ဝင်ရောက်ခြင်း
Vol. 91 Ch. 1265
သူက တူညီသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး ပုံစံကလည်း နဂိုနှင့်အတူတူသာ ဖြစ်၏။ သူ့သွင်ပြင်နှင့် တခြားအရာများတွင် ကွဲပြားချက်ဟူ၍ မရှိပေ။ တစ်ခုတည်းသောကွဲပြားချက်က သူ့အမူအရာနှင့် အကြည့် ဖြစ်၏။
ထိုပုံရိပ်က ထုံထိုင်းထိုင်းအမူအရာမျိုးရှိကာ သူ့အကြည့်တွင် သက်ဝင်လှုပ်ရှားမှုမျိုး ရှိမနေဘဲ အလောင်းကောင်လိုမျိုး ဖြစ်နေသည်။
အကယ်၍ စွမ်းအားကြီး ပုဂ္ဂိုလ်သာ ရှိနေပါက သူ့နတ်ဘုရားအသိစိတ်ဖြင့် ကြည့်လိုက်လျှင် ချန်ရှင်း၏ ခန္ဓာကိုယ်ဝန်းကျင်တွင် ဧရာမကင်းခြေများတစ်ကောင် ရစ်ပတ်နေသည်ကို မြင်ရလိမ့်မည်။ ကင်းခြေများက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်ထားပြီး ခန္ဓာကိုယ်တစ်ဝက်က ချန်ရှင်းနှင့် ပေါင်းစည်းထားလေ၏။
ဝမ်ပေါင်လဲ့က ကံကြမ္မာကြယ်ပေါ်တွင် ကံကြမ္မာစာအုပ်မှတဆင့် အနာဂတ်၏ ပုံရိပ်များထဲ သူ့သွင်ပြင်ကို မြင်တွေ့ခဲ့ဖူးသလိုမျိုး ဖြစ်နေသည်။ သို့သော်လည်း အနာဂတ်၏ ပုံရိပ်များက ပြောင်းလဲသွားခဲ့၏။ ပူးကပ်ခံရသည့်သူက သူ မဟုတ်တော့ဘဲ ချန်ရှင်း ဖြစ်သွားခဲ့သည်။
“တစ်ယောက်ယောက်က မင်းကို ခေါ်နေတယ်။ မတုံ့ပြန်ဘူးလား” ချန်ရှင်းရှေ့တွင်ရှိနေသည့် သွေးနီရောင် လူငယ်လေးက ရယ်မောကာ ပြောလိုက်သည်။ သူ့အကြည့်များက ဆိုးယုတ်မှုများဖြင့် ပြည့်နှက်နေပြီး ချန်ရှင်းကို ပြောနေသလို ဖြစ်သော်လည်း သူ့ကိုယ်သူ ပြောနေခြင်းသာဖြစ်၏။
“မင်းက မင်း မဟုတ်တော့ဘူးဆိုတော့ ထားလိုက်ပါတော့” လူငယ်လေးက ရယ်မောလိုက်သည်။ သို့သော်လည်း အကယ်၍ အနီးကပ်ကြည့်ပါက သူတို့သည် သူ့အပြုံးနောက်ကွယ်တွင် အမှောင်ထုအရိပ်အမြွက်ကို မြင်ရလိမ့်မည်။ ကျောက်တံခါးထဲ ဝင်ရောက်လာပြီးသည့်နောက် သူက ခေါင်းလှည့်ကာ အပြင်ဘက်ကို ကြည့်လိုက်၏။ သူ့အကြည့်က ကျောက်တံခါး၏ အပြင်ဘက်မှ လေဟာနယ်ကို ထိုးခွင်းသွားကာ ဧရာမအက်ကြောင်းကြီးအပြင်ဘက်ကနေ သူ့ကို အေးစက်စက်စိုက်ကြည့်နေသည့် သင်္ဘောပေါ်က ပုံရိပ်ကို မြင်လိုက်ရသည်။
