လေပြင်းတိုက်ခတ်မှု
Vol. 70 Ch. 4.569
လုရွှမ်သည် ကုတင်ပေါ် ထိုင်ပြီး သူ့ကို မျက်လုံးကြီးကြီးဖြင့် စိုက်ကြည့်ကာ သူ့လက်ဖဝါးကို မလွှတ်သေးသော ကျောက်ချင်ယင်းကို စိုက်ကြည့်လိုက်သည်။ လုရွှမ် သူ့လက်ဖဝါးများ ဝေ့ယမ်းရင်း သူမလက်ကို ခါထုတ်လိုက်သည်။
"ကောင်းပြီ ငါက ငါ့သူငယ်ချင်းတွေကို ချန်ထားခဲ့မှာ မဟုတ်ဘူး...မင်းဒီမှာနေနိုင်တယ်"
လုရွှမ် ပြောလိုက်သည်။ ကျောက်ချင်ယင်းက ဖန်လုံအိမ် အတွင်းက ထွက်လာတဲ့ ပန်းပွင့်ကလေးဖြစ်ကြောင်း သဘောပေါက်လိုက်တာကြောင့် လုရွှမ် သက်ပြင်းချလိုက်သည်။
ကျောက်ချင်ယင်းသည် လုရွှမ်ရဲ့ လက်ဖဝါးကို ဖမ်းဆုပ်ချင်နေသေးတာ ရှင်းရှင်းလင်းလင်းပင် ဖြစ်သော်လည်း အဆုံးတွင် သူမသည် ရှက်ရွံ့သွားပြီး သူမကိုယ်သူမ ပွေ့ဖက်ကာ
"ကျွန်မအခုနတုန်းက ရှင် ပျံသန်းနေတယ်လို့ ခံစားမိတယ်"
အစောတုန်းက အခြေအနေတွင် သူမ၏ ခန္ဓာကိုယ်ကို လှုပ်ရှားရန်ပင် ခက်ခဲသွားခဲ့ပြီး ခွန်အားကို အစွမ်းကုန် အသုံးပြုရန် လိုအပ်ခဲ့သည်။ သို့သော် သူမရှေ့က အစ်ကိုထျန်းချိုင်ကတော့ တကယ်ကို လွတ်လွတ်လပ်လပ် ပျံသန်းနိုင်ခဲ့သည်။
ဒါက တကယ်ကို အံ့သြစရာကောင်းလွန်းပေ၏။
လုရွှမ် စကားမပြောတာကို မြင်တော့ ကျောက်ချင်ယင်း သူ့အကြောင်းသူ ပြောပြလာခဲ့သည်။
"တကယ်တော့ ကျွန်မမွေးရပ်မြေကနေ လုံးဝမထွက်ချင်ခဲ့ဘူး... ကျွန်မက ရှေးဟောင်းလျှပ်စီးကမ္ဘာက မဟုတ်ပါဘူး။ အရမ်းနိမ့်ကျတဲ့ ကမ္ဘာလေးတစ်ခုက... ဒါပေမဲ့ ကျွန်မသူငယ်ချင်းတွေ ဆွေမျိုးတွေက ကျွန်မကို အရမ်းချစ်ကြတယ်... ကျွန်မလည်း သူတို့ကို အရမ်းချစ်တယ်"
“ဒါပေမဲ့ သူတို့က ကျွန်မရဲ့ အရည်အချင်းတွေကို အလဟသ မဖြစ်စေဖို့အတွက် ထွက်ကို ထွက်သွားရမယ်လို့ ပြောတယ်... ဒါကြောင့် သူတို့က ကျွန်မတစ်ခုခု အောင်မြင်နိုင်မယ်လို့ မျှော်လင့်ပြီး ဒီနယ်စပ်ဖြတ်ကျော်လှေပေါ်ကို ပို့ပေးနိုင်ဖို့ ပိုက်ဆံတွေ စုပေးခဲ့တယ်... ကျွန်မ အောင်မြင်မှုနဲ့ ပြန်လာပြီး သူတို့ကို ကူညီနိုင်ဖို်ပေါ့ ပြီးတော့ ရှေးဟောင်းလျှပ်စီးကမ္ဘာမှာ မျိုးနွယ်စုတစ်ခုလုံးကို အခြေချပေးဖို့ နေရာကောင်းတစ်ခုကို ရှာဖွေနိုင်မယ်"
"ရှင်သိလား? ကျွန်မက မျိုးနွယ်စု တစ်ခုလုံးမှာ အမြင့်ဆုံးအဆင့်နဲ့ အငယ်ဆုံး မျိုးနွယ်စုခေါင်းဆောင်ပဲ... ဒါပေမဲ့ ကျွန်မ မဟာသူတော်စင် အဆင့်ပဲရှိတယ် ဒါပေမဲ့ ကျွန်မ သေရမှာကို မကြောက်ဘူး ကျွန် ကျွန်မ သူတို့ဆီ ပြန်မသွားနိုင်တော့မှာကိုတော့ ကြောက်တယ်.... သွားပြီးတော့ သူတို့ရဲ့မျှော်လင့်ချက်တွေကို ဖျက်ဆီးလိုက်မိမှာလည်း ကြောက်တယ်... ကျွန်မ သူတို့ဆီပြန်လာဖို့ စောင့်နေကြတုန်းပဲ"
ကျောက်ချင်ယင်းရဲ့ မျက်ရည်တွေက ကျဆင်းလာခဲ့သည်။
"ရှင်ကျွန်မကို အထင်သေးပြီး နိမ့်ကျတယ်လို့ ထင်ရင် ကျွန်မခန္ဓာကိုယ်နဲ့ လဲလှယ်ပေးလို့ ရပါတယ်... ကျွန်မမှာ ကောင်းတာတစ်ခုမှ မရှိပေမယ့် ကျွန်မ ကျွန်မ..."
မျက်နှာနီမြန်းလာပြီး တစ်ခုခုပြောချင်သော်လည်း မပြောနိုင်ပေ။ ရုတ်တရက် မျက်လုံးမှိတ်ပြီး အဝတ်အစားများကို ချွတ်လိုက်သည်။ လုရွှမ် သူမလက်တွေကို ဆုပ်ကိုင်လိုက်ပြီး
"ငါ မင်းကို အထင်မသေးပါဘူး... မင်း စိတ်တည်ငြိမ်ဖို့ပဲ မျှော်လင့်တယ်။ ဆန့်ကျင်ဘက်အနေနဲ့ မင်းက ကြီးကျယ်ခမ်းနားတဲ့ တာဝန်တွေကို ထမ်းဆောင်ရမှာမလို့ အရမ်းသန်မာရမယ်လို့ ငါထင်တယ်!"
ထိုစကားပြောပြီးနောက် လုရွှမ် သူ့လက်ကို ပြန်ဆုတ်လိုက်သော်ငြား ကျောက်ချင်ယင်းသည် မျက်နှာလေး နီရဲလျက် သူ့လက်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်လေသည်။
လုရွှမ်လည်း သူမလက်ဖဝါးများ တုန်ရီနေတာကို ခံစားနိုင်လေ၏။ လုရွှမ်လည်း သူ့လက်မှတစ်ဆင့် စွမ်းအင်များကို တိတ်တဆိတ် ဖြတ်သန်းစေပြီး သူမ၏ စိတ်ကို ဖြည်းညှင်းစွာ ဖြေလျှော့စေလိုက်သည်။
နောက်ပိုင်းမှာတော့ ကျောက်ချင်ယင်းလည်း သူ့အခန်းထဲမှာပဲ အိပ်ပျော်သွားခဲ့သည်။
"တကယ်ပါပဲ"
လုရွှမ် ပြုံးပြီး သူ့လက်ဖဝါးကို ပြန်ယူကာ ဘေးမှာထိုင်၍ စာအုပ်တစ်အုပ်ကို ဆက်ဖတ်နေလိုက်သည်။
သိပ်မကြာခင်မှာပဲ ကျောက်ချင်ယင်း နိုးလာပြီး လုရွှမ်ရဲ့ နောက်ကျောကို မြင်လိုက်ရတဲ့အခါ သူမမျက်နှာက အကြောင်းပြချက် မရှိ နီရဲသွားတော့သည်။
"မင်းနိုးလာပြီ ဆိုရင်လည်း စိတ်အေးအေးထား... ကောင်းကောင်းလေ့ကျင့်ပြီး မင်းရဲ့ ကျင့်ကြံမှုကို မြှင့်တင်လိုက် ဒါက မင်းရဲ့ ခွန်အားကို မတိုးတက်နိုင်ဘူးလို့ မဆိုလိုဘူး.... မင်းအသက် မပြည့်သေးတာတောင် မင်းရဲ့ အရည်အချင်းတွေက အရမ်းကောင်းနေပြီ ဆက်လေ့ကျင့်သွားရင် မင်းရဲ့ ခွန်အားတွေ အရမ်းတိုးတက် သွားလိမ့်မယ်"
ကျောက်ချင်ယင်းလည်း လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး သူမ၏ လေ့ကျင့်ရေး နည်းစနစ်များနှင့် သိုင်းကျင့်စဥ်အဆင့် လှုပ်ရှားမှုများ အကြောင်းကို ပြောပြခဲ့သည်။
လုရွှမ် တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။ သူမသည် ထက်မြက်သော မိန်းကလေးတစ်ယောက် ဖြစ်သည်။ လုရွှမ်လည်း မှတ်ချက် တချို့ပေးပြီး နည်းနည်းချင်း ရှင်းပြသည်။ ကျောက်ချင်းယင်ရဲ့ မျက်လုံးများက တောက်ပနေပြီး ဗဟုသုတများစွာကို နားထောင်နေ၏။
လုရွှမ်ကိုကြည့်ရင်း သူမအတွက်သူမ တိတ်တဆိတ် ဝမ်းနည်းမိသွားသည်။ သူမသည် သေးငယ်သော နေရာတွင် မွေးဖွားလာခဲ့ရတဲ့ အတွက် သနားစရာကောင်းပေသည်။ ကျွမ်းကျင်သော လမ်းညွှန်မှုတစ်ခု မရှိခဲ့လျှင် သူမသည် ယခုလောက် လျင်မြန်စွာ တိုးတက်လာလိမ့်မည် မဟုတ်ပေ။ အခြေခံအုတ်မြစ်ကို ဖြည်းဖြည်းချင်း ချခဲ့ပါက သူမသည် နတ်ပုတီးစေ့ ပိုင်ဆိုင်ထားသော အောင့်ယွဲ့ထက် မနိမ့်ကျလောက်ချေ။
ဒါပေမဲ့ အခုလည်း အချိန်မနှောင်းသေးပါဘူး။ ဝမ့်ရှန်းကမ္ဘာကို သွားပြီး စိမ်းပြာကောင်းကင် ဂိုဏ်းထဲကို ဝင်နိုင်ရင် သူ့ရဲ့အနာဂတ်ဟာ အကန့်အသတ်မဲ့ ဖြစ်သွားမှာပဲ။
[ဘာသာပြန် - အစက ဝမ့်ကျစ်ကမ္ဘာဆိုပြီး အခုနောက်ပိုင်း ဝမ့်ရှန်းကမ္ဘာလို့ ရေးထားပါတယ်]
အချိန်တွေကုန်တာက မြန်လေသည်။ ကျောက်ချင်ယင်းရဲ့ ခွန်အားက လျင်မြန်စွာ တိုးတက်လာပြီး သူမခန္ဓာကိုယ်ထဲက ထွက်လာတဲ့ ရောင်ဝါကလည်း သိမ်မွေ့တဲ့ ခံစားမှုတစ်ခုကို ထုတ်လွှတ်လာသည်။ လွန်ခဲ့တဲ့တစ်လကနှင့် နှိုင်းယှဉ်ပါက နယ်ပယ်သည် ယခင်အတိုင်းပင် ဖြစ်သော်လည်း အင်အားမှာ အနည်းဆုံး ၃၀% တိုးလာခဲ့သည်။
အနာဂတ်တွင် သူမ ကောင်းကင်ဘုံသခင် ဖြစ်လာပါက အခွင့်အရေးများသည် အနည်းဆုံး အမှတ်တစ်ခု တိုးလာလိမ့်မည် ဖြစ်သည်။
လုရွှမ်က သူမအား ကောင်းကင်ဘုံသခင်ဖြစ်ရန် အလျင်စလို မလုပ်သင့်ဘဲ နယ်ပယ်ကို အနည်းဆုံး ဆယ်နှစ်ကြာ ဖိနှိပ်ထားရန် အကြံပြုခဲ့သည်။ ကျောက်ချင်ယင်းလည်း ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။
"အစ်ကိုထျန်းချိုင်... ကျွန်မကို တပည့်အဖြစ် လက်ခံပေးနိုင်မလား?"
လုရွှမ်ရဲ့ နယ်ပယ်က သူမ အဆင့်နိမ့်ပေမယ့် လုရွှမ်ရဲ့ ဉာဏ်ရည်က အရမ်းလေးနက်ပြီး ခွန်အားကိုလည်း သူမနှလုံးသားအောက်ခြေကနေ အသိအမှတ် ပြုပါ၏။
လုရွှမ်သည် တိမ်ပင်လယ်နယ်မြေမှာ ကျန်ရစ်ခဲ့တဲ့ မောင်နှမနှစ်ယောက် အကြောင်းကို မတွေးတောဘဲ မနေနိုင်တော့ပေ။ သူတို့အခု ဘာလုပ်နေကြမလဲလို့ပင် တွေးမိသည်။ အခုအချိန်က ဆယ်စုနှစ်များစွာ ကြာသွားပုံရသည်။ သူတို့ တစ်ခုခုတော့ အောင်မြင်နေသင့်ပြီ မဟုတ်လား။
လုရွှမ်က ခေါင်းယမ်းရင်း
“မင်းရဲ့ အရည်အချင်းနဲ့ဆို ငါ့တပည့်ဖြစ်ဖို့ လုံလောက်ပါတယ်.... ဒါပေမဲ့ ငါ နောက်ထပ် တပည့်တွေ လက်ခံဖို့ ရည်ရွယ်ချက် မရှိတော့ဘူး ငါတို့က တန်းတူညီတူ သူငယ်ချင်းတွေ ဖြစ်နေတုန်းပဲလေ.... မင်းငါ့ကို နောက်နောင် သိချင်တာလာမေးရင် ငါပြောပြမှာပါ"
ကျောက်ချင်ယင်း အနည်းငယ် စိတ်ပျက်သွားသော်လည်း ဤအရာသည် ယခုအချိန်တွင် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်းလည်း သူမသိသည်။
တစ်လအကြာတွင် ကပ္ပတိန်၏ ကြမ်းတမ်းသော အသံသည် ဆက်သွယ်ရေး ကျောက်ပြားထဲမှ ထပ်မံထွက်ပေါ်လာပြန်သည်။
လူတစ်စုက ကုန်းပက်ရှေ့သို့ ပြေးသွားကာ ကပ္ပတိန်၏ စိတ်ပျက်လက်ပျက် အရိပ်အယောင်ကို မြင်လိုက်ရသည်။ သူ့ရဲ့ နွားမျက်လုံးများက လူတိုင်းကို စိုက်ကြည့်ကာ ကျိန်ဆဲလိုက်သည်။
"ဒီတစ်ခါ ငါကံမကောင်းချက်ပဲ! ဘာလို့ ဒီခရီးကို ရွေးမိခဲ့ပါလိမ့်?"
ကပ္ပတိန်၏ ဒေါသကို သိသဖြင့် ဘယ်သူကမှ မေးခွန်းမထုတ်ရဲပေ။ သူတို့တစ်ယောက်မှ ငတုံးတွေ မဟုတ်ဘူးလေ။
လုရွှမ်သည် ယောင်ဆူး၏ မျက်လုံးများထဲက အထင်အမြင် သေးသော အရိပ်အယောင်များကို တွေ့ရသလို ထိုအထဲတွင် ဒေါသအပြည့်လည်း ရှိနေ၏။ သူမက အရုပ်များနှင့် ကစားချင်သော်လည်း သူမအရုပ်ကို တခြားသူက ယူကစားသွားလို့ ဒေါသထွက်နေသလိုပင်။
လုရွှမ်က သူမရဲ့အရုပ် ဖြစ်ပုံရသည်။
ဒီကပ္ပတိန်အပေါ်ကတော့ လုရွှမ် သူ့ကို အရမ်းသဘောကျနေဆဲပါပဲ။ သူဟာ ကြမ်းတမ်းတဲ့ လူတစ်ယောက်ဖြစ်ပေမယ့် စရိုက်ကောင်းသေးသည်။ ဒီတစ်ခါတော့ သူဘာဖြစ်နေမှန်း မသိရသေးချေ။
အချိန်အတော်ကြာအောင် ကြိမ်းမောင်းပြီးသောအခါ ကပ္ပတိန်က နောက်ဆုံးတွင် စကားပြောလာခဲ့သည်။
"အရှေ့မှာ နယ်စပ်ဖြတ်ကျော် လှေတစ်စီးက အရေးပေါ် အချက်ပြမှုတစ်ခု ပို့ထားတယ်... ကြည့်ရတာ ကြားခံတိုက်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပုံပဲ မကြာခင်မှာ အဲဒီအင်အားက ဖြန့်ကြက်တော့မှာ... ငါ့လှေလုပ်င်္ဘောသားတွေရဲ့ ခွဲခြမ်းစိတ်ဖြာမှုအရ အဆင့်၈ လွန်းပျံယာဉ်တိုက်ခတ်မှု ဖြစ်နိုင်တယ်...ဆိုလိုတာက ငါ့ရဲ့နယ်စပ်ဖြတ်လှေက မထိန်းနိုင်ဘူး... ငါတို့ ရှင်သန်ချင်တယ်ဆိုရင် ငါ့လှေဦးခန်း အချိန်မရွေး ပြင်ရမယ် အဆင်သင့်ဖြစ်ဖို့အတွက် လက်နက်သန့်စင်သူ၊ အခင်းအကျင်း ပညာရှင်နဲ့ အဂ္ဂိရတ် မှော်ဆေးဆရာတွေ လိုတယ်"
ကပ္ပတိန်က လက်ညှိုးတစ်ချောင်းကို ထောက်ပြ၍
"အခု လူငါးဆယ်ဆံ့နိုင်တဲ့ အလွတ်ခန်း တစ်ခန်းရှိတယ်... ဒါကြောင့် ထွက်သွားချင်ရင် ထွက်သွားလို့ရတယ်"
လူတွေဟာ ဒယ်အိုးထဲရောက်နေတဲ့ ပုရွက်ဆိတ်တွေ ရုတ်ချည်းဆိုသလို ရှုပ်ပွသွားတော့သည်။ ထွက်ပေါက်ရှိနေမှတော့ ဘာလို့ မြန်မြန် မထသွားရမှာလဲ။
လွန်းပျံယာဥ်သာ အာကာသလေပြင်းရဲ့ ကြီးမားသော စွမ်းအားကြီးသည်နှင့် ထိတွေ့မိပါက သေရမည်မှာ သေချာပါ၏။
လုရွှမ်ရဲ့ မျက်လုံးများမှာလည်း ထိတ်လန့်တကြား တောက်ပသွားသည်။ အာကာသ လေပြင်းတိုက်ခတ်မှု အရှိန်ကို သူ ခံနိုင်ရည်ရှိခဲ့သော်လည်း ရွှေကျီးကန်းသာ အာကာသ ကျောက်စိမ်းပြားရဲ့ စွမ်းအားကို အသုံးချလိုက်လို့သာ မဟုတ်ရင် သူသေဆုံးသွားပေလိမ့်မည်။
ထိုသို့သော အာကာသ လေပြင်းတိုက်ခတ်မှုကြောင့် လုရွှမ်သည် အဆင့်၈ ခေါ်တွင်သည့် အဆင့်ရှိနေကြောင်း ဘယ်တုန်းကမှ မသိထားခဲ့ပေ။ တကယ်တော့ ဒါဟာ ရှေးဟောင်းကမ္ဘာလို့တောင် မယူဆထားတဲ့ ကမ္ဘာငယ်လေးတွေကြားက ကမ္ဘာချင်း တိုက်မိမှုတစ်ခုပါပဲ။
ဒါပေမဲ့ ဒါဟာ ဝမ့်ကမ္ဘာငယ်လေးတွေကြားက တိုက်မိမှုတစ်ခုပဲ။ ဒီစွမ်းအားကြောင့် ရှေးဟောင်း ကမ္ဘာကြီးတွေတောင် ပြိုလဲသွားနိုင်ပါ၏။ ဒီလိုအခြေအနေမျိုးတွင် ကပ္ပတိန်သည် အမှန်တကယ် ကိုယ်လွတ်ရုန်းရန် မရွေးချယ်ဘဲ တခြားလူတွေ ထွက်ပြေးရန် လွတ်လမ်းကို ပေးခဲ့သည်။ တစ်ခုခု ကြံစည်နေတာလား?
ဒီကိစ္စကြောင့် ဉာဏ်ကြီးရှင် အနည်းငယ်က သူ့ကို ယုံကြည်ဖို့ ခက်ခဲနေလေသည်။
"သောက်ချီးပဲ!!"
လှေလုပ်သား တစ်ဦးက ကျိန်ဆဲလိုက်ပြီး လူတိုင်းရဲ့ မျက်နှာပေါ်က အမူအရာတွေကို သူက ဘယ်လိုလုပ် နားမလည်နိုင်ဘဲ နေပါ့မလဲ။