← Chapters

ပထမတိုက်ပွဲနှင့် လက်ဝါးတစ်ချက်၏အရှိန်အဝါ

Vol. 008 Ch. 758

ပထမတိုက်ပွဲနှင့် လက်ဝါးတစ်ချက်၏အရှိန်အဝါ

Vol. 008 Ch. 758

ပြည်နယ်ကိုးခုမှ တိုက်ခိုက်ရေး သမား ကိုးယောက် စင်မြင့်ထက်တွင် ရပ်နေကြသည်။ မရေမတွက်နိုင်သော လူများကလည်း သူတို့အားလုံးကို ကြည့်နေကြ၏။

ပထမပွဲကား ပြည်နယ်ကိုးခု၏ အဖွင့်ပွဲလည်းဖြစ်ရာ အလွန်အရေးကြီးသော တိုက်ပွဲဖြစ်သည်။ သည်လူ ကိုးယောက်လုံးက လောက ခေါင်းလောင်းအား တီးခတ်မည်ဟည်း စေသူများလည်း ဖြစ်ကြသည်။ သူတို့အားလုံးက ထိပ်သီး နိုဘယ်အဆင့်တွင် ဖြစ်ကာ ရင့်ကျက်သော လောကဓာတ်များအား ပိုင်ဆိုင်ကြ၏။

“အရှေ့ဘက်ပြည်နယ်က စုချီ… အားလုံးကို တွေ့ရတာ ဝမ်းသာပါတယ်…” ရှီဟွာတောင်စုချီက ပြောသည်။

“နွေဦးပြည်နယ်… ရှားကလန်က ရှားလီ…”

“ချီပြည်နယ်… ချီကလန်က ချီအော့…”

“တိမ်တိုက်ပြည်နယ်… လီနန်းတော်က စုဟီ…”

“စစ်ဘုရင်ပြည်နယ်… ဆယ်မျက်နှာ ဘုရားကျောင်းက မိုကုန်း…”

“ဖုန်းပြည်နယ်… ဖုန်းထူအိမ်တော်က ရန်ကျန်း…”

“ပင်လယ်ပြည်နယ်… နတ်ဘုရင်ကမ်းပါးက လန်ယွီ…”

“ယွီပြည်နယ်… ကျိရှမ်းကမ်းပါးက ကျန်းယို…”

“မြေရိုင်းပြည်နယ်… တော်ဝင်ကျဲနန်းတော်က ယူချင်း…”

အားလုံးက မိမိတို့၏သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် ပြည်နယ်များကို မိတ်ဆက် လိုက်ကြသည်။

ရီဖူရှင်းက စင်မြင့်ထက်ကို ကြည့်သည်။ သူကား ပြည်နယ်ကိုးခုလုံးမှ သတင်း အချက်အလက် များအား ကနဦးကပင် ရှာဖွေ စုဆောင်းထားပြီး ဖြစ်ရာ ထိုအထဲတွင် ထိပ်သီး ပါရမီရှင်များလည်း ပါဝင်ကြပေသည်။ ယခု သူသိသော ပါရမီရှင်များ အားလုံးက စင်မြင့်ထက်ကို ရောက်နေကြသည်။ ယူချင်းက အလွန် အားကောင်းသော်လည်း အနည်းနှင့်အများ သူလည်း ဖိအား ဝင်နိုင်ပေသည်။

“ကျိရှမ်းကမ်းပါး… ကျန်းယို…” ရီဖူရှင်းက ထိုလူငယ်အား ကြည့်သည်။ ထိုလူငယ်၏ ရုပ်ရည်က ကျန်းရှာနှင့် အလွန်ဆင်နေသည်။ ထိုအခိုက်တွင် ကျန်းယိုကလည်း ရီဖူရှင်းကို အေးစက်သော မျက်လုံးများဖြင့် ကြည့်သည်။ သူ၏အစ်ကိုကြီးဖြစ်သူ ကျန်းရှာကား မြေရိုင်းပြည်နယ်တွင် အသတ်ခံခဲ့ရသည်။ ထိုအရာက ကျိရှမ်းကမ်းပါးပင် ဘာမှ မတတ်နိုင်သော ရန်ငြိုးတစ်ခု ဖြစ်သည်။ ယခု သူက ပြည်နယ်ကိုးခု စင်မြင့်ထက်တွင် ယူချင်းအား သတ်ရန် စိတ်ပိုင်းဖြတ် ထားသည်။