ထိုပုံရိပ်၏ အကြည့်နှင့် တွေ့ဆုံပြီးသည့်နောက်တွင် ထိုလူငယ်လေးက မျက်မှောင်ကြုတ်လိုက်၏။ သူ့ လက်တစ်ချက်အဝှေ့တွင် ကျောက်တံခါးက ဖြည်းဖြည်းချင်း ပိတ်ဆို့သွားကာ အတွင်းနှင့်အပြင်ကို တားဆီးလိုက်သည်။ သူက တစ်ခေါက်ပြန်လှည့်လာသည့်အခါ ကျောက်တံခါးထဲတွင် ရှိနေပြီး သူတို့ထဲတွင် ပိတ်ဆို့ထားသည့် ဧရာမလက်ကြီး ကို ကြည့်လိုက်သည်။
“ရပ်စမ်း”
“လော့ရဲ့လက်။ မင်းက ငါ့ကို ဝင်ခွင့်မပေးဘူးလား” လူငယ်လေးက ညာဖက်လက်ကို ကြည့်ကာ ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်က ဖျတ်ခနဲပျောက်ကွယ်သွားပြီး သွေးနီရောင်မြူအဖြစ် ပြောင်းလဲသွားကာ ဧရာမလက်ကြီးဆီ ပြေးဝင်သွားသည်။
သို့သော်လည်း နောက်အခိုက်အတန့်လေး၌ အသံကျယ်ကြီးနှင့်အတူ လက်ဝါးက တူညီသည့်နေရာအတိုင်း ကျန်ရှိနေလေ၏။ သို့သော်လည်း လူငယ်လေးဖွဲ့စည်းထားသည့် သွေးမြူကမူ ချက်ချင်းဆိုသလို ပြိုလဲသွားပြီး နောက်ပြန်ဆုတ်လိုက်ရသည်။ ထိုအရာက ကျောက်တံခါးဘေးတွင် ပြန်လည်စုဝေးလာပြီး သွေးနီရောင်လူငယ်လေး၏ သွင်ပြင် ပြန်လည်ထွက်ပေါ်လာသည်။
ဤတစ်ကြိမ် သူ၏ အပြုံးက ရှိနေသော်လည်း ယခင်ထက် ပိုမိုအေးစက်လာသည်။ သူ့မျက်ဝန်းက အနီရောင်အလင်းဖြင့် တောက်ပနေပြီး ခေါင်းငုံ့ကာ သူ့ရင်ဘတ်ကို ကြည့်လိုက်သည်။
အလျင်အမြန် ပြန်လည်ကောင်းမွန်လာသည့် ဒဏ်ရာကြီးတစ်ခုရှိနေသော်လည်း သူ့အပေါ် သက်ရောက်မှုတချို့ရှိခဲ့မှန်း သိသာလှသည်။
“ချန်ရှင်း မင်းက အသက်စောင့်စွမ်းအားကို စတေးမှုအဖြစ် သုံးပြီးတော့ ဖန်တီးခဲ့တဲ့ တိုက်ကွက်က ငါ့ကို ပြဿနာအများကြီး ဖြစ်စေတာပဲ။ အဲ့လိုဆိုရင်တောင် ငါ့ကို မတားဆီးနိုင်ဘူး” လူငယ်လေးက သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ့မျက်ဝန်းထဲမှ အနီရောင်အလင်းက ပိုမိုတောက်ပလာသည်။ သူ့ခန္ဓာကိုယ်က ဖျတ်ခနဲပျောက်ကွယ်သွားပြီး သွေးမြူအဖြစ် ပြောင်းလဲသွား၏။ သို့သော် ဤတစ်ကြိမ် သွေးမြူ၏ ၃၀ ရာခိုင်နှုန်းက ပျံ့နှံ့သွားကာ ချန်ရှင်းဆီ တိုးဝင်သွားသည်။ ထိုအရာက ချန်ရှင်း၏ မျက်ဝန်းထဲ ဝင်ရောက်သွားသည်နှင့် ကျန်ရှိနေသည့် ၇၀ရာခိုင်နှုန်းက ရုတ်ချည်းဆိုသလို ဧရာမသွေးနီရောင်ကင်းခြေများအသွင် ပြောင်းလဲသွားပြီး လော့၏ ညာဖက်လက်ကို ရစ်ပတ်လိုက်သည်။
