အားကုန်ထုတ်သုံးခြင်း
Vol. 91 Ch. 1268
သူရဲကောင်းတစ်ယောက်အဖြစ် မွေးဖွားလာပြီး သူရဲကောင်းတစ်ယောက်အဖြစ် သေဆုံးသွားရတယ်…
ဤသည်က ချန်ရှင်း ဖြစ်၏။
ယခုအခိုက်အတန့်တွင် ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးက တိတ်ဆိတ်နေလေသည်။ သူက ချန်ရှင်း ပျောက်ကွယ်သွားသည့် နေရာထံ ဦးညွှတ်လိုက်၏။ ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးက စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ရှိနေပြီး သူကလည်း ဦးညွှတ်လိုက်သည်။
နေအဖွဲ့အစည်းတွင် ရွှမ်ဟွား ရှိနေလေ၏။ သူ့ဓမ္မပုံရိပ်က တိုက်ပွဲအတွင်း ဆင်နွှဲခဲ့ပြီး ပင်မခန္ဓာက အင်္ဂါဂြိုဟ်ပေါ်ရှိနေခဲ့သည်။ ဓမ္မပုံရိပ် ပျောက်ကွယ်သွားမှုက အပျက်အစီးများစွာ ထိခိုက်စေခဲ့သော်လည်း သူ့သေခြင်းရှင်ခြင်းအပေါ် သက်ရောက်မှု မရှိပေ။ ထို့ကြောင့် သူ့မျက်နှာက ယခုအခိုက်အတန့်တွင် ဖြူဖျော့နေ၏။ သူကလည်း တိုက်ပွဲကွင်းပြင်ဘက် ဦးညွှတ်လိုက်သည်။
သူက သူရဲကောင်းတစ်ယောက် ဖြစ်သည့် ချန်ရှင်းဆီ ဦးညွှတ်နေခြင်း ဖြစ်၏။
တကယ်တော့ ချန်ရှင်း၏ နောက်ဆုံးနည်းလမ်း မပါရှိဘဲ ဝမ်ပေါင်လဲ့၏ တခြားသူများက အောင်မြင်သွားလျှင်ပင် သူတို့ဘက်မှ အသေအပျောက် ကြီးမားသွားနိုင်သည်။ ပို၍အရေးကြီးသည်က သူတို့အနေဖြင့် ရန်သူကို အားနည်းအောင် လုပ်ပြီးမှ တိုက်ခိုက်နိုင်လိမ့်မည်။
သို့သော် ယခုတွင် ချန်ရှင်း၏ နည်းလမ်းဖြင့် နတ်ဧကရာဇ်၏ နတ်ဘုရားဝိညာဉ်က ပြိုလဲသွားကာ ကပ်ဘေးကို ဖြေရှင်းနိုင်ခဲ့သည်။ ဝမ်ပေါင်လဲ့၊ ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးနှင့် ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးတို့က တကယ့်နတ်ဧကရာဇ်အစစ်သည် အသက်ရှင်နေဆဲဖြစ်ကာ ပိုမိုဆိုးရွားသည့် တိုက်ပွဲ ရှိလာနိုင်ကြောင်း သိထားကြသည်။ အဆုံးသတ်၌ သူတို့က ပြန်လည်အားဖြည့်ဖို့ အချိန်တိုမျှ ရရှိလိုက်ခြင်း ဖြစ်၏။
ပြန်လည်အားဖြည့်သည့် အချိန်တိုက ရလဒ်ကို ပြောင်းလဲမပစ်နိုင်သော်လည်း အချိန်တိုအားဖြည့်မှုက နောင်အနာဂတ်အပေါ် သက်ရောက်မှုရှိလာနိုင်သည်။
