← Chapters

ပြည်နယ်ကိုးခုညီလာခံ

Vol. 008 Ch. 757

ပြည်နယ်ကိုးခုညီလာခံ

Vol. 008 Ch. 757

ရီဖူရှင်း ပြောသလိုပင် သူက ယနေ့ မလေးမစား ဆက်ဆံခံရခြင်း အပေါ် အမှတ်ရစေရန် ထိုမျှသော တန်ဖိုးအား ပေးလိုသည်။ ထို့အတူ မြေရိုင်းပြည်နယ်မှ ပါရမီရှင်များ ကိုလည်း တွန်းအား ဖြစ်စေမည်။

ရှီဟွာတောင် ရှန့်ထိုက ရီဖူရှင်းအား ကြည့်သည်။ လူငယ်ကား သူတို့၏ အပြုအမူအတွက် အမှန်ပင် တောင်ဝင် ရတနာတစ်ခုဖြင့် တောင်းပန်ကာ တင်းမာသော အခြေအနေအား ပြေလျော့စေသည်။ တော်ဝင်ကျဲ နန်းတော်သခင်က ဤသို့သော ရင့်သန်သော အမူအကျင့်များ ရှိမည်ဟု မထင်ထားပေ။

“ဒီလိုဆိုတော့လည်း… တကယ်လို့ မြေရိုင်းပြည်နယ်က တပည့် တစ်ယောက်ယောက်က ထိပ်သီး ဆယ်နေရာကို တက်ရောက်နိုင်တယ် ဆိုရင်လည်း ဒါက မြေရိုင်းပြည်နယ် အပေါ် ကျုပ်တို့က နေရာချထားမှု ညံ့ဖျင်းခဲ့တဲ့အပေါ် တောင်းပန်တဲ့အနေနဲ့ တော်ဝင် ရတနာတစ်ခုကို လက်ဆောင် ပေးအပ်ပါမယ်…” ရှီဟွာတောင်ရှန့်ထိုက ပြောသည်။ ရှီဟွာတောင်က တော်ဝင်ကျဲ နန်းတော်အပေါ်တွင် ရှုံးနိမ့်နိုင်စရာ အကြောင်း မရှိပေ။ ထို့အပြင် ရီဖူရှင်းတို့ဘက်မှ ထိုသို့ ပြောလိုက်ကတည်းက ရီဖူရှင်းကား သူတို့ကို တော်ဝင်ရတနာ ပေးအပ်ရန် သေချာပေါက် ဖြစ်လာသည်။ ဤသို့ဆိုလျှင် သူတို့ကလည်း ရှီဟွာတောင်၏ ရက်ရောမှုကို ဖော်ထုတ် ပြသရမည်ဖြစ်သည်။

“ကျွန်တော်က ဒီလို ရက်ရောတဲ့ စိတ်ကောင်း စေတနာနဲ့ မထိုက်တန်သေးပါဘူး… စီနီယာက ပြန်လည် စဉ်းစားစေလိုပါတယ်…” ရီဖူရှင်းလည်း နှိမ့်ချကာ ပြောသည်။

“ဒါက အဆင်ပြေတယ်… မြေရိုင်းပြည်နယ်က ထိပ်သီး ဆယ်နေရာအထိ တက်ရောက်နိုင်တယ် ဆိုရင် ဒါက လေးစားမှုနဲ့ ထိုက်တန်တယ် ဆိုတာကိုလည်း သက်သေပြနိုင်တယ်…” ရှီဟွာတောင် ရှန့်ထိုက ပြောသည်။

“ဒီလိုဆိုရင်လည်း ကျေးဇူးတင်ပါတယ် စီနီယာ…” ရီဖူရှင်းက ခေါင်းငုံ့လိုက်သည်။ သူ၏မျက်လုံးတွင် ပြုံးရောင် သန်းနေ၏။

ဤသို့ဆိုလျှင်ကား သူက လွန်စွာ ကျေးဇူးတင် ရပေတော့မည်။

သေးငယ်သော မတော်တဆ ကိစ္စကား ဘာမှ မရှိသလို ပျောက်ကွယ်သွားပြီ ဖြစ်သည်။ အချို့ကလည်း တော်ဝင်ကျဲ နန်းတော်အပေါ် မိမိတို့နေရာကို မသိဘဲ မဆင်မခြင် ပြုမူခြင်းများ အတွက် သရော် လှောင်ပြောင်ကြသည်။ တော်ဝင်ကျဲနန်းတော်က တော်ဝင်ရတနာ တစ်ခုကို သေချာပေါက် ပေးရပေတော့မည်။