ထိုအရာက ပြည်နယ်ကိုးခု ညီလာခံတွင် တားမြစ်ထားသော အရာတစ်ခုတော့ မဟုတ်ပေ။ ပြိုင်ပွဲဝင်တစ်ယောက်က အရှုံးပေးကြောင်း ဝန်မခံသရွေ့ သတ်ဖြတ်ပိုင်ခွင့် ရှိနေသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်အား စင်မြင့်ထက်တွင် သတ်မည်ဆိုပါက ထိုလူအား အရှုံးပေးကြောင့် အော်ဟစ်ရန် အချိန်ပေး၍ မရပေ။ သူက မြန်မြန်ဆန်ဆန် အဆုံးသတ်ရန် လိုကာ ထိုသို့လုပ်ရန်ကလည်း အလွန်အမင်း သာလွန်သော စွမ်းအားများ ရှိရန်လိုပေသည်။

ကျန်းယို၏ လူသတ်လိုသော အငွေ့အသက်ကို ယူချင်းက ခံစားမိသည်။ ယူချင်းက ထိုက်ဟန်တောင်တွင် ကျန်းရှာနှင့် တိုက်ခိုက်ဖူးရာ သူ့ရှေ့မှ ကျန်းရှာ၏ညီ ကျန်းယိုကို ကောင်းကောင်း မှတ်မိပေသည်။

ကျိရှမ်း ကမ်းပါးတည်ရှိကာ အထူးဧည့်သည်တော် နေရာ၌ ခွန်ယိုကလည်း အေးစက်စွာဖြင့် ပြောသည်… “ဒီတိုက်ပွဲမှာ ကျန်းယိုက သူ့အစ်ကိုအတွက် အတိုး ယူပေးလိမ့်မယ်…”

“ကျန်းယိုရဲ့ ပါရမီက သူ့အစ်ကိုထက် မနိမ့်ဘူး… သူက ဒီတိုက်ပွဲမှာ နောက်ဆုံးကျန်တဲ့သူ ဖြစ်မယ်လို့ ယုံတယ်…” ခွန်ယို၏ဘေးမှ ချင်ကျောင်းကလည်း ပြောသည်။

စစ်မြင်၏ထောင့်ကိုးခုမှ ကွဲပြားခြားနားသော လောကဓာတ်များ ဖြာထွက်လာသည်။ အားကောင်းသော စွမ်းအားများက ရိုက်ခတ်လာသည်တွင် လေပြင်းများက ဟိုမှသည်သို့ ပြေးလွှားကြ၏။ သို့သော်လည်း လူကိုးယောက်က တုတ်တုတ်မျှ မလှုပ်ကြသေးပေ။

ထိုအခိုက်တွင် စုချီက ခေါင်းအနည်းငယ် မော့ကာ ယူချင်းကို ကြည့်လျက်ပြောသည်… “မင်းက ပြည်နယ်ကိုးခု ညီလာခံက နုတ်ထွက်မယ်လို့ ပြောခဲ့တယ်… အခု မင်းက စင်မြင့်ထက်ကို တက်လာမှတော့ ငါက မင်းဆန္ဒကို ပြည့်မီအောင် လုပ်ပေးမယ်… မင်းက ဒီစင်မြင့်ထက်က ပထမဆုံး ထွက်သွားတဲ့လူ ဖြစ်ရလိမ့်မယ်…”

