ကံကြမ္မာဓားချက်
Vol. 91 Ch. 1266
တိတ်ဆိတ်မှုက ရုတ်ချည်းဆန်မှုနှင့် အရာအားလုံးကို ရှုပ်ထွေးစေမှုကြောင့် ဖြစ်၏။
ရောက်ရှိလာမည့်တိုက်ပွဲထဲတွင် သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ လိုအပ်နေသည်။
ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးဖြစ်စေ၊ အမှောင်ဂိုဏ်းမှ လူများဖြစ်စေ၊ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးဖြစ်စေ၊ ဝမ်ပေါင်လဲ့ဖြစ်စေ သူတို့အားလုံးက ယခုအခိုက်အတန့်တွင် ချန်ရှင်းကို ပူးကပ်နေသည့်သူက ကျောက်ပြားကမ္ဘာတစ်ခုလုံး၏ ရန်သူ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိထားကြသည်။
အကယ်၍ သူတို့သာ သူ့ကို မဖိနှိပ်နိုင်ပါက ကျောက်ပြားကမ္ဘာ၏ အဆုံးသတ်ကို ရှောင်လွဲရနိုင်မည် မဟုတ်ပေ။
မည်သူကမှ မသေဆုံးလိုကြပေ။ လူတချို့ကသာ သူတို့မျိုးနွယ်တစ်ခုလုံး ဖျက်ဆီးပစ်ခံရသည်ကို လိုလိုလားလား ကြည့်နေကြလိမ့်မည်။ ထို့ကြောင့် တိုက်ပွဲက မည်သည့်တန်ကြေးပင် ဖြစ်စေကာမူ ဆင်နွှဲရမည် ဖြစ်၏။
နောက်ဆုံးတွင် နောက်ထပ် သုံးရက်တာ ကုန်ဆုံးသွားခဲ့သည်။ ချန်ရှင်းကို ပူးကပ်ထားသည့် သွေးနီရောင် လူငယ်လေးက ကြယ်တာရာ ကောင်းကင်အထက် လျှောက်လှမ်းလာသည့်အခါ ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးက ပထမဦးဆုံး ပြင်ဆင်မှုများ ပြီးမြောက်သွားသူ ဖြစ်၏။
သူက ပြင်ဆင်မှုများ ပြီးမြောက်ရုံမှအပ ရွေးချယ်စရာ မရှိပေ။ အကြောင်းအရင်းကမူ ချန်ရှင်းကို ပူးကပ်ထားသည့် သွေးနီရောင်လူငယ်လေးက ရှဲ့မျိုးနွယ်ဘက် ဦးတည်နေ၍ ဖြစ်သည်။ နောက်အခိုက်အတန့်၌ ခြောက်ကပ်ကပ် သက်ပြင်းချသံ ထွက်ပေါ်လာကာ ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးက ရှဲ့မျိုးနွယ်၏ ပင်မဂြိုဟ်မှ ပျောက်ကွယ်သွားသည်။ သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ သူက သွေးနီရောင်လူငယ်လေးရှေ့ ရောက်ရှိနေပြီ ဖြစ်၏။
ကြယ်တာရာကောင်းကင်က လှိုင်းထလာကာ ပုံပျက်သွားခဲ့သည်။ ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီး ပေါ်ထွက်လာသည့်အခါ ချန်ရှင်းကို ပူးကပ်ထားသည့် သွေးနီရောင်လူငယ်လေးက ရုတ်ချည်း ရပ်လိုက်၏။ သူက ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးကို ကြည့်ရင်း ယုတ်မာသည့် အပြုံးမျိုး ပေါ်ထွက်လာသည်။
