ဆန်းကြယ်ကောင်းကင် အိမ်တော်
Vol. 66 Ch. 4.501
လူတိုင်းသည် အလိုအလျောက် မတ်တတ် ထရပ်လိုက်ကြသည်။ တချို့ကဆို လေထဲတွင် တိုက်ရိုက်လွင့်မျောကာ လုရွှမ်ရဲ့ဓားကို ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
သူတော်စင် ခွန်အားလှိုင်းများက သူ့ခန္ဓာကိုယ်ထဲတွင် တဝဲလည်လည် ရှိနေသော်လည်း သေခြင်းတရားရဲ့ စွမ်းအင်လှိုင်းများက သူ့ဓားရှည်ကြီးထဲတွင် ပြည့်နှက်နေသည်။ သေခြင်းတရား၏ စွမ်းအင်သည် ပြင်းထန်လွန်းသဖြင့် ကောင်းကင်က မည်းမှောင်နေသော တိမ်တိုက်များဆီသို့ ရောက်လုနီးပါးပင်။
ကောင်းကင်မှာ တိမ်မည်းတွေ ဖုံးလွှမ်းလျက် ရှိသည်။ ကောင်းကင်တခွင် လျှပ်စီးများ လက်နေကာ တိမ်မည်းများသည် ကောင်းကင်နှင့်မြေကြီးကို မှောင်မိုက်အတိ ဖုံးလွှမ်းသွားသော်လည်း အလင်းတန်းများက မြေကြီးဆီသို့ အလင်းပြန်ဝင်လာသည်။
အလင်းတန်းတွေကို ကြည့်ရင်း လူတိုင်းလည်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
သူတို့နှစ်ယောက်လုံး လေထဲတွင် ပျံဝဲနေသော်လည်း လုရွှမ်သည် ကမ္ဘာကို ငုံ့ကြည့်နေသည့် အထီးကျန် နတ်ဘုရားတစ်ပါးလို နားမလည်နိုင်တဲ့ ခံစားချက်မျိုးကို ခံစားလိုက်ရသည်။ အဆင့်မြင့် ကျင့်ကြံမှုရှိသော ကောင်းကင်ဘုံသခင်မှာ လုရွှမ်ကို မော့ကြည့်လိုက်စဥ် သူ့မျက်နှာပေါ်မှ ထိတ်လန့်သော အကြည့်များကိုပင် သူ့ဘာသာ ပြန်ခံစားလိုက်ရသည်။
ကောင်းကင်ဘုံသခင်တွေလည်း ကြောက်လန့်တတ်သလို သေခြင်းတရားကိုလည်း ခံစားရနိုင်သည်။ လုရွှမ်သည် အဲဒီလို အရှိန်အဝါကို အမှန်တကယ် အသုံးချနိုင်မည်ဟု မမျှော်လင့်ထားသလို သူသည် သူတော်စင်နယ်ပယ်သာ ဖြစ်သည်။
လုရွှမ်သည် အောင့်မိသားစုတွင် ဒီလိုလုပ်ရပ်ကို အသုံးပြုပြီးသား ဖြစ်ကြောင်းသာ သူသိခဲ့ပါက ဒီအစီအစဥ်ကို ဒီနေရာမှာ ပြောင်ပြောင်တင်းတင်း ပြုလုပ်ဝံ့မည် မဟုတ်ပေ။
အောင့်လင်သည် ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသော ကာလဖြစ်ကာ သူကား ကောင်းကင်ဘုံသခင် အဆင့်၆ ဖြစ်သည်။
ဓားရှည်သည် အလင်းရောင်နှင့် အရိပ်များကို ပေါင်း၍ ကောင်းကင်ဘုံသခင်ဆီသို့ ခုတ်လှဲခိလိုက်သည်။ အရှိန်က အလွန်မြန်ပြီး ကောင်းကင်လေထုကို ဖြတ်လုနီးပါး ဖြတ်သန်းလာကာ ကောင်းကင်ဘုံသခင် ရှေ့မှာ အေးအေးဆေးဆေး ပေါ်ထွက်လာသည်။
ကောင်းကင်ဘုံသခင်သည် လှောင်ချိုင့်ထဲ ပိတ်မိနေသော သားရဲတစ်ကောင်လို တိုက်ခိုက်ဆဲဖြစ်ပြီး ဓားကြီးတစ်စင်း သူ့လက်ထဲ ပေါ်လာကာ လုရွှမ်ရဲ့ ဓားရှည်ကြီးကို တားဆီးရန် သူ့ခွန်အားရှိသမျှကို ထုတ်သုံးလိုက်တော့သည်။
ထန်း!