ပြည်နယ်ကိုးခု ညီလာခံကား သည်နှစ်တွင် ရှီဟွာတောင်မှ လက်ခံကျင်းပခြင်း ဖြစ်သည်။ အိမ်ရှင် ဖြစ်သည့်အလျောက် သူတို့က ကောင်းမွန်သော အမြင်နှင့် သမာသမတ်ကျသော စီမံမှုများအား လုပ်ဆောင်ရသည်။ သို့သော်လည်း လူငယ်မျိုးဆက် တစ်ယောက်က သူတို့၏စီမံခန့်ခွဲမှုအား ဝေဖန်ကာ အများအမြင်တွင် သံသယများ ပွားများစေခြင်းက ရှီဟွာတောင် တပည့်တစ်ယောက် အတွက် သဘောမကျစရာ ဖြစ်နေသည်။ ထို့ကြောင့် စင်မြင့်ထက်တွင် ထိုမေးခွန်းထုတ်သူနှင့် ရင်ဆိုင်ရသောအခါ သူကလည်း ပညာပေးရန် နောက်တွန့် နေမည် မဟုတ်ပေ။

“သူ့ကို ငါတိုက်ခိုက်မယ်…” အေးစက်သော အသံတစ်သံကို ကြားကြရသည်။ သူကား ကျန်းယိုဖြစ်သည်။ သူ၏မျက်လုံးများက ဓားသွားအလား ယူချင်းကို ကြည့်နေ၏။

“သူက ပထမဦးဆုံး ထွက်သွားရရင် ဒါကို ဘယ်သူလုပ်လုပ် ပြဿနာ မဟုတ်ဘူး…” စုချီက ပြောသည်။

အရောင်တစ်ချက် လင်းသွားကာ ဓားတစ်လက် ပေါ်လာသည်။ ထိုဓားကား ကျန်းယို၏ သက်စောင့်ဝိညာဉ်မှ ဖြစ်တည်လာခြင်း ဖြစ်ကာ ယခု သူ၏လက်ထဲကို ရောက်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော ဓားအလင်းများက လေဟာနယ်ကို ခွင်းကာ ယူချင်းထံသို့ တိုးဝင်လာသည်။

ကျန်းယိုက သူ၏ဓားကို နောက်တွင် ကပ်ကာ ယူချင်းထံသို့ တစ်လှမ်းပြီး တစ်လှမ်း လျှောက်လာသည်။ လေထဲတွင် ဓားအလင်းများ တဖျတ်ဖျတ် လက်နေပြီး အားကောင်းသော လောကဓာတ်က လေဟာနယ်ကို ဖြတ်တောက်ကာ ယူချင်းထံကို ဖိအား ပေးလာသည်။

“နှစ်လွှာထပ် လောကဓာတ်…” အားလုံးက ကျန်းယိုကို ကြည့်ကြသည်။ သူကား ကျိရှမ်းကမ်းပါး၏ ထက်မြက်သော ပါရမီရှင်တစ်ယောက် ဖြစ်ပေသည်။ သူ၏ မျက်လုံးများကလည်း စူးရှနေသည်။ ကျန်းယို၏ လေဟာနယ်ခွင်း ဓားသိုင်းက အလွန် အားကောင်းသည်ကို သူသိသည်။

ကျန်းယိုက ယူချင်းထံသို့ တစ်လှမ်းပြီး တစ်လှမ်း လျှောက်လာသည်တွင် သူ၏နောက်ကျောတွင် ကပ်ထားသော ဓားကလည်း တဖြည်းဖြည်း ပိုမိုအားကောင်း လာနေသည်။ ဓားအလင်းများက လေဟာနယ်ကို တစ်စတစ်စ ပြတ်တောက်စေအောင်ပင် လင်းလက်နေကြကာ တစ်လောကလုံးက ဓားများဖြင့် ဖုံးအုပ်ထားသလား ထင်မှတ်ရလာ၏။

“သူက တကယ်ပဲ အဲဒီမှာ ရပ်နေတော့မှာလား…” လူအများအပြားက လောကဓာတ် နှစ်လွှာဖြင့် ဖုံးအုပ်ထားခြင်း ခံရသော ယူချင်းအား ကြည့်ကြသည်။ သို့သော် သူကား ထိုနေရာတွင်ပင် ရပ်နေဆဲ။ သူက သေမင်းနဲ့ သွားတွေ့ လိုနေသည်များလား။