ထို့ကြောင့် မည်သို့ပင်ဆိုစေကာမူ ချန်ရှင်းက သူတို့ဆီ ယူဆောင်လာသည့် အချိန်က အင်မတန် အဖိုးတန်လှသည်။ တကယ်တော့ နတ်ဧကရာဇ်၏ နတ်ဘုရားအသိစိတ် တစ်စိတ်တစ်ပိုင်းကို ပျက်စီးစေမှုက တစ်ဖက်လူ၏ တိုက်ခိုက်စွမ်းရည်ကို အားနည်းသွားစေလိမ့်မည်။
ထိုအရာက ဝမ်ပေါင်လဲ့နှင့် တခြားသူများကို အခွင့်အရေး ပေးလာခဲ့၏။
“ကျုပ် အချိန်လိုတယ်” ဝမ်ပေါင်လဲ့က ရုတ်တရက် ထပြောလိုက်သည်။
“ကျုပ် ကျင့်ကြံတဲ့ ကျင့်စဉ်က အဆုံးရောက်တာအိုရှစ်ပါးလို့ ခေါ်တယ်။ ပထမတာအိုရှစ်ပါးမှာ ဓာတ်ငါးပါးနည်းစနစ်တွေပဲ။ အခု ရေဓာတ်တာအိုနဲ့ သစ်သားဓာတ်တာအိုက ပြီးပြည့်စုံသွားပြီ။ မြေဓာတ်တာအိုကလည်း မကြာခင် ပြီးပြည့်စုံတော့မှာ။ သတ္တုတာအိုနဲ့ မီးဓာတ်တာအို လိုနေသေးတယ်။ ဓာတ်ငါးပါးပြီးပြည့်စုံသွားရင် ကျုပ်ရဲ့ တိုက်ခိုက်စွမ်းရည်က နောက်ထပ် အထွတ်အထိပ်ကို ရောက်ရှိသွားလိမ့်မယ်။
ကျုပ် ဂိုဏ်းတူအစ်ကိုကြီး ထွက်မသွားခင် အချိန်နဲ့ ယှဉ်နိုင်လိမ့်မယ်။ ဒါပေမဲ့ အချိန် လုံလောက်ပါ့မလားဆိုတာတော့ မသိဘူး” ဝမ်ပေါင်လဲ့က ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးနှင့် ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးကို ကြည့်ကာ ပြောလိုက်သည်။
“ကျုပ်က ကံကြမ္မာတာအိုကို ကျင့်ကြံတာ။ ကျုပ်က ရှဲ့မျိုးနွယ်ဝင်တွေ အားလုံးကို စုစည်းပြီးတော့ အတူတကွ ပေါင်းစည်းနိုင်တယ်။ အဲဒီစွမ်းအားက ကျုပ်ကိုယ်တိုင်ထက် အများကြီး သာလွန်သွားမယ်ဆိုပေမဲ့ ပြီးမြောက်ဖို့ သုံးနှစ် လိုလိမ့်မယ်။ အဲဒါ ပြီးသွားတာနဲ့ ကျုပ်က သေသွားလိမ့်မယ်။ ပြီးတော့ ရှဲ့မျိုးနွယ်ရဲ့ သွေးမျိုးဆက်က ဆယ်ရာခိုင်နှုန်းပဲ ကျန်လိမ့်မယ်” ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးက တိတ်ဆိတ်နေရင်း ဖြည်းဖြည်းချင်း ပြောကာ ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သည်။
“ကျုပ်ကတော့ အရင်ဘဝရဲ့ တာအိုပညာရပ်တွေမှာ ကျွမ်းကျင်တယ်။ ကျုပ်က ဂိုဏ်းတစ်ခုလုံးရဲ့ စွမ်းအားကို စုစည်းနိုင်တယ်။ အဲဒီအချိန်ကျရင် အဲဒီစွမ်းအားက ၇ဆ တိုးလာလိမ့်မယ်။ ဒါပေမဲ့ အဲဒီအချိန်က အမွှေးတိုင် ၇တိုင် လောင်ကျွမ်းစာလောက်ပဲ ရလိမ့်မယ်။ အဲဒီအချိန် ကုန်ဆုံးသွားတာနဲ့ ကျုပ် ဝိညာဉ်က ပျောက်ကွယ်သွားလိမ့်မယ်” ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးက သက်ပြင်းချကာ ပြောလိုက်သည်။ သူကလည်း ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးလိုမျိုး ဝမ်ပေါင်လဲ့ကို ကြည့်လိုက်၏။