“လော့က ကျရှုံးသွားပြီ။ ဒီလိုမျိုး အမြစ်မဲ့ ရေမှော်ပင်က ငါ့ကို ဘယ်လောက်ကြာကြာ တားဆီးနိုင်မှာလဲ” သွေးနီရောင်ကင်းခြေများက လော့၏ ညာဖက်လက်ကို ရစ်ပတ်ထားစဉ် ဘေးတွင်ရှိနေသည့် ချန်ရှင်းကမူ သူ့မျက်ဝန်းထဲ သွေးနီရောင်မြူက ဝင်ရောက်သွားခဲ့သည်။ သူ့အကြည့်က ရုတ်ချည်းဆိုသလို တည်ငြိမ်လာပြီး အနီဖျဖျ အလင်းရောင် ရှိနေသည်။ သူက ဘာမှမဆိုဘဲ ရှေ့ဆက် လျှောက်သွားလိုက်၏။ လော့၏ ညာဖက်လက်အတွက်မူ ထိုအရာက ချန်ရှင်းကို အပြည့်အဝ လျစ်လျူရှုထားပြီး သူ့ကို ချောချောမွေ့မွေ့ ဝင်ထွက်ခွင့်ပြုထားသည်။ ထို့နောက် သူက လေဟာနယ်ထဲ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွား၏။
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး လော့၏ ညာဖက်လက်၏ တာဝန်က ကျောက်ပြားကမ္ဘာမှ သက်ရှိများကို ထွက်သွားဖို့ တားဆီးရုံသာမကဘဲ ပြင်ပမှ ကျူးကျော်လာသည့်သူများကို တားဆီးဖို့ရာလည်း ပါဝင်သည်။
တိုက်ပွဲက ဆက်လက်ဖြစ်နေစဉ် ဝိညာဉ်ပျောက်ဆုံးကာ သွေးနီရောင်လူငယ်လေး၏ ထိန်းချုပ်မှုကို ခံထားရသည့် ချန်ရှင်းက လေဟာနယ်မှတဆင့် ကျောက်ပြားကမ္ဘာ၏ ပင်မဖြစ်ရာ တာအိုနယ်မြေအတွင်း ဝင်ရောက်လာသည်။
သူ ဝင်ရောက်လာသည့် အခိုက်အတန့် ကြယ်တာရာကောင်းကင်ရှိ သွေးနီရောင်အလင်းတန်းက မုန်တိုင်းသဖွယ် ပေါ်ထွက်လာသည်။ ထိုအရာက ဧရာမ ဝဲကတော့ အသွင်ပြောင်းလဲသွားပြီး ကျောက်ပြားကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ဆူဆူညံညံအသံများ ထွက်ပေါ်နေစဉ် ဝဲကတော့၏ အလယ်ဗဟိုမှ ချန်ရှင်း၏ ပုံရိပ်ထွက်ပေါ်လာသည်။ သူ့ဝတ်ရုံကပင် သွေးနီရောင်ပြောင်းလဲသွား၏။
သူ့နဂို ထုံထိုင်းထိုင်း အမူအရာကလည်း ပြောင်းလဲသွားခဲ့သည်။ ယခုအခါ သူက အသိဉာဏ်ရှိနေသလိုမျိုး ဖြစ်နေ၏။ သို့သော်လည်း ထိုအသိဉာဏ်ဟု ခေါ်ဆိုသည့်အရာများက ဆိုးယုတ်မှုများဖြင့် ပြည့်နှက်နေသည်။ သူ့မျက်ဝန်းအထက် မှိန်ဖျဖျ အနီရောင် မဟုတ်တော့ဘဲ နီနီရဲရဲ ဖြစ်သွားလေပြီ။