ဝမ်ရှင်း၊ ကျူးကော့ချန်းဖန်နှင့် တခြား တော်ဝင်ကျဲနန်းတော်မှ လူများကလည်း ရီဖူရှင်းကိုကြည့်ကာ ဆွံ့အရသည်။ သို့သော်လည်း အခြေအနေကား အမှန်ပင် တည်ငြိမ် သွားခဲ့သည်။ အကယ်၍ မြေရိုင်းပြည်နယ်၏ တပည့်များက ပြိုင်ပွဲတွင် ကောင်းကောင်း စွမ်းဆောင်နိုင်ပါက သူတို့အတွက် လေးစားမှုကို ပြန်ရပေလိမ့်မည်။

ထို့အပြင် ရီဖူရှင်းက တော်ဝင် ရတနာတစ်ခုဖြင့် တိုက်ရိုက် အလောင်းအစား ထပ်ခဲ့ခြင်း မဟုတ်ပေ။ ယူချင်းက ထိပ်သီး ဆယ်ယောက် စာရင်းထဲကို မဝင်ပါက တော်ဝင် ရတနာတစ်ခုကို လက်ဆောင်ပေးမည်။ ဤသို့သော အခြေအနေတွင် ရှီဟွာတောင်ကလည်း မြေရိုင်းပြည်နယ်ကို အောက်ကျမခံနိုင်ရာ သူတို့ကလည်း တော်ဝင်ရတနာဖြင့် လောင်းကြေး ထပ်ရန် လိုလာတော့သည်။

ရီဖူရှင်းက ရှီဟွာတောင်၏ ရက်ရောမှုအတွက် ယဉ်ကျေးစွာပင် ငြင်းပယ်ခဲ့သေးသည်။ ရီဖူရှင်းကား တတ်နိုင်သမျှ နှိမ့်ချကာ လေးစားစွာ ပြောဆို ဆက်ဆံခဲ့သည်။ အကယ်၍ ရှီဟွာတောင်ကသာ တော်ဝင် ရတနာတစ်ခုအား ရှုံးနိမ့်ခဲ့ပါက ရီဖူရှင်းအပေါ် မည်သူကမှ အပြစ် မတင်နိုင်တော့ပေ။

အမှန်ပင် ကောင်းမွန်သော ရွှေ့ကွက် ဖြစ်သည်။

ရှီဟွာတောင်ရှန့်ထို့က လူအုပ်ကြီးကို ကြည့်သည်။ အကန့်အသတ်မဲ့သော နေရာကြီးက ခဏချင်းတွင် တိတ်ဆိတ်သွားသည်။ အားလုံးက ရှီဟွာတောင် ရှန့်ထို၏ အရှိန်အဝါကို ခံစားမိကြရာ ရီဖူရှင်း၏နောက်မှ အဆုံးမဲ့သော လူအုပ်ကြီးပင် တိတ်ဆိတ် သွားရသည်။