“ကံကြမ္မာတာအိုကို ကျင့်ကြံတာလား။ စိတ်ဝင်စားစရာပဲ”
ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးက တိတ်ဆိတ်နေသည်။ သူ့အကြည့်က တောက်ပနေပြီး ဘာမှမတုံ့ပြန်နိုင်ပေ။ သူက လက်ကိုဝှေ့လိုက်သည့်အခါ ခရမ်းရောင် ကံကြမ္မာမြူခိုးက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ထိုအရာက ပြန်လည်ကျုံ့ဝင်သွားပြီး သူ့မျက်ဝန်းအထက် စုဝေးလာကာ ထိုသွေးနီရောင်လူငယ်လေးကို ကြည့်လိုက်သည်။
သူ ကြည့်လိုက်သည်နှင့် သူ ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီး၏ ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်သွားလေသည်။ သူက ကံကြမ္မာတာအိုကို ကျင့်ကြံထားသူ ဖြစ်၏။ ယခု သူက အားလုံးကို ထုတ်သုံးလိုက်သည့်အခါ သွေးနီရောင်လူငယ်လေး၏ ကိုယ်ပိုင်ကံကြမ္မာကို မြင်လိုက်ရသည်။ ထိုကံကြမ္မာက သွေးနီရောင်ဖြစ်နေပြီး ကပ်ဘေးကို ကိုယ်စားပြု၏။ သူ၏ အဆုံးအစကင်းမဲ့မှုက ကောင်းကင်အထိ မြင့်တက်နေပြီး သွေးနီရောင်ကင်းခြေများက ကောင်းကင်တစ်ခုလုံးကို ဝါးမျိုပစ်လိုသည့်အလား ထွက်ပေါ်လာသည်။ သူ တစ်ယောက်တည်းဖြင့် တာအိုနယ်မြေတစ်ခုလုံးကို ဖိနှိပ်ထားနိုင်သည်။
ကံကြမ္မာဟု ခေါ်ဆိုသည့်အရာက ပုံရိပ်ယောင်ဖြစ်ကာ ဖော်ညွှန်းဖို့ ခက်ခဲလှသည်။ သို့သော်လည်း ယေဘုယျအားဖြင့် ကံကောင်းမှုနှင့် ကံကြမ္မာက အတူတူသာ ဖြစ်၏။ အားကောင်းသည့် ကံကြမ္မာပိုင်ဆိုင်ထားသူက သူတို့လုပ်သမျှ အရာအားလုံးတွင် အောင်မြင်လိမ့်မည်။ တခြားတစ်ဖက်တွင် ကံကြမ္မာအားပျော့သူများကမူ လမ်းလျှောက်ရင်းဖြင့်ပင် ခလုတ်တိုက်နိုင်သလို မိုးပေါ်မှ တစ်ခုခု ပြုတ်ကျလာပြီးလည်း သေဆုံးသွားနိုင်သည်။ သူတို့၏ ကန့်သတ်ချက် ရောက်ရှိလာသည့်အခါ သူတို့က ရေသီးရင်းပင် သေဆုံးသွားနိုင်၏။
ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီး ကျင့်ကြံသည့် တာအိုက ကံကြမ္မာတာအိုဖြစ်ပြီး ရှဲ့မျိုးနွယ်သည် ယနေ့အချိန်အထိ ရှင်သန်နေခဲ့သည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ သူက ယခင်တုန်းက အဆုံးမဲ့မျိုးနွယ်ကို ကူညီဖို့ ရွေးချယ်ခဲ့ဖူးသည့် အကြောင်းအရင်းလည်း ဖြစ်၏။ ယခင်က အဆုံးမဲ့မျိုးနွယ်၏ ကံကြမ္မာသည် အမှောင်ဂိုဏ်းကို သိသိသာသာ ကျော်လွန်နေခဲ့သည်။