“နောက်ဆုံးတော့ ရောက်လာပြီ” ပူးကပ်ခံထားရသည့် ချန်ရှင်းက ပြုံးကာ ပြောလိုက်သည်။ ရုတ်ချည်းဆိုသလို သူက ခေါင်းမော့ကာ ကြယ်တာရာ ကောင်းကင်ကို ကြည့်လိုက်၏။ သူ့အမြင်တွင် ကြယ်တာရာကောင်းကင်ကို ဖြတ်သန်း၍ သူ့ကို စိုက်ကြည့်နေသည့် အကြည့်လေးခုကို ခံစားမိလိုက်သည်။
“နှောင်းပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်။ တစ်ယောက်က စိတ်ဝင်စားဖို့ ကောင်းတယ်။ နောက်ဆုံးတစ်ယောက်ကတော့…” ပူးကပ်ခံထားရသည့်ချန်ရှင်းက မျက်မှောင်ကြုတ်ကာ နေအဖွဲ့အစည်းရှိရာဆီ လှမ်းကြည့်လိုက်သည်။ သူက အင်္ဂါဂြိုလ်ကို ကြည့်လိုက်သည့်အခါ ဝမ်းနည်းမှုများ ရှိနေသည့် ဝမ်ပေါင်လဲ့နှင့် အချင်းချင်းအကြည့်ဆုံသွားသည့်အတွက် သူ့ခန္ဓာကိုယ်က တုန်တုန်ယင်ယင်ဖြစ်သွားလေ၏။
“မင်းပဲ” ပူးကပ်ခံထားရသည့် ချန်ရှင်းက ပြုံးကာ ပြောလိုက်သည်။
“ဝမ်ပေါင်လဲ့ … ငါက မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးလေ။ ငါ့ကို လာမနှုတ်ဆက်ဘူးလား”
သူ့အသံက ကြယ်တာရာကောင်းကင်အထက် ပျံ့နှံ့သွားကာ ဝမ်ပေါင်လဲ့၏ စိတ်ထဲ ဝင်ရောက်လာသည်။ ဝမ်ပေါင်လဲ့က တိတ်ဆိတ်လျက်သာ ကျန်ရှိနေ၏။ ခေတ္တမျှကြာမြင့်ပြီးသည့်နောက်တွင် သူက မျက်လုံးမှိတ်ပြီး ဝမ်းနည်းမှုကို ဖုံးကွယ်လိုက်သည်။ သူ မျက်လုံး ပြန်ဖွင့်လိုက်သည့်အခါ သူ့ရှေ့တွင်ရှိနေသည့် မြေဓာတ်တာအိုမျိုးစေ့ကိုသာ စိုက်ကြည့်ပြီး အားကုန်သုံးလျက် သန့်စင်ဖို့သာ အာရုံစိုက်ထားလိုက်သည်။
“ကောင်းပြီလေ။ ငါ မင်းကို ပြီးတော့မှ လာရှာမယ်” ပူးကပ်ခံထားရသည့် ချန်ရှင်းက ပြုံးကာ ပြောလိုက်သည်။ သူက အကြည့်လွှဲကာ သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။ သူ့ကြည့်ရသည်မှာ အလွန်ကျေနပ်နေဟန်ပေါ်၏။ သူက သွေးနီရောင် ဝဲကတော့အနက်ပိုင်း လှမ်းကြည့်လိုက်သည့်အခါ သူ တကယ့်အသွင်က လော့၏ ညာဖက်လက်နှင့် တိုက်ခိုက်နေဆဲ ဖြစ်၏။ တိုက်ပွဲက အချိန်တိုအတွင်း ပြီးဆုံးနိုင်မည့်ပုံမပေါ်ပေ။