ထို့နောက်တွင် အားလုံး၏ အကြည့်ကာ ရှီဟွာတောင် ရှန့်ထို သုံးပါးထံကို ရောက်လာသည်။

ပြည်နယ်ကိုးခု ညီလာခံကား တရားဝင် စတင်လေပြီ။

“ဒီနှစ် ပြည်နယ်ကိုးခု ညီလာခံကို ရှီဟွာတောင်က လက်ခံကျင်းပခဲ့တယ်… ပြည်နယ် ကိုးခုလုံးက တော်ဝင်မြေတွေ အကုန်လုံးနီးပါးက ဒီနေ့ ဒီနေရာမှာ စုစည်းကြတယ်… ဆက်ခံသူမရှိတဲ့ ကောင်းကင် ရှန့်ထိုတောင်မှ ဒီနေ့ပွဲကို တက်ရောက်ခဲ့တယ်... ဒါက တကယ်ကို ဂုဏ်ယူ ဝမ်းမြောက်စရာပဲ…” ရှီဟွာတောင်ရှန့်ထိုက ဆက်ပြောသည်.. “ပြည်နယ်ကိုးခုလုံးက အင်ပါယာရှားရဲ့ အုပ်ချုပ်ရေး ယန္တရားအောက်မှာပဲ… ပြည်နယ်ကိုးခု ညီလာခံကလည်း အင်ပါယာ ရှားရဲ့ဆန္ဒကိုလိုက်ပြီး ကျင်းပခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ… မျိုးဆက်တိုင်းမှာ ဒီပြိုင်ပွဲက နာမည်ကျော် တန်ခိုးရှင်တွေ ထွက်ပေါ်ခဲ့တယ်… ဒီတစ်ခါ ပြိုင်ပွဲမှာလည်း နာမည် ကျော်ကြား လာမည့် လူငယ်ပါရမီရှင်တွေ များများ ထွက်လာဖို့ မျှော်လင့်တယ်…”

“ဒီပွဲကို စီစဉ်ကျင်းပတဲ့ အင်အားစု တစ်ခုအနေနဲ့ ရှီဟွာတောင်က ကောင်းကောင်း စွမ်းဆောင်နိုင်တဲ့ လူတွေကို ဆုလာဘ်တွေ ပေးဖို့ စီစဉ်ထားတယ်… ဆုလာဘ်တွေက သိပ်မများပေမဲ့ ဒါက သူတို့အတွက် ကြိုးစားဖို့ တွန်းအားတစ်ခု ဖြစ်မယ်လို့လည်း မျှော်လင့်တယ်…”

သူပြောနေသည်ကား အမှန်အားဖြင့် ပြည်နယ်ကိုးခု ညီလာခံ၏ ရိုးရာ အစဉ်အလာ တစ်ရပ်ဖြစ်သည်။ ရှီဟွာတောင်၏ ဆုလာဘ်များက မည်သည့်အရာများ ဖြစ်မည်ကို အားလုံးက စိတ်ဝင်စား နေကြသည်။

ရှီဟွာတောင်ရှန့်ထိုက လက်ဆန့်တန်း လိုက်သည်တွင် လင်းလက်သော ပုဆိန်တစ်လက် ပေါ်လာသည်။ ပုဆိန်ကို ထုတ်လိုက်သည်တွင် ပတ်ဝန်းကျင်လေထု အခြေအနေကပင် ပြောင်းလဲ သွားရသည်။ ရွှေရောင် အလင်းတန်းများက ပုဆိန်ထံမှ ဖြာထွက်နေကာ အနီးပတ်ဝန်းကျင်၏ စွမ်းအားများကို ရူးသွပ်စွာ စုပ်ယူနေဟန်ရသည်။ ပုဆိန်ကား ဝှေ့ယမ်း တိုက်ခိုက်ခြင်း မရှိပါဘဲနှင့်ပင် အနီးမှ အရာများအား ဖြတ်တောက်တော့မည့် ခံစားချက်ကို ပေးသည်။

“တော်ဝင်ရတနာ…”

“အသက်နုတ်ပုဆိန်…” ရှီဟွာတောင် ရှန့်ထို၏ လက်မှ ပုဆိန်ကို အားလုံးက လိုချင် တပ်မက်စွာ ကြည့်ကြသည်။

“ဒီရတနာက အရင်ရှီဟွာတောင်ရဲ့ ရှန့်ထိုခေါင်းဆောင် ကိုင်ဆောင်ခဲ့တဲ့ လက်နက်ပဲ… ဒါက မျိုးဆက် တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်း လာခဲ့တာ… အခု ကျုပ်က ဒီရတနာကို ပြည်နယ်ကိုးခု ညီလာခံရဲ့ ဆုလက်ဆောင် အဖြစ် သတ်မှတ်တယ်… ပြည်နယ်ကိုးခု ညီလာခံက နံပါတ်တစ်ပြိုင်ပွဲ အနိုင်ရသူကို ဒီရတနာ ပေးအပ်မယ်…” ရှီဟွာတောင် ရှန့်ထိုခေါင်းဆောင်က ပြောသည်။ ပြည်နယ်ကိုးခုမှ ပါရမီရှင်များ၏ မျက်လုံးများက အရောင်တောက် နေကြသည်။ သည်ရတနာအား ပိုင်ဆိုင်ရပါက သူတို့၏ သက်ဆိုင်ရာ တော်ဝင်မြေကို ပြန်လည် ပေးအပ်ရန် မလိုအပ်ဘဲ​ မိမိတို့စိတ်ကြိုက် အသုံးချ၍​ ရပေမည်။