ကောင်းကင်ဘုံသခင်လည်း သက်ပြင်းချကာ နောက်ဆုံးတွင် ဓားကို ပိတ်ဆို့နိုင်လိုက်သည်။
တစ်ဟုန်ထိုး ဆင်းသက်လာသော သေခြင်းစွမ်းအင်သည် သူ့ကို အရှိန်အဟုန်ဖြင့် ဖြတ်ကျော်သွားသည်။ စွမ်းအားက အလွန်ကြီးမားပြီး ရောင်ဝါကလည်း အလွန်ကြွယ်ဝသည်။
တခဏချင်းမှာပဲ ထိုစွမ်းအင်တွေဟာ ကောင်းကင်ဘုံသခင်ရဲ့ ခန္ဓာကိုယ်ထဲကို ဖြတ်ဝင်သွားသည်။ စိတ်ဆင်းရဲစရာ ကောင်းသော အော်ဟစ်သံနှင့်အတူ ထိုကောင်းကင်ဘုံသခင်၏ ပါးစပ်မှ သွေးများ ထွက်ကျလာသည်။
ရုတ်တရက် ထိုလူရဲ့ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ထို့နောက် သွေးအုပ်စုများ လွင့်ပျံသွားကာ အသွေးအသားများ ကွဲအက်သွားခဲ့သည်။ ကြွယ်ဝသော အနက်ရောင် ရောင်ဝါသည် မြွေငယ်များကဲ့သို့ သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် ဖြတ်ပြေးနေ၏။
လူတိုင်းရဲ့ မျက်လုံးများဟာ ကြောက်စရာကောင်းတဲ့ မြင်ကွင်းကြောင့် မျက်ခမ်းတွေပါ တဆက်ဆက် တုန်ယင်နေကြသည်။ မြွေနက်ကြီးလို သေခြင်းစွမ်းအင်တွေ ဖြတ်သွားတိုင်း အသွေးအသားတွေ ပုပ်ပွပြီး သွေးတွေ အငွေ့ပျံသွားသည်။
စိတ်ဆင်းရဲစရာ ညည်းတွားသံများ ကြားတွင် ကောင်းကင်ဘုံသခင်သည် ဆက်မထိန်းနိုင်တော့ဘဲ ကောင်းကင်မှ ပြုတ်ကျလာခဲ့သည်။ မြေပြင်ပေါ်သို့ ပြုတ်ကျလာစဥ် လူများသည် ကောင်းကင်ဘုံသခင်သည် မံမီတစ်ကောင်လို ပြောင်းလဲသွားကြောင်း ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။
အနက်ရောင် စွမ်းအင်များက မပျောက်ကွယ်သေးဘဲ သူ့ခန္ဓာကိုယ်ထဲတွင် တစိမ့်စိမ့် စိမ့်ထွက်နေသေးသည်။ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်သည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲမှာပဲ လွင့်စင်ပျောက်ကွယ်သွားကာ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။
တိုက်ခိုက်ရေးသားရဲကွင်း တစ်ခုလုံးသည် လေရှူရှိုက်သံများနှင့် ပြည့်နေသည်။
လုရွှမ် ကောင်းကင်မှ ဖြည်းညှင်းစွာ ပျံဆင်းလာခဲ့သည်။ မျှော်လင့်ထားသည့် အတိုင်း ဒီသိုင်းကွက်က ပြီးပြည့်စုံသွားပြီ။ ပထမအကြိမ်နှင့် နှိုင်းယှဉ်ပါက သူ့စွမ်းအား ထိန်းချုပ်မှုမှာ ပို၍ပို၍ အားကောင်းလာခဲ့လေပြီ။