ကျန်းယို၏ ခြေလှမ်းများက တည်ငြိမ် အေးဆေးသည်။ သူက ဖြည်းဖြည်းချင်း လှမ်းလာသည်တွင် ဓားမှ စွမ်းအားများကလည်း ပိုမို အားကောင်း လာနေသည်။ အကယ်၍​ ယူချင်းက ထိုမျှ သေလိုနေပါက သူကလည်း ဆန္ဒကို ဖြည့်ဆည်း ပေးရပေမည်။

ယူချင်း၏ ခန္ဓာကိုယ်ပေါ်ကို မြေဆွဲအားဓာတ်က ဆင်းသက် လာနေသည်။ ကျန်းယိုကား လှုပ်ရှားလျှင် သူက ဓားနှင့် ပေါင်းစပ်သွားသလို ခံစားကြရသည်။ သူက လေထဲကို ခုန်တက်သွားကာ ဓားဖြင့် ယူချင်းကို ခုတ်ချလိုက်သည်။ သူ၏ဓားမှ ထူးခြားသော လှုပ်ရှားဟန်များကို မတွေ့ရပေ။ လေဟာနယ်ခွင်းဓားက လေထုကို ဖြတ်တောက်လျှင် ယူချင်းထံကို တည့်တည့် ဝင်လာသည်။

ဓားက လေထုကို ခွင်းလျက် တစ်ဖက်လူထံကို မြန်ဆန်စွာ တိုးဝင်သွားသည်။ ထိုအခိုက်တွင် ဧရာမဓားပုံရိပ် တစ်ခုကလည်း ကောင်းကင်မှ ဆင်းသက်လာကာ ယူချင်းထံကို ကြီးမားသော အရှိန်အဝါဖြင့် ကျဆင်းလာသည်။ ဓားဖြတ်သန်းရာ တစ်လျှောက်လုံးက နှစ်ပိုင်း ပြတ်တောက် သွားသည်။

“သူက ရူးနေတာလား…” လူအများအပြားက ယူချင်းအား ကြည့်ကာ ရေရွတ်မိကြသည်။ ယူချင်းကား မလှုပ်မယှက် ရပ်နေဆဲ။

လေဟာနယ်ခွင်းဓားကား မြန်ဆန်လွန်းရကား သူတို့က ဓားအရိပ်ကိုမျှသာ ဖမ်းမိနိုင်ကြသည်။ သူတို့၏မျက်လုံးထဲတွင် ယူချင်း၏ သွေးခြင်းခြင်းနီနေသော မြင်ကွင်းအား မြင်ယောင်မိ နေကြပြီဖြစ်သည်။ သို့သော်လည်း ထိုအခိုက်တွင် ယူချင်း၏ ခန္ဓာကိုယ်ထံမှ ကြောက်မက်ဖွယ် လောကဓာတ်များ စိမ့်ထွက်လာသည်။ သူက လက်ကို မြှောက်ကာ ဓားအား ပင့်ခံလိုက်သည်။

ကျန်းယို၏ ဓားကလည်း လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာဖြင့် ယူချင်း၏လက်ကို ဖြတ်တောက်ရန် ဆင်းသက်လာသည်။

သို့သော်လည်း တစ်စုံတစ်ခု ပြတ်တောက်သွားသည့် အသံအစား သတ္တုချင်း ထိရိုက်သံ တစ်ခုကိုသာ ကြားကြရသည်။ သွေးခြင်းခြင်း နီသွားရမည့်အစား သူကား ဓားကို တားဆီးထားသော အလွန်အမင်း အားကောင်းသော အရှိန်အဝါအား ခံစားလိုက်ရသည်။ သူက ခေါင်းငုံ့ကာ ကြည့်သည်တွင် ဓားအား ယူချင်း၏ လက်မောင်းဖြင့် တားဆီးထားသည်ကို တွေ့ရကာ အေးစက်သော ဓားက ယူချင်း၏လက်ကို ဖြတ်တောက်နိုင်စွမ်းငှာ မတတ်နိုင်သည်ကို အံ့အားသင့်ဖွယ် မြင်ရ၏။

ကျန်းယို၏ဓားကား ထိုနေရာတွင်ပင် ရပ်တန့်နေသည်။

လူအများအပြားက ထိုမြင်ကွင်းကို ကြည့်ကာ မှင်တက်နေကြသည်။ လေဟာနယ်ခွင်း ဓားအား သည်အတိုင်းလက်ဖြင့် ပင့်ခံသည်လား။

ခွပ်..