သို့သော်လည်း ထိုအရာက အရေးမကြီးပေ။ သူ့လက်ရှိခန္ဓာကိုယ်က အပြီးတိုင် ပူးကပ်ခြင်းကို တားဆီးထားသည့်အတွက် ပြဿနာတချို့ ရှိနေလေသည်။ သူက နတ်ဘုရားအသိစိတ်တချို့ကို သုံး၍ ပေါင်းစည်းခဲ့ရသည်။ သို့သော်လည်း သူ့အနေဖြင့် ကျောက်ပြားကမ္ဘာရှိ အရာအားလုံးကို ပြီးမြောက်ဖို့ရာအတွက် လုံလောက်နေပြီ ဖြစ်ကြောင်း ခံစားမိ၏။
“နောက်တစ်ခုက ဒီကမ္ဘာမှာရှိတဲ့ သက်ရှိတွေအားလုံးကို သန့်စင်ပြီးတော့ သွေးဝိညာဉ်အဖြစ် ပြောင်းလဲပစ်မယ်။ ငါ့ရဲ့ နတ်ဘုရားအသိစိတ်က ပိုပြီးအားကောင်းလာမှာပဲ။ အဲဒါဆိုရင် အရင်က ဒဏ်ရာတွေကို ကုစားနိုင်လိမ့်မယ်။ ပြီးသွားရင် အဲဒီကောင်စုတ်လေးကိုလည်း ဖျက်ဆီးပစ်မယ်။ ပြီးတော့ အနက်ရောင်သစ်သားပြားရဲ့ ဝိညာဉ်အသိစိတ်နဲ့ ပေါင်းစည်းထားတဲ့သူကိုလည်း ဖျက်ဆီးပစ်မယ်”
ချန်ရှင်း၏ ခန္ဓာကိုယ်ကို ပူးကပ်ထားသည့် သွေးနီရောင်လူငယ်လေးက တောက်တောက်ပပ ပြုံးလိုက်သည်။ သူက သူ့ကိုယ်သူ ရေရွတ်နေရင်း ညာဖက်လက်ကို မြှောက်လိုက်၏။ ထိုစဉ် သွေးနီရောင် အလင်းတန်းက အလျင်အမြန်စုဝေးလာခဲ့သည်။ နောက်ဆုံးတွင် သူ့ညာဖက်လက်၌ လက်သီးအရွယ် သွေးနီရောင် စက်လုံးတစ်လုံး ထွက်ပေါ်လာခဲ့သည်။ ထိုသွေးနီရောင်အလုံးဖြင့် သူက ကြယ်တာရာကောင်းကင်ထဲ လျှောက်လှမ်းလာ၏။ သူက ညာဖက်လက်ကို မြှောက်လိုက်ပြီး အဝေးတစ်နေရာရှိ ကြယ်စင်စုကို လက်ညှိုးထိုးလိုက်သည်။
ချက်ချင်းဆိုသလို သွေးနီရောင် စက်လုံးက ပျံသန်းသွားပြီး ထိုကြယ်စင်စုဆီ ဝင်ရောက်သွားသည်။ အသက်ရှိုက်စာ အနည်းငယ်အတွင်း ကြယ်စင်စုက ဆူဆူညံညံ အသံများ ထွက်ပေါ်လာ၏။ သွေးနီရောင်အလင်းတန်းက ကောင်းကင်အထက် ထွက်ပေါ်လာကာ သက်ရှိများစွာ၏ ဆိုးဆိုးရွားရွား အော်ဟစ်မှုလည်း လိုက်ပါ လာသည်။ ထို့နောက် ထိုလူမှုအဖွဲ့အစည်းက ဖွတ်ဖွတ်ညက်ညက်ကြေလောက်အောင် ပြိုကွဲသွားလေ၏။ အထဲတွင်ရှိသည့် ကြယ်စင်စုများဖြစ်စေ၊ သက်ရှိများဖြစ်စေ၊ အရာအားလုံးက ထိုအခိုက်အတန့်၌ ဖျက်ဆီးခံလိုက်ရသည်။