တိုက်ပွဲအပေါ် ခွန်အားတွေလည်း အများကြီး တိုးလာခဲ့သည်။ အနည်းဆုံးတော့ ကောင်းကင်ဘုံသခင်တောင် ထိန်းချုပ်လို့ မရတော့ဘဲ ကောင်းကင်ကနေ ပြုတ်ကျသွားခဲ့သည်လေ။
နတ်သမီးအောင့်ယွဲ့ ပြေးလာပြီး လုရွှမ်ကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။
သူမ ပါးပြင်ပေါ်တွင် နီရဲနေသော အရိပ်အယောင်များ ရှိနေသည်။ အများ၏ မြင်ကွင်းတွင်မို့ သူမ၏ အပြုအမူက အနည်းငယ် ရှက်ရွံ့နေသေးပုံ ပေါ်၏။
လုရွှမ်သည် သူ့ခန္ဓာကိုယ်မှ စွမ်းအားများ ကုန်ဆုံးသွားတာကို ခံစားလိုက်ရပြီး နတ်သမီးအောင့်ယွဲ့ကို မှီလိုက်သော်လည်း သူက မာနကြီးပုံပေါက်နေသေးသည်။ သူသည် လူအုပ်ကို ဖြတ်ကျော်ပြီးနောက် အောင့်ယွဲ့နောက်မှ လိုက်သွားခဲ့သည်။
ပတ်ဝန်းကျင် တစ်ခွင်ကတော့ လုံးဝ တိတ်ဆိတ်နေခဲ့ပြီး ဒီလိုရလဒ်မျိုးကို ဘယ်သူမှ မမျှော်လင့်ထားချေ။
လုရွှမ်က ဒီတိုက်ပွဲအတွက် သူ့ဘာသာ သေချာပိုင်နိုင်နေပြီ ဆိုပေမယ့် သူ ဒဏ်ရာကင်းမဲ့စွာ လွတ်မြောက်နိုင်မယ်လို့ မတွေးထားခဲ့ပေ။
တစ်ချက်လှုပ်ရုံဖြင့် ကောင်းကင်ဘုံသခင် အဆင့်၆ သခင်တစ်ဦးကို လုံးဝ သေဆုံးသွားအောင် သတ်လိုက်သည့်အပြင် အမှုန့်ပါ ဖြစ်သွားအောင် လုပ်လိုက်သေးသည်။
ယခုအချိန်တွင် ယွမ်ယန်ဓားကိုးစင်း ဟူသောအမည်သည် လူတိုင်း၏ စိတ်ထဲတွင် ကြောက်စရာအကောင်းဆုံး ဓားသိုင်း ဖြစ်လာခဲ့သည်။
ဆိုရိုးစကားအတိုင်း အရိုး မကျန်တော့အောင် သတ်ပေမယ့် တချို့အရိုးတွေက ကျန်နေနိုင်တယ်တဲ့။ လုရွှမ်ရဲ့ လှုပ်ရှားမှုကတော့ အရိုးတွေကို မထားခဲ့ဘဲ အလောင်းကိုပါ အမှုန့်ဖြစ်အောင် လုပ်တဲ့နည်းကို သုံးသွားခဲ့သည်။
လူတစ်စုသည် လုရွှမ်တို့ ထွက်ခွာသွားတာကို တိတ်တဆိတ်သာ စောင့်ကြည့်နေကြသည်။ ဘယ်သူကမှ မတ်တပ်ရပ်ပြီး နှိုးဆော်ဝံ့သူ မရှိပေ။
တစ်ယောက်ယောက်သာ တားခဲ့ရင်တောင် လုရွှမ်ရဲ့ အဲဒီလှုပ်ရှားမှုကနေ ကြီးလေးတဲ့ အဖိုးအခကို ပေးခဲ့ရမှာဖြစ်တာကြောင့် ဒီအခိုက်အတန့်မှာ ဘယ်သူကမှ မတ်တပ် ထမရပ်ဝံ့ကြပေ။
လူတိုင်းလိုလို နှလုံးသားထဲက ကြောက်လန့်နေကြသည်။
ယွင်ယင်သည် သူ့သမီး အကူအညီနဲ့ ထောက်ထားပြီး လုရွှမ်ကို အခါအားလျော်စွာ စိုက်ကြည့်ကာ အစောက ဓားရောင်ဝါထဲမှာ နှစ်မြှုပ်နေဆဲ ဖြစ်သည်။ ထိုဓားချက်သည် သူမ နှလုံးသားထဲအထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားပြီး အချိန်အတော်ကြာထိ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
