အမတခုံရုံးနယ်မြေသို့ နောက်တစ်ကြိမ်
Vol. 86 Ch. 1211
အခန်း (၁၂၁၁) အမတခုံရုံးနယ်မြေသို့ နောက်တစ်ကြိမ်
ရှင်သခင်က ကိုယ့်စိတ်ကူးအတိုင်းလုပ်ဆောင်တတ်ပြီး တစ်ကိုယ်တည်း နေထိုင်တတ်သူတစ်ယောက် ဖြစ်သည်။
ထို့ကြောင့် သူ့တွင် ရင်းနှီးသော မိတ်ဆွေသူငယ်ချင်း ရှားပါးသည်။ သူနှင့် အဆက်အသွယ်မပြတ်ဘဲ မကြာခဏ ဆက်သွယ်သူဆို၍ မုယောက်ကြယ်စင်ထက်ယံအရှင်သခင် ‘ရှောက်ကျွင်းဟွမ်’ သာလျှင် ရှိသည်။
သို့သော် ကောလဟလများအရဆိုလျှင်တော့ စောမင်ကျန့်နှင့် ရှောက်ကျွင်းဟွမ်တို့ကြားတွင် ပဋိပက္ခများစွာ ရှိခဲ့ကြပြီး သူတို့ဆက်ဆံရေး ကောင်းမွန်ပါသည်လားဆိုသည်မှာ ပြောရခက်သည်။
ယခု ရန်ကျောက်ကဲက စောမင်ကျန့် ယခင်က နေထိုင်ရာနေရာသို့ ရောက်ရှိလာပြီး တဲအိမ်လေးထဲတွင် ခေါက်ယပ်တောင်လေးအား တွေ့ရှိခဲ့သည်။
ထိုယပ်တောင်လေးအားကြည့်ခြင်းအားဖြင့် အထင်ကရ (၂)ပါး၏ ဆက်ဆံရေးက သူထင်ထားသည်ထက်ပိုမိုရှုပ်ထွေးကြောင်း ခံစားမိခဲ့သည်။
ခေါက်ယပ်တောင်လေးကို ဤနေရာတွင် ထားရှိခဲ့ခြင်းအတွက် စောမင်ကျန့်၏ရည်ရွယ်ချက် မည်သို့ရှိကြောင်း ရန်ကျောက်ကဲ မသေချာခဲ့ပေ။
သို့သော် ရှောက်ကျွင်းဟွမ်အပေါ် ရန်လိုခြင်းနှင့် မုန်းတီးခြင်းမျိုး မဟုတ်သည်ကတော့ သေချာခဲ့သည်။
ပြီးတော့ ဤသည်က ကောင်းသည့်အချက်ပဲ ဖြစ်သည်။
အနည်းဆုံးတော့ ရန်ကျောက်ကဲလက်ထဲကိုင်ထားသည့်ယပ်တောင်လေးက မီးလျှံထက်ယံအရှင်သခင်၏ ရန်သူထံမှ မဟုတ်ခဲ့ပေ။
စောမင်ကျန့်နှင့် ရှောက်ကျွင်းဟွမ်တို့ဇာတ်လမ်းကို ရန်ကျောက်ကဲ အတော်လေးသိချင်နေသော်လည်း သူ အစိုးရိမ်ဆုံးကိစ္စတော့ မဟုတ်သေးပေ။
ယခု ရန်ကျောက်ကဲအနေဖြင့် လျှို့ဝှက်စွာလှုပ်ရှားတတ်သော မီးလျှံထက်ယံအရှင်သခင်ကိုရှာဖွေရန် မူလရည်ရွယ်ချက်သို့ ပြန်သွားရပေမည်။
“အမတခုံရုံးကိုသွားရင် အခွင့်အရေးတစ်ခုခုရနိုင်မလား”
ရန်ကျောက်ကဲ ရေရွတ်လိုက်၏။
“အမတခုံရုံးနယ်မြေကိုသွားတာက အရေးမကြီးဘူး ၊ ဘာအခွင့်အရေးမှမရမှာလည်းစိုးရသေးတယ်”
ထို့နောက် သူက ယပ်တောင်လေးတစ်ဖက်သို့ လှန်ကြည့်လိုက်သည်။ ထိုသို့ပြုလုပ်လိုက်သည်နှင့် ယပ်တောင်ထက်မှ မီးလျှံနဂါးက ချက်ချင်းအသက်ဝင်လာဟန်ပင်။