ရီဖူရှင်းက ခေါင်းမော့ကာ အသက်နုတ်ပုဆိန်အား ကြည့်သည်။ တော်ဝင်ကျဲ နန်းတော်ကား ပြည်နယ်ကိုးခုလုံးတွင် တော်ဝင် ရတနာပိုင်ဆိုင်မှု အနည်းဆုံး တော်ဝင်မြေတစ်ခု ဖြစ်ပေလိမ့်မည်။ သူတို့တွင်ရှိသော ရတနာတိုင်းက ရှန့်ထို တိုက်ပွဲအတွက် အသုံးပြုရန် လျာထားရ၏။

ရှီဟွာတောင် ရှန့်ထိုခေါင်းဆောင်က အသက်နုတ်ပုဆိန်အား သိမ်းဆည်းလိုက်ကာ နောက်တစ်ခုအား ထုတ်ယူလိုက်သည်။ ထိုအရာကား အလွန် လင်းလက်သော ရုပ်ပုံများ ပါဝင်သော စာအုပ်တစ်အုပ် ဖြစ်သည်။

“ဒါက ရှန့်ထို ပန်းချီစာအုပ်ပဲ…” ရှီဟွာတောင် ရှန့်ထိုက ပြောသည်… “ဒီရတနာက ရှီဟွာတောင်မှာ ခေတ်အဆက်ဆက် လက်ဆင့်ကမ်း လာခဲ့တဲ့ ရတနာတစ်ခုပဲ… ဒါက ရှီဟွာတောင် ရှန့်ထိုတွေ လေ့ကျင့်ရာမှာ ဘယ်လို တွေ့ကြုံခဲ့တယ်… ဘယ်လိုတွေ နားလည် ဆင်ခြင်ခဲ့တယ် ဆိုတာကို မှတ်သား ထားတာဖြစ်လို့ လေ့ကျင့်ရာမှာ အရမ်းကို အသုံးဝင်တဲ့ ရတနာတစ်ခုပဲ… အခု ဒါကို ပြည်နယ်ကိုးခု ညီလာခံမှာ ဒုတိယရတဲ့သူကို ပေးမယ်…”

ထိပ်သီး ရှီတန်ခိုးရှင်များ အားလုံး၏ မျက်လုံးများက ဝင်းလက် သွားကြသည်။ သည်ရတနာကား သူတို့အတွက် အလွန် အသုံးဝင်ပေသည်။

ထို့နောက် ရှီဟွာတောင် ရှန့်ထိုက စာအုပ်အား သိမ်းဆည်းလိုက်ကာ နောက်ထပ် သေတ္တာငယ်လေး တစ်ခုအား ထုတ်ယူလိုက်သည်။ လေထဲတွင် အလင်းများ ဖြာထွက်လာပြီး အလွန်တရာ လန်းဆန်းကာ စိတ်ကို ကြည်လင်စေသော အမွှေးရနံ့က လေထုထဲကို ပျံ့နှံ့လာသည်။ သေတ္တာထဲတွင်ကား ဆေးလုံတစ်လုံးရှိကာ လူအများအပြား ကလည်း မြင်ရသည်။

“တော်ဝင်ဆေးလုံး… ဒါက တတိယရတဲ့သူ အတွက်ပဲ…” ရှန့်ထိုက သေတ္တာလေးအား ပိတ်လိုက်ကာ သိမ်းဆည်း လိုက်သည်။

ရှီဟွာတောင် ရှန့်ထိုက ထိပ်သီး ဆယ်ယောက်အတွက် ပေးအပ်မည့် ဆုလာဘ်များအား ဆက်လက် ကြေညာသည်။ ထိုရတနာများ အားလုံးက တော်ဝင် အတန်းအစားတွင် မရှိကြသော်လည်း အနည်းဆုံး ရှန့်ထိုများဖြင့် တစ်ခုမဟုတ် တစ်ခု ပတ်သက်နေသော အရာများဖြစ်ကြရာ ရတနာများဟု သတ်မှတ်၍ ရသည်။ ထိုရတနာများက စစ်မှန်သော ရှန့်ထိုစွမ်းအားများ မရှိသော်လည်း အနည်းဆုံး ရှန့်ထို အသိများအား ပိုင်ဆိုင်ကြသည်။