သူမ နှလုံးသားထဲက အံ့အားသင့်မှုနှင့်အတူ ပျော်ရွှင်မှုများလည်း ရှိနေသည်။ သမီးဖြစ်သူ၏ ယခင်လှုပ်ရှားမှု တိုက်ကွက်များသည် သူမ သင်ကြားခဲ့သည့်အတိုင်း သိသိသာသာ တူညီကြောင်း သူမသိမြင်ခဲ့သော်လည်း အသုံးပြုလိုက် သောအခါတွင် တဖြည်းဖြည်း လုံးဝကွဲပြားသွားခဲ့သည်။ လုရွှမ် နောက်လိုက်ခြင်းဖြင့် သူမ ရရှိခဲ့သည့် အခွင့်အရေး ဖြစ်နိုင်ကြောင်း နားလည်သွားခဲ့သည်။
နတ်သမီးကျင်းဟုန်သည် ရှေ့သို့ တိုးလာကာ လုရွှမ်ရဲ့ ပင်ပန်းနွမ်းနယ်မှုကို သက်သာစေရန် တက်ကြွသော အသက်စွမ်းအင် ရေစီးကြောင်းကို ထိုးသွင်းလိုက်ပြီး အုပ်စုလိုက် အောင့်မိသားစုထံ ပြန်သွားခဲ့သည်။
သူတို့ ပြန်မရောက်ခင်မှာပင် အောင့်မိသားစုက တိုက်ခိုက်ရေးသားရဲကွင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ကြားသိပြီးပြီ ဖြစ်လေသည်။
တကယ်တော့ သူတို့ဟာ လမ်းတစ်လျှောက်လုံး လုံခြုံစွာ ပြန်လာနိုင်ခဲ့သည်။ အောင့်မိသားစုက တစ်စုံတစ်ယောက် သူတို့ကို သတ်ချင်စိတ် မရှိစေရအောင် တိတ်တဆိတ် စောင့်ရှောက်ဖို့ နတ်မီးနယ်ပယ်က အကြီးအကဲကိုတောင် စေလွှတ်ခဲ့ပါသေးသည်။
ထိုလူငယ်များထဲမှ တစ်ဦးစီသည် ယခုအခါ အံ့ဖွယ် ပါရမီရှင်များ ဖြစ်လာကြပြီး တိုက်ခိုက်ရေးသားရဲကွင်းက တိုက်ပွဲအပြီးတွင် ၎င်းတို့၏ ပါရမီရှင် အမည်များသည် ရှေးဟောင်း လျှပ်စီးမြို့တော် တစ်ခွင်သို့ ပျံ့နှံ့သွားခဲ့သည်။
မူလ ပါရမီရှင်ငါးပါး အပြင် လက်ရှိ နံပါတ်တစ် ပါရမီရှင်လုရွှမ်၊ ကောင်းကင်အရိပ် ဂိုဏ်း၏ လူငယ်ဂိုဏ်းချုပ်လေး နတ်သမီးကျင်းဟုန်နှင့် နတ်သမီးအောင်ရှင်း တို့သည် ရှေးဟောင်း လျှပ်စီးမြို့တော်က လူငယ် မျိုးဆက်များအတွက် ကိုးကွယ်ရာ အရာများ ဖြစ်လာခဲ့သည်။
နောက်လတွင် လုရွှမ်နှင့် သူ့အဖွဲ့သည် အပြင်မထွက်တော့ဘဲ ၎င်းတို့၏ ခွန်အားကို ပြန်လည်ရရှိရန် အောင့်အိမ်တော်ထဲတွင် ကျင့်ကြံမှု တိုးတက် ကောင်းမွန်လာအောင် လေ့ကျင့်ခဲ့သည်။
ထူဖူး၏ ကြောက်မက်ဖွယ် ကောင်းသော တိုးတက်မှုကို သက်သေခံပြီး လူအုပ်စုသည် အချင်းချင်း ဆွေးနွေးတိုင်ပင်ကာ သူတို့၏ ထူးခြားသော စွမ်းရည်များကို ပြသကာ အချင်းချင်း ဝေဖန်ကြရင်း ခွန်အားများလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။