ထို ယပ်တောင်လေးက သာမန်စက္ကူယပ်တောင်လေးသာဖြစ်ပြီး မည်သည့်ဝိညာဉ်စွမ်းအားမှ မပါဝင်ပေ။ သို့သော် ထိုခဏတွင် ရန်ကျောက်ကဲစိတ်အာရုံထဲ ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရသည်။
မှောင်မိုက်သောစကြာဝဠာထဲတွင် ကောင်းကင်တစ်ခုလုံးပြည့်နေသည့် မီးလျှံနဂါးကြီးက အရှိန်ပြင်းစွာဖြင့် ပျံသန်းလျှက် ရှိသည်။
ထိုသို့သော ခမ်းနားထည်ဝါသောမြင်ကွင်းအား တွေ့မြင်ရသူတိုင်း အံ့သြထိတ်လန့်ကာ ဒူးထောက်ကိုးကွယ်လုမတတ် ဖြစ်စေပေမည်။
ဤနဂါးကြီးက ထင်သာမြင်သာရှိသလို ရက်စက်ကြမ်းတမ်းဟန်ရှိသည်။ သို့သော် ခံနိုင်ရည်စွမ်းလည်း မြင့်မားပုံရသည်။ နဂါးအစစ်များသည်ပင် ဤမီးလျှံနဂါးရှေ့တွင် ဝပ်တွားမည့်အလား ထင်မှတ်ရ၏။
ဤလောကတွင် သူ၏သွေးအဆက်အနွယ်က အားနည်းသည့်တိုင် ၊ သူ၏ကိုယ်ထဲမှ နဂါးအစစ်စွမ်းအားက အားနည်းသည့်တိုင် သူ၏တန်ခိုးစွမ်းအားကတော့ စစ်မှန်လွန်းသည်။
လူသားလောကမှ ဧကရာဇ်များကဲ့သို့ပင် သူတို့သည်လူသားအားလုံးထက် အဆင့်အတန်းမြင့်မားသည့်တိုင် မိုးကောင်းကင်ကိုတော့ ကိုးကွယ်ရန် လိုအပ်နေသေးသည်။
ဤမီးလျှံနဂါးကြီး၏ရောင်ဝါက လူသားများ ရောက်ရှိရန် ဘယ်သောအခါမှ မဖြစ်နိုင်သည့်ပမာ အထီးကျန်ဆန်လွန်းလှသည်။
တောင်မြင့်ကြီးများက တိတ်ဆိတ်ငြိမ်သက်သည့်တိုင် အဆုံးသတ်မှာတော့ သေးငယ်သည့်လူသားများ၏ ဖဝါးအောက်သို့ ရောက်ရှိသွားနိုင်သေးသည်။
သို့သော် တိတ်ဆိတ်ငြိမ်သက်သည့် ကောင်းကင်ပြင်ဆီသို့ လူသားများ ဘယ်သောအခါမှ တက်လှမ်းနိုင်မည် မဟုတ်ပေ။ မိုးကောင်းကင်ဆိုသည်က လူသားများအတွက် အမြဲတမ်း ကျယ်ပြောလှပေသည်။
လူသားများကောင်းကင်ဘုံသို့ အမှန်တကယ် တက်လှမ်းနိုင်သည် ဆိုလျှင်လည်း ကောင်းကင်ထက်သို့ရောက်ရှိသည်မဟုတ်ဘဲ သူတို့ရှေ့တွင် အမှန်တကယ်ကျယ်ဝန်းသော စကြာဝဠာကြီးကိုသာ တွေ့မြင်ကြရပေမည်။
မီးလျှံနဂါးပုံရိပ်တွင် ထွက်ပေါ်လာသော လူတစ်ယောက်ပုံရိပ်အား ရန်ကျောက်ကဲ စူးစိုက်ကြည့်နေမိသည်။
လူပုံရိပ်က အရပ်မြင့်မြင့်နှင့်ဖြစ်ပြီး မျက်နှာအသွင်သဏ္ဌန်ကတော့ ယောင်ဝါးဝါးသာလျှင် မြင်ရသည်။
သို့သော် ထိုသူက မီးလျှံထက်ယံအရှင်သခင် ‘စောမင်ကျန့်’ မှလွဲပြီး အခြားသူမဟုတ်ကြောင်း ရန်ကျောက်ကဲ သိရှိသည်။
ရှောက်ကျွင်းဟွမ်ရေးဆွဲခဲ့သော ပန်းချီကားထဲမှလူမှာ စောမင်ကျန့် ဖြစ်လေ၏။
“ဟင်...”