ရှီဟွာတောင် ရှန့်ထိုပြောသည်မှာ မဆုံးသေးပေ။ သူက ဆက်လက်၍​ ကြေညာသည်… “ပြီးတော့… ထိပ်သီး ဆယ်ယောက်ကိုလည်း ရှီဟွာတောင်မှာသာ ဝင်ရောက် လေ့ကျင့်မယ်ဆိုရင် ကျုပ်တို့ ရှီဟွာတောင် ရှန့်ထိုသုံးပါးက ကိုယ်တိုင် လက်ထပ် သင်ကြားပေးမယ်… နောက်ဆုံးလူ စာရင်းတစ်ရာထဲကို ဝင်တဲ့လူက ရှီဟွာတောင်ကို ဝင်ရောက် လေ့ကျင့်ခွင့်ရမယ်… ကျုပ်တို့ သုံးယောက်ကလည်း သူတို့ကို ရံဖန်ရံဖန် လမ်းညွှန် သင်ကြားပေးမယ်…”

မှန်သည်… ထိုစကားက တခြား တော်ဝင်မြေမှ တပည့်များ အတွက် မဟုတ်သည်ကို အားလုံးက နားလည်ကြသည်။ တခြား ပြည်နယ်တော်ဝင်မြေမှ တပည့်များက ရှီဟွာတောင်တွင် ဝင်ရောက် လေ့ကျင့်ကြမည် မဟုတ်သည်မှာ သေချာ၏။ သို့သော်လည်း သည်ညီလာခံတွင် အရှေ့ဘက် ပြည်နယ်မှ မရေမတွက်နိုင်သော လူများ ပါဝင်ကြရာ ထိုအထဲတွင် သေချာပေါက် ထူးချွန်သူများ ပါဝင်ပေမည်။

ရှီဟွာတောင် ရှန့်ထိုက ဆက်လက် ကြေညာသည်… “ပြည်နယ်ကိုးခု ညီလာခံရဲ့ စည်းကမ်းတွေက အရင်ညီလာခံတွေ အတိုင်းပဲ ဖြစ်လိမ့်မယ်… တစ်ခေါက်စီမှာ ပြည်နယ်တစ်ခုစီက လူတစ်ယောက်စီက ထွက်လာပြီးတော့ အချင်းချင်း တိုက်ခိုက်ကြမယ်… နောက်ဆုံး ကျန်တဲ့လူက နောက်တစ်ဆင့်ကို တက်မယ်… ဒီလိုပုံစံနဲ့ နောက်ဆုံးလူ တစ်ရာကျန်တဲ့အထိ ရွေးသွားမယ်… ဘယ်လိုလဲ…”

“ကောင်းပြီ…”

“ပြဿနာ မရှိဘူး…”

တခြား တော်ဝင်မြေမှ လူများအားလုံးက ခေါင်းညိတ်ကြသည်။ ယခင်ပြည်နယ်ကိုးခု ညီလာခံတွင်လည်း ဤသို့နည်းကိုသာ သုံးခဲ့ကြသည်။ အမှန်အားဖြင့် ယခင် ညီလာခံများတွင် လူရှစ်ယောက်၏ တိုက်ပွဲသာ ဖြစ်ခဲ့သည်။ ယခု မြေရိုင်းပြည်နယ်က ညီလာခံကို တက်ရောက်ခဲ့ရာ ကိုးယောက် စုံသွားပြီဖြစ်သည်။ သို့သော်လည်း မြေရိုင်းပြည်နယ်တွင် ပြိုင်ပွဲဝင် လူသုံးဆယ်ခန့်သာ ရှိရာ သူတို့က သိပ်ကြာကြာခံမည် မဟုတ်သည်မှာတော့ သေချာသည်။ အားလုံးက အစောပိုင်းတွင် ပြုတ်သွား လောက်ပေသည်။ အဆင့်၁၀၀ အတွင်းထဲတွင် ရန်မှာပင် မြေရိုင်းပြည်နယ် အတွက် အလွန်တရာ ခက်ခဲလွန်းလှပေမည်။ သေးငယ်သော အုပ်စုဖြစ်ရကား သူတို့က တခြား ပြည်နယ်ကိုးခုမှ ပါရမီရှင်များစွာဖြင့် ယှဉ်ပြိုင်ရရန် ရှိနေသည်။ တစ်ဖက်မှလည်း သူတို့က တခြားပြည်နယ်မှ ပါရမီရှင်များဖြင့် တိုက်ခိုက်ခြင်းက အတွေ့အကြုံ တစ်ခုဖြစ်ပေမည်။

