← Chapters

ရေအောက်ထဲကလှောင်အိမ်

Vol. 69 Ch. 4.547

ရေအောက်ထဲကလှောင်အိမ်

Vol. 69 Ch. 4.547

လုရွှမ်သည် ဟွေယင်း၏ နဖူးကို လက်ညှိုးနဲ့ ထိပေးလိုက်ရာ အစိမ်းရောင် စွမ်းအင်များ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။ ဟွေယင်းမှာ ညည်းတွားရင်း။

"ကျွန်မကို လွှတ်လိုက်ပါတော့... ကျွန်မက အစကတည်းက သေသင့်တဲ့လူ!"

"စိတ်မပူပါနဲ့ ငါက ငါ့သူငယ်ချင်းတွေကို မစွန့်ပစ်တတ်ဘူး"

ဟွေယင်းကို ကျောက်စိမ်းပြားထဲ ထည့်လိုက်ခြင်းက အကောင်းဆုံးဖြစ်မယ်လို့ သူထင်ခဲ့သော်လည်း အကြောင်း တစ်ခုခုကြောင့် ဝင်ရောက်လာတဲ့ နေရာက နက်ရှိုင်းလာတာနဲ့အမျှ ကြောက်ရွံ့မှု ပိုပြင်းထန်လာသည်။ ဒါကြောင့် လုရွှမ်သည် သူ့နောက်ဆုံး ဝှက်ဖဲကို ထုတ်ဖော်ပြသရန် မလိုလားတော့ချေ။

သူတကယ် လုပ်လိုက်ရင် ကြောက်စရာကောင်းတဲ့ တည်ရှိမှုမျိုးဆီကို ဦးတည်သွားနိုင်တယ်လို့ ခံစားနေရ၏။

အခု လုရွှမ်က သူနဲ့ ဟွမ်ရှန်ကြားမှာ ဘယ်သူအရင် အရှုံးပေးရမလဲ ဆိုတာ လောင်းကြေးထပ်နေရပြီ။

လုရွှမ်သည် နောက်မှလိုက်နေဆဲဖြစ်သော ဟွမ်ရှန်ကို ပြန်ကြည့်လိုက်တော့ သူ့မျက်နှာမှာလည်း အနည်းငယ် စိမ်းဖန်​နေသည်။ လုရွှမ်သည် မတတ်သာဘဲ သက်ပြင်းတစ်ချက် ချလိုက်ရသည်။ သူ့မျက်နှာသည် ယခု အစိမ်းရောင် ပြောင်းနေပြီဖြစ်ကာ ခန္ဓာကိုယ်အတွင်းကို အဆိပ်ငွေ့များ ဝင်ရောက်လာမှုရဲ့ လက္ခဏာတစ်ခုဖြစ်​ကြောင်း သူသိသည်။

ဟွေယင်းနဲ့ ဟွမ်ရှန်တို့ထက်စာရင် သူ့ရဲ့အနေအထားက ပိုပေါ့ပါး​လေသည်။

ယခုအချိန်၌ ဟွေယင်းနဲ့ ဟွမ်ရှန်တို့၏ အသွင်အပြင်ကို နှိုင်းယှဉ်ကြည့်လျှင် သူ့ခန့်မှန်းချက်သည် မှန်ကန်ကြောင်း ပေါ်လွင်လာပါသည်။ ကျင့်ကြံမှု အဆင့်မြင့်မားလေ အစိမ်းရောင် အငွေ့များ ခန္ဓာကိုယ်ထဲသို့ မြန်မြန်ဆန်ဆန် ဝင်ရောက်လာလေလေပဲ ဖြစ်သည်။

ယခုအခါ နတ်သမီးဟွေယင်း၏ မျက်နှာသည် အစိမ်းရောင် စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ဟွမ်ရှန်၏မျက်နှာ တစ်ခုလုံးသည်လည်း စိမ်းပုပ်ကာ အလွန်ကြောက်စရာ ကောင်းသော နတ်ဆိုးတစ်ကောင်လို ဖြစ်နေသည်။

နှစ်ယောက်သား လိုက်သူကလိုက် ပြေးသူကပြေးဖြင့် ပင်လယ်အလယ်ရဲ့ အနက်ပိုင်းသို့ ရောက်သွားကြ၏။