ရုတ်တရက် ရန်ကျောက်ကဲစိတ်ထဲ တစ်စုံတစ်ခု အာရုံခံလိုက်မိသည်။ ဤ ပန်းချီကားထဲတွင် တစ်စုံတစ်ခု လျှို့ဝှက်ထားဟန်ပင်။
မီးလျှံနဂါးပုံရိပ်ထဲတွင် မီးလျှံထက်ယံအရှင်သခင်၏ ကျက်သရေရှိမှုနှင့် ခမ်းနားမှုကို အသက်ဝင်စေသည့်အပြင် မုယောက်ကြယ်စင်ထက်ယံအရှင်သခင် ‘ရှောက်ကျွင်းဟွမ်’ ၏ စိတ်ဆန္ဒအချို့လည်း ပါဝင်နေပုံရသည်။
ရန်ကျောက်ကဲက ထိုပုံရိပ်ကို ချိန်ညှိပြီး ဂရုတစိုက် စဉ်းစားကြည့်လိုက်သည့်အခါ ထူးခြားသည့်စည်းတံဆိပ်တစ်ခုအား ပုံဖော်ရရှိလေသည်။
“ဒီ စည်းတံဆိပ်က မုယောက်ကြယ်စင်ထက်ယံအရှင်သခင်ရဲ့ ကိုယ်ရေးကိုယ်တာတစ်ခုပဲ ၊ သူ့မိဘတွေတောင် ဒီအကြောင်းသိနိုင်မယ်မထင်ဘူး ၊ ထုန်းမင်ဧကရာဇ်လည်း သိနိုင်မှာ မဟုတ်ဘူး”
ရန်ကျောက်ကဲအနေဖြင့် ထိုစည်းတံဆိပ်၏ လျှို့ဝှက်ချက်များကို အချိန်တိုအတွင်း နားလည်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် မှတ်သားထားရန်သာ ဆုံးဖြတ်လိုက်သည်။
ရန်ကျောက်ကဲက နေရာတွင် ခဏမျှမတ်တတ်ရပ်ကာ စဉ်းစားနေပြီးနောက် အိမ်ခန်းအလယ်ဗဟိုတွင် ခေါက်ယပ်တောင်လေးကို ပြန်ထားလိုက်သည်။
ထို့နောက် ခေါက်ယပ်တောင်ကို ဦးညွှတ်ဂါရဝပြုလိုက်ပြီး သူပြုလုပ်ထားသော ထုံးတမ်းအစီအရင်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
ထို့နောက် တဲအိမ်ငယ်လေးအတွင်းမှ ထွက်ခွာလာပြီး မနီးမဝေးတွင် ရှိနေသည့် ဂူဗိမာန်ကို သွားရောက်ဂါရဝပြုလိုက်ပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်ဖဝါးထက်သို့ ပြန်လည်ခုန်ဝင်လိုက်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အတောင်များကိုဖြန့်လျှက် ကောင်းကင် အဝေးတစ်နေရာဆီသို့ ချက်ချင်းပင် ပျံသန်းထွက်ခွာသွားလေတော့သည်။
သူက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် နေထိုင်ရာသို့ သွားရောက်ခဲ့သည့်တိုင် မည်သည့်သတင်းမှ မကြားသိခဲ့ရပေ။
စောမင်ကျန့်နှင့် နှိုင်းယှဉ်လျှင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အတွင်းသို့ဝင်ရောက်ခဲ့သော ဝိညာဉ်ဖြစ်သည့် ‘ယဲ့ယန်’ က မီးလျှံနဂါးကမ္ဘာနှင့်ပတ်သက်ပြီး ကောင်းမွန်သောခံစားချက် မရှိပေ။ အတိအကျဆိုရသော် ယဲ့ယန်သည် ဤ မီးလျှံနဂါးကမ္ဘာကိုပင် အလွန်တရာ စက်ဆုပ်ရွံလျှာဟန် ရှိသည်။
သူ၏မိဘများနှင့်ပတ်သက်၍လည်း နက်ရှိုင်းသည့် ခံစားချက်မျိုး ရှိဟန်မတူပေ။