ရှီဟွာတောင် ရှန့်ထိုက ခေါင်းညိတ်သည်… “ကောင်းပြီ… ပြည်နယ်ကိုးခု ညီလာခံက အရင်တုန်းက စည်းကမ်းအတိုင်းပဲ… ပြည်နယ်တိုင်းက ပြိုင်ပွဲဝင် တစ်ယောက်စီ စေလွှတ် တိုက်ခိုက်တဲ့အခါ နောက်ဆုံး ကျန်တဲ့တစ်ယောက်က နောက်တစ်ဆင့်ကို တက်မယ်… တခြား ရှစ်ယောက်က ပြုတ်မယ်… ဒါက လူတစ်ရာ မပြည့်မချင်း ဆက်သွားလိမ့်မယ်…”

အရှေ့ဘက်ပြည်နယ်ကား အရေအတွက် အများဆုံး ဖြစ်သည်။ ထို့ကြောင့် သူတို့က ပြိုင်ပွဲဝင် တစ်ယောက်အား တစ်ကြိမ်သာ တိုက်ခိုက်စေခြင်းဖြင့် ထိုလူ၏ နောက်တစ်ဆင့် တက်ခြင်း မတက်ခြင်းကို ဆုံးဖြတ် နိုင်ပေသည်။ ထိုအရာကပင် အိမ်ရှင်ပြည်နယ်၏ အားသာချက် ဖြစ်သည်။ သို့သော်လည်း မြေရိုင်းပြည်နယ်ကား လူအနည်းဆုံးဖြစ်ရာ သူတို့က အဆင့်တစ်ရာ အတွင်းဝင်ရန် တစ်ကျော့ပြီး တစ်ကျော့ တိုက်ခိုက် ရနိုင်ပေသည်။ ပြည်နယ်ကိုးခု ညီလာခံ၏ စိစစ် ရွေးချယ်ခြင်းကား အမြဲတမ်းအားဖြင့် မျှတပေသည်။ ယှဉ်ပြိုင်သူ အရေအတွက် နည်းခြင်းက မြေရိုင်းပြည်နယ်၏ အားနည်းချက်သာ ဖြစ်ပေ၏။

ပြည်နယ်ကိုးခုညီလာခံမှ လူများအားလုံးက စည်းကမ်းကို သဘောတူကြပေသည်။

“စကြရအောင်…” ရှန့်ထိုခေါင်းဆောင်က ပြောသည်။ အကြီးအကဲများက စင်မြင့်ထက်ကို လျှောက်သွားကြကာ တစ်ယောက်က ပြောသည်… “ပြည်နယ်ကိုးခု ညီလာခံမှာ ဘယ်သူကမှ ပြင်ပလက်နက် အကူအညီကိုယူပြီး မတိုက်ခိုက်ရဘူး… စည်းကမ်းချိုးဖောက်တဲ့ ဘယ်သူမဆို အပြစ်ပေးခံရမယ်… တစ်စုံတစ်ယောက်က တိုက်ခိုက်ဖို့ စွမ်းရည် ကုန်သွားရင်… ဒါမှမဟုတ် အရှုံးပေးခဲ့ရင် သူ့ကို ဘယ်သူမှ ဆက်ပြီး မတိုက်ခိုက် ရတော့ဘူး… တကယ်လို့ ပြိုင်ပွဲဝင်တွေက အသေအကြေ တိုက်ခိုက်မယ်ဆိုရင် ဒါက ပြိုင်ပွဲဝင်တွေရဲ့ တာဝန်သာ ဖြစ်တယ်… ပြည်နယ်ကိုးခုက ဒီကိစ္စအတွက် နောက်ပိုင်း ပြဿနာ လိုက်ရှာမဟုတ် မဟုတ်ဘူး…”