တစ်ချိန်တည်းဆိုသလို သူက ဤတစ်ကြိမ် ဝေ့ယန်ကျစ်ကို မကူညီရသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ သူက အဆုံးမဲ့မျိုးနွယ်၏ ကံကြမ္မာကျဆင်းလာကြောင်း မြင်လိုက်ရသည်။ သူက ကံကြမ္မာကို မဆန့်ကျင်လိုပေ။ ဤသည်က သူ့တာအိုနှင့် တစ်သားတည်း ဖြစ်မနေပေ။
သို့သော် ယခုတွင် ထိုအရာက သူ့တာအိုနှင့် တစ်သားတည်း ဖြစ်မနေလျှင်ပင် သူ့စိတ်က များစွာ တုန်လှုပ်နေလျက်နှင့် ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးက ညာဖက်လက်ကို မြှောက်ကာ ခရမ်းရောင်ကံကြမ္မာကို စုဝေးပြီး ဓားရှည်တစ်ချောင်းကို ထုတ်ဖော်လိုက်သည်။ ထိုအရာဖြင့် သွေးနီရောင်လူငယ်လေး၏ ဦးခေါင်းကို ချိန်ရွယ်လျက် ခုတ်ချလိုက်သည်။
ကံကြမ္မာဓားချက်
ထိုအရာက အမြင်မှ ပျောက်ကွယ်နေဟန်ပေါ်သော်လည်း လက်တွေ့တွင်မူ တစ်ဖက်လူ၏ ကံကြမ္မာကို ဖြတ်တောက်လိုက်ခြင်း ဖြစ်၏။
သွေးနီရောင် လူငယ်လေးက မခုခံပေ။ သူက ပြုံးလျက်ဖြင့် ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးကို ကြည့်နေကာ တစ်ဖက်လူ၏ ဓားချက် ကျဆင်းလာသည်ကို ခွင့်ပြုပေးထားသည်။ သို့သော် နောက်အခိုက်အတန့်လေးတွင် သူ့ခန္ဓာကိုယ်က အပြောင်းအလဲ မရှိသလို သူ့ကံကြမ္မာကလည်း အပြောင်းအလဲ မရှိပေ။ ခရမ်းရောင်ကံကြမ္မာဖြင့် ဖွဲ့စည်းထားသည့် ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီး၏ ဓားရှည်က မဖျက်ဆီးနိုင်သည့် တစ်စုံတစ်ခုကို ထိရိုက်သွားဟန်ပေါ်သည်။ ဆူဆူညံညံအသံများ ထွက်ပေါ်လာပြီး အပိုင်းပိုင်းအစစ ကျိုးပဲ့သွား၏။
ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးက တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရသည်။ သူက သွေးတစ်ပွက် အန်လိုက်ရပြီး သူ့အဆီအနှစ်၊ ချီနှင့် စိတ်ဝိညာဉ်တို့က ယခင်ကထက် အားနည်းသွားခဲ့သည်။
“တကယ်လို့ မင်းသာ စတုတ္ထအဆင့် ရောက်နေမယ်ဆိုရင် ဒီဓားချက်က ကံကြမ္မာကို ဖြတ်တောက်နိုင်လိမ့်မယ်။ ဒါပေမဲ့ တတိယအဆင့်လောက်နဲ့ ငါ့ကို လာပြီးစိန်ခေါ်ရဲတယ်လား” သွေးနီရောင်လူငယ်လေးက ဆိုးယုတ်စွာပြုံးရင်း ရှေ့တစ်လှမ်း တိုးလာသည်။ သူက ညာဖက်လက်ကို မြှောက်လိုက်သည့်အချိန် သွေးမြူက သူ့ရှေ့ပေါ်ထွက်လာကာ ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးကို ဝါးမျိုတော့မည့် သွေးနီရောင်ကင်းခြေများတစ်ကောင် ထွက်ပေါ်လာ၏။