လူအများက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အား လွတ်လပ်သော အစစ်အမှန်နတ်ဘုရားတစ်ပါးအဖြစ် လက်ခံခဲ့ကြသော်လည်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကတော့ သူ့ကိုယ်သူ လက်နက်တစ်ခုအဖြစ်သာ မှတ်ယူသည်ကို ရန်ကျောက်ကဲ သဘောပေါက်သွားပြီ ဖြစ်သည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် သို့မဟုတ် ယဲ့ယန်သည် သူ၏ကိုယ်ပိုင်မျိုးရိုး ၊ မိသားစုနောက်ခံ ၊ သူ၏ကံကြမ္မာနှင့် အတိတ်အတွေ့အကြုံများကို အမှန်တကယ်ပင် မလိုချင်ခဲ့ဟန် ရှိသည်၊ ထို့ကြောင့် သူ့ကိုယ်သူ ငြင်းဆန်လိုစိတ်ပြင်းပြပြီး အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အဖြစ် အသက်ပြန်ရှင်သန်လာပြီးနောက် ယခင်ဘဝက အရာအားလုံးကို လက်ခံခြင်း မရှိခဲ့သည့် အကြောင်းရင်း ဖြစ်သည်။
အမတမှော်ဝင်လက်နက်တစ်ခုအဖြစ် ပြန်လည်မွေးဖွားလာခြင်းက သူ့အတွက် ဘဝသစ်တစ်ခု စတင်ခြင်း ဖြစ်နိုင်သည်။
ထိုအကြောင်းများစဉ်းစားမိတော့ ရန်ကျောက်ကဲ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။
ယဲ့ယန်သည် အမှန်တကယ်ပင် ခံနိုင်ရည်စွမ်းရှိသူဖြစ်ကြောင်း ရန်ကျောက်ကဲ ရှင်းလင်းစွာ သိမြင်ခဲ့သည်။
ယခင်တစ်ချိန်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အနေဖြင့် ရန်ကျောက်ကဲ ၊ ရန်တိ ၊ ဖုထင်နှင့် သူ့ထက်တန်ခိုးစွမ်းအား နည်းပါးသူများကို ရင်ဆိုင်ခဲ့ရသော်လည်း မည်သည့်မောက်မာမှုမှ ပြသခဲ့ခြင်းမရှိဘဲ အတော်လေးပင် သည်းခံနိုင်စွမ်းရှိကြောင်း ပြသခဲ့သည်။
သို့သော် သူ၏ နဂါးမျိုးနွယ်များအပေါ် မုန်းတီးမှုကတော့ အလွန်ပြင်းထန်သည်။
သူ၏နောက်ခံမိသားစုများသည်ပင် ဤ ပါရမီရှင်လူငယ်ကို မလွန်ဆန်နိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ကောင်းကင်ထက်သို့ ပျံတက်သွားပြီး မီးလျှံနဂါးကမ္ဘာမှ ထွက်ခွာကာ အဆုံးမရှိဗလာနယ်ထဲသို့ ရောက်ရှိသွားသည်။
ရန်ကျောက်ကဲ ယခင်က အမတခုံရုံးနယ်မြေသို့ ရောက်ရှိခဲ့ဖူးသော်လည်း ကျယ်ပြောလှသော ပြင်ပဗလာနယ်ထဲတွင် ဤ လျှို့ဝှက်ဆန်းကျယ်သောနေရာနှင့်အနေအထားကို ရှာဖွေရန် ခက်ခဲနေဆဲပင်။
ကြုံတွေ့ခဲ့ရသောကိစ္စရပ်များပြီးဆုံးသည့်နောက် သူက အမတခုံရုံးကို ထပ်မံပစ်မှတ်ထားရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက်မှာတော့ ရန်ကျောက်ကဲ မျှော်စင်ကမ္ဘာအနီးပတ်ဝန်းကျင်တွင်ရှိသော ယန့်ဖန်းနတ်ဘုံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ယခင်တစ်ခေါက် ဤနေရာသို့လာရောက်ချိန်ထက် ယခုပိုပြီး သတိထားရမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော သူ့နာမည်က အမတခုံရုံးတွင် စာရင်းဝင်နေပြီမှာ သံသယဖြစ်စရာမရှိသော အကြောင်းတရားများ ရှိနေသည်။