“ပြီးတော့ ဒီနှစ်ပြည်နယ်ကိုးခု ညီလာခံက အရှေ့ဘက် ပြည်နယ်မှာ ကျင်းပတာ ဖြစ်တဲ့အတွက် အိမ်ရှင်တွေက ပထမဆုံး ယှဉ်ပြိုင်မည့်လူကို ရွေးရမယ်… အစဉ်အတိုင်း လူရွေးချယ်မှုက အရှေ့ဘက်ပြည်နယ်၊ နွေဦးပြည်နယ်၊ ချီပြည်နယ်၊ တိမ်တိုက်ပြည်နယ်၊ စစ်ဘုရင်ပြည်နယ်၊ ဖုန်းပြည်နယ်၊ ပင်လယ်ပြည်နယ်၊ ယွီပြည်နယ်နဲ့ မြေရိုင်းပြည်နယ်တို့ပဲ…” အကြီးအကဲက ဆက်ပြောသည်… “အခု ပြိုင်ပွဲဝင်တွေကို ရွေးချယ် စေလွှတ်လို့ရပြီ…”

ယခု အားလုံး၏မျက်လုံးများက စင်မြင့်ပေါ်ကို ရောက်လာသည်။

ပြည်နယ်ကိုးခု ညီလာခံကား တရားဝင် စတင်လေပြီ။

ထိုနေရာ တစ်ခုလုံး၏ လေထုအခြေအနေကပင် ပြောင်းလဲသွားဟန် ရသည်။ ယခင်လို အေးဆေးသော အငွေ့အသက်မှသည် တင်းမာ ပြင်းထန်သော အငွေ့အသက်များသို့ ပြောင်းလဲသွား၏။ ပြညနယ်ကိုးခုမှ ပါရမီရှင်များက စုစည်း နေကြသည်တွင် မည်သူတို့က နောက်ဆုံးလူ တစ်ရာစာရင်းသို့ ပါဝင်မည်ကို သိလိုကြသည်။ မည်သူတို့က ထိပ်သီး ဆယ်နေရာစာရင်းအား ဝင်ရောက်မည်ကိုမူကား ပိုမို၍ပင် စိတ်ဝင်စား မိကြပေသည်။

နောက်ဆုံးတွင် မည်သူက ပြိုင်ပွဲအား အနိုင်ရမည်နည်း။

အားလုံးက ပြိုင်ပွဲကို စိတ်လှုပ်ရှားစွာ စောင့်မျှော် နေကြသည်။

ပြိုင်ပွဲဝင်စင်မြင့်ကား နေ့လယ်ခင်း နေအလင်းရောင်များ ဖျန်းပက်ထားသလို လေပြင်းများကလည်း တဟူးဟူး တိုက်ခတ်နေပေသည်။ ထိုစဉ်မှာပင် အရှေ့ဘက် ပြည်နယ်မှ လူတစ်ယောက် ထွက်လာသည်။ သူကား ရှီဟွာတောင်မှ တန်ခိုးရှင် တစ်ယောက်ဖြစ်သည်။ အိမ်ရှင်ဖြစ်သည့် အလျောက် သူက အရှေ့ဘက် ပြည်နယ်အတွက် ပထမဆုံး ရွေးချယ်ခံရသူလည်း ဖြစ်သည်။

“အဲဒါ စုချီပဲ…” အရှေ့ဘက်ပြည်နယ်မှ လူအတော်များများက သူ့ကို သိကြပေသည်။

ရှီဟွာတောင်မှ စုချီက ပထမ အကျော့တိုက်ပွဲကို ဝင်ရောက် တိုက်ခိုက်ပေမည်။

စုချီကား ရှီဟွာတောင်၏ အားထားရသော ပါရမီရှင်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့်ပင် သူ့အား ပထမ တိုက်ပွဲတွင်ပင် အနိုင်ရရန် မျှော်လင့်ချက်ဖြင့် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