အောက်ခြေက ပင်လယ်ရေ​ပြင်သည် ပွက်ပွက်ဆူနေသော ရေကဲ့သို့ ပူဖောင်းများသည် ပြင်းထန်စွာ လှိုင်းထန်နေပြီး အစိမ်းရောင် အငွေ့များသည်လည်း စမ်းရေတွင်းထဲက ရေ​ငွေ့များကဲ့သို့ ထွက်လာသည်။ ကောင်းကင်ယံမှာတော့ အစိမ်းရောင် တိမ်တိုက်တွေက လှုပ်လှုပ်ရွရွနဲ့ နေရာယူထားကာ ထူးဆန်းတဲ့ အသံတွေ ရံဖန်ရံခါ ထုတ်လွှတ်နေတာကြောင့် အသက်ဝင်နေသလိုပင်။

ပျံသန်းနိုင်တဲ့ လေထုက ပိုကျဉ်းလာသထက် ကျဉ်းလာကာ အပူချိန်ကလည်း နိမ့်ဆင်းလာသည်။ အစိမ်းရောင် အငွေ့များသည် လေထဲတွင် လွင့်မျောနေသော ပိုးကောင်တစ်ကောင်ကဲ့သို့ ထူထဲစွာ လွင့်မျောနေပြီး အလွန်ရွံရှာဖွယ်ကောင်းလှသည်။

အကယ်၍ တစ်စုံတစ်ယောက်သာ ၎င်းကို လေအထင်နှင့် မတော်တဆ မျိုချမိပါက အစာစားချင်စိတ်ကို ဘယ်လောက်တောင် ဆိုးရွားသွားစေလိုက်မလဲ မပြောနိုင်တော့ပေ။

အောက်ခြေက ပင်လယ်ရေသည် စိမ်းစိုလာပြီး လုံးဝ စိမ်းလန်း​နေသော သမုဒ္ဒရာတစ်စင်း ဖြစ်လာသည်။ ၎င်းသည် ရွံစရာကောင်းသော အနံ့ကို ပျံ့နှံ့စေပြီး လူ့စိတ်နှလုံးကို ကြောက်ရွံ့ထိတ်လန့်စေကာ အထဲသို့ ဝင်​ရောက်သွားပါက အလွန်ဆိုးရွားသော အရာများ ဖြစ်လာမည်မှာ သေချာလေသည်။

ဟွမ်ရှန်က လိုက်လာနေသေးတာကြောင့် လုရွှမ် တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။

ဒီလူက လုံးဝကို ရူးနေပြီ!

"ရွှေကျီးကန်း! ကျွန်​တော်တို့ ဘာလုပ်သင့်လဲ?"

ရွှေကျီးကန်းက အလွန်ယုံကြည် စိတ်ချရသည်။ သူ့ရဲ့ ဗဟုသုတ ပမာဏက တစ်ခါတစ်ရံ သူမှားနေလျှင်ပင် သူသည် လုရွှမ်အတွက် လမ်းညွှန်ချက်တစ်ခုသို့ ညွှန်ပြပေးသလို မဟုတ်ရင်လည်း အနည်းဆုံးတော့ သူ့ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကိုလည်း ညွှန်ပြ​ပေးနိုင်​လောက်သည်။

"ယင်စွမ်းအင်ကိုးစင်း! ယင်စွမ်းအင်ကိုးစင်းကို သုံးကြည့်! ထိန်းမရရင်တော့လည်း ငါလည်း ကြောက်တယ်"

ရွှေကျီးကန်းသည် ကျောက်စိမ်းပြားထဲကပင် အပြင်ဘက်က ထိတ်လန့်မှုကို ခံစားရသည်။ ဤနေရာတွင် သမုဒ္ဒရာမရှိပေ။ ၎င်းသည် နတ်ဆိုးတစ်ကောင်ရဲ့ ဝမ်းဗိုက်ကြီးဆိုတာ ထင်ရှားနေပြီ။ ယခုအခါ ထိုဝမ်းဗိုက်ရဲ့ အထူဆုံးဖြစ်သည့် အလယ်ဗဟိုသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