နှစ်ဦးသားက နောင်အနာဂတ်တိုက်ပွဲရှိ အရာအားလုံးကို မဆုံးဖြတ်နိုင်ကြောင်း သိထားလေသည်။ ယခုကြည့်ပါက သူတို့၏ မျှော်လင့်ချက်က ဝမ်ပေါင်လဲ့သာ ဖြစ်၏။
သို့သော်လည်း သူတို့ပေးဆပ်ရမည့် တန်ကြေးက ကြီးမားလွန်းလှသည်။ သူတို့က ထိုသို့မလုပ်လျှင် ကျောက်ပြားကမ္ဘာက သေချာပေါက် ဖျက်ဆီးခံရမည်မှန်း သိထားလေ၏။ မျိုးနွယ်နှင့် ဂိုဏ်းတစ်ခုလုံးကပင် ပျက်သုဉ်းသွားလိမ့်မည်။ အကယ်၍ သူတို့ အားကုန်ထုတ်သုံးလျှင် မျှော်လင့်ချက်တချို့ ရှိနိုင်သည်။ သို့သော် သူတို့အတွက် စိုးရိမ်နေရ၍ ဝမ်ပေါင်လဲ့ကို မနေနိုင်ဘဲ လှည့်ကြည့်လိုက်ကြသည်။
“ကျုပ်က အပြည့်အဝ ယုံကြည်ချက်တော့ မရှိဘူး။ ဒါပေမဲ့ အကောင်းဆုံး ကြိုးစားမယ်” ဝမ်ပေါင်လဲ့က မျက်လုံးကို မှိတ်လိုက်သည်။ ခဏအကြာတွင် သူက မျက်လုံးပြန်ဖွင့်လိုက်၏။ သူက ပြောလိုက်သည့်အချိန် ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ရှဲ့မျိုးနွယ် တာအိုဂိုဏ်းခေါင်းဆောင်ကြီးက အချင်းချင်း ကြည့်ကာ ဘာမှမပြောပေ။
ထိုအခိုက်အတန့်၌ အဝေးမှ အသံတစ်သံ ထွက်ပေါ်လာလေသည်။
“ပြီးတော့ ငါရောပဲ”
“ငါ့ဆီမှာ မီးတောက်စိတ်ဝိညာဉ် ကျိန်စာလို့ခေါ်တဲ့ ပညာရပ်တစ်ခု ရှိတယ်။ အဲဒါက နှစ်သောင်းချီကြာအောင် ထိန်းသိမ်းထားခဲ့တာ။ ဒီအရာ ပေါက်ထွက်လာတာနဲ့ တစ်ဖက်လူရဲ့ ကျင့်ကြံဆင့်က ဘာပဲဖြစ်ဖြစ် သေချာပေါက် ခံရမှာပဲ” ပေါက်ထွက်လာသည့် ပုံရိပ်က မီးတောက်ခေါင်းဆောင်ကြီး ဖြစ်၏။
သူ့တကယ့်ခန္ဓာက မရောက်ရှိသေးဘဲ သူ့ကိုယ်ပွားက ရောက်ရှိလာခြင်း ဖြစ်၏။ သို့သော်လည်း သူ့အကြည့်၌ ဆုံးဖြတ်ချက်ပြတ်သားမှုတို့ဖြင့် တောက်လောင်နေသည်။ သူက ဆုံးဖြတ်ချက်ချပြီးသည်မှာ သိသာလှသည်။ သူ ရောက်ရှိလာမှုက ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးနှင့် ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးတို့ကို စိတ်အေးသွားစေသည်။