နောက်တစ်လှည့်ကား နွေဦးပြည်နယ် ဖြစ်သည်။

“ရှားကလန်က တစ်ယောက်ပဲ…” လူငယ်တစ်ယောက်က စင်မြင့်ထက်ကို တက်လာသည်တွင် အတော်များများက အံ့အားသင့် ကြရသည်။ ကြည့်ရသည်မှာ နွေဦးပြည်နယ်ကလည်း ပထမဆုံး တိုက်ပွဲကို အနိုင်ယူလိုဟန် ရသည်။

ချီပြည်နယ်၊ တိမ်တိုက်ပြည်နယ်၊ စစ်ဘုရင်ပြည်နယ်နှင့် တခြား ပြည်နယ်များကလည်း တစ်ယောက်စီ ထွက်လာကြသည်။ ပြိုင်ပွဲဝင်များ အားလုံးက အားကောင်းကြပေရာ ပရိသတ်များက စိတ်လှုပ်ရှား ကြရသည်။

ချီပြည်နယ်မှ ထွက်လာသူကား ချီကလန်မှ တစ်ယောက်ဖြစ်သည်။ ချီကလန်ကား သမိုင်းအစဉ်အဆက် ကြီးမားသော ကလန်တစ်ခုဖြစ်ကာ ချီပြည်နယ်အား ယခင်က အုပ်စိုးခဲ့ဖူးသော ပြည်ထောင်ဟောင်း တစ်ခုလည်း ဖြစ်ကာ တစ်လောကလုံးကို နာမည်ကျော်ကြားသော ကျိရှား တော်ဝင်နန်းတော်ကို စတင် တည်ထောင်သည့် အင်အားစုလည်း ဖြစ်သည်။ ယခု ချီကလန်နှင့် ကျိရှားတော်ဝင် နန်းတော်တို့ နှစ်ခုလုံးက ချီပြည်နယ်၏ တော်ဝင်မြေများ ဖြစ်ကြကာ အလွန် အားကောင်းသော သမိုင်း အစဉ်အလာနှင့် အင်အားများကို ပိုင်ဆိုင်ကြသည်။

ပြည်နယ်ရှစ်ခုလုံးမှ စေလွှတ်သူများ အားလုံးက ထူးခြား ထက်မြက်ကြသ်။ ကြည့်ရသည်မှာ ပထမဆုံး တိုက်ပွဲကား ဂုဏ်သိက္ခာပိုင်း ဆိုင်ရာ အရေးကြီးသော ပွဲလည်းဖြစ်ရာ မည်သူကမှ မျက်နှာငယ်လိုကြဟန် မတူပေ။

ဤအရာကပင် ပြည်နယ်ကိုးခု ညီလာခံဖြစ်ရာ အားလုံး၏ သွေးများက ဆူပွက်လာသလို ခံစားကြရသည်။

“မြေရိုင်းပြည်နယ်က ဘယ်သူ တိုက်ခိုက်မှာလဲ…” မျက်လုံးများစွာက မြေရိုင်းပြည်နယ်မှ ပြိုင်ပွဲဝင်များဘက်ကို ရောက်သွားကြသည်။ ထိုစဉ်မှာပင် မြေရိုင်းပြည်နယ် အုပ်စုမှ လူတစ်ယောက် ထွက်လာသည်။

သူ့အား လူအတော်များများက သတိထားမိကြပြီးဖြစ်ရာ တစ်နည်းနည်းဖြင့် အံ့အားသင့်ကြရသည်။ ထိုလူငယ်ကား ရှီဟွာတောင်ရှန့်ထိုကို မေးခွန်းထုတ်ခဲ့သော သန်မာသော လူငယ်လေး ဖြစ်သည်။

အတော်များများက စိတ်ဝင်စား သွားကြသည်။ ထိုလူငယ် မည်မျှ အားကောင်းသည်ကို သူတို့အားလုံး စိတ်ဝင်စား မိကြသည်။ သူကား ပထမတိုက်ပွဲတွင်ပင် ပြုတ်သွားပါက မြေရိုင်းပြည်နယ် အတွက် အရှက်ရဖွယ်ရာပင်။

မြေရိုင်းပြည်နယ်မှ ပထမဆုံး စေလွှတ်လိုက်သူကား ယူချင်းဖြစ်၏။

***

All Chapters