ရန်ကျောက်ကဲကို ယိုးမင်ဧကရာဇ်နှင့် ထုန်းမင်ဧကရာဇ်တို့၏ ဆက်ခံသူအဖြစ် သတ်မှတ်ထားသည်ဖြစ်ရာ အမတခုံရုံးက သူ့ကို သေချာပေါက် အာရုံစိုက်နေပေလိမ့်မည်။
သို့ဖြစ်ရာ သူ ရောက်ရှိနေသောနေရာကို ထုတ်ဖော်ပြသလိုက်သည်နှင့် ချက်ချင်း ဝိုင်းဝန်းတိုက်ခိုက်ကြမည် ဖြစ်၏။
“ငါ သတင်းအနံ့ခံတာလောက်ပဲ လုပ်သင့်တယ်”
ရန်ကျောက်ကဲ တွေးလိုက်သည်။
ထို့နောက် သူက မျှော်စင်ကမ္ဘာသို့မသွားတော့ဘဲ အခြားနေရာတစ်ခုသို့သွားရောက်ရန် ရွေးချယ်လိုက်သည်။
မျှော်စင်ကမ္ဘာရှိ အမတခုံရုံးကျင့်ကြံသူများ၏တန်ခိုးစွမ်းအားမှာ အကန့်အသတ်ရှိသည်။ ထို့ကြောင့် သူတို့က မီးလျှံထက်ယံအရှင်သခင် အဆင့်ရှိသော တန်ခိုးစွမ်းအားရှင်များ၏သတင်းကို ကြားသိနိုင်ကြမည် မဟုတ်ပေ။
နတ်ဘုရားတံခါး ဖွင့်လှစ်ပြီးသူများဖြစ်သော ယန့်ဖန်နတ်ဘုံမှ တန်ခိုးစွမ်းအားရှင်များသည်ပင် မည်သည့်သတင်းကိုမှ သိရှိမည် မဟုတ်ပေ။
ရန်ကျောက်ကဲ လူပေါင်းများစွာကို ဖမ်းဆီးစစ်ဆေးမေးမြန်းပြီးနောက် ယန့်ဖန်နတ်ဘုံမှ ထွက်ခွာလာခဲ့သည်။
ထို့နောက် အမတခုံရုံးနယ်မြေများတစ်လျှောက် လှည့်ပတ်သွားလာရင်း အမတခုံရုံးအခြေအနေကို သတင်းစုံစမ်းရင်း ဆက်လက်စောင့်ကြည့်နေခဲ့သည်။
အရင်တစ်ခေါက် ဤနေရာသို့ရောက်လာစဉ်က သူ၏ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသည်ဖြစ်ရာ သူ့ကိုယ်သူ ကာကွယ်ပြီး ဤနေရာမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာသွားခဲ့ရသည်။ ယခုတော့ အမတခုံရုံးအကြောင်း နက်နက်နဲနဲ သိမြင်ရန် အခွင့်အရေးရပြီ ဖြစ်သည်။
သို့သော် နောက်ဆုံး သူလိုချင်သည့်သတင်းရရှိသည့်အခါမှာတော့ ရန်ကျောက်ကဲ မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ပေ။
ပထမသတင်းက သတင်းကောင်းဖြစ်၏။
အမတခုံရုံးက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ဖမ်းဆီးမိခြင်း မရှိခဲ့ပေ။ သို့သော် ဒဏ်ရာအပြင်းအထန်ရပြီး ကျိုးပျက်လုမတတ် ဖြစ်ခဲ့ရသည်။
ထို့နောက်မှာတော့ မီးလျှံထက်ယံအရှင်သခင်က အမတခုံရုံးနယ်မြေသို့ ရောက်ရှိလာခဲ့သည်။
သူက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အတွက် လက်စားချေသည့်အနေဖြင့် အမတခုံရုံးနယ်မြေအများအပြားတွင် ပြဿနာများစွာဖန်တီးခဲ့ပြီး အမတခုံရုံးကို ကြီးမားစွာ ဒုက္ခပေးခဲ့သည်။
သို့သော် နောက်ဆုံးမှာတော့ စောမင်ကျန့် ရုတ်တရက် ထွက်ခွာသွားခဲ့သည်။
“ဒါပေမဲ့ သူထွက်သွားတဲ့အချိန်တုန်းက တန်ခိုးစွမ်းအားရှင်းတစ်ယောက်ကိုပါ သူနဲ့အတူ ဖမ်းဆီးသွားခဲ့တာလား....”
ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်ရင်း ရေရွတ်လိုက်မိလေသည်။