ငါတော့သေတော့မှာပဲ
Vol. 10 Ch. 11
ဓားနတ်ဆိုးနဲ့မက်ဒါနာ စကားပြောပြီးတဲ့အချိန်ကနေရေတွက်မယ်ဆိုရင် နှစ်ပတ်ရှိသွားပါပြီ။ ပထမနှစ်ဝက်ပြီးလုနီးပြီဖြစ်ပြီးတော့ ကျောင်းသားတော်တော်များများက နှစ်ဝက်စာမေးပွဲအတွက် ပြင်ဆင်နေကြပါပြီ။
ဖရာလီတာက လက်ထဲမှာဖုန်းကိုကိုင်ထားရင်းနဲ့ ဓားနတ်ဆိုးဆီကို ကျေးဇူးတင်ကြောင်းနဲ့ လန်ဒန်မြို့ကိုသွားမယ့် လေယာဥ်လက်မှတ်အတွက် ကိုယ်စားငွေပေးချေပြီးတဲ့အကြောင်း မက်ဆေ့လှမ်းပို့ပါတယ်။
“ဒရမ်မာကြည့်ရင်းနဲ့ ခပ်မိုက်မိုက်ဒိုင်ယာလော့တွေရလာပြီး မက်ဒါနာကိုပြောဖို့အကြံရတာနဲ့ ဦးလေးဓားနတ်ဆိုးကို အကူအညီတောင်းလိုက်တာ။ သူ့ကိုမေမေလောရင့်နဲ့တစ်ခေါက်လောက် ချိန်းတွေ့ခွင့်ပေးလိုက်လည်း ဘာမှမဖြစ်ပါဘူးလေ။”
ဖရာလီတာက ပါးကိုဖောင်းပြီး ကျေနပ်စွာနဲ့ပြုံးထားတယ်။ အကြံသမားပီသစွာပဲ လွန်ခဲ့တဲ့နှစ်ပတ်ကဖြစ်ခဲ့တဲ့အရာက ဒီအတိုင်းကြုံရာကျပန်းဖြစ်လာခဲ့တာမဟုတ်ပါဘူး။ ဖရာလီတာက အကြံကြီးကြီးနဲ့ဗျူဟာချထားတာပေါ့။
“ဒီရက်ပိုင်း နေလို့ကောင်းလိုက်တာ၊ ကျန်တဲ့သူတွေကို အသာရသွားတဲ့ ခံစားချက်လေးက ချိုမြိန်နေတာပဲ။”
ဖရာလီတာက ဖုန်းကိုပြန်သိမ်းလိုက်ပြီး ဝန်ထမ်းဆောင်တွေဘက်ကို ဆက်လျှောက်သွားတယ်။ ဒါပေမဲ့ သူ့နောက်ကနေ တိတ်တဆိတ်လိုက်လာပြီး အဖြစ်အပျက်အစုံကို ချောင်းကြည့်နေကြတဲ့ မျက်လုံးသုံးစုံကိုတော့ သတိမထားမိခဲ့ပါဘူး။
“အဲဒီဟာမလေး၊ ထင်ထားတဲ့အတိုင်းပဲ ငါတို့အလစ်မှာ မက်ဒါနာကို အခွင့်ကောင်းယူသွားပြန်ပြီ။”
သစ်ပင်ကြီးတစ်ခုရဲ့အကွယ်မှာ ချောင်းနေတဲ့ ဆိုဖီယာက ပြောလိုက်တယ်။ ဖလေရာနဲ့လင်ဒါကလည်း ဖရာလီတာကို သစ်ပင်အကွယ်ကနေပြီး ဒေါသတွေအပြည့်နဲ့ ကြည့်နေကြလေရဲ့။ အဲဒီနောက်တော့ သူတို့သုံးယောက်က တစ်ပြိုင်နက်တည်းပြောလိုက်ကြပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်မှဖြစ်မယ်။”
ဒါပေမဲ့ မကြာခင်မှာပဲ သူတို့ကြားထဲမှာ အမြင်မတူမှုလေးတွေ ပေါ်လာလေရဲ့။ ဖလေရာက လက်ကိုပိုက်ပြီး ကျန်တဲ့နှစ်ယောက်ကို အထင်သေးတဲ့ပုံစံနဲ့ပြောလိုက်ပါလေရော။
“ဘာပဲဖြစ်ဖြစ် ငါက ငါ့ဘာသာငါလှုပ်ရှားမှာ။ မက်ဒါနာနဲ့ပတ်သက်လာရင် နင်တို့နှစ်ယောက်နဲ့မပူးပေါင်းနိုင်ဘူး။”
ဆိုဖီယာကလည်း မျက်မှောင်ကြုတ်လိုက်ပြီးတော့ “ဘယ်သူကလည်း နင်နဲ့ပူးပေါင်းမယ်လို့ပြောလို့လဲ၊ ငါကလည်း ငါ့ဘာသာငါလှုပ်ရှားဖို့ ဆုံးဖြတ်ထားပြီးသား။”
လင်ဒါကတော့ သက်ပြင်းချလိုက်တယ်။ “ကောင်းပြီလေ၊ တစ်ယောက်ချင်းစီ အဆင်ပြေသလိုလုပ်ကြတာပေါ့။ ငါတို့ထဲက ဘယ်သူဖရာလီတာကိုကျော်နိုင်မလဲ ကြည့်ကြသေးတာပေါ့။”
အဲဒီနောက်တော့ မိန်းကလေးသုံးယောက်က လမ်းခွဲလိုက်တယ်။ ရုံးခန်းထဲမှာ အလုပ်လုပ်နေတဲ့ မက်ဒါနာကတော့ အအေးမိချင်သလိုဖြစ်လာပြီး နှာချေလိုက်လေရဲ့။
...
“ဟူး၊ နောက်ဆုံးတော့ ဒီလအတွက် အလုပ်ကိစ္စတွေကို အပြီးသတ်လိုက်နိုင်ပြီပဲ။” မက်ဒါနာက ရှင်းပြီးပြီဖြစ်တဲ့ နောက်ဆုံးအစီအရင်ခံစာကို ပိတ်လိုက်ပြီးပြောတယ်။ နောက်မှာရပ်နေတဲ့ အေမီကတော့ မက်ဒါနာကို ဇက်ကျောနှိပ်ပေးနေရင်းကနေ ပြောလိုက်ပါတယ်။
“ကြားရတာ ဝမ်းသာပါတယ် မမလေး၊ ဒီအတိုင်းဆိုရင် နောက်နေ့ကနေစပြီး မမလေးအတွက် နားချိန်တွေအများကြီး ရှိလာတော့မှာပါ။”
မက်ဒါနာလည်း သဘောတူညီတဲ့အနေနဲ့ အေမီကိုလှည့်ကြည့်ပြီး ပြုံးပြလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ရုံးခန်းတံခါးပွင့်သွားပြီး နတ်သူငယ်မလေးဝင်လာတာကို တွေ့လိုက်ရပါတယ်။
“ဆိုဖီယာပါလား၊ တစ်ခုခုလိုချင်လို့လား။” မက်ဒါနာက မေးလိုက်တော့ ဆိုဖီယာက ချစ်စရာပုံစံလေးနဲ့ရှေ့ကိုတက်လာပြီး ပြောလိုက်ပါတယ်။
“မက်ဒါနာ၊ ငါတို့ချိန်းတွေ့ကြမလား။”
“ဟမ်...” မျှော်လင့်မထားတာမဟုတ်တဲ့ ကိစ္စမဟုတ်ပေမဲ့ ဆိုဖီယာက အဖွဲ့ဝင်တွေထဲမှာ သိုသိုသိပ်သိပ်နေတတ်တဲ့သူတစ်ယောက်ပါ။ တခြားသူတွေရဲ့လုပ်ရပ်က သူနဲ့မက်ဒါနာရဲ့အချစ်အပေါ်ကို သက်ရောက်မှုမရှိသလိုမျိုး နေနေတဲ့သူလေ။ ဒါပေမဲ့ မင်္ဂလာဆောင်ကိစ္စတုန်းက ဒေါသထွက်ထားတာကို သတိထားမိတော့ မက်ဒါနာမှာ ငြင်းချင်တဲ့စိတ်မရှိတော့ပါဘူး။
“ကောင်းပြီလေ၊ မနက်ဖြန်အားနေတာပဲဥစ္စာ။ ဒါပေမဲ့ ဆိုဖီယာရေ၊ နင်က ခါတိုင်းဒီလောက်မတက်ကြွပါဘူး။ ဘယ်လိုဖြစ်သွားတာလဲ။”
ဆိုဖီယာက မက်ဒါနာရဲ့စကားကို မျက်လုံးထောင့်ကပ်ထားပြီး ပြန်ဖြေလိုက်လေရဲ့။ “ခြိမ်းခြောက်မှုတွေ တိုးသည်ထက်တိုးလာလို့လေ။”
“.....” မက်ဒါနာကတော့ နတ်သူငယ်မလေးကို နားကိုမလည်နိုင်တော့ဘူး။ ဒါပေမဲ့ ဆိုဖီယာကတော့ ချိန်းတွေ့မယ့်နေရာနဲ့အချိန်ကို ပြောလာပါတယ်။
“မနက်ဖြန်မနက် ကိုးနာရီ၊ အင်ပါယာစတိတ်အဆောက်အအုံရှေ့မှာ တွေ့ကြမယ်လေ။”
မက်ဒါနာရဲ့ခေါင်းထဲမှာ ဖောင်တိန်ကြီးနဲ့တူတဲ့ ရှေးကျကျမိုးမျှော်တိုက်ကြီးအကြောင်းကို တွေးကြည့်လိုက်ပါတယ်။ ၁၉၃၁မှာ ဆောက်လို့ပြီးတာဖြစ်လို့ အခုဆိုရင် နှစ်တစ်ရာတောင်ကျော်သွားပြီလေ။
“ဒိတ်လုပ်ဖို့အတွက် စိတ်ဝင်စားစရာကောင်းတဲ့နေရာပဲ။ ကောင်းပြီလေ။”
မက်ဒါနာက သဘောတူလိုက်တယ်။ ဆိုဖီယာကတော့ သဘောတကျနဲ့ မက်ဒါနာအတွက် ဖလိုင်းကစ်တစ်ခုကို ချန်ထားရစ်ပြီး အခန်းထဲကနေ ပျော်ရွှင်စွာ ထွက်ခွာသွားလေရဲ့။ မက်ဒါနာကတော့ ခေါင်းကုတ်လိုက်ပါတယ်။
“ဆိုဖီယာက ရုတ်တရက်ကြီး နယူးယောက်မြို့ကို အပေါ်စီးကနေပြီး ကြည့်ချင်တဲ့စိတ် ပေါ်လာတာတော့ မဟုတ်ဘူးမဟုတ်လား။”
မက်ဒါနာက အေမီကို အကူအညီတောင်းတဲ့အနေနဲ့ ကြည့်လိုက်ပေမဲ့ အေမီကတော့ မက်ဒါနာကို ပြုံးပြုံးလေးသာ စိုက်ကြည့်နေပါတယ်။ အတော်ကြာမှ ခုလိုပြောလိုက်လေရဲ့။
“ချိန်းတွေ့ဖို့အတွက် အဝတ်အစားတွေကိစ္စတော့ စိတ်မပူပါနဲ့၊ ကျွန်မက မမလေးအတွက် ကြိုတင်ပြင်ဆင်ထားပေးမှာမလို့ပါ။”
မက်ဒါနာကလည်း အေမီကို နားမလည်နိုင်စွာနဲ့ ကြည့်လိုက်ပါတယ်။ ခါတိုင်းဆိုရင် တခြားသူတွေနဲ့ချိန်းတွေ့မယ်လုပ်တိုင်း စိတ်ဆိုးနေကျလေ။
“အယ်၊ အေမီရေ။ နင်ဒီတစ်ခါတော့ ငါ့ကိုသဝန်မတိုတော့ပါလား။”
အေမီကတော့ ရယ်ချင်နေတဲ့စိတ်ကိုထိန်းတဲ့အနေနဲ့ ပြုံးရောင်သန်းနေတဲ့နှုတ်ခမ်းကို လက်ဝါးနဲ့ကာလိုက်ရင်း မက်ဒါနာကို ပြောလိုက်တယ်။
“အဲဒီလိုတော့ မဟုတ်ပါဘူးမမလေးရဲ့၊ ဒီတစ်ခေါက်မှာက စိတ်ဝင်စားစရာတစ်ခုခု ဖြစ်လာမှာမလို့ပါ။”
အေမီက အနာဂတ်ကိစ္စရပ်တချို့ကို တွက်ချက်နိုင်စွမ်းရှိတဲ့ စူပါကွန်ပျူတာတစ်လုံးဆိုတာ တွေးမိလိုက်တော့ မက်ဒါနာကျောချမ်းသွားတယ်။ အေမီက ဘာတွေကြိုမြင်ထားလဲ မက်ဒါနာမသိဘူး။
“အေမီရေ၊ မကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူးနော်။”
“စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စပါရှင့်၊ မကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။”
မက်ဒါနာက အေမီကို အစ်အောက်မေးပေမဲ့ အေမီက နောက်ဆုံးအထိ နှုတ်ပိတ်နေတဲ့အတွက်ကြောင့် မက်ဒါနာသက်ပြင်းချလိုက်လေရဲ့။ ပြဿနာက သက်ပြင်းချလို့မပြီးသေးခင်မှာပဲ ရုံးခန်းတံခါးထပ်ပွင့်သွားပြီး စီအီးအိုတစ်ယောက်လိုဝတ်ထားတဲ့ မိန်းမလှလေး ဖလေရာက အခန်းထဲကို နှင်းဆီပန်းဖြူတစ်ပွင့်ကိုင်ပြီးဝင်လာတာ။
ဖျောက်... ဖျောက်... ဖျောက်...
ဖလေရာစီးထားတဲ့ ပွိုင့်ဒေါက်ဖိနပ်ကအသံက ရုံးခန်းထဲမှာ ခြေလှမ်းလိုက်တိုင်း အသံမြည်နေပြီးတော့စတော်ကင်အရှည်ကြောင့် မက်ဒါနာရဲ့မျက်လုံးတွေက နူးညံ့ပြီးလှပတဲ့ ဖလေရာရဲ့ခြေသလုံးတွေဆီကို ရောက်သွားတယ်။ အဲဒီနောက်တော့ တစ်ကိုယ်လုံးအဖျားတက်သလို ခံစားလိုက်ရပြီး တံထွေးမျိုချလိုက်မိပါလေရော။
“ဒါလင်၊ မနက်ဖြန်တို့အားတယ်ဆိုတော့ ဒိတ်လုပ်ကြမလား။”
ဖလေရာက ခါးကိုကိုင်းလိုက်ပြီး စားပွဲပေါ်ကိုတံတောင်ဆစ်တစ်ဖက်တင်လိုက်တယ်။ ဒါကြောင့် နဂိုကတည်းက ရင်ဟိုက်တဲ့ စီအီးအိုအင်္ကျီက ဖလေရာရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းက ဆွဲဆောင်မှုရှိတဲ့ဘက်ခြမ်းကို ဖွင့်လှစ်ပြသလိုက်တယ်။ အဲဒီနောက်တော့ ဖလေရာက မက်ဒါနာကို သူကိုင်ထားတဲ့ နှင်းဆီပန်းပွင့်အဖြူရောင်လေးကို ကမ်းပေးလိုက်ပါလေရော။
“ကျေး... ကျေးဇူး...” မက်မွန်သီးလေးတွေဆီကိုပဲ အာရုံရောက်နေတဲ့ မက်ဒါနာက ရှက်ရှက်နဲ့နှင်းဆီပန်းကို ယူလိုက်တယ်။ ဖလေရာကတော့ ဆွဲဆောင်မှုရှိစွာပြုံးလိုက်ရင်းနဲ့ မက်ဒါနားနားကိုကပ်ပြီး တစ်လုံးချင်းစီ ပြောလိုက်ပါပြီ။
“ဒါ.. ဆို.. ရင်.. လက်.. ခံ.. တယ်.. လို့.. ယူ.. ဆ.. လိုက်.. ရ.. မလား။”
မက်ဒါနာလည်း ဘာမှစဥ်းစားမနေနိုင်တော့ဘဲ အလိုလိုခေါင်းညိတ်လိုက်မိတယ်။ ဖလေရာကတော့ ကျေနပ်သွားတဲ့ပုံစံနဲ့ ခါးကိုပြန်မတ်လိုက်ပြီးတော့ အချိန်နဲ့နေရာကို ပြောတယ်။
“ဒါဆိုရင် မနက်ဖြန်မနက်ကိုးနာရီ၊ ဘားနတ်ပန်းခြံမှာတွေ့မယ်လေ။”
မက်ဒါနာက ခေါင်းလေးစောင်းလိုက်တယ်။ နေပါဦး၊ အချိန်ကြီးက တစ်မျိုးဖြစ်မနေဘူးလား။ ဆိုဖီယာလည်း အင်ပါယာစတိတ်မှာ မနက်ကိုးနာရီတွေ့မယ်လို့ ပြောခဲ့တာမဟုတ်လား။
“နေ... နေပါဦး...” မက်ဒါနာက တစ်ခုခုပြောမလို့လုပ်ပေမဲ့ အူမြူးနေတဲ့ ဖလေရာကတော့ တံခါးလိုက်ကိုင်ဘုကို လှည့်ဖွင့်နေပြီဖြစ်ပြီး သူ့ကိုမျက်လုံးတစ်ဖက်မှိတ်ပြကာ အခန်းထဲကနေ ထွက်ခွာသွားပါလေရော။
“တစ်ချိန်တည်းမှာ ဒိတ်နှစ်ခုလုပ်လို့မဖြစ်ဘူးလေ။ ငါပြောတာလည်း နားထောင်ပါဦးဟဲ့။” မက်ဒါနာက ဒေါသတကြီး အော်ဟစ်လိုက်ပေမဲ့ ဖလေရာကတော့ မကြားနိုင်တဲ့နေရာကို ရောက်သွားပြီ။
မက်ဒါနာက သက်ပြင်းချလိုက်တယ်။ ခုလေးတင် လူကိုယ်တိုင်လာဒိတ်ဖို့ ပြောသွားတဲ့သူတွေကို အချိန်ပြောင်းခိုင်းဖို့ဆိုတာခက်တယ်။ ပြီးတော့ နှစ်ယောက်စလုံးက မစ်ရှင်အဖွဲ့ဝင်တွေမလို့ အားတဲ့အချိန်ရှားပြီးနောက်တစ်ခါထပ်ချိန်းဖို့ဆိုတာ လွယ်တာမဟုတ်ဘူးရယ်။
ဒေါက်... ဒေါက်... ဒေါက်...
မက်ဒါနာစိတ်ရှုပ်ပြီး ဘာမှမတွေးနိုင်ဖြစ်နေတဲ့အချိန်မှာပဲ အပြင်ကနေ တံခါးခေါက်သံကြားလိုက်ရတယ်။ ဒါကြောင့် သူလည်းခေါင်းထောင်ကြည့်ပြီးတော့ ပြောလိုက်ပါတယ်။
“ဝင်ခဲ့ပါ...”
ဒုန်း....
မက်ဒါနာက ဝင်ခွင့်ပြုတယ်ရှိသေးတယ်။ တံခါးက ကြမ်းတမ်းစွာပွင့်လာပြီး ငြိမ်ဝပ်ပိပြားရေးအရာရှိဝတ်စုံနဲ့ လင်ဒါက ရွှေရောင်လက်မှတ်လေးနှစ်ခုကိုကိုင်ပြီး မက်ဒါနာရှေ့ကိုရောက်လာတယ်။ လင်ဒါက ပြီးတာနဲ့ အဲဒီလက်မှတ်နှစ်ခုကို စားပွဲပေါ်ပစ်တင်ပြီး မက်ဒါနာရဲ့ပခုံးကို ဆုပ်ကိုင်ကာ ပြောလိုက်ပါတယ်။
“မက်ဒါနာ၊ တို့နားချိန်ရတုန်း မနက်ဖြန် ကိုရီးယားအသားကင်စားကြမလား။”
လင်ဒါက မက်ဒါနာကိုချုပ်ထားပြီး မီးဝင်းဝင်းတောက်နေတဲ့ အကြည့်တွေနဲ့ကြည့်နေတဲ့အတွက် မက်ဒါနာထိတ်လန့်လာနေပြီ။ ‘နေစမ်းပါဦး၊ နင်စားမှာက ကိုရီးယားအသားကင်လား၊ လူသားလား။’ လို့တောင် တွေးမိတဲ့အထိပဲ။
“လေဒီလင်ဒါ၊ မမလေးအနား အရမ်းမကပ်ပါနဲ့။ မသိရင် ရှင်က မမလေးကို အသားကင်မီးဖိုပေါ်တင်တော့မယ့်အတိုင်းပဲ။”
ဖျောက်... ဖျောက်....
အေမီက လက်ဆစ်တွေချိုးရင်းနဲ့ ရှေ့တက်လာပြီးတော့ လင်ဒါကိုပြောလိုက်တယ်။ လင်ဒါက မက်ဒါနာကို လွှတ်မပေးရင် ထထိုးတော့မယ့်အတိုင်းပဲ။ ဒါကြောင့် လင်ဒါလည်း အေမီကိုပြုံးပြရင်းနဲ့ အခက်တွေ့နေတဲ့မက်ဒါနာကို လွှတ်ပေးလိုက်တယ်။
မက်ဒါနာကတော့ စားပွဲပေါ်တင်ထားတဲ့ ကူပွန်လေးတွေကိုကြည့်ရင်း ခေါင်းကိုစောင်းငဲ့လိုက်ပါတယ်။
“ကိုရီးယားအသားကင်ဘူဖေးကို နှစ်နာရီစာ ၉၀% လျှော့စျေးလား။ ပြီးတော့ နှစ်စောင်တောင်။ ဘယ်ဆိုင်က ကိုရီးယားအသားကင်ကို အလကားနီးနီးလျှော့စျေးပေးတာလဲ။”
မက်ဒါနာက မယုံသင်္ကါနဲ့ပြောလိုက်တော့ လင်ဒါက သူ့ရင်ဘတ်သူပုတ်လိုက်ပြီးတော့ ရှင်းပြပါတယ်။
“Noksuဆိုတဲ့ မက်ချယ်လင်ဆုရဆိုင်က ပေးတာလေ။ ပုံမှန်ဆိုရင်မပေးပေမဲ့ အဲဒီဆိုင်မှာစားနေကျ ငါ့တပည့်လေးဆိုင်းရပ်က လက်မှတ်နှစ်စောင်ရလာတာ။”
မက်ဒါနာက ဆိုင်းရပ်ဆိုတဲ့ကောင် လင်ဒါကိုကြိတ်ကြိုက်နေတဲ့အကြောင်း ချီလုလုဆီကနေ ကြားပြီးပြီ။ ကောင်လေးတစ်ယောက်က ကူပွန်နှစ်စောင်ရလာတယ်ဆိုပြီး ကောင်မလေးကိုပေးတာက ဒိတ်ချင်လို့အထာပေးတာမှန်း လူတိုင်းသိတယ်။ ဒါပေမဲ့ သူ့ရှေ့က လင်ဒါကတော့...
‘ဒီဟာမက သူ့ကိုဒိတ်ချင်တဲ့ ကောင်လေးဆီကနေ ကူပွန်တွေဓားပြတိုက်လာပြီး ငါ့ကိုလာဒိတ်တာလား’ ဘားဆိုင်တစ်ဆိုင်မှာ နှစ်သိမ့်မယ့်သူမရှိဘဲ ထိုင်ဆွေးနေမယ့် ဆိုင်းရပ်ကိုမြင်ယောင်မိပြီး မက်ဒါနာဝမ်းနည်းသွားတယ်။
ဒါပေမဲ့ တက်ကြွလွန်းနေတဲ့ လင်ဒါရဲ့မျက်နှာကိုမြင်ပြီးတဲ့နောက် မငြင်းနိုင်တော့တဲ့အတွက် သက်ပြင်းချလိုက်လေရဲ့။
“ကောင်းပြီလေ၊ ငါတို့အတူသွားစားကြတာပေါ့။ ဘယ်အချိန်လောက်ဖြစ်မလဲ။”
“ဆိုင်ဖွင့်ဖွင့်ချင်းသွားစားရင် အသားတွေစုံတယ်ဆိုတော့ မနက်ဖြန် မနက်ကိုးနာရီသွားကြရအောင်။”
“.....” မက်ဒါနာမှ ပြောစရာစကားမရှိတော့ဘူး။ ဒီတစ်ယောက်လည်း မနက်ဖြန်မနက်ကိုးနာရီလား။ သူ့ကို နေရာတိုင်း၊ အချိန်တိုင်းမှာ တစ်ပြိုင်နက်တည်းရှိနေနိုင်တဲ့ အနန္တတန်ခိုးရှင်လို့ ထင်နေတာများလားပဲ။
“လင်ဒါရေ၊ တကယ်တော့....” မက်ဒါနာက ငြင်းဖို့ပြင်လိုက်ပေမဲ့ လင်ဒါက ရုတ်တရက်ရှေ့ကိုတက်လာပြီး မက်ဒါနာရဲ့မေးကို လက်နဲ့ဆုပ်ကိုင်ကာ ပါးပြင်ကို နမ်းလိုက်တယ်။
ပြွှတ်...
အဲဒီနောက်တော့ မက်ဒါနာရဲ့ခေါင်းဗလာကျင်းသွားပြီး ဘာစကားမှမပြောနိုင်တော့ဘူး။ လင်ဒါကတော့ “အဲဒါဆို မနက်ဖြန်မနက်တွေ့မယ်နော်။” ဆိုတဲ့စကားနဲ့အတူ ရုံးခန်းထဲကနေ ထွက်ခွာသွားပြီ။
မက်ဒါနာ သတိဝင်လာတော့ အခုထိဖြစ်နေတာတွေကိုကြည့်ပြီး ကြိတ်ရယ်နေတဲ့ အေမီကိုဒေါသတကြီးကြည့်လိုက်ပါလေရော။
“ကောင်မစုတ်လေး၊ နင်ကြိုမြင်ထားတာက အဲဒါလား။ မဟုတ်တဲ့နေရာတွေကျတော့ တွက်နိုင်ချက်နိုင်တယ်နော်။”
အေမီကတော့ ခပ်တည်တည်နဲ့ ဂါဝန်လေးကိုမပြီး မက်ဒါနာကို ဦးညွှတ်လိုက်လေရဲ့။
“ကျွန်မက မမလေးအနားမှာအမြဲရှိနေတာမလို့ ဒီလိုကိစ္စတွေ ဖြစ်လာနိုင်တယ်ဆိုတာ ကြိုတွေးမိရုံလေးပါ။ ပြီးတော့ သူတို့တွေ အရင်နှစ်ပတ်လောက်တည်းက ဖရာလီတာကိုပတ်ချောင်းနေတာဆိုတော့....”
မက်ဒါနာက မျက်နှာကိုရှုံ့လိုက်တယ်။ အေမီက သူ့ကိုတမင်သက်သက် ဒုက္ခပေးချင်လို့ ဒီကိစ္စကိုမတားခဲ့တာထင်တယ်။
“အေမီ၊ မဟုတ်မှလွဲရော။ ငါဖရာလီတာကို ဂါဝန်ဝယ်ပေးတဲ့ကိစ္စကို အခုထိစိတ်ကောက်နေတုန်းလဲ။”
“သခင်မလေးက ကျွန်မကို ပထမဦးစားပေးအနေနဲ့ မင်္ဂလာဆောင်ဂါဝန်ဝယ်ပေးတာမျိုး လိုချင်ခဲ့မိတာပါ။”
“ဒီတော့ နင်ဝန်ခံတယ်ပေါ့လေ။” မက်ဒါနာက မေးလိုက်တော့ အေမီက မခို့တရို့လေးပြုံးပြပြီး မက်ဒါနာဆီကနေ အကြည့်လွှဲလိုက်ပါလေရော။
“မသာမလေး...” မက်ဒါနာက အေမီကို ကျိန်ဆဲလိုက်မိတယ်။ ဒါပေမဲ့ ဖြစ်ပြီးသွားတာတွေက ဖြစ်ပြီးသွားပြီဆိုတော့ အေမီကို ထပ်ဆူမနေတော့ဘဲ ထိုင်ခုံနောက်မှီကို ကျောမှီပြီး နဖူးပေါ်လက်တင်ကာ စဥ်းစားလိုက်ပါတယ်။
“ဒါပေမဲ့ ဘယ်လိုလုပ်ပြီး သူတို့သုံးယောက်လုံးကို တစ်ပြိုင်နက်တည်း ချိန်းတွေ့နိုင်မှာလဲ။ အချိန်မတူရင်လည်းကောင်းသား။” မက်ဒါနာက သူတို့ကို ငြင်းလည်းမငြင်းချင်ဘူး။ တစ်ယောက်ကိုလက်ခံပြီး တခြားနှစ်ယောက်ကို ငြင်းမယ်ဆိုရင် အဲဒီနှစ်ယောက် စိတ်ကျေနပ်အောင်လုပ်ဖို့က လုံးဝမလွယ်ဘူး။ အခက်မသင့်ရင် အချင်းချင်းထသတ်ကုန်ပြီး မစ်ရှင်အဖွဲ့ကြီးတစ်ခုလုံး ပြိုလဲသွားနိုင်ခြေရှိတယ်။
အေမီက သူ့အချိန်ရောက်လာပြီဆိုတဲ့ပုံစံနဲ့ ရှေ့ကိုတက်လာပြီး မက်ဒါနာရဲ့ရှုပ်ပွသွားတဲ့ ဆံစလေးတွေကို လက်နဲ့ပြန်ဖီးသင်ပေးလိုက်တယ်။
“ဒီအတွက်တော့ စိတ်မပူပါနဲ့ မမလေး၊ အဲဒီနေရာသုံးခုလုံးက နီးနီးလေးတွေပါ။ ဘားနက်ပန်းခြံက အင်ပါယာစတိတ်အဆောက်အဦးနဲ့ တစ်ဘလောက်ပဲကွာပါတာ။ Noksu အသားကင်ဆိုင်ကတော့ အင်ပါယာစတိတ်အဆောက်အအုံနဲ့တစ်လမ်းတည်းမှာရှိတယ်။”
အေမီက အခုလိုပြောတော့ မက်ဒါနာခဏလောက် စိတ်ထဲအေးသွားပြီး မျက်လုံးကိုမှိတ်ကာ မှေးလိုက်မိတယ်။ အေမီရှိနေတာက တစ်မျိုးကောင်းသားလို့ တွေးမိလိုက်လို့ပါ။ ဒါပေမဲ့ ခဏနေတော့ ခေါင်းထဲဒိန်းဆိုပြီး အကြံတစ်ခုက ဆောင့်တက်လာတဲ့အတွက် ထိုင်ခုံကနေ ခုန်ထလိုက်မိပါလေရော။
“ကောင်မစုတ်လေး၊ နေရာတွေက အဲဒီလောက်နီးနေရင် ငါတစ်ယောက်ယောက်နဲ့ဒိတ်နေရင်း အခြားတစ်ယောက်နဲ့ဒိတ်နေတာကို မြင်သွားနိုင်ခြေရှိတယ်မဟုတ်ဘူးလား။”
နောက်တော့ မက်ဒါနာတစ်ယောက် အကြောက်လွန်ပြီး ရုံးခန်းရဲ့နံရံထောင့်တစ်ခုမှာကပ်ကာ ခန္ဓာကိုယ်ကိုကွေးညွှတ်ပြီး ဆံပင်တွေကိုလက်နဲ့ဆုပ်ကိုင်ကာ ငိုနေပါလေရော။
“အေမီရေ ငါတော့သေတော့မှာပဲ။ ငါတို့ချိန်းတွေ့နေတုန်း တစ်ယောက်နဲ့တစ်ယောက်တွေ့အရင် သုံးယောက်လုံးရဲ့ငါ့ကိုမုန်းသွားပြီး တစ်ခုခုလုပ်ရင်လုပ်မှာ။ ဖောက်ပြန်လွန်းတဲ့ကောင်လေးကို ကောင်မလေးတွေက ဖမ်းပြီးသင်းကွပ်ပစ်တာတို့ဘာတို့ အင်တာနက်ပေါ်မှာ အမြဲကြားနေရတာရယ်။”
အေမီကတော့ သူ့သခင်မလေးကြောက်နေတာကိုကြည့်ပြီး သနားလာပြီး ခေါင်းကိုရင်ခွင်ထဲထည့်ကာ စိတ်ပူနေတာလျော့အောင်လုပ်ပေးတယ်။
“ကျွန်မက မမလေးကို အဲဒီလိုတော့ အဖြစ်မခံပါဘူးနော်။ ကျွန်မက တစ်ယောက်နဲ့တစ်ယောက်မတိုးမိစေဖို့အတွက် စောင့်ကြည့်ပြီးကူညီပေးမှာမလို့ပါ။”
“တကယ်လား။”
“အင်း၊ ကျွန်မမှာ အစီအစဥ်ရှိတယ်လေ။”
အဲဒီနောက်တော့ အေမီက မက်ဒါနာကို သူ့ရဲ့အောင်မြင်စွာတစ်ပြိုငိနက်ချိန်းတွေ့နိုင်ရေးစီမံကိန်းကြီးကို စရှင်းပြတော့တာပဲ။ “မမလေးလုပ်ရမှာက တစ်ယောက်ကို ဆယ်မိနစ်စီအလှည့်ကျချိန်းတွေ့ပြီး ဆယ်မိနစ်ပြည့်တိုင်း အကြောင်းတစ်ခုခုပြထွက်လာပြီး အခြားတစ်ယောက်ဆီသွားဖို့ပဲ။ တစ်နေရာနဲ့တစ်နေရာ ကူးရသန်းရလွယ်ဖို့ကို ကျွန်မနဲ့စေဘာစတိန်းက ကူညီပေးမယ်။ ဘယ်လိုလဲ။” မက်ဒါနာလည်း အေမီရဲ့ပြီးပြည့်စုံဟန်ပေါ်တဲ့ အစီအစဥ်ကိုကြားမှပဲ စိတ်ထဲအေးသွားလေရဲ့။