မီးတောက်ခေါင်းဆောင်ကြီးက စကြဝဠာအဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်သော်လည်း သူ့ကျိန်စာက အံ့မခန်း ဖြစ်သည်။ ပို၍အရေးကြီးသည်က သူသည် ဝမ်ပေါင်လဲ့၏ ဆရာ ဖြစ်၏။ သူက အသက်ကို စတေး၍ ဝမ်ပေါင်လဲ့အတွက် အချိန်ဆွဲထားလိုပါက ယခုအကြိမ် ဝမ်ပေါင်လဲ့၏ တိုက်ကွက်တွင် စိတ်ခံစားချက်မြောက်များစွာ ပါဝင်နေလိမ့်မည်။ ရလဒ်အနေဖြင့် နောက်ဆုတ်ဖို့ လမ်းကြောင်းက ပိုမိုကျဉ်းမြောင်းသွားလိမ့်မည်။
ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးတို့က ထိုအရာကို စိုးရိမ်နေကြခြင်း ဖြစ်၏။ သူတို့သည် အသက်ကို စွန့်စားပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က အားကုန်ထုတ်မသုံးဘဲ တခြားသော နည်းလမ်းများဖြင့် သူတို့ကို အတားအဆီးအနေနှင့် အသုံးပြုကာ သူ့ဘာသာသူ ထွက်သွားမည်ကို စိုးရိမ်နေကြသည်။
သူတို့က မီးတောက်ခေါင်းဆောင်ကြီး ပေါ်ထွက်လာသည်ကို မြင်သည့်အခါ စိတ်အေးသွားကြတော့သည်။ ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးနှင့် ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးတို့က ဆုံးဖြတ်ချက်ချပြီးသည်နှင့် လေဟာနယ်ထဲတွင် သက်ပြင်းချသံ ထွက်ပေါ်လာသည်။
“အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအိုက ပြိုလဲသွားပြီ။ အဆုံးမဲ့မျိုးနွယ်ရဲ့ မိုးကောင်းကင်တာအိုကလည်း ပျက်သုဉ်းသွားခဲ့ပြီ။ ဒါပေမဲ့ ငါက တန်ကြေးအနေနဲ့ ငါ့ဘာသာငါ လောင်ကျွမ်းပစ်မယ်။ ငါက အချိန်တိုအတွင်း အပြင်လူတွေကို မိုးကောင်းကင်တာအို ကိုယ်စား ဖိနှိပ်ထားနိုင်လိမ့်မယ်။ အချိန်ကျလာတဲ့အခါမှာ ငါလည်း အားကုန်ထုတ်သုံးမယ်”
လေဟာနယ်ထဲ အဖြူရောင်အလင်းပြောက်များ ပေါ်ထွက်လာပြီး အားလုံးရှေ့မှောက် စုဝေးလာကာ စာအုပ်တစ်အုပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုစာအုပ်ပေါ်တွင် ထိုင်နေသည့် အကြီးအကဲက ဓမ္မသခင်ကြီး ဖြစ်၏။
ဤကပ်ဘေးက ကျောက်ပြားကမ္ဘာတစ်ခုလုံးအတွက် ကပ်ဘေး ဖြစ်ပေသည်။ ယခုအခိုက်အတန့်၌ မျိုးနွယ်များ၊ လူမှုအဖွဲ့အစည်းနှင့် ဂိုဏ်းအားလုံးက အဓိပ္ပာယ် မရှိပေ။