လူသတ်ချင်နေသည့် ရည်ရွယ်ချက်မှာ နေရာတိုင်းတွင် အကန့်အသတ် မရှိ ပျံ့နှံ့နေသည်။

မူလက ယွမ်ယန်စွမ်းအင်ဟာ အချိန်မီ ဖြေရှင်းနိုင်သော်လည်း လုရွှမ်ရဲ့ လက်ရှိ ယွမ်ယန်ကျင့်စဥ် အဆင့်မှာ အလွန်နိမ့်နေသေးသည်။ ၎င်းကို ဤနေရာတွင် အစပျိုးလိုက်လျှင်ဖြင့် ချက်ချင်း ပေါက်ကွဲသွားဖို့က ဖြစ်နိုင်ချေများသည်။

သူ့အစွမ်းနဲ့သူလည်း လုံးဝကာကွယ်ထားလို့ မရပေ။

ထူးဆန်းသော မီး​တောက်ရဲ့ နိယာမလည်း အတူတူပင်။ မကောင်းမှုသည် ကောင်းမှုကို မအနိုင်ယူနိုင်ပေ။ ထို့အတူ တောက်ကျင့်စဥ် အဆင့် မြင့်မားလေ နတ်ဆိုးစိတ်ကလည်း မြင့်မားလေ ဖြစ်သည်။ အဓိက အခန်းကဏ္ဍမှ ပါဝင်နိုင်သည့်အရာမှာ ကံကြမ္မာ မဟုတ်ဘဲ အရည်အသွေးနှင့် အရည်အချင်း ပမာဏဖြစ်​ပေသည်။

ပြင်းထန်သော စွမ်းအားကို မထုတ်နိုင်သောကြောင့် ဤထူးဆန်းသော အစိမ်းရောင် စွမ်းအင်အတိုင်း ပေါင်းစပ်ခြင်းကသာ သဘာဝကျနိုင်သည်။ အငွေ့က ပိုအေးလာပြီ။ ဒါကြောင့် အငွေ့ကို ယင်စွမ်းအင်ကိုးစင်းထဲ ပေါင်းထည့်ကြည့်ရမည်။

လုရွှမ် ဒီအကြောင်းကို ဘယ်တုန်းကမှ မတွေးခဲ့မိ​ပေ။ ဒီလေအေးက တော်တော်ကို စိတ်မသက်မသာ ဖြစ်နေပြီ။ လုံးလုံး အေးစက်တဲ့ လေထုကြီး ဖြစ်သွားရင် အရမ်းအန္တရာယ်များတယ်လို့ ခံစားနေရသည်။

ဒါပေမဲ့ အခုအချိန်မှာတော့ ကံဆိုးခြင်းနဲ့ ရာသီဥတု အုံ့မှိုင်းခြင်းက ဒွန်တွဲနေပြီ။ ရှင်သန်ချင်တယ် ဆိုရင်တော့ သေတဲ့အထိ တိုက်ပွဲဝင်ရပါလိမ့်မည်။

အစိမ်းရောင် စွမ်းအင်များက ခန္ဓာကိုယ်ထဲသို့ ပြေးဝင်လာပြီး ခန္ဓာကိုယ်ကို အဆက်မပြတ် တုန်လှုပ်စေသည်။ လုရွှမ်သည် ယွမ်ယန်ကျင့်စဥ်ဖြင့် ဤအခိုက်အတန့်တွင် သူ့ကိုယ်သူ ထိန်းထားပြီး အစိမ်း​ရောင် စွမ်းအင်များကလည်း ရုတ်ခြည်း တိုးလာကာ သူ့ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးကို သိမ်းပိုက်လိုက်သည်။

ထိုအခိုက် ယင်စွမ်းအင်ကိုးစင်းက ဒန်တန်ထဲမှ ပြေးတက်လာ၏။ လုရွှမ် ထိုယင်စွမ်းအင်များနှင့် အချိန်အတော်ကြာ ရင်းနှီးခဲ့ပြီး ခန္ဓာကိုယ်မှလည်း အသိအမှတ်ပြုထားပြီပြီ။ တခဏချင်းမှာပဲ တစ်ကိုယ်လုံးထဲကို တဟုန်ထိုး ပြေးဝင်လာပြီး နေရာတိုင်းကို ပြန့်ကျဲနေတဲ့ အစိမ်းရောင် စွမ်းအင်တွေကို ယင်စွမ်းအင်ကိုးစင်းက ဖုံးအုပ်ထားလိုက်ပါတော့သည်။

ယင်စွမ်းအင်ကိုးစင်းက ဘယ်လောက်တောင် လွှမ်းမိုးချုပ်ကိုင် ထားနိုင်သလဲတော့မသိ။ အစိမ်းရောင် အငွေ့များမှာ ထူးဆန်းသော်လည်း ယင်စွမ်းအင်ကိုးစင်းထက်တော့ နိမ့်ကျနေသေးသည်။

လုရွှမ်သည် ယင်စွမ်းအင်ကိုးစင်းက ထိုအစိမ်းရောင် စွမ်းအင်များကို ထိန်းထားနိုင်လိမ့်မည်ဟု မမျှော်လင့်ထားသလို သူ့စွမ်းအင်များ တိုးလာကာ သူ့ခန္ဓာကိုယ်တွင်း ထုံကျင်နေမှုများလည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

နတ်သမီးဟွေယင်း၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များကို တိုက်ရိုက် ဖြည့်သွင်းလိုက်ရင်း တုန်လှုပ်ခြောက်ခြားဖွယ် အစိမ်းရောင်အငွေ့များကို လုံးဝစုပ်ယူပစ်တာကြောင့် သူမလည်း နိုးလာသည်။

သူမကိုယ်သူမ လုရွှမ်ရဲ့ ရင်ခွင်ထဲမှာ လဲလျောင်းနေမိတာကို မြင်လိုက်ရတော့ ရှက်နေပုံရလေ၏။

လုရွှမ် နတ်သမီးဟွေယင်း နိုးလာတာကို မြင်လိုက်ရသောအခါတွင် ဂရုမစိုက်​နေတော့ဘဲ သူ့နောက်မှ ဟွမ်ရှန်ကိုသာ ကြည့်လိုက်သည်။

ထိုလူက နောက်ကလိုက်နေတုန်း ဖြစ်သလို သူ့ခန္ဓာကိုယ်က တုန်ယင်နေပြီး သူ့ပါးစပ်ထဲမှာ အဆက်မပြတ် ကျိန်ဆဲနေသည်။

"ငါမင်းကိုသတ်ချင်တယ် ငါမင်းကို သတ်ချင်တယ်!"

"သူ ရူးသွားပြီ!" ဟု ဟွေယင်းက သံယောင်လိုက် အော်​လေသည်။

လုရွှမ် ခေါင်းညိတ်ပြလိုက်သည်။ ဒီလိုအရူးမျိုးက ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။ ဘယ်လောက် အန္တရာယ်ရှိတယ် ဆိုတာကို မပြောဘဲ ယခုအချိန်တွင် သူ့ထံချဉ်းကပ်လိုက်တာနဲ့ကို အန္တရာယ်က ရှိနေပြီ။

"စောင့်​ကြည့်ရအောင်!"

သူက ယင်စွမ်းအင်ကိုးစင်းကို သူ့ခန္ဓာကိုယ်ထဲက အစိမ်းရောင် စွမ်းအင်တွေကို ထိန်းထားဖို့ အသုံးပြုခဲ့ပေမယ့် လုရွှမ် အတွင်းထဲရောက်လေ အန္တရာယ် ပိုများလာ​လေ ဆိုတာကို အကြောင်းပြချက် တစ်ခုခုကြောင့် သိလိုက်ရရာ ခဏကြာတော့ ပင်လယ် အနက်ပိုင်းထဲထိ မဝံ့ရဲတော့ချေ။

ဟွမ်ရှန်သည် ပျံသန်းနေဆဲ ဖြစ်သော်လည်း တဖြည်းဖြည်း နှေးကွေးလာသလို သူ့ခန္ဓာကိုယ်ကလည်း ပို၍ပို၍ မတည်မငြိမ် ဖြစ်လာသည်။ ပျံသန်းနေပုံက တက်လိုက်ကျလိုက်နှင့် ပင်လယ်ရေထဲသို့ ထိုးကျသွားတော့မလိုပင်။

ဤအခိုက်အတန့်တွင် ပင်လယ်ရေသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် စိမ်းလန်းစိုပြေနေသဖြင့် လုရွှမ်သည် သူသာ ရေထဲကျသွားပါက သူဘယ်တော့မှ ပြန်ထနိုင်တော့မှာ မဟုတ်ကြောင်း ခံစားရလေသည်။

"ဟင်? ရေအောက်မှာ တစ်ယောက်ယောက် ရှိနေတယ်"

နတ်သမီးဟွေယင်းက ရုတ်တရက် တုံ့ပြန်လိုက်ပြီး အရှေ့ကို ညွှန်​ပြလိုက်သည်။ ရေထဲတွင် လူတစ်ဦးရှိနေကာ ထိုသူ မျက်စိမှိတ်ထားလျက် ရှိ၏။ ရေစီးဆင်းမှုက မြန်လည်းမမြန် နှေးလည်း မနှေးချေ။

ရုတ်​တရက်​ပင်​ ထိုလူသည်​ မျက်​လုံးကို ဖွင့်​လိုက်​ပြီး လုရွှမ်နှင့်​ ဟွေယင်းကို လှမ်းကြည့်​လိုက်​သည်​နှင့်​ ချက်​ချင်းပင်​ ကြီးမား​သော ​ရောင်​ဝါတစ်​ခုသည်​ သူတို့အ​ပေါ်သို့ ပျံ့နှံ့သွား​တော့သည်​။

ရေစီးကြောင်းကြောင့် ထောင်သွင်း အကျဉ်းချ ခံရပြီးနောက်တွင် ထိုသူ၏စွမ်းအားသည် အလွန်သေးငယ်နေပြီ ဖြစ်သော်လည်း ဖိအားများကတော့ လုရွှမ်ကို ထိတ်လန့်သွားစေ​သေးသည်။ နတ်မီးနယ်ပယ်က တန်ခိုးကြီးသူ တစ်ဦးသာ အနည်းဆုံး ဒီလို ဖိအားတစ်ခုကို ထုတ်နိုင်မှာပင်။

သို့သော် ထိုကဲ့သို့ ပင်လယ်ထဲတွင် အကျဉ်းကျနေသူ တစ်ဦးက ဒီလိုအကျပ်ကိုင် ဖိအားပေးနိုင်တဲ့ စွမ်းအားကို အမှန်တကယ် ထုတ်လွှတ်နိုင်တယ် ဆိုတော့ ထိုလူက နတ်မီးနယ်ပယ်က သခင်လား?

“သူတို့ ပိတ်မိနေတာ!” ဟွေယင်းက ထပ်ပြီး အော်လိုက်သည်။

"သူမ ကျွန်မကို အကူအညီ တောင်းနေသလိုပဲ"

လုရွှမ် ခေါင်းညိတ်ပြလိုက်သည်။ သူလည်းမြင်ပြီးပြီ။ နေမျက်လုံးဖြင့် လုရွှမ်သည် အရှေ့က ထို့နည်းအတူ အကျဥ်းချခံထားရသော လူများကို မြင်လိုက်ရသည်။

သူတို့အားလုံး ရေအောက်မှာ ပိတ်မိနေကြပြီး သေသေချာချာ ကြည့်လိုက်ရင် သူတို့ဟာ အကျဥ်းထောင်တွေထဲ ထောင်ကျနေကြသလို ဖြစ်နေတာ ရှင်းရှင်းလင်းလင်း သိနိုင်ပါ၏။

​ရေရဲ့အတွင်းပိုင်း တစ်လျှောက်တွင် ကျင့်ကြံမှု အဆင့်များက ဆက်လက် တိုးမြင့်လာသည်။ ယခုမြင်နေရသော လူသည် နတ်မီးနယ်ပယ်၌ မရှိတော့ပေ။ နတ်မီးနယ်ပယ်လို အလားတူ ခံစားချက်ကို ပေးစွမ်းနိုင်သော်လည်း ထိုနယ်ပယ်ကို လုံးဝ ကျော်လွန်သွားခဲ့ပြီး ဒီကမ္ဘာနဲ့ လုံးဝ မသက်ဆိုင်တဲ့ လူတစ်ယောက် အဖြစ် တည်ရှိနေသူပင်။

၎င်းတွင် လောကနှင့် ခွဲခွာနေရသည့် ခံစားချက်မျိုး ရှိနေကာ အားနည်းစွာ​ဖြင့် ဤနေရာတွင် ပိတ်မိနေခဲ့သည်။

All Chapters