အကယ်၍ ထိုတစ်စုံတစ်ယောက်ကသာ ထိုကြယ်စင်စုထဲ ဝင်ရောက်ခဲ့ပါက သူတို့သည် ကြယ်စင်များက အရည်ပျော်ကာ သက်ရှိများအားလုံးက ခြောက်သွေ့သွားသည်ကို မြင်ရလိမ့်မည်။ အဆုံးသတ်၌ သူတို့က သွေးအမြောက်အများက ထိုကြယ်စင်စုမှ ထွက်ပေါ်လာကာ သွေးနီရောင် လူငယ်လေးဝန်းကျင်တွင် စုစည်းသွားလေ၏။ ထို့နောက် သူတို့က သွေးနီရောင် စက်လုံးအသွင် ပြောင်းလဲသွားသည်။ ထိုသွေးနီရောင်စာလုံးက လူမှုအဖွဲ့အစည်းကို ဝါးမျိုပစ်ခဲ့ပြီးသည့်နောက်တွင် အရောင်က ပိုမိုရင့်လာလေ၏။
“မဆိုးဘူးပဲ” သွေးနီရောင်လူငယ်လေးက ပြုံးကာ ဆက်လက် လျှောက်လှမ်းလာသည်။ ဤသို့ဖြင့် အချိန်က ဆယ်ရက်တာ ကုန်ဆုံးသွားခဲ့သည်။
ဆယ်ရက်တာအတွင်း သွေးနီရောင်လူငယ်လေးက ကြယ်တာရာကောင်းကင်အထက် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။ သို့သော်လည်း သူ ဖြတ်သန်းသွားသည့် နေရာ၌ လူမှုအဖွဲ့အစည်းများက ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ထိုနေရာတွင်ရှိနေသည့် သက်ရှိအားလုံးက သွေးအဖြစ် ပြောင်းလဲကာ သွေးဘောလုံးကို ပိုမိုနက်နဲလာစေသည်။
သူ ရှိနေသည့် နေရာက အလယ်ပိုင်း အဆုံးမဲ့မျိုးနွယ်တွင် ဖြစ်၏။ သူက နတ်ဘုရားအသိစိတ်ကို အသုံးပြုကာ အသက်ရှင်ဖို့ ရုန်းကန်နေရသည့် အဆုံးမဲ့မျိုးနွယ်ဆီ ရောက်ရှိလာသည်။ သူက တူညီသည့်မျိုးနွယ်က ဖြစ်၍ မရပ်တန့်ခဲ့ပေ။ အနှစ်ချုပ်အားဖြင့် သွေးနီရောင်လူငယ်လေးက ပိုမိုပင်စိတ်လှုပ်ရှားလာပြီး အဆုံးမဲ့မျိုးနွယ်ထံ ကြာကြာနေခဲ့သည်။ သူက ဖြည်းဖြည်းချင်း သန့်စင်ခဲ့၏။
သူတို့ သန့်စင်လိုက်ပြီးသည့်နောက်တွင် အဆုံးမဲ့မျိုးနွယ်က ကျောက်ပြားကမ္ဘာတွင် မတည်ရှိတော့ပေ။ သူ ပေါ်ထွက်လာမှုနှင့် အပြုအမူများက ကျောက်ပြားကမ္ဘာတစ်ခုလုံးကို လှုပ်ခတ်စေခဲ့သည်။ သို့သော်လည်း ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီး၊ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး၊ စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ဝမ်ပေါင်လဲ့တို့က တိတ်ဆိတ်နေကြ၏။ ထိုတိတ်ဆိတ်မှုအလယ်တွင် မုန်တိုင်းတစ်ခုက အစပျိုးလာနေပြီ။