သို့သော် ထိုအခိုက်အတန့်၌ အားနည်းနေသည့် ရှဲ့မျိုးနွယ်၏ ခေါင်းဆောင်ကြီးက အေးစက်စက် အကြည့်တစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ သူ့ လက်တစ်ချက်အဝှေ့တွင် သူက ယုံကြည်မှု အမွှေးတိုင်ကို ထုတ်ကာ ကြယ်တာရာကောင်းကင်ထဲ ပစ်လွှတ်လိုက်သည်။ ထို့နောက် သူက လက်နှစ်ဖက်ဖြင့် လက်ဟန်များကို ပြုလုပ်လိုက်သည့်အချိန် သူ့မျက်ဝန်းက ခရမ်းရောင် ပြောင်းလဲသွားခဲ့သည်။
“ကံကြမ္မာ ခိုးယူခြင်း”
သူ့ပါးစပ်မှ စကားများ ထွက်ပေါ်လာသည်နှင့် စောစောလေးက သွေးနီရောင်လူငယ်လေး လက်ချက်ကြောင့် ကျိုးသွားခဲ့သော ခရမ်းရောင်ချီဖြင့် ဖွဲ့စည်းထားသည့် ဓားရှည်၏ အစိတ်အပိုင်းများက ရုတ်ချည်းဆိုသလို တောက်ပလာခဲ့သည်။ ထို့နောက် သူတို့အားလုံးက လမ်းတွင်ရပ်သွားကာ ခရမ်းရင့် နွားချေးပိုးအဖြစ် ပြောင်းလဲသွားလေသည်။ ထိုအရာက အရာအားလုံးကို ဝါးမျိုပစ်နိုင်စွမ်း ရှိဟန်ပေါ်၏။ သူတို့က ဆူဆူညံညံ အသံများ ထုတ်လွှတ်လာကာ သွေးနီရောင်လူငယ်လေးဆီ အရူးအမူး ချီတက်သွားကြသည်။
သူတို့က အံ့မခန်းအလျင်ဖြင့် ရွေ့လျားနေသည့်အတွက် သွေးနီရောင်လူငယ်လေး၏ ချီစီးဆင်းမှုအနီးသို့ ရောက်ရှိလာလေသည်။ သူတို့က ရောက်ရှိလာသည်နှင့် ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီး၏ ရှေ့တွင် အမွှေးတိုင်က စတင်လောင်ကျွမ်းလာသည်။
“ဟမ်” သွေးနီရောင်လူငယ်လေးက ရပ်တန့်ပြီး မျက်မှောင်အသာကြုတ်လိုက်သည်။ သူက လက်ကို ဝှေ့တော့မည့်ဆဲဆဲတွင် သူက ညာဖက်လက်ကို မြှောက်ကာ သူ့အနီးနားရှိ အာကာပြင်ကို ရိုက်ချလိုက်သည်။
ထိုသို့ လုပ်လိုက်သည်နှင့် ထိုအာကာပြင်အက်ကြောင်းမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူ့ကျင့်ကြံဆင့်ကလည်း စကြဝဠာအဆင့် ဖြစ်၏။ ထိုသူက ရွှမ်ဟွားကလွဲ၍ တခြားသူ မဟုတ်ပေ။ သူက ပုန်းအောင်းနေပြီး အရေးကြီးသည့် အခိုက်အတန့်၌ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ဖို့ ပြင်ဆင်ထားမှန်း သိသာလှသည်။ ယခု သူက ထုတ်ဖော်ခံလိုက်ရပြီဖြစ်သည့်အတွက် သူ့အနေဖြင့် စွမ်းအားကုန်သုံး၍ တိုက်ကွက်ကို တားဆီးရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။
ရွှမ်ဟွား၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားသည့်အတွက် ဆူဆူညံညံအသံများ ထွက်ပေါ်လာသည်။ သို့သော်လည်း သူက ရက်စက်သည့်သူ ဖြစ်၏။ သူက ဖျက်ဆီးခံလိုက်ရလျှင်ပင် သူက နတ်ဘုရားစွမ်းရည်ကို ထုတ်သုံးကာ အနက်ရောင်မြူခိုးများဖြင့် ဧရာမပါးစပ်ကြီးအသွင် ပြောင်းလဲကာ သွေးနီရောင်လူငယ်လေး၏ ညာဖက်လက်ဆီ ပြေးဝင်သွားသည်။
ထိုသို့ လုပ်လိုက်သည်နှင့် တခြားတစ်ဖက်ရှိ ကြယ်တာရာကောင်းကင်က ပျက်စီးသွားကာ ဧရာမဆူးချွန်တုတ်တစ်ချောင်း ထွက်ပေါ်လာပြီး သွေးနီရောင်လူငယ်လေးကို ရိုက်ချလိုက်သည်။
ထိုဆူးချွန်တုတ်၏ နောက်ကွယ်တွင် ထိုဝိညာဉ်ခုနစ်ပါးဂိုဏ်း တာအို၏ ခေါင်းဆောင်ကြီးက အော်ဟစ်ပြီး ထွက်ပေါ်လာသည်။ သူ့လက်ထဲမှ ဆူးချွန်တုတ်က ပိုမိုအားကောင်းလာ၏။
နှစ်ဖက်လုံးက ပြိုင်တူတိုက်ခိုက်လာသည့်အချိန် သွေးနီရောင်လူငယ်လေး၏ ကံကြမ္မာက ခရမ်းရောင်နွားချေးပိုးများဖြင့် ဝါးမျိုခံနေရသည်။ ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးရှိ အမွှေးတိုင်က အပြီးတိုင်လောင်ကျွမ်းနေပြီ ဖြစ်၏။
သို့သော်လည်း သွေးနီရောင်လူငယ်လေးက အင်မတန် အားကောင်းလွန်းလှသည်။ ထိုဆူးချွန်တုတ်က အင်မတန်အားကောင်းသော်လည်း သွေးနီရောင်လူငယ်လေး၏ ဘယ်ဖက်လက်ဖြင့် တားဆီးခံလိုက်ရသည်။
“ဒါပဲလား” ချန်ရှင်းကို ပူးကပ်ထားသည့် သွေးနီရောင်လူငယ်လေးက ရယ်မောလိုက်သည်။ သူက ညာဖက်လက်ကို ဆုပ်လိုက်ပြီး ရွှမ်ဟွား၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်သွားခဲ့သည်။ သူက ထွက်ပြေးဖို့ ကြိုးစားရင်း နတ်ဘုရားဝိညာဉ်က ပျံ့လွင့်သွား၏။ သို့သော်လည်း သွေးနီရောင်လူငယ်လေးက ပါးစပ်ကို ဟကာ ရွှမ်ဟွား၏ နတ်ဘုရားဝိညာဉ်ကို စုပ်ယူပစ်လိုက်သည်။ သူက ဝါးမျိုနေရင်း ရွှမ်ဟွား၏ စူးစူးဝါးဝါး အော်သံက ထွက်ပေါ်လာခဲ့သည်။
သူ့ဘယ်ဖက်လက်က တစ်ပြိုင်နက် ရိုက်ချလိုက်သည်။
အသံကျယ်ကြီးနှင့်အတူ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ ဆူးချွန်တုတ်က အပိုင်းပိုင်းအစစ ကြေမွသွားခဲ့သည်။
သူ့မျက်ဝန်းအထက် အနီရောင်အလင်းတစ်ချက် ဖြတ်ပြေးသွားကာ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ နဖူးအထက် အလင်းတန်းတစ်ချက် ပြေးဝင်လာသည်။
ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ့မျက်ဝန်းအထက် ရုန်းကန်နေရသည့် ဟန်ပန်မျိုး ထွက်ပေါ်လာသည်။
သွေးနီရောင်လူငယ်လေးက ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးရှေ့ ထွက်ပေါ်လာကာ နောက်ထပ် အနီရောင်အလင်းတန်းကို ထုတ်လွှတ်ပြီး ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးကို ပူးကပ်ဖို့ လုပ်လိုက်သည်။ သို့သော်လည်း အနီရောင်အလင်းတန်း ပေါ်ထွက်လာသည်နှင့် ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီး၏ မျက်ဝန်းအထက် ရက်စက်သည့် အကြည့်တစ်ချက် ထွက်ပေါ်လာကာ သူက ပြောလိုက်သည်။
“လောင်ကျွမ်းစေ”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် သူ့ရှေ့တွင်ရှိသည့် အမွှေးတိုင်က ပို၍ မြန်မြန်ဆန်ဆန် လောင်ကျွမ်းလာပြီး အဆုံးသတ်ထိ ရောက်ရှိသွားခဲ့သည်။ လူငယ်လေး၏ ချီဖြင့် ပြည့်နှက်နေသည့် ခရမ်းရောင်နွားချေးပိုးက နားကွဲလုမတတ် ဆူဆူညံညံအသံများ ထွက်ပေါ်လာကာ မျက်စိတစ်မှိတ်အတွင်း စတင်လောင်ကျွမ်းသွားသည်။
သွေးနီရောင်လူငယ်လေးက မျက်မှောင်ကြုတ်လိုက်၏။ သူက တိုက်ခိုက်တော့မည့်ဆဲဆဲတွင် လေထုထဲမှ ရှေးဟောင်းအစိမ်းရောင်ကြေးဓားတစ်လက် ပေါ်ထွက်လာသည်။ ထိုဓားက အင်မတန် ထက်ရှပြီး သတ္တုတာအို စည်းမျဉ်းဥပဒေသ အနည်းငယ် ပါဝင်နေသည်။ တစ်ချိန်တည်းဆိုသလို သစ်သားနှင့် ရေဓာတ်စွမ်းအားတို့ကလည်း တစ်ပြိုင်နက် ပေါက်ထွက်လာသည်။
သတ္တုက ရေကို မွေးဖွားပေးပြီး ရေဓာတ်တာအိုကို ပိုမိုအားကောင်းစေသည်။ ရေက သစ်သားကို မွေးဖွားပေးပြီး သစ်သားတာအိုက ကောင်းကင်ကိုပင် တုန်လှုပ်နိုင်လိမ့်မည်။ ထို့နောက် မီးဓာတ်တာအိုက ကြယ်တာအိုများမှ ဖွဲ့စည်းထားပြီး ထိုအရာက သစ်သားက မီးကို မွေးဖွားပေးသည့်အတွက် ဖြစ်ပေါ်လာလေသည်။
မီးတောက်အလွှာများ ထွက်ပေါ်လာပြီး မီးတောက်စွမ်းအား ထွက်ပေါ်လာခဲ့သည်။ ရှေးဟောင်းအစိမ်းရောင် ကြေးဓားကြီး ကျဆင်းလာသည့်အခါ ထိုအရာက သွေးနီရောင်လူငယ်လေး၏ ကံကြမ္မာကြိုးမျှင်ပေါ် ရောက်ရှိလာသည်။
ထိုအခိုက်အတန့်၌ ရှေးဟောင်းအစိမ်းရောင် ကြေးဓားကြီးကို ကိုင်ဆောင်ထားပြီး လေဟာနယ်ကို ဖြိုခွင်းလာသည့်သူက ဝမ်ပေါင်လဲ့၏ ဓမ္မပုံရိပ်သာ ဖြစ်၏။
သူတို့လေးဦးက ထိုတိုက်ကွက်ကို ဖန်တီးဖို့ရာအတွက် အရာအားလုံး လုပ်ဆောင်ခဲ့ရသည်။
ကံကြမ္မာကို လောင်ကျွမ်းနေသည့် အမွေးတိုင်မှ မီးတောက်ရှိသလို အပြင်ဘက်မှ ဓာတ်လေးပါး၏ မီးတောက်လည်း ရှိနေပြီး ထိုလူငယ်၏ ကံကြမ္မာအပေါ် တုန်လှုပ်ဖွယ် ထိနှက်ချက် ဖြစ်ပေါ်လာစေခဲ့သည်။