ခွန်ယို၏လက်က တင်းကျပ်သွားကာ သူ၏မျက်နှာ အမူအရာကလည်း ပြောင်းလဲ သွားသည်။ ထိုမြင်ကွင်းက ဘာကို ဆိုလိုသည်ကို သူနားလည်သည်။ ကျိရှမ်းကမ်းပါး၏ ပါရမီရှင်ကား ယူချင်း၏ခံစစ်ကို မကျော်ဖြတ်နိုင်ပေ။ နောက်ထပ် တိုက်ပွဲတွင် သူကား မျှော်လင့်ချက် မဲ့လေပြီ။

ထိုအရာက ဘာကို ဆိုလိုသည်ကို ကျန်းယိုကလည်း နားလည်သည်။ ထိုအခိုက်တွင် သူ့တွင်ရှိသော ဂုဏ်သိက္ခာနှင့် မာနတရားတို့ အားလုံးက အစိတ်အစိတ် အမြွှာမြွှာ ကွဲအက်သွားတော့သည်။ သူက ရှေ့မှ မြင်ကွင်းကို ကြည့်ကာ မျက်လုံးတွင် မယုံကြည်နိုင်ခြင်း များဖြင့် ပြည့်နှက်လာသည်။ သူကား တစ်ခါမှ ဤသို့ မကြုံဖူးပေ။ နိုဘယ် တန်ခိုးရှင်များကို ထား၍ ရှီတန်ခိုးရှင်များပင် သူဓားကို ဤသို့ ခုခံကြမည် မဟုတ်ပေ။

သို့သော် ယူချင်းက ပြုလုပ်ခဲ့သည်။

ကျန်းယိုကား လေထဲတွင်ပင် ဓားခုတ်ဟန်အတိုင်း ရပ်တန့်ကာ မှင်တက်နေဆဲ ဖြစ်သည်။ သို့သော် ပြန်သတိ ဝင်လာသည်နှင့် နောက်ကို မြန်ဆန်စွာ ဆုတ်ရန် ကြိုးစားသည်။ သို့သော်လည်း ထိုအခိုက်တွင်ပင် သူ့လက်မောင်းကို တစ်စံတစ်ခုက ဆွဲယူသွားကာ မလှုပ်မယှက် နိုင်သော ခံစားချက်ကို ရလိုက်သည်။ သူကား နောက်မဆုတ် နိုင်တော့။

ယူချင်း၏ ညာဘက်လက်က  လှုပ်ရှားသွားသ်။ သူက လက်ကို မြှောက်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

လေထုခွင်းသံ တစ်ချက်နှင့်အတူ နက်ရွှေရောင် အလင်းများ ဖြာထွက်နေသော လက်ဝါးက ကျန်းယို၏ ရင်ဘတ်ကို ကျဆင်းလာသည်။