ရှေးဟောင်း လျှပ်စီးမြို့တော်သည် ငြိမ်သက်အေးဆေး ခဲသော်လည်း တိယီး၏သေဆုံးမှုသည် ပင်လယ်ထဲသို့ ပစ်ချလိုက်သော ကျောက်တုံးငယ် တစ်ခုကဲ့သို့ ဖြစ်သွားပြီး လှိုင်းဂယက်လေး ဖြစ်စေသော်လည်း မည်သည့် လှိုင်းလုံးကြီးမှ မဖြစ်လာစေခဲ့ပေ။
လူတွေက တိုက်ခိုက်ရေးသားရဲကွင်းက တိုက်ပွဲနဲ့ အဲဒီနေ့ရဲ့ ဒဏ္ဍာရီကို ဆွေးနွေးနေကြတုန်းပင်။
သို့သော် ဤငြိမ်သက်မှုအတွင်း ဝမ့်ကျစ်ကမ္ဘာမှ သခင်များသည် နယ်စပ်ဖြတ်ကျော် နေရာပြောင်း အစီအရင်မှ တစ်ဆင့် ရောက်ရှိလာကြသည်။ ရံဖန်ရံခါတွင် လူများသည် အဓိက မိသားစု ရှစ်စုသို့ လာရောက်လည်ပတ်ကြပြီး သဘာဝအားဖြင့် အောင့်မိသားစုဆီ လာရောက်လည်ပတ်သူက အများဆုံး ဖြစ်သည်။
ဆန်းကြယ်ကောင်းကင်အိမ်တော်မှ တစ်ယောက်ယောက် ရောက်လာကြောင်း သတင်းများကလည်း တဖြည်းဖြည်း ပျံ့နှံ့လာသည်။
ဆန်းကြယ်ကောင်းကင်အိမ်တော်က အရင်တုန်းက ဘယ်လိုအင်အားမျိုး ရှိတယ်ဆိုတာကို ဘယ်သူမှ မသိခဲ့ပေ။ အဓိက မိသားစု ရှစ်စုလည်း ထိုအကြောင်းကို ကြားသော်လည်း ဆန်းကြယ်ကောင်းကင်အိမ်တော်က ဘယ်သူ့ဆီကိုမှ မရောက်လာခဲ့ပေ။
ဆန်းကြယ်ကောင်းကင်အိမ်တော်ဟာ ထိပ်တန်းအရည်အချင်း ရှိများကို စုဆောင်းထားသောကြောင့် ရှေးဟောင်း ကမ္ဘာများသည် ၎င်းတို့၏ စုံစမ်းစစ်ဆေးရေး ပစ်မှတ်များထဲတွင် ဆန်းကြယ်ကောင်းကင်အိမ်က အမြဲပါဝင်နေတတ်သည်။
လက်ရှိအချိန်၊ အောင့်အိမ်တော်၊ အလယ်ဝင်ပေါက် ခန်းမ၌။
ဤခန်းမသည် အဆင့်အမြင့်ဆုံး ဧည့်သည်များကို ဖျော်ဖြေရန်အတွက်သာ ဖွင့်လှစ်ထားသည့် ခန်းမတစ်ခု ဖြစ်သည်။ ယခုအချိန်တွင် အောင့်မိသားစု၏ နတ်မီးနယ်ပယ် သုံးဦး ရောက်ရှိလာပြီး ဧည့်ခန်းဘက်တွင် လူအိုနှစ်ယောက် ထိုင်နေကြသည်။ သူတို့ကလည်း နတ်မီးနယ်ပယ်များ ဖြစ်ကြလေ၏။
တချို့သော သူတို့သည် နတ်မီးနယ်ပယ် အထွတ်အထိပ် ကာလသို့ အမှန်တကယ် ရောက်ရှိသွားကာ နောက်ထပ်နယ်ပယ်သို့ အလွယ်တကူ ဖြတ်ကျော်သွားတော့မည်။
"မြန်မြန်သွား! အောင့်ယွဲ့နဲ့ သူတို့လူငယ်တွေ အားလုံးကို လာဖို့ ဖိတ်ခေါ်လိုက်!"
ထုံးစံအတိုင်း အောင့်ထျန်းသည် သခင်နှစ်ယောက် လာရခြင်း၏ ရည်ရွယ်ချက်ကို သဘောပေါက်တာကြောင့် လုရွှမ်နှင့် တခြားသူများကို ဖိတ်ကြားရန် တစ်စုံတစ်ဦးကို လျှို့ဝှက် စေလွှတ်ခဲ့သည်။