဲသွားခဲ့၏။ သူက ချန်ရှင်းနှင့် တူညီနေသည်။
သူက အမှောင်ဂိုဏ်း၏ တာဝန်ကို ရရှိထားပြီး မိုးကောင်းကင်တာအိုနှင့် ပေါင်းစည်းထားကာ အမွေအနှစ်ကို ဆက်ခံဖို့ တာဝန်ကို ရယူထားသည်။
မမလေးက ထိုအရာလုပ်ဆောင်ပြီးသည်နှင့် ဖြူဖျော့သွားသည်။ သို့သော်လည်း သက်ရောက်မှုက အားပြင်းလွန်းလှသည်။ ဝမ်ပေါင်လဲ့ကလည်း အံ့အားသင့်နေ၏။ သူ့ရှေ့တွင် ရှိနေသည့် ဧရာမလက်ကြီးက သိသိသာသာ တုန်ယင်လာသည်။ ထိုအရာက တုန်ယင်လာသော်လည်း အသက်ခုနစ်ရှိုက်စာ၊ ရှစ်ရှိုက်စာ ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့ရှေ့မှောက် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ကျောက်တံခါးသာ ကျန်ရှိတော့သည်။
“ကျေးဇူးပါ” ဝမ်ပေါင်လဲ့က ဖြူဖျော့နေသည့် မမလေးကို ကြည့်ကာ အားနာနေမိသည်။
“ငါ့ကို နောက်မှ ကျေးဇူးတင်” မမလေးက ပြုံးကာ ကျောက်တံခါးကို လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်နှာအထက် လေးနက်သည့် အမူအရာတစ်ခု ပေါ်ထွက်လာ၏။ သူမက စုတ်တံကို မြှောက်လိုက်သည်။ ဤတစ်ကြိမ် သူမ၏ ခန္ဓာကိုယ်က စတင်တုန်ယင်လာ၏။ သူမက ပိုမိုရုန်းကန်နေရကြောင်း သိသာလှသည်။
ထိုဆွဲချက်အောက်တွင် ကျောက်တံခါးက စတင်တုန်ယင်လာသည်။ မမလေး၏ လက်ထဲရှိ စုတ်တံက တောင့်မခံနိုင်တော့ဘဲ ပြိုလဲသွား၏။ ထိုအရာက အလင်းပျောက်များအဖြစ် ပြောင်းလဲကာ ကံကြမ္မာစာအုပ်အတွင်း ဝင်ရောက်သွားခဲ့သည်။
စာအုပ်ကလည်း အလျင်အမြန် မှေးမှိန်သွား၏။
မမလေး၏ ခန္ဓာကိုယ်က ယိုင်ခနဲဖြစ်သွားကာ သူမ၏ မျက်နှာက ပိုမိုဖြူဖျော့လာသည်။ ဝမ်ပေါင်လဲ့က သူမကို ဆွဲထူပေးစဉ် မမလေးက အလျင်အမြန် ပြောလိုက်၏။
“အသက်တစ်ရှိုက်စာ အချိန်ပဲ ရမယ်”
သူမက ပြောလိုက်စဉ် တုန်ယင်နေသည့် ကျောက်တံခါး၌ ဖြည်းဖြည်းချင်း “အဟ” တစ်ခု ဖွင့်လှစ်လာသည်။ ထိုဟကြောင်းလေးက အသက်တစ်ရှိုက်စာမျှသာ ကြာမြင့်ပြီးသည့်နောက်တွင် ပိတ်ဆို့သွားလိမ့်မည်။
အသက်တစ်ရှိုက်စာက တိုတောင်းလှသော်လည်း ဝမ်ပေါင်လဲ့က ထိုအက်ကြောင်းအတွင်း သူ့နတ်ဘုရားအသိစိတ်မျှင်ကို စေလွှတ်ဖို့ရာ လုံလောက်နေပြီဖြစ်၏။ သူက အဆုံးမဲ့လေဟာနယ်ကို မြင်လိုက်ရပြီး သွေးနီရောင် ကင်းခြေများက ချန်ရှင်းကို ရစ်ပတ်ကာ စုပ်ယူနေပုံပေါ်သည်။
ချန်ရှင်း၏ မျက်နှာက ဖြူဖျော့နေပြီး အသိစိတ်ကင်းလွတ်နေဟန်ပေါ်၏။
သို့သော်လည်း ဝမ်ပေါင်လဲ့က သူ့နတ်ဘုရားအသိစိတ်ကို ထုတ်လွှတ်လိုက်သည်နှင့် ကင်းမြေများက ဆွဲဆောင်ခံလိုက်ရကာ ခေါင်းလှည့်ကြည့်လာသည်။ ထိုစဉ် ချန်ရှင်းအပေါ်ရှိ ဖိနှိပ်စွမ်းအားက သိသိသာသာ လျော့ကျသွားခဲ့သည့်အတွက် ချန်ရှင်း၏ မျက်ခွံများက လှုပ်ခတ်လာသည်။
တစ်ချိန်တည်းဆိုသလို အသက်တစ်ရှိုက်စာက ဝမ်ပေါင်လဲ့အတွက် အသုံးပြုပစ္စည်းတစ်ခုကို ပစ်လွှတ်ဖို့ရာ လုံလောက်နေပြီဖြစ်၏။ သူ့နတ်ဘုရားအသိစိတ်ကို ဖြန့်ကျက်ပြီးသည့်နောက်တွင် သူက စန္ဒာကြယ်ဂိုဏ်းခေါင်းဆောင်ကြီး ပေးထားသည့် စာလိပ်ကို ပစ်လွှတ်လိုက်သည်။
ရလဒ်က မသိရသေးသော်လည်း ကျောက်တံခါးရှိ ဟကြောင်းက အသံကျယ်ကြီးနှင့်အတူ ပြန်လည်ပိတ်ဆို့သွားခဲ့သည်။ သို့သော်လည်း ထိုအရာ ပိတ်ဆို့သွားသည်နှင့် ဝမ်ပေါင်လဲ့က သူသည် ကင်းခြေများ၏ စုပ်ယူမှုကို ခံနေရသည့် ချန်ရှင်းက မျက်လုံးပွင့်လာသည်ကို ခံစားမိသည်။
တစ်ချိန်တည်းဆိုသလို ကျောက်ပြားကမ္ဘာအပြင်ဘက် သင်္ဘောပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့် ပုံရိပ်က မျက်လုံးဖွင့်လာ၏။
“ရီရီ…”