ထိုမြင်ကွင်းကို ကြည့်ကာ အာလုံး၏စိတ်ကလည်း တုန်ခါ သွားကြသည်။

ဘုန်း…

အရိုး ကျိုးအက်သံများကို ကြည်လင် ပြတ်သားစွာ ကြားလိုက်ကြရကာ ကျန်းယို၏ ခန္ဓာကိုယ်ထဲမှ ကလီစာများကလည်း ကြေပျက်သွားဟန် ရသည်။ သူ၏ခန္ဓာကိုယ်က ကွေးကောက် သွားကာ အဝေးကို လွင့်စဉ်သွားပြီး မြေပြင်ပေါ်ကို ပြင်းထန်စွာ ကျသည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။ လူအမျာအပြားက ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသော ကျန်းယိုအား ကြည့်ကြသည်။ သူ၏ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျနေသည်။ သူကား ပက်လက် လဲလျောင်းရင်းဖြင့်ပင် အသက်မဲ့သော မျက်လုံးများဖြင့် ကောင်းကင်ကို ငေးကြည့်နေသည်။ သူ၏ခန္ဓာကိုယ် အတွင်း ကလီစာများအားလုံး ကြေပျက် သွားသည်ကို သံသယ ရှိစရာမလိုအောင် သူ သိနားလည်သည်။ သူက အသက်ရှင်လျှင်ပင် တန်ခိုး ဆက်လက် ကျင့်ကြံနိုင်တော့မည် မဟုတ်ဘဲ မသန်စွမ်းဘဝကို ရောက်သွားတော့မည် ဖြစ်သည်။ သူ၏မျှော်လင့်ချက်များ အားလုံးက ထိုအခိုက်တွင် အားလုံး ကြေပျက် သွားတော့သည်။ သူကား ကျိရှမ်းကမ်းပါး၏ အားထားရသော တန်ခိုးရှင် တစ်ယောက်ဖြစ်ရန် အလွန်အမင်း ကြိုးစားခဲ့ရသော်လည်း ထိုအရာများ အားလုံး ပျက်စီးရန် စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့သည်။ သည်တိုက်ပွဲက အဘယ်ကြောင့် ဤသို့ ဖြစ်လာခဲ့သနည်း။

လက်ဝါးတစ်ချက်က အရာအားလုံးကို ဆုံးဖြတ်ခဲ့သည်။

ထိုလက်ဝါးက ကျန်းယို၏ ခန္ဓာကိုယ်ကိုသာ ရိုက်ခဲ့သည် မဟုတ်ဘဲ​ကျိရှမ်းကမ်းပါး၏ မျက်နှာကိုလည်း ရိုက်နှက်ခဲ့သည်။ ခွန်ယိုနှင့် ချင်ကျောင်းတို့၏ မျက်နှာများက ပျက်ယွင်း သွားကြသည်။ ရီဖူရှင်း တစ်ယောက်သာ ကြောက်မက်ဖွယ်ရာ ကောင်းသည် မဟုတ်ဘဲ​ ယခင်က မည်သူမှ သတိမထားမိသော ယူချင်းကလည်း အံ့အားသင့်ဖွယ် ကောင်းအောင် ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။

ယူချင်းက ကျန်းယိုအား မကြည့်ပေ။ သူက သေချာပေါက် ကျန်းယို၏ လူသတ်လိုသော အငွေ့အသက်များအား ခံစားမိသည်သာ။ ထို့ကြောင့်ပင် ထိုက်ဟန်တောင်မှ သွေးချောင်းစီး အသတ်ခံရသော မြင်ကွင်းက သူ့အား တစ်ဖက်လူကို သက်ညှာစေမည့် စိတ်များကို ပျောက်ပျက်စေခဲ့သည်။ များစွာသော ရွှေလူဝံများက သူတို့အား ကာကွယ်ရန် အသတ်ခံခဲ့ရသည်။ သူနှင့် ရီဖူရှင်းတို့ပင် ထိုတိုက်ပွဲ၌​ သေမလိုဖြစ်ခဲ့ရ၏။ ယခု သည်ရိုက်ချက်တွင် ညှာတာ ထောက်ထားစရာ မလိုဟု သူယူဆသည်။

ဒုန်း… ခြေသံတစ်သံနှင့်အတူ များစွာသော မျက်လုံးတို့က ယူချင်းထံကို ရောက်လာသည်။ သူကား နောက်ခြေလှမ်း တစ်လှမ်းဖြင့် ရှေ့ကို တက်လာသည်။ သူလျှောက်သွာရာ နေရာကား အရှေ့ဘက်ပြည်နယ် ရှီဟွာတောင်မှ စုချီရှိရာကို ဖြစ်သည်။

စုချီက ယူချင်းအား ပြိုင်ပွဲမှ ဦးဆုံး ပြုတ်သွားသောသူ ဖြစ်စေရမည်ဟု ထုတ်ဖော် ကြွေးကြော်ခဲ့၏။

***

All Chapters