“ဒီလိုဆိုရင် ကြိုးစားကြည့်ကြတာပေါ့။ အောင်မြင်မယ်ဆိုရင် တာအိုရောင်းရင်းက ကျုပ်တို့လုပ်ခဲ့တဲ့ စတေးမှုနဲ့ ကျုပ်တို့ဂိုဏ်းရဲ့ အမွေအနှစ်ကို ချန်ထားဖို့ မမေ့ဖို့ မျှော်လင့်ပါတယ်”
“ကျုပ်တို့ မျိုးနွယ်နဲ့ နောက်ဆုံးသွေးမျိုးဆက်ကို ကာကွယ်ပေးပါ”
ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးတို့က ဖြည်းဖြည်းချင်း ပြောလိုက်ကြသည်။ သူတို့က ဝမ်ပေါင်လဲ့ထံ ဦးညွှတ်ပြီးသည့်နောက်တွင် ထွက်ခွာသွားကြ၏။
သူတို့က ပြင်ဆင်မှုများ စတင်ပြုလုပ်နေကြသည်။ ဓမ္မသခင်ကြီးက ဝမ်ပေါင်လဲ့ကို ကြည့်ရင်း သူ့ဘေးတွင် ရှိနေသည့် ဝမ်ရီရီကို ကြည့်နေဟန်ပေါ်သည်။ သို့သော် မည်သူကမှ သူမ၏ တည်ရှိမှုကို မမြင်ကြပေ။
သူက ဦးညွှတ်ပြီးသည့်နောက်တွင် ထွက်ခွာသွား၏။
ဝမ်ပေါင်လဲ့နှင့် မီးတောက်ခေါင်းဆောင်ကြီးကသာ ကြယ်တာရာကောင်းကင်ထဲ ကျန်ရှိနေသည်။
“ဆရာ…”
“ဘာမှပြောမနေနဲ့တော့။ ငါက ကျောက်ပြားကမ္ဘာ ပြိုလဲတဲ့အထိ ငါ့ကျိန်စာကို ချုပ်တည်းထားမယ်လို့ ထင်နေတာလား။ တခြားသူတွေက အကုန်ထုတ်သုံးတော့ ငါလည်း ငါ့တပည့်အတွက် အကုန်ထုတ်သုံးနိုင်တယ်” မီးတောက်ခေါင်းဆောင်ကြီးက လက်ဝှေ့ကာ ပြောလိုက်သည်။
“ဝမ်ပေါင်လဲ့ မင်းလည်း အကောင်းဆုံးကြိုးစား”
“အကောင်းဆုံးကြိုးစားရမယ်” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။ ခဏတာကြာမြင့်ပြီးသည့်နောက်တွင် သူ့မျက်ဝန်းအထက် ခက်ထန်သည့် အရိပ်အမြွက် ပေါ်ထွက်လာသည်။ သူက မီးတောက်ခေါင်းဆောင်ကြီးကို ဦးညွှတ်လိုက်၏။ နှစ်ဦးသားက နေအဖွဲ့အစည်းဆီ ပြန်သွားလိုက်ကြသည်။ သူ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် နေအဖွဲ့အစည်းထဲရှိ အင်္ဂါဂြိုဟ်ပေါ်တွင် ဝမ်ပေါင်လဲ့၏ တကယ့်ခန္ဓာက မျက်လုံးဖွင့်လာလေသည်။
သူ့မျက်ဝန်းအထက် စိတ်ရှုပ်ထွေးသည့် အမူအရာနှင့်အတူ ခက်ထန်သည့် အမူအရာများ ရှိနေလေ၏။
သူက ကောင်းကင်တာအို ကျောင်းသားတစ်ယောက်ဘဝမှ ယခုအနေအထားထိ ဘယ်လိုဖြတ်ကျော်ခဲ့မှန်း မသိတော့ပေ။ သူက ကုန်ဆုံးခဲ့သည့်နှစ်များကို ပြန်လည်တွေးတောလိုက်၏။ အရာအားလုံးက အိပ်မက်သဖွယ် ဖြစ်နေလေသည်။
“ဆရာက ထွက်သွားပြီ။ ဂိုဏ်းတူအစ်ကိုကြီးကလည်း ကျရှုံးသွားခဲ့ပြီ။ အမှောင်ဂိုဏ်းကလည်း ပျက်သုဉ်းသွားခဲ့ပြီ။ ဒီနေရာက အဆုံးမဲ့မျိုးနွယ်လည်း ပျောက်ကွယ်သွားခဲ့ပြီ။ ပြီးတော့ ဆရာမီးတောက်ကလည်း တန်ကြေးတစ်ခုကို ပေးရလိမ့်မယ်။ တခြားသူတွေကလည်း တန်ကြေးပေးရမှာပဲ။ နတ်ဧကရာဇ်နဲ့ တိုက်ပွဲအတွက်ကတော့ …”
“နတ်ဧကရာဇ်” ဝမ်ပေါင်လဲ့၏ အကြည့်များက သတ်ဖြတ်ငွေ့ဖြင့် တောက်ပနေသည်။ မြေဓာတ်တာအိုမျိုးစေ့က သူ့ရှေ့တွင် ပေါ်ထွက်လာပြီး သူ့စိတ်ခံစားချက်၏ လှုံ့ဆော်မှုအောက်တွင် ထိုအရာက နောက်ဆုံးသော အခြေအနေကို ဖြစ်မြောက်ခဲ့သည်။
နောက်အခိုက်အတန့်လေး၌ မြေဓာတ်တာအို စည်းမျဉ်းဥပဒေသများက သူ့ရှေ့၌ ပေါ်ထွက်လာသည်။ ထိုအရာပေါ်ထွက်လာသည်နှင့် နေအဖွဲ့အစည်းနှင့် မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံးက လှုပ်ခတ်သွားသည်။
မိုးကောင်းကင်တာအိုက မရှိတော့သည့်အတွက် လုပ်ပိုင်ခွင့် ဆုံးရှုံးစရာ မလိုတော့ပေ။ ထိုအစား ဝမ်ပေါင်လဲ့က လုပ်ပိုင်ခွင့်အသစ် ရရှိလိုက်သည်။ ယခုအခိုက်အတန့်၌ မဟာလက်ဝဲတာအိုနယ်မြေအတွင်း မြေဓာတ်တာအိုကို ကျင့်ကြံသည့် သက်ရှိအားလုံးက တုန်တုန်ယင်ယင်ဖြစ်သွားကြပြီး သူတို့၏ တာအိုနှလုံးသားက လှုပ်ခတ်သွားကာ ဝမ်ပေါင်လဲ့ရှိရာဆီ ဦးညွှတ်လိုက်ကြသည်။
မြေကြီးက လှုပ်ခတ်သွားပြီး ကြယ်တာရာများက တောက်ပလာကာ အင်္ဂါဂြိုဟ်ပေါ်မှ ယခင်ထက် ပိုမိုအားကောင်းသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားပြီး မိုးကောင်းကင်လောက် အားကောင်းနေဟန်ပေါ်သည်။
“နတ်ဧကရာဇ် ဒီတိုက်ပွဲမှာ ခင်ဗျားရဲ့ နတ်ဘုရားအသိစိတ်ကို သတ်ခဲ့တယ်။ နောက်တစ်ကြိမ်ကျရင် တကယ့်အဆုံးမဲ့မျိုးနွယ်ဆီ လာပြီးတော့ ခင်ဗျားရဲ့ တကယ့်ခန္ဓာကို သတ်ပစ်မယ်”
“ကျုပ် ဝမ်ပေါင်လဲ့က ပြဿနာကို အမြစ်ကနေ ရှင်းထုတ်မှာ။ ဒါက ကျုပ်ရဲ့ တာအိုကျမ်းသစ္စာပဲ”
ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည့်အခါ ကောင်းကင်မိုးကြိုးသံများက ကြယ်တာရာကောင်းကင်အထက် ခြိမ်းဟိန်းထွက်သလို ဖြစ်နေသည်။ အသံကျယ်ကြီးနှင့်အတူ မဟာလက်ဝဲတာအိုနယ်မြေတစ်ဝက်ကျော် သက်ရောက်ခံလိုက်ရသည်။ မိုးကြိုးသံလို ဟိန်းသံက လေဟာနယ်၏ အဆုံးသတ်အထိ ရောက်ရှိသွားကာ လော့နှင့် တိုက်ခိုက်နေသည့် သွေးနီရောင်လူငယ်လေး၏ စိတ်ထဲ ရောက်ရှိသွားခဲ့သည်။
“ဝမ်ပေါင